အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃)
ဖရဲသီးစားခြင်းစနစ်က သေချာစီစဉ်ထားသော်လည်း နဉ်ရွှီက အမှန်ကို ပြောလိုက်သည်။ "နတ်ဘုရားမက အကြီးအကဲဝူဆိုတဲ့သူ ရှိမှန်းတောင် သိမှာမဟုတ်ဘူး။"
အဆုံး၌ သူတို့နှစ်ဦးတွင် တစ်ဦးက မရေမတွက်နိုင်သော ပိုးပန်းသူများရှိသည့် နာမည်ကျော် နတ်ဘုရားမတစ်ယောက်ဖြစ်သော်လည်း ကျန်တစ်ဦးမှာမူ နှစ်ပေါင်းတစ်ရာကြာ ဖမ်းဆီးခံထားရသည့် အမည်မသိ ဂိုဏ်းအကြီးအကဲ တစ်ဦးမျှသာ ဖြစ်သည်။
အကြီးအကဲဝူက မက်မွန်နတ်ဘုရားမအကြောင်းကို သိသော်လည်း မက်မွန်နတ်ဘုရားမက အကြီးအကဲဝူ၏ အမည်ကိုပင် ကြားဖူးလိမ့်မည် မဟုတ်ပေ။
၎င်းကို ကြားသော် ဖရဲသီးစားခြင်းစနစ်သည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။
၎င်းက [သူတို့က အဆင့်အတန်းချင်း မတူကြဘူး။ အကယ်၍ သူတို့သာ အောင်မြင်သွားရင် ဒါက သေချာပေါက် အကြီးအကဲဝူရဲ့ အမြင့်ကို တက်လှမ်းတာပဲနေမှာ။]
[ဒါကမှ စိန်ခေါ်မှုပဲလေ။]
နဉ်ရွှီက ခေါင်းညိတ်ကာ "အမှန်ပဲ" ဟု ထောက်ခံလိုက်သည်။
သူမက ဖရဲသီးစားခြင်းစနစ်ကို " ဈေးကွက်ထဲမှာ ချမ်းသာတဲ့ မမကြီးတွေကို ပေါင်ဘယ်လိုဖက်ရမလဲဆိုတာ သင်ပေးတဲ့ သင်ရိုးညွှန်းတမ်းစာအုပ် ရှိလား" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က [ငါ ရှာကြည့်လိုက်ဦးမယ်...... အာ၊ တွေ့ပြီ၊ ရှိပုံမရဘူးပဲ။]
၎င်းက ထောက်ပြပြီး [ကျင့်ကြံခြင်းလောကထဲမှာ ဖျော်ဖြေရေးက အရမ်းနည်းသေးတယ်။ ဒီလိုအရာမျိုးတောင် မရှိသေးဘူး။] ဟု ဆိုသည်။
နဉ်ရွှီသည် ၎င်းကို စိတ်ထဲမှာ သိထားသဖြင့် "မရှိဘူးဆိုမှတော့ အကြီးအကဲဝူကို ကူညီဖို့ သူ့ကို ချမ်းသာတဲ့ မမကြီးတွေရဲ့ နှလုံးသားကို အချိန်တိုအတွင်းမှာ ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ သင်ပေးဖို့ လမ်းညွှန်းစာစောင်လေး တစ်စောင်လောက် ရေးဖို့ ငါ စီစဉ်လိုက်မယ်။ " ဟု လျင်မြန်စွာ ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [တော်လိုက်တာ၊ Host] ဟု ဆိုသည်။
လူတိုင်း: ......
