အခန်း ၇၄
Vol. 8 Ch. 74
အခန်း (၇၄)
အချိန်များ ကုန်ဆုံးသည်မှာ မြန်ဆန်သည်။ မကြာခင်မှာပဲ နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုနေ့နံနက်စောစောတွင် ဝူအိမ်တော်တံခါးဝ၌ ဂုဏ်ပြုရန်လာကြသော ဧည့်သည်တော်များဖြင့် ဝန်းရံနေလေသည်။
ဝူမိသားစုတွင် နောက်ထပ်ပါရမီရှင်တစ်ဦး ရှိနေခြင်းမှာ သေးငယ်သောကိစ္စမဟုတ်ပေ။ မူလက မတည်မငြိမ်ဖြစ်နေသော ရှင်းထောင်မြို့မှ အခြေအနေသည် ဝူလုချန်၏ ထွက်ပေါ်လာမှုကြောင့် သွယ်ဝိုက်သောနည်းဖြင့် တည်ငြိမ်သွားခဲ့သည်။
နဉ်ရွှီ အခန်းထဲမှ ထွက်လာပြီးနောက် ဝူလုချန်က မနက်စောစောကတည်းက ဧည့်သည်များကို ကြိုဆိုရန် ဝူမိသားစုခေါင်းဆောင်၏ ခေါ်ယူခြင်းကို ခံလိုက်ရကြောင်း သိလိုက်ရသည်။
ဝူမိသားစုခေါင်းဆောင်သည် သူတို့ကို မေ့မထားဘဲ မနက်စောစောကတည်းက အရသာရှိသော မနက်စာများကို ယူပေးရန် တစ်ယောက်ယောက်ကို ပို့ပေးခဲ့ရာ ဖြူစင်သောကျင့်ကြံသူအား ဒုက္ခပေးစရာ မလိုတော့ပေ။
နဉ်ရွှီတို့အဖွဲ့ဝင် လေးဦးအပြင် အကြီးအကဲနှစ်ဦး၊ စုစုပေါင်း ခြောက်ဦးတို့သည် ကျောက်စားပွဲတွင် စုဝေးကာ ကောင်းမွန်လွန်းသော မနက်စာကို သုံးဆောင်နေကြသည်။
အကြီးအကဲ ဝူချီချွမ်၏ မျက်လုံးများမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ကို မြင်၍ နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို "အကြီးအကဲဝူ မနေ့ညက ဘာလုပ်နေလို့လဲ" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်ပြီး [သူ တစ်ညလုံး နင့်ရဲ့ လက်ရာစာအုပ် ကို လေ့လာနေတာလေ]
အကြီးအကဲဝူ: ......
တောင်နှင့်မြောက် တောင်ထိပ်သခင်: !!
နဉ်ရွှီသည် ခဏမျှ တိတ်ဆိတ်သွားပြီး "အကြီးအကဲဝူက နတ်ဘုရားမနဲ့ ပတ်သတ်ပြီး ဒီလောက်အထိ အလေးထားလိမ့်မယ်လို့ မထင်ထားဘူး" ဟု ဆိုသည်။ အကယ်၍ သူသာ ဂရုမစိုက်ပါက သူမ ရေးထားသည့် လက်ကမ်းစာစောင်ကို တစ်ညလုံး ထိုင်ဖတ်နေမည် မဟုတ်ပေ။
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် [မက်မွန်နတ်ဘုရားမက မြင့်မြတ်တဲ့ မျိုးရိုးမှာ မွေးဖွားလာတာလေ။ သူမမိသားစုက အကြီးအကဲ တော်တော်များများက လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ကြားက တိုက်ပွဲမှာ နောက်ဆုံးအချိန်အထိ အသက်ပေး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းအာဇာနည်တွေချည်းပဲ။ သူမကိုယ်တိုင်ကလည်း ပါရမီ အလွန်မြင့်မားတော့ သူမနဲ့ မျိုးဆက်တူတွေထဲမှာ သူမကို အထင်မကြီးတဲ့သူ မရှိသလောက်ပဲ။] ဟု ပြောသည်။
