အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁)
နဉ်ရွှီက "ငါ့ရဲ့ ဖရဲသီးဟုတ်လား။" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က [ဟုတ်တယ်]
နဉ်ရွှီက အနည်းငယ် အံ့သြသွားပြီး "ဘာဖရဲသီးလဲ"
ဖရဲသီးစားခြင်းစနစ်က ပြုံးကာ [နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာက ကျင့်ကြံသူတွေအားလုံးက နင့်ကို အမျိုးသားကျင့်ကြံသူတစ်ယောက်လို့ ခန့်မှန်းနေကြတာလေ၊ ပြီးတော့ သူတို့က နင့်ရဲ့လရောင်ဖြူလေးက မက်မွန်နတ်ဘုရားမဖြစ်မယ်လို့လည်း ခန့်မှန်းထားကြတယ်။]
နဉ်ရွှီ "......"
ဤသည်မှာ တကယ့်ကို ချစ်ဖို့ကောင်းသည့် နားလည်မှုလွဲမှားခြင်းဖြစ်သည်။
သူမသည် ခဏမျှ တိတ်ဆိတ်သွားပြီး "ငါတင်လိုက်တဲ့ ပို့စ်ကြောင့်လား" ဟု ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က [နင်တင်လိုက်တဲ့ ပို့စ်က အကြောင်းပြချက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ နင်နောက်ဆုံးပြောလိုက်တဲ့ စာကြောင်းက အဓိကအကြောင်းရင်းပဲ။]
[နင်က နတ်ဘုရားမကို သူ့ဆီ အကြည့်တစ်ချက်မပေးဖို့ မေတ္တာရပ်ခံထားပြီးတော့ သူက မထိုက်တန်ပါဘူးလို့ ပြောခဲ့တယ်လေ။]
[အဲ့ဒီစာကြောင်းထဲက ကာကွယ်ပေးချင်တဲ့ အဓိပ္ပာယ်က အရမ်းသိသာလွန်းတယ်။ အဲ့ဒီစာကြောင်းကြောင့် သူတို့က သူတို့ဘာသာ လျှောက်တွေးကုန်တာပေါ့။]
နဉ်ရွှီက "သူတို့ တခြား ဘာတွေပြောသေးလဲ"
ဖရဲသီးစားခြင်းစနစ်၏ လေသံက အနည်းငယ် ရယ်ချင်နေပြီး [သူတို့ပြောတာက သူတို့က နင့်ကို ထိပ်ဆုံးနေရာ ရောက်အောင် ဝိုင်းဝန်းပံ့ပိုးပေးပါမယ်တဲ့။ တချို့လူတွေကလည်း နင်သာ အဲ့ဒီလရောင်ဖြူလေးကို တန်ဖိုးထားမြတ်နိုးမယ်ဆိုရင် သူတို့က ဂရုမစိုက်တဲ့အပြင် စိတ်ရင်းနဲ့တောင် ကောင်းချီးပေးဦးမယ်လို့ ပြောကြတယ်။]
နဉ်ရွှီက ယခုအကြိမ်တွင် အချိန်ပိုကြာမြင့်စွာ တိတ်ဆိတ်သွားပြီး "...... သူတို့က စိတ်ရင်းမှန်သားပဲ။"
[အမှန်ပဲ။ အခုဆို ဖိုရမ်ပေါ်မှာ နင့်ရဲ့ရေပန်းစားမှုက အတော်လေးမြင့်နေတာ၊ လူတွေကလည်း နင့်ကို ထောက်ခံပေးနေကြတာနော်၊ ပြီးတော့ နတ်ဘုရားမကတောင် အခွင့်အရေးရှိရင် သူမက နင်နဲ့ သိကျွမ်းချင်ပါတယ်ဆိုပြီးတော့ နင့်အတွက် ပို့စ်တင်ပေးထားသေးတယ်။]
နဉ်ရွှီ "??? "
သူမက အကြီးအကဲ ဝူလုချန်၏ ပြိုင်ဖက် ဖြစ်လာလိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း။
ကျင့်ကြံသူများ၏ စိတ်ကူးယဉ် ဇာတ်လမ်းဆင်နိုင်စွမ်းက အမှန်တကယ်ပင် အားကောင်းလှသည်ဟု ဆိုရပေမည်။
[ဒါပေမဲ့ ရှင်းဟွမ်းက နင့်ကို မုန်းနေတယ်။]
[ဒါပေမဲ့ ဒါကလည်း မတတ်နိုင်တဲ့ကိစ္စပဲလေ]