နင်တို့တွေကတော့ ဖရဲသီး ဖန်တီးရတာ အရမ်းတော်လွန်းတယ်မဟုတ်ဘူးလား။ ဒီလိုအကြံမျိုးတောင် ထွက်လာနိုင်တာလား
ကိုယ်ပိုင် လမ်းညွှန်းစာစောင်တောင် ထုတ်ဦးမယ်တဲ့လား။ တကယ်လို့ထွက်လာရင်တောင် သူတို့ကပါ အရိုအသေပေးရတော့မှာလား
နဉ်ရွှီသည် အင်တာနက်စွဲလမ်းသော မိန်းကလေးတစ်ဦး ဖြစ်ခဲ့ဖူးရာ၊ သူမအနေနှင့် သာမန်နှင့် ထူးခြားသော နည်းလမ်းအချို့ကို လုပ်ဆောင်နိုင်ပေသည်......
" ဒီလက်စွဲစာအုပ်ကို အကြီးအကဲဝူဆီ မရည်ရွယ်ဘဲ ပေးသလိုနဲ့ ဘယ်လိုဟန်ဆောင်ပေးရမလဲ"
ဖရဲသီးစားခြင်းစနစ်က အကြံတစ်ခု ရလာသည်။ [ဘာလို့ စာအုပ်နည်းနည်းလောက် ပိုမရေးလိုက်တာလဲ။ ငါတို့နဲ့ ရင်းနှီးတဲ့ အမျိုးသားကျင့်ကြံသူတွေအတွက် တစ်ယောက်တစ်အုပ်ပေါ့။]
[ဒါဆိုရင် ရုတ်တရက်ဆန်မနေတော့ဘူးလေ။]
ဒုတိယဝူသခင်လေး: !!
ဝမ်းကွဲအစ်ကို: !!
တကယ်ကြီး သူတို့အတွက်တောင် ဝေစုပါသေးတယ်တဲ့လား
အမှန်အတိုင်းပြောရလျှင် ချမ်းသာတဲ့ မမကြီး၏ နှလုံးသားကို မည်သို့သိမ်းပိုက်ရမည်ဆိုတာ မသိသော်လည်း သူတို့လူပျိုကြီးတသိုက်မှာ စပ်စုချင်စိတ် စတင်ဖြစ်ပေါ်နေကြပြီ ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောသည်။ [ဒါပေမဲ့ ဖြူစင်တဲ့ ကျင့်ကြံသူ အတွက်တော့ မလိုပါဘူး။]
[ဘာပဲဖြစ်ဖြစ် နောင်ကျရင် နင်ထက် ဘယ်သူက ပိုချမ်းသာဦးမှာလဲ]
[အနာဂတ်မှာ နင်က အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာမှာလေ]
ဝူဒုတိယသခင်လေး၊ ဝမ်းကွဲအစ်ကို၊ နတ်ဘုရားချင်ကျို့၊ ချင်းရီလော့ : ......
နဉ်ရွှီက "နင့်ရဲ့ ‘ကိတ်မုန့်ပန်းချီဆွဲတဲ့အတတ်’ကတော့ အရင်အတိုင်း အစွမ်းထက်နေတုန်းပဲ။ ဒီကိတ်မုန့်ကိုတော့ လောလောဆယ် ငါလက်ခံထားလိုက်မယ်" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