နဉ်ရွှီက စဉ်းစားကြည့်ကာ "ပေါင်းစပ်ခြင်းအဆင့် ရောက်နေတာခြင်း အတူတူကိုပဲ သူမကိုကျတော့ မက်မွန်နတ်ဘုရားမလို့ ခေါ်ပြီး ဟယ်ဟွမ်းဂိုဏ်းက တစ်ယောက်ကိုကျတော့ လန်ချွင်ကျွင်းလို့ပဲ ခေါ်ကြတာ နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် အဆင့်အတန်း ကွာခြားချက်က သိသာနေတာပဲနော်။ သူမက ကျင့်ကြံခြင်းလောကမှာ တကယ်ကို နာမည်ကြီးတဲ့ပုံပဲ။"
[ဒါကတော့ သဘာဝပဲလေ။]
နဉ်ရွှီက အကြီးအကဲ ဝူချီချွမ်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီနေ့တော့ အကြီးအကဲဝူရဲ့ အရည်အချင်းပေါ်မှာ မူတည်သွားပြီ။"
သူတို့အဖွဲ့ နံနက်စာ စားပြီးသည်နှင့် ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီကို [နတ်ဘုရားမ ရောက်လာပြီ။] ဟု ပြောလိုက်သည်။
နဉ်ရွှီမှာ အနည်းငယ် မှင်တက်သွားကာ "အရမ်းစောမနေဘူးလား။"
အခြားသူများကလည်း အနည်းငယ် ထိတ်လန့်သွားကြသည်။
နတ်ဘုရားမက ဝူအိမ်တော်သို့ နံနက်စောစောကတည်းက ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြသည်မှာ သိသာလှသည်။
ဖရဲသီးစားခြင်းစနစ်က [မြို့စားမင်းအိမ်တော်က လူယုတ်မာအကြောင်း ပေါ်သွားလို့ နတ်ဘုရားမက ဒီနေ့ စိတ်ဓာတ်ကျနေတာလေ။ ဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဝူအိမ်တော်ကို လာချင်တာ။]
ဖရဲသီးစားခြင်းစနစ်၏ စကားအဆုံးသတ်သည်နှင့် ဝူမိသားစုခေါင်းဆောင်ကလည်း သူတို့ကို သတင်းပို့ရန် အစေခံတစ်ဦး လွှတ်လိုက်သည်။
အစေခံလေး၏ စကားအဆုံးတွင် နဉ်ရွှီက ထရပ်လိုက်ပြီး "ဝူအိမ်တော်ရဲ့ အရှေ့ခန်းမက အရမ်းစည်ကားနေပုံပဲနော်။ ကျွန်မတို့လည်း အခြေအနေ သွားကြည့်ရအောင်" ဟု ဆိုသည်။
သဘာဝကျစွာပင် အားလုံးက မကန့်ကွက်ကြပေ။
အရှေ့ခန်းမသို့ သွားရာလမ်းတွင် ဖရဲသီးစားခြင်းစနစ်က အရှေ့ခန်းမအတွင်းရှိ အခြေအနေများကို နဉ်ရွှီအား အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်သတင်းပို့နေသည်။
[အံ့ဩစရာကောင်းတဲ့သူတွေပဲ၊ တကယ့်ကို မခေတဲ့လူတွေပဲ။]
နဉ်ရွှီက "ဘာဖြစ်လို့လဲ" ဟု အလျင်အမြန် မေးလိုက်သည်။
[အချိန်တိုအတွင်းမှာတင် အဖွဲ့ငါးဖွဲ့က နတ်ဘုရားမဆီမှာ သူတို့ကိုယ်သူတို့ အမွှမ်းတင်မိတ်ဆက်ပြီးသွားပြီ။]
နဉ်ရွှီ: "???"
လူတိုင်း: ......