နဉ်ရွှီက အေးစက်စွာပြုမူပြီး "ဘာပဲဖြစ်ဖြစ် အကြွေးတွေ အများကြီးရှိနေမှတော့ စိတ်ပူမနေတော့ဘူးလေ၊ သူ မုန်းပါစေပေါ့။" ဟု ဆိုသည်။ သူမအပေါ်ထားသည့် ရှင်းဟွမ်း၏ မုန်းတီးစိတ်က မည်သည့်သက်ရောက်မှုမှ မရှိပေ၊ သူမကို မုန်းတဲ့သူတွေက နည်းလို့လား။ မနည်းပါဘူးနော်၊ သူမကို မဖမ်းနိုင်ကြသေးဘူးလေ၊ ဘာတတ်နိုင်သေးလဲ။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [အဲ့ဒါအမှန်ပဲ၊ အဲ့ဒီလိုမှပေါ့။] ဟု ဆိုသည်။
[တကယ်တော့ သူတို့ နင့်ကို အမျိုးသားကျင့်ကြံသူလို့ ခန့်မှန်းနေတာက ကောင်းကျိုးလည်း ရှိတယ်၊ အဲ့ဒါက ဟွာကျိုင်းဂိုဏ်းက နင့်ကို ရှာတဲ့အခါကျရင် လမ်းကြောင်းအမှားကြီးဆီ သွားမိနိုင်လို့ပဲ။ ဆိုလိုတာက ငါတို့မှာ အသက်ရှင်ဖို့ အချိန်ပိုရတယ်။]
နဉ်ရွှီက "ဒါက သတင်းကောင်းပဲ"
လူတစ်ယောက်နှင့် စနစ်တစ်ခုတို့ အရေးမပါသည့်အရာများ ပြောပြီး အချိန်ဖြုန်းနေကြစဉ် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ဆဲရေးလိုက်သည်။
[ခွေးမသား၊ ဘယ်သူကများ ငါတို့ကို ပစ်မှတ်ထားရဲတာလဲ။]
[သူ့မှာ အသက်အရှည်ကြီးရှိတယ်လို့များ ထင်နေတာလား။ ငါ သေချင်တဲ့သူတွေကို တွေ့ဖူးပေမဲ့ ဒီလိုမျိုး သေချင်နေတဲ့သူကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။]
[Host၊ သူမပဲ။]
နဉ်ရွှီက မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး "ဘာဖြစ်လို့လဲ"
ဖရဲသီးစားခြင်းစနစ်က ဒေါသတကြီးဖြင့် [ဒီနေ့ မိသားစုဂုဏ်ပြုပွဲကို လာတက်တဲ့သူတွေထဲမှာ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတစ်ယောက် ရောပြီးပါလာတယ်။]
[ဟက်၊ ပြောကာမှ ဒီအမျိုးသမီးကျင့်ကြံသူက အကြီးအကဲဝူကို ပြန်ပေးဆွဲသွားတဲ့သူနဲ့ ပတ်သက်နေတယ်။]
နဉ်ရွှီက "ဘယ်လို ပတ်သက်မှုမျိုးလဲ"
[အဲ့ဒီရောဝင်လာတဲ့ ခွေးမလေးက အဲ့ဒီအမျိုးသမီးကျင့်ကြံသူရဲ့ တပည့်လေးပဲ။]
နဉ်ရွှီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
"သူမက ဖြူစင်တဲ့ကျင့်ကြံသူကို မျက်စိကျနေတာလား"
[ဟုတ်တယ်။ ဝမ့်ရှင်းဂိုဏ်းမှာ ထိပ်တန်းအဆင့် အမျိုးသားကျင့်ကြံသူတွေ အများကြီးရှိတာ ငါသိပါတယ်။ ဝူချီက ဖြူစင်တဲ့သူဆိုရင် ဖြူစင်တဲ့သူကလည်း အဲ့ထဲကတစ်ယောက်ပဲပေါ့။]
[ဝူချီရဲ့ ကျင့်ကြံခြင်းက အကောင်းကြီးမဟုတ်ဘူး။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက သူက သတိလက်လွတ်ဖြစ်သွားလို့ ဟယ်ဟွမ်းဂိုဏ်းဆီမှာ ရှုံးနိမ့်သွားတာ။]
[ဒါပေမဲ့ သူတို့က ဒုတိယအကြိမ် ထပ်လုပ်နိုင်လိမ့်ဦးမယ်လို့ ထင်နေတာလား။]
[သူမကိုယ်သူမ အထင်ကြီးနေတာပဲ။ ခွေးမသားတွေ ဖြူစင်တဲ့ကျင့်ကြံသူကိုတောင် လာပြီး ဖြားယောင်းချင်နေတာလား။]
[မကြည့်နဲ့တော့၊ သူမက ဘာအဆင့်ရှိလို့လဲ။]
[သူမက ဘာလို့ ဖြူစင်သောကျင့်ကြံသူကိုပဲ အာရုံစိုက်ပြီး နတ်ဘုရား ချင်ကျို့ကိုကျတော့ အာရုံမစိုက်ရတာလဲ။]
[သူမသာ နတ်ဘုရား ချင်ကျို့ကို မျက်စိကျရင် ဘာမှမဖြစ်ပေမဲ့ သူမက ဖြူစင်တဲ့ကျင့်ကြံသူကို မျက်စိလာကျနေတယ်လေ။]
နတ်ဘုရားချင်ကျို့ : ......