[T/N: ‘ကိတ်မုန့်ပန်းချီဆွဲတဲ့အတတ်’ဆိုတာ တရုတ်အသုံးအနှုန်း "画饼" (Huà bǐng) မှ ဆင်းသက်လာပြီး တကယ်လက်တွေ့မဖြစ်လာနိုင်သော သို့မဟုတ် မသေချာသော "အာကာသကတိများပေးခြင်း" သို့မဟုတ် "မျှော်လင့်ချက်အမှားများပေးခြင်း" ကို ဆိုလိုပါတယ်။]
"ဟုတ်ပြီ၊ ဒါဆိုရင် ဒါပဲလေ။"
မိသားစု ညစာစားပွဲ ပြီးဆုံးသွားသဖြင့် နဉ်ရွှီနှင့် သူမ၏ အသင်းဖော်များသည် ယာယီနေထိုင်ရာ ဝင်းသို့ ပြန်သွားခဲ့ကြသည်။ ဒုတိယဝူသခင်လေးနှင့် သူ၏ ဝမ်းကွဲအစ်ကိုတို့တွင်လည်း သူတို့၏ ကိုယ်ပိုင်နေရာ ရှိကြသည်။
သူတို့အုပ်စု ထွက်သွားသည်နှင့် ဒုတိယဝူသခင်လေးက သူ၏ ဝမ်းကွဲအစ်ကိုကို တံတောင်ဖြင့် တွတ်ကာ "ကောင်းပြီ၊ ခင်ဗျား ကြက်သွန်ဖြူ တစ်တောင်းလုံး စားခဲ့တဲ့ကိစ္စကို ကျွန်တော့်ကိုတောင် မပြောဘူးပေါ့လေဟုတ်လား။ ကျွန်တော်တို့က ညီအစ်ကိုကောင်းတွေ မဟုတ်ဘူးလား" ဟု စနောက်လိုက်သည်။
ဤဖြစ်ရပ်ကို အစဖော်လိုက်သည်နှင့် ယခုအခါ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော ဝမ်းကွဲအစ်ကိုဖြစ်သူမှာ စိတ်ကျဉ်းကျပ်သွားပုံ ပေါ်သည်။
သူက အသာအယာ ချောင်းဟန့်လိုက်ပြီး "ကံကောင်းတာက အဲ့ဒီမိန်းကလေးက အခု အိမ်ထောင်ကောင်းကောင်းကျပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေရတာပဲ။ သူမသာ ငါ့ကို ယူခဲ့ရင် ဒီလောက် သက်တောင့်သက်သာ နေရမှာမဟုတ်ဘူး" ဟု ဆိုသည်။
ဒုတိယဝူသခင်လေးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဒါဆိုရင် ခင်ဗျား ကုသိုလ်ကောင်းမှု တစ်ခု လုပ်ခဲ့တာပေါ့"
၎င်းတို့နှစ်ဦး စနောက်ပြီးနောက် ဝမ်းကွဲအစ်ကို၏ အမူအရာမှာ တည်ကြည်လေးနက်သွားပြီး "ဟိုစိတ်တွင်းအသံနှစ်သံက"
ဝူဒုတိယသခင်လေးက သူ၏ လက်ညှိုးကို နှုတ်ခမ်းတွင် တေ့ကာ တားမြစ်သည့် အမူအရာ လုပ်ပြလိုက်သည်။
"ရှူး... ဒါက ကျွန်တော်တို့ ဝင်ပါလို့ရတဲ့ အရာမဟုတ်ဘူး။ ဖရဲသီးကို နားထောင်ရုံပဲ၊ ကျန်တာကတော့......"