တောင်နှင့်မြောက် တောင်ထိပ်သခင်က အကြီးအကဲ ဝူချီချွမ်၏ ပုခုံးပေါ် လက်တင်ကာ သူ့ကိုသနားစဖွယ် ကြည့်လိုက်သည်။ သူတို့ ဝမ့်ရှင်းဂိုဏ်း၏ အကြီးအကဲဝူအတွက် ပြိုင်ဘက်များစွာ ရှိနေပုံရသည်။
နဉ်ရွှီက သက်ပြင်းချကာ "ကျင့်ကြံခြင်းလောကက ကျင့်ကြံသူတွေက ဒီလောက်အထိ ရဲတင်းပြီး စိတ်အားထက်သန်လိမ့်မယ်လို့ မထင်ထားဘူး"
နတ်ဘုရားမ ဝူအိမ်တော်သို့ ရောက်လာသည်မှာ မည်မျှပင်ကြာသေးသည်နည်း။
လက်ဖက်ရည် သုံးခွက်စာမျှသာ ရှိသေးသည်မဟုတ်ပါလား
ထိုမျှ အချိန်တိုအတွင်း ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ထောက်ခံသူများ ဤမျှ များပြားနေသည်လား
ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်ပြီး [သူတို့ထဲမှာ အိမ်ထောင်ပြုဖို့ စတင်ကမ်းလှမ်းတဲ့သူတောင် ပါသေးတယ်]
[အဲ့ဒီလူ ကမ်းလှမ်းပြီးတဲ့နောက် နတ်ဘုရားမရဲ့ မျက်နှာအမူအရာက ဘာအပြောင်းအလဲမှ မရှိပေမဲ့ သူမက တိုက်ရိုက်ပဲ ငြင်းလိုက်တယ်။]
ထို့သို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က အသံနှစ်ချက်ပြုကာ [နတ်ဘုရားမက အိမ်ထောင်ဖက် ရှာဖို့ စိတ်ကူးမရှိတဲ့ပုံပဲ။ မဟုတ်ရင် အကြီးအကဲဝူကိုလည်း လက်ထပ်ဖို့ စတင်ကမ်းလှမ်းခိုင်းဖို့ စီစဉ်ထားတာ။]
အကြီးအကဲဝူ၏ မျက်နှာမှာ ထုံထိုင်းနေပြီး သူဘာမှ မတွေးနိုင်ခင်မှာပင် စနစ်က ဆက်ပြောသည်။ [ဒါပေမဲ့ လက်ထပ်ဖို့ စတင်ကမ်းလှမ်းရင်တောင် ပြိုင်ဘက်တွေ ရှိနေဦးမှာပဲ၊ ကံကောင်းတာက နတ်ဘုရားမမှာ အဲ့ဒီလို လုပ်ဖို့စိတ်ကူး မရှိတာပဲ။]
နဉ်ရွှီသည် မက်မွန်နတ်ဘုရားမ အရမ်းနာမည်ကြီးမှန်း သိသော်လည်း တစ်ဖက်လူမှာ ဤမျှအထိ ရေပန်းစားလိမ့်မည်ဟု မထင်ထားပေ။ ဖြစ်နိုင်သည်မှာ နတ်ဘုရားမသည် ကျင့်ကြံခြင်းလောက၏ အသည်းစွဲ ဖြစ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ထပ်အော်လာပြန်သည်။
[အုစ်၊ ကြောက်စရာကောင်းတဲ့ ရန်သူ ရောက်လာပြီ]
နဉ်ရွှီ၏ ရင်ထဲ အေးစက်သွားကာ "ဘယ်လို ကြောက်စရာကောင်းတဲ့ ရန်သူမျိုးလဲ။ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူ ရောက်လာတာလား" ဟု မြန်မြန် မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က မြန်မြန်ပင် [မဟုတ်ဘူး၊ သူမက လမ်းမှာပဲ ရှိသေးတယ်၊ ညနေပွဲ မတိုင်ခင်အထိ ရောက်မှာ မဟုတ်ဘူး။]
[ငါပြောတာက အကြီးအကဲဝူရဲ့ အချစ်ပြိုင်ဘက်အကြောင်းကို ပြောနေတာ]
နဉ်ရွှီမှာ ထိုစကားကို ကြားကာမှ သူမ၏ တင်းမာနေသော စိတ်ကို ပြန်လည်ပေါ့ပါးသွားသည်။