ဒုတိယဝူသခင်လေး : ......
နဉ်ရွှီက ဆုံးဖြတ်ချက်မြန်မြန်ချလိုက်ပြီး ချက်ချင်းပင် "သူမ ဘယ်မှာလဲ။ သူမရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ" ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ဆူဆဲရင်း [သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာပဲ ရှိသေးတယ်၊ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းတုန်းကပဲ စားပွဲကနေ ထွက်သွားပြီးတော့ အကွက်ဆင်ဖို့ သွားပြီ။]
[ဒါပေမဲ့ သူမရဲ့ ကျင့်ကြံခြင်းအခြေခံက အရမ်းအားနည်းလွန်းတယ်။]
နဉ်ရွှီက စနစ်၏ သွယ်ဝိုက်ပြောဆိုခြင်းကို ချက်ချင်းပင်နားလည်သွားသည်။ ၎င်းမှာ ထိုအမျိုးသမီးကျင့်ကြံသူအား သူမ အနိုင်ယူနိုင်သည့် အလားအလာမှာ မြင့်မားကြောင်းပင် ဖြစ်သည်။
သူမဘေးနားရှိ အသင်းသားအချို့ကို စကားအနည်းငယ် ပြောပြီးနောက် စားပွဲမှ ထွက်လာလိုက်သည်။
သူမ ထွက်သွားသည်ကို မြင်သည်နှင့် သူလည်း ထရပ်လိုက်သည်။
နတ်ဘုရားချင်ကျို့မှာမူ ဘာမှမသိသကဲ့သို့ ထိုင်နေရာ၌ ဆက်ထိုင်ကာ အရက်သောက်နေသည်။
သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သဘာဝကျကျပင် ထိုအမျိုးသမီးကျင့်ကြံသူအား လွယ်လင့်တကူ ကိုင်တွယ်နိုင်ပေသည်။
သို့သော် လူတွေအများကြီး တစ်ပြိုင်နက်တည်း ထွက်သွားပါက အရမ်းပင် သိသာပေလိမ့်မည်။ ရောနှောဝင်ရောက်လာသော ထိုအမျိုးသမီးကျင့်ကြံသူတွင် ပေါင်းစည်းခြင်းအဆင့်ရှိသည့် ဆရာတစ်ယောက် ရှိနေသေးသလို၊ ယနေ့ လူများစွာ ရှိနေသဖြင့် သူတို့အနေနှင့် သိသာထင်ရှားသော အထောက်အထားများ မချန်ထားခဲ့သင့်ပေ။
ဖရဲသီးစားခြင်းစနစ်၏ အကြံကို ကြည့်ခြင်းအားဖြင့် ထိုအမျိုးသမီးကျင့်ကြံသူမှာ ကိုင်တွယ်ရ မခက်ပေ။ ဤအခြေအနေမျိုးတွင် သူနှင့် ချင်းရီလော့တို့ ဤနေရာ၌ သတင်းကောင်းကို စောင့်နေရုံသာဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်၏ ညွှန်ကြားမှုအောက်တွင် နဉ်ရွှီသည် ဟယ်ဟွမ်းဂိုဏ်းမှ ထိုအခြေခံအုတ်မြစ် တည်ဆောက်ခြင်း အမျိုးသမီးကျင့်ကြံသူအား လျင်မြန်စွာ ရှာတွေ့ခဲ့သည်။
မြွေကို မခြောက်မိစေရန် သူမက အနားသို့ အရမ်းကပ်မသွားခဲ့ချေ။
ဖရဲသီးစားခြင်းစနစ်သည် ဖြူစင်တဲ့ကျင့်ကြံသူ နောက်မှ လိုက်လာသည်ကို အစက သတိမထားမိခဲ့သော်လည်း ၎င်းသတိထားမိလိုက်သည်နှင့် မြူးထူးသောအသံဖြင့် အော်ကာ [ခွေးပေါက်လေးက တအားကို လူကပ်တာပဲ၊ နင်ထွက်သွားတာနဲ့ သူက ချက်ချင်းပဲ လိုက်လာတာနော်၊ နင့်နားကနေကို လုံးဝ မခွာတော့တာပဲ။]
နဉ်ရွှီ "...... ငါ သူ့ကို ပြန်သွားခိုင်းလိုက်မယ်။ သူရှိနေရင် အဆင်မပြေဘူး"