အကောင်းဆုံးမှာ ထိတွေ့ပတ်သက်ခြင်း မရှိရန်ပင် ဖြစ်သည်။
ဝမ်းကွဲအစ်ကိုဖြစ်သူမှာလည်း တစ်ခုခုကို စဉ်းစားမိသွားသဖြင့် အလေးအနက် ခေါင်းညိတ်လိုက်သည်။
အကြီးအကဲ ဝူချီချွမ်သည် မျှော်လင့်ထားသည်ထက် ပို၍မြန်မြန် ရောက်ရှိလာခဲ့သည်။
မိသားစု ညစာစားပွဲအပြီး တတိယမြောက်နေ့ တရားဝင် မိသားစုအသိအမှတ်ပြုပွဲ မတိုင်မီ တစ်ရက်အလိုတွင် ဝူချီချွမ်နှင့် တောင်နှင့်မြောက် တောင်ထိပ်သခင်တို့ ရောက်ရှိလာကြသည်။
သူတို့နှစ်ဦးသည် တယ်လီပို့အစီအရင်မှတစ်ဆင့် လာခဲ့ကြသဖြင့် ခရီးပန်းနေသည့် ပုံစံမျိုး မတွေ့ရပေ။
နဉ်ရွှီနှင့် သူမ၏ အသင်းဖော်များအားလုံး ဝူအိမ်တော်တံခါးဝသို့ သွားရောက် ကြိုဆိုခဲ့ကြသည်။
အကြီးအကဲ ဝူချီချွမ်ကို မြင်လိုက်ရသည်နှင့် ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားသွားသည်။
[တကယ်ကြီး ကံကြမ္မာချင်း တူညီနေတာပဲ။]
[ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေရဲ့ ပစ်မှတ်ထားခံရတာချင်း တူတူ၊ ရုပ်ရည်ချောမောတာချင်းလည်း အတူတူပဲကို၊ အကြီးအကဲ ဝူချီချွမ်ကတော့ အောင်အောင်မြင်မြင် ဖမ်းဆီးခံရပြီး နှစ်ပေါင်းတစ်ရာလုံး ကျွန်ပြုခံခဲ့ရတယ်။ ငါတို့လူကတော့ ဘေးကင်းလုံခြုံပြီးတော့ အေးအေးချမ်းချမ်းနဲ့ နင်က ကာကွယ်ပေးထားတယ်။]
[ဒါက လူတွေကြားက ကွာခြားချက်ပဲ။]
နဉ်ရွှီကလည်း သက်ပြင်းချလိုက်ပြီး "...... အကြီးအကဲဝူက နင်ပြောတာကို မကြားနိုင်တာ ကံကောင်းတယ်။" မဟုတ်လို့ကတော့ အကြီးအကဲဝူ ဒေါသထွက်ပြီး သေသွားနိုင်တယ်
အကြီးအကဲဝူ: ...... သူ ကြားပြီးပါပြီနော်
လွန်ခဲ့သော နှစ်ရက်ခန့်အတွင်း လန်ချွင်ကျွင်း၏ တပည့် အသတ်ခံရသည့်ကိစ္စမှာ ကျင့်ကြံခြင်းလောက၏ တစ်ဝက်နီးပါးအထိ ပျံ့နှံ့သွားခဲ့သည်ဟု ဆိုနိုင်သည်။
လန်ချွင်သည် အလွန်အမင်း ဒေါသထွက်နေပြီး သူမ၏တပည့်ကို သတ်ခဲ့သော ကျင့်ကြံသူအား သေသည်ထက် ပိုဆိုးအောင် ခံစားစေရမည်ဟု ကျိန်ဆိုထားသည်။
လန်ချွင်၏ တပည့်မှာ ရှင်းထောင်မြို့တွင် အသတ်ခံရနိုင်ချေ အများဆုံးဖြစ်ကြောင်း သိရသည်နှင့် ဤကိစ္စမှာ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့နှင့် ပတ်သက်နိုင်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
သူ မမှားခဲ့ပေ။ လန်ချွင်ကိုယ်တိုင်ပင် သူမ၏တပည့်က တကယ့်သံပြားအစစ်ကို သွားကန်မိလိမ့်မည်ဟု ထင်ထားမည် မဟုတ်ပေ။
စနစ်ကမူ ဂရုမစိုက်ဘဲ [ငါက အမှန်ကို ပြောနေတာပဲဟာ။] ဟု ဆိုသည်။
ထို့နောက် စနစ်က လေသံပြောင်းကာ [မနက်ဖြန်က တရားဝင် မိသားစုအသိအမှတ်ပြုပွဲပဲ။] [ဝူမိသားစုခေါင်းဆောင်ရဲ့ မျက်နှာကို ထောက်ထားသောအားဖြင့် သူမနဲ့ မက်မွန်နတ်ဘုရားမက ဒီကို မျက်နှာလာဖို့ ရောက်လာကြလိမ့်မယ်။]
[ဒီအခွင့်အရေးကို အရယူပြီး နတ်ဘုရားမရဲ့ပေင်ကို ဖက်ထားနိုင်မလားဆိုတာတော့ အကြီးအကဲဝူကိုယ်တိုင် အပေါ်မှာပဲ မူတည်တယ်။]
နဉ်ရွှီ၏ သိုလှောင်အိတ်ထဲတွင် လွန်ခဲ့သော နှစ်ရက်က သူမ ညလုံးပေါက် ရေးထားသော "ချမ်းသာတဲ့ မမကြီးရဲ့ နှလုံးသားကို ဘယ်လိုသိမ်းပိုက်ကြမလဲ" ဆိုသည့် လမ်းညွှန်းစာစောင် ရှိသည်။
ဤလမ်းညွှန်းစာစောင်သည် အကြီးအကဲဝူအတွက် အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ရုံသာ ရှိသည်။
အကြီးအကဲဝူ: ......