မူလက အကြီးအကဲ ဝူချီချွမ်သည် ဝူအိမ်တော်သို့ လာရခြင်းမှာ ကြီးမားသော ဘေးအန္တရာယ် မရှိနိုင်ပေ။ သူသည် ဝူအိမ်တော်တွင် ကြာရှည်နေမည် မဟုတ်ဘဲ၊ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ သူ ဤနေရာတွင် ရှိနေကြောင်း သိသွားချိန်တွင် သူ ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်ဖြစ်၍ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ ရောက်လာလျှင်ပင် နောက်ကျသွားပြီဖြစ်လိမ့်မည်။
သို့သော်ငြားလည် လန်ချွင်က သူမ၏တပည့်အတွက် လက်စားချေရန် ရှင်းထောင်မြို့သို့ လာမည်ဟု လူသိရှင်ကြား ပြောလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အကယ်၍ သူမသာ ရှင်းထောင်မြို့သို့ လာပါက သူမ၏တပည့်ကဲ့သို့ ဝူအိမ်တော်ထဲသို့ ရောဝင်လာလိမ့်မည် မဟုတ်ဟု အာမခံချက် မရှိပေ။
ထိုသို့ဖြစ်လာလျှင် အကြီးအကဲဝူ ဒုက္ခအနည်းငယ်တွေ့နိုင်သည်။
နဉ်ရွှီသည် လန်ချွင်၏တပည့်ကို သတ်လိုက်မိသည့်အတွက် နောင်တမရပေ။ ထိုကဲ့သို့သော ဒုက္ခပေးနိုင်သည့်အရာမျိုးကို ချန်ထားပါက နောင်တွင် အပြစ်မဲ့တဲ့ အမျိုးသားကျင့်ကြံသူမည်မျှပင် ဒုက္ခရောက်ဦးမည်ကို မသိနိုင်ပေ။
သို့သော် အကြီးအကဲဝူကို ခေါ်ထားသူမှာ သူမဖြစ်သဖြင့် သူ၏ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ရန် တာဝန်ရှိပေသည်။
သာမန်နည်းလမ်းဖြင့် အကြီးအကဲဝူကို ကာကွယ်ရန် မဖြစ်နိုင်ပေ။
သူမ လုပ်နိုင်သည်မှာ အကြီးအကဲဝူအား နတ်ဘုရားမ၏ မျက်နှာသာပေးမှု ရရှိစေရန် အစွမ်းကုန် ကူညီပေးရန်သာ ဖြစ်သည်။
ဤအကြိမ်တွင် စနစ်က ကြောက်စရာကောင်းသော ရန်သူ ရောက်လာပြီဟု ပြောသဖြင့် နဉ်ရွှီက ပြိုင်ဖက်အကြောင်းကို ပိုမိုသိရှိစေရန် မေးမြန်းရမည် ဖြစ်သည်၊ ရန်သူ့အကြောင်း သိမှသာ ပိုမိုကောင်းမွန်သော နည်းဗျူဟာကို ချမှတ်နိုင်မည် မဟုတ်ပါလား။
"ဘယ်လိုပြိုင်ဖက်လဲ။ ထပ်ပြောပြပါဦး။"
စနစ်က သက်ပြင်းချကာ [ဒီကြောက်ဖို့ကောင်းတဲ့ရန်သူက အကောင်းဆုံး ကျင့်ကြံရေးမီးဖို'ပဲ၊ အကယ်၍ သူနဲ့သာ နှစ်ယောက်တွဲ ကျင့်ကြံရင် နတ်ဘုရားမရဲ့ ရပ်တန့်နေတဲ့ အဆင့်ကြီးတစ်ဆင့်တက်နိုင်ချေ ရှိတယ်။]
[သူက နတ်ဘုရားမအတွက် အသုံးဝင်ရုံတင်မကဘူး၊ ရုပ်ရည်ကလည်း ချောမောတယ်၊ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (EQ) လည်း မြင့်တယ်၊ လူမှုဆက်ဆံရေးမှာလည်း အပြစ်ပြောစရာ မရှိဘူး။ အရေးကြီးဆုံးက အကြီးအကဲဝူက သူ့ထက် အသက် ငါးဆလောက် ပိုကြီးနေတာပဲ။]
ဖရဲသီးစားခြင်းစနစ်က ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချပြီး [ဒါကို ဘယ်လိုများ ယှဉ်ပြိုင်နိုင်မှာလဲ။ ဘယ်လို တိုက်ရမလဲ။ နတ်ဘုရားမ မပြောနဲ့ တကယ်လို့ နင်သာ မလိုဘူးဆိုရင်၊ ပြီးတော့ ငါက ဖြူစင်တဲ့ ကျင့်ကြံသူကို ပိုသဘောကျလို့သာပေါ့၊ မဟုတ်ရင် အဲ့ဒီလူကိုပါ နင့်အတွက် လုပေးမိမှာ။]
နဉ်ရွှီ: "...... အဲ့ဒီလောက်အထိ မဟုတ်ပါဘူး။"
လူတိုင်း: ......