ဖရဲသီးစားခြင်းစနစ်က ခဏမျှ စဉ်းစားပြီး [ဘာက အဆင်မပြေတာလဲ။] ဟု ဆိုသည်။
[ဘာပဲဖြစ်ဖြစ် သူကလည်း သက်ဆိုင်သူတွေထဲက တစ်ယောက်ပဲလေ၊ ပြီးတော့ သူက ပစ်မှတ်ထားခံနေရတာဆိုတော့ ကျင့်ကြံခြင်းလောကကြီးရဲ့ အန္တရာယ်တွေကို သူ သိနိုင်မှာ။ ငါတို့ကသာ သူ့ရဲ့ အယုံကြည်ရဆုံး အဖော်တွေဖြစ်ပြီး ကျန်တဲ့လူတွေအားလုံးက သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတာ။]
နဉ်ရွှီ : ...... အဲ့ဒီလိုမျိုး မဟုတ်ဘူးလေ
ထိုအမျိုးသမီးကျင့်ကြံသူသည် ဝူမိသားစု၏ လူသူကင်းဝေးသော မြေကွက်တစ်ခုတွင် ရပ်လိုက်သည်။ နဉ်ရွှီကလည်း ထောင့်တစ်နေရာတွင် ရပ်လိုက်ရာ ယခုအချိန်တွင် သူမတို့သည် ဆယ်မီတာခန့် အကွာ၌သာ ရှိနေသဖြင့် သူမ လှမ်းကြည့်လိုက်လျှင်အမျိုးသမီးကျင့်ကြံသူ၏ နောက်ကျောကိုပင် မြင်နိုင်လေသည်။
ကိုယ်ခန္ဓာအချိုးအစားမှာ ကျော့ရှင်းပါသော်လည်း ကံမကောင်းစွာဖြင့် လမ်းမှန်ပေါ်တွင် ရှိမနေပေ။
ဖရဲသီးစားခြင်းစနစ်က တိုက်ရိုက်အချိန်နှင့်တပြေးညီ သတင်းပို့နေသည်။ [အနားမှာ ဘယ်သူမှမရှိဘူး၊ သူမက ဟယ်ဟွမ်းဂိုဏ်းရဲ့ လျှို့ဝှက်ဆေးကို သုံးပြီး ဝူမိသားစုက အစေခံလေးတစ်ယောက်ကို ထိန်းချုပ်လိုက်ပြီ။]
[သူမ အစေခံလေးဆီကနေ ဖြူစင်တဲ့ကျင့်ကြံသူ နေတဲ့နေရာကို သိသွားပြီ။ ငါသွားချောင်းလိုက်ဦးမယ်။]
[ကြည့်ရတာ သူမက သူမဆရာရဲ့ လမ်းဟောင်းအတိုင်း လိုက်ပြီး လူကို တိုက်ရိုက် ဖမ်းဆီးတော့မယ် ထင်တယ်။]
၎င်းကို ကြားသော် နဉ်ရွှီက သူမမျက်လုံးများကို မှိတ်လိုက်သည်။ ဤဆရာတပည့် နှစ်ယောက်လုံးသည် အရှက်မရှိပုံနှင့် ရဲတင်းပုံချင်း တူညီနေသည်မှာ အမှန်ပင်။
သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် မျက်ဝန်းများမှာ ကြည်လင်နေပြီး မျက်လုံးထဲတွင် ဝမ်းနည်းရိပ် အနည်းငယ်ပင် ရှိနေသေးသည်။ ဆောင်းလေက အနည်းငယ်သော အေးမြမှုကို ယူဆောင်လာသည်။
ဖြူစင်သော ကျင့်ကြံသူသည် နဉ်ရွှီ၏ အနောက် သူမနှင့် မီတာဝက်ခန့် အကွာတွင် ရပ်နေသည်။ ယခုအချိန်တွင် သူမ၏ စိတ်တွင်းအသံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူမက ဖရဲသီးစားခြင်းစနစ်ကို "သူမကို ထွက်သွားခွင့်ပေးဖို့ ငါ စိတ်မဝင်စားဘူး" ဟု ပြောလိုက်သည်။
ဤစာသား၏ အဓိပ္ပာယ်မှာ.....
သူ၏ နှလုံးသားလေးမှာ အနည်းငယ် တုန်လှုပ်သွားသည်။
နောက်တစ်စက္ကန့်တွင် ဖရဲသီးစားခြင်းစနစ်က အသံကျယ်ကျယ်ဖြင့် [ကောင်းပြီ] ဟု အော်ပြောလိုက်သည်။
[ဖြူစင်တဲ့ ကျင့်ကြံသူကို နင့်ရဲ့ သူရဲကောင်းဆန်တဲ့ အမူအရာကို ကြည့်ခွင့်ပေးလိုက်ရအောင်။]
[ဒီမိန်းမက အသတ်ခံရဖို့ ထိုက်တန်တယ်။]
နဉ်ရွှီ "သတ်"