အမှန်တကယ်ပင် ဤလမ်းညွှန်းစာစောင်ကို တိုက်ရိုက်ပေး၍ မဖြစ်ပေ။
အရင်ပြောခဲ့သလိုပင် ၎င်းက ရုတ်တရက်ဆန်လွန်းသည်။
သူမအနေနှင့် သက်ဆိုင်ရာ စကားလမ်းကြောင်းကို အရင်စပြောပြီးမှ မရည်ရွယ်သလို ဟန်ဆောင်ပြီး ထိုစာအုပ်ကို ထုတ်ပေးရမည်......
ဝူလုချန်သည်လည်း မနက်ဖြန် မိသားစုအသိအမှတ်ပြုပွဲ၏ ဇာတ်လိုက်ဖြစ်သည်နှင့်အညီ သူ၏ အကြီးအကဲကို ကူညီရန် ကြံရွယ်ထားသည်။
သူက ဦးဆောင်၍ စကားစလိုက်ပြီး နဉ်ရွှီအတွက် အကွက်ဆင်ပေးလိုက်သည်။ "မနက်ဖြန် မြို့တော်ဝန်က မက်မွန်နတ်ဘုရားမနဲ့အတူ ကျွန်တော့်ရဲ့ မိသားစုအသိအမှတ်ပြုပွဲကို လာလိမ့်မယ်လို့ ကြားတယ်။"
"မက်မွန်နတ်ဘုရားမ" ဆိုသော စကားလေးလုံးကို ကြားလိုက်ရသည်နှင့် အသင်းဖော်အချို့နှင့် အကြီးအကဲနှစ်ဦးမှာ ပူးပေါင်းဆောင်ရွက်သည့်အနေနှင့် အံ့အားသင့်သွားသည့် အမူအရာများကို ပြသလိုက်ကြသည်။
ဝူချီချွမ်က "တကယ်လား"
သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ မျက်ခုံးများမှာ ရုတ်တရက် သက်ဝင်သွားကာ "ပြောရမယ်ဆိုရင် ငါ နတ်ဘုရားမကို အထင်ကြီးလေးစားနေတာ ကြာပြီ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ တွေ့ဖို့ အခွင့်အလမ်း မရှိခဲ့ဘူး" ဟု ဆိုသည်။
တောင်နှင့်မြောက် တောင်ထိပ်သခင်က သူ၏ ပုခုံးကို ပုတ်ကာ "မင်းက နတ်ဘုရားမကို အထင်ကြီးနေတာလား။ အဆင်ပြေပါတယ်၊ မနက်ဖြန် သူမကို တွေ့ဖို့ အခွင့်အရေး ရပြီပဲ မဟုတ်လား" ဟု စနောက်လိုက်သည်။
ဤအခွင့်အရေးကို အသုံးချပြီး နဉ်ရွှီက "အကြီးအကဲဝူ... မက်မွန်နတ်ဘုရားမရဲ့ ဘေးနားမှာ ပိုးပန်းသူတွေ အများကြီး ရှိတယ်နော်၊ အရင်တုန်းက မြို့စားမင်းရဲ့ ဒုတိယသားတောင် ကို အလွန်အမင်းစွဲလမ်းခဲ့တာ။" ဟု ဝင်ပြောလိုက်သည်။