ကြည့်ရတာ အကြီးအကဲဝူအတွက် တကယ်ကို ပြင်းထန်တဲ့ ပြိုင်ဖက် ဖြစ်မယ့်ပုံပဲ။
[သူက သူ့ရဲ့ အကောင်းဆုံး မီးဖိုဆိုတဲ့ သတင်းကို ဖုံးကွယ်ထားခဲ့တာ၊ နတ်ဘုရားမကို မြင်လိုက်တာနဲ့ သူ့ရဲ့ စိတ်ရင်းကို ပြသဖို့အတွက် သူကိုယ်တိုင် အကုန်ဖွင့်ပြောလိုက်တာပဲ။]
[အရမ်းကို စိတ်ရင်းမှန်တာပဲ။ အကြီးအကဲဝူလို လူအိုကြီးက ဘယ်လိုများ ယှဉ်နိုင်မှာတဲ့လဲ။]
[ဒီစိတ်ရင်း တစ်ခုတည်းနဲ့တင် ယှဉ်လို့မရတော့ဘူး။ နတ်ဘုရားမကို တွေ့တွေ့ချင်းပဲ သူဟာ တစ်ခါက ဟယ်ဟွမ်းဂိုဏ်းရဲ့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ ပြန်ပေးဆွဲခံရပြီး နှစ်ပေါင်းတစ်ရာ ကျွန်ခံခဲ့ရတယ်လို့ ဖွင့်ပြောလိုက်မှာတဲ့လား။]
အကြီးအကဲဝူ: ......
ဒါကို မပြောနဲ့တော့၊ မပြောနဲ့တော့လေ။
ဤသတင်းကို ကြားရသည်နှင့် နဉ်ရွှီသည် ခက်ခဲသွားသလို ခံစားရသော်လည်း ခံစားချက်ဟူသည်မှာ ဘယ်သူမှ မပြောနိုင်ပေ။ ဖြစ်နိုင်သည်မှာ အကြီးအကဲဝူသည် နတ်သမီး၏ မျက်စိကျခြင်းကို ခံရနိုင်သည် မဟုတ်ပါလား။
နဉ်ရွှီက "ဘာပဲဖြစ်ဖြစ် အကြီးအကဲဝူက ငါတို့လူပဲ၊ သူ အရင်က ငါ့ကိုပေးထားတဲ့ တိုကင်ပြားက အရမ်းအသုံးဝင်တယ်။ ဘယ်လိုရလဒ်ပဲ ထွက်ထွက် ငါတို့ သူ့ကို ကူညီပြီး တိုက်ပွဲဝင်ပေးရမယ်" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ယခင်က စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားသည်။ အဆုံးစွန်ထိ ပြောရလျှင် အကြီးအကဲဝူသည် အကြီးအကဲတစ်ဦးသာဖြစ်ပြီး ၎င်းအတွက် အထူးအရေးကြီးသော သူမဟုတ်ပေ။
နတ်ဘုရားမ၏ ဘေးနားရှိ ပိုးပန်းသူမှာ အလွန်အားကောင်းလှသဖြင့် ဝူချီချွမ်နှင့် ပတ်သတ်ပြီး သိပ်အကောင်းမမြင်တော့ပေ။
၎င်းက [ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာပေါ့။] ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အကြီးအကဲ ဝူချီချွမ်: ...... ဒါက ရည်မှန်းချက်မအောင်မြင်ခင်မှာတင် စတင်ကျဆုံးသွားတာလို့ ယူဆလိုက်ရမှာလား