"အဲ့ဒီလူက နောက်ပိုင်းမှ လူယုတ်မာ ဖြစ်ကြောင်း ပေါ်သွားပေမဲ့ ဒါက နတ်ဘုရားမရဲ့ နာမည်ကြီးမှုကို ပြနေတာပဲ။ အကယ်၍ နတ်ဘုရားမရဲ့ မျက်နှာသာပေးမှုကို ရချင်တယ်ဆိုရင် ကျွန်မကတော့ မလွယ်ဘူးလို့ ထင်တယ်"
အကြီးအကဲ ဝူချီချွမ်က သက်ပြင်းချလိုက်ပြီး လေသံထဲတွင် ဝမ်းနည်းမှုအနည်းငယ်ဖြင့် "ငါက အမျိုးသမီးကျင့်ကြံသူတွေကို ဘယ်လို စိတ်ကျေနပ်အောင် လုပ်ပေးရမလဲဆိုတာ မကျွမ်းဘူးလေ။ နတ်ဘုရားမကလည်း ငါ့ကို သတိထားမိမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
နဉ်ရွှီက သူမ တစ်ညလုံး စဉ်းစားပြီး ရေးထားသော ချမ်းသာသည့် အမျိုးသမီးများကို လိုက်ပိုးသည့် လက်စွဲစာအုပ်ကို ထုတ်လိုက်သည်။
"အကြီးအကဲဝူ... အကယ်၍ ရှင့်မှာ စိတ်ဆန္ဒရှိတယ်ဆိုရင် ဒီစာအုပ်လေးကို တစ်ချက်လောက် ကြည့်ကြည့်ပါလား"
ဝူချီချွမ်က ထိုစာအုပ်ကို ယူလိုက်ပြီးနောက် တောင်နှင့်မြောက် တောင်ထိပ်သခင်က စိတ်ဝင်တစားဖြင့် "တခြား ရှိသေးလား။ ငါလည်း လိုချင်တယ်" ဟု ပြောသည်။
အကြီးအကဲ နှစ်ဦးစလုံးမှာ အလွန်ချဉ်းကပ်ရလွယ်ကူသူများ ဖြစ်သဖြင့် တောင်နှင့်မြောက် တောင်ထိပ်သခင်၏ လုပ်ရပ်မှာ ထူးဆန်းမနေပေ။
နဉ်ရွှီကလည်း သူ့ကို စာအုပ်တစ်အုပ် ရက်ရက်ရောရော ပေးလိုက်သည်။
ဝူချီချွမ်နှင့် တောင်နှင့်မြောက် တောင်ထိပ်သခင်တို့သည် ထိုစာအုပ်ကို တစ်ပြိုင်နက်တည်းနီးပါး ဖွင့်ကြည့်လိုက်ကြသည်။
စာအုပ်၏ ပထမဆုံး စာမျက်နှာတွင်ပါသော နည်းဗျူဟာများကို မြင်လိုက်ရသည်နှင့် သူတို့ ခဏတာ မှင်တက်သွားကြသည်။
ထို့နောက် ခေါင်းယမ်းပြီး ရယ်မောလိုက်ကြသည်။
အကြီးအကဲ ဝူချီချွမ်က "ဒါက...... ဒါက......"
ဖရဲသီးစားခြင်းစနစ်က မောက်မာစွာ ရယ်လိုက်ပြီး [Host နင်ရေးထားတဲ့ စာအုပ်ရှိနေမှတော့၊ အကြီးအကဲဝူက မက်မွန်နတ်ဘုရားမကို မရမှာ ငါမစိုးရမ်တော့ဘူး]