လူတစ်ယောက်နှင့် ဖရဲသီးတစ်လုံး စကားပြောနေသည့် အချိန်အတွင်း သူတို့အဖွဲ့မှာ အရှေ့ခန်းမသို့ ရောက်ရှိသွားကြသည်။
စိတ်ကူးထားသည့်အတိုင်းပင် အရှေ့ခန်းမ၌ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး အလယ်တွင် ဝိုင်းအုံခြင်း ခံထားရသူမှာ ယနေ့၏ အရေးကြီးဆုံး ဧည့်သည်တော်ဖြစ်သော မက်မွန်နတ်ဘုရားမပင် ဖြစ်သည်။
နတ်ဘုရားမသည် ယနေ့တွင် ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ခါးမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ သူမ၏ ရုပ်ရည်မှာ ကောင်းကင်ဘုံက မျက်နှာသာပေးထားသကဲ့သို့ တစ်သောင်းတွင် တစ်ယောက်ဟု ဆိုရမည်ဖြစ်ကာ၊ မျက်ခုံးမျက်လုံးများမှာ ဆွဲဆောင်မှုရှိသော်လည်း ပေါ့ပျက်ပျက် မနိုင်ဘဲ မြင့်မြတ်သောအသွင် ရှိနေသဖြင့် သာမန်ကျင့်ကြံသူများမှာ သူမကို မဆင်မခြင် မပြုမူရဲပေ။
နဉ်ရွှီသည် နတ်ဘုရားမကို မြင်ပြီးနောက် သူမနှင့်အသင်းဖော်များ သက်ပြင်းချကာ "ဒါက မက်မွန်နတ်ဘုရားမပေါ့၊ သူမက တကယ့်ကို နတ်မိမယ်လေး တစ်ပါးလိုပဲ။" ဟု ဆိုသည်။
နတ်ဘုရားချင်ကျို့မှာ ယခင်က မက်မွန်နတ်ဘုရားမကို မြင်ဖူးထားကာ တစ်ကြိမ်ထက်မက မြင်ဖူးသဖြင့် ထိုစကားကို ကြားသောအခါ ဘာမှမတုံ့ပြန်ပေ။ သဘာဝကျကျပင် စစ်ယန်မှာလည်း ဘာတုံ့ပြန်မှုမှ မရှိဘဲ နတ်ဘုရားမ၏ ရုပ်ရည်ကိုပင် မမှတ်မိပေ။ ချင်းရီလော့မှာမူ လက်နက်သန့်စင်ခြင်း အောင်မြင်နှုန်းကို မြှင့်တင်ရန်သာ တွေးနေသဖြင့် နတ်ဘုရားမကို အကြိမ်အနည်းငယ် ကြည့်ပြီးနောက် အကြည့်လွှဲလိုက်ရာ၊ နဉ်ရွှီ၏ စကားကို အကြီးအကဲဝူနှင့် ဖရဲသီးစားခြင်းစနစ်တို့သာ ပြန်လည် ထောက်ခံခဲ့ကြသည်။
ဖရဲသီးစားခြင်းစနစ်သည်လည်း မက်မွန်နတ်ဘုရားမ၏ အလှကို အသိအမှတ်ပြုပြီးနောက် [ဒါပေမဲ့ Host နင် ပေါင်းစပ်ခြင်းအဆင့် ရောက်တဲ့အခါကျရင် သူမထက် အဆပေါင်း ထောင်ချီ၊ သောင်းချီ ပိုလှလာမှာ] ဟု ပြောရန် မမေ့ပေ။
အကြီးအကဲဝူ၊ တောင်နှင့်မြောက် တောင်ထိပ်သခင်: !!
လာပြန်ပြီ။ ဒီမြှောက်ပင့်တတ်တဲ့ စနစ်က စကားချိုချိုလေးတွေနဲ့ လာပြန်ပြီ။
တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းသည် လူ့ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် နေတတ်သည့်နေရာတွင် အတော်လေး တော်ပေသည်။
အခြားသူများအပေါ်တွင် အကျင့်မကောင်းသော်လည်း အနည်းဆုံးတော့ ၎င်း၏ Hostအပေါ်တွင် ဘယ်သောအခါမှ ရက်စက်ယုတ်မာခြင်းမရှိ၊ ကောင်းမွန်သည့် စကားလုံးများ အမြဲတစေ ပြောဆိုတတ်သည်။
နဉ်ရွှီ၏ ရုပ်ရည်မှာ အသင့်အတင့်မျှသာဖြစ်ပြီး သူမသည် ရုပ်ရည်ထက် စွမ်းအားကို ပို၍ ဂရုစိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမသည် လူများစွာကို ရန်စထားခဲ့မိသည်။ စွမ်းအားရှိမှသာ သူမနှင့် သူမ၏ အသင်းဖော်များကို ကာကွယ်နိုင်မည်။
အဖွဲ့သည် အလုအယက် တိုးမသွားဘဲ လူအုပ်နှင့် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြသည်။
သူမ ခဏမျှ စောင့်နေစဉ်အတွင်း နတ်ဘုရားမသည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူမနောက်တွင် ငယ်ရွယ်သော အမျိုးသားကျင့်ကြံသူတစ်ဦး ပါလာပြီး၊ သူသည် ခန့်ညားထည်ဝါကာ ထူးခြားသောအသွင်ရှိရာ စနစ်ပြောသော အကောင်းဆုံးမီးဖို ဖြစ်ပေလိမ့်မည်။
သူမသည် အနောက်မှ လိုက်လာသော လူအုပ်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ အသံမှာ နှင်းပွင့်များ ကျဆင်းလာသကဲ့သို့ အေးစက်စက် လေသံဖြင့် "အားလုံးပဲ ကျေးဇူးပြုပြီး ဒီမှာပဲ နေခဲ့ကြပါ၊ ကျွန်မ ရှဲ့ချင်းနဲ့ နောက်ဖေးဥယျာဉ်ထဲ လမ်းလျှောက်လိုက်ပါဦးမယ်" ဟု ဆိုသည်။
ဝူမိသားစုခေါင်းဆောင်က ရိုသေစွာဖြင့် "ဘာလို့ အိမ်တော်ထိန်းကို လိုက်ပို့မခိုင်းရမှာလဲ" ဟု ဆိုလိုက်သည်။
နတ်ဘုရားမက နူးညံ့စွာ ပြုံးလိုက်ရာ နုနယ်သည့်ပန်းကလေးတစ်ပွင့် ပွင့်အာလာသကဲ့သို့ တောက်ပပြီး နှိုင်းယှဉ်လို့မရနိုင်ပေ။"အနှောင့်အယှက်ဖြစ်ဖို့မလိုပါဘူး။"
ဝူမိသားစုခေါင်းဆောင်က အတင်းအကျပ် မလုပ်ဘဲ "နတ်ဘုရားမ ပျော်အောင်နေပါ" ဟုသာ ပြုံး၍ ဆိုလိုက်သည်။
နတ်ဘုရားမသည် ရှဲ့ချင်းကို ခေါ်ကာ နောက်ဖေးဥယျာဉ်ဘက်သို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။
နဉ်ရွှီက အကြီးအကဲဝူကို မျက်မှိတ်ပြလိုက်သည်။
နတ်ဘုရားမဘေးတွင် တစ်စုံတစ်ယောက် ရှိနေပြီဖြစ်သော်လည်း အဆုံးသတ်မှာ မသေချာသေးသဖြင့် သူသည်လည်း အရင်ဆုံး သွားရောက် ရင်းနှီးအောင် လုပ်သင့်သည် မဟုတ်ပါလား။ ဖြစ်နိုင်သည်မှာ သူသည် နတ်ဘုရားမ၏ မျက်နှာသာပေးမှုကို ရရှိသွားနိုင်သည်။
ဝူချီချွမ်သည် မက်မွန်နတ်ဘုရားမကို အထင်ကြီးလေးစားနေသည်မှာ အမှန်ပင် ကြာပြီဖြစ်သည်။
နဉ်ရွှီကလည်း သူ့အတွက် ထိုလမ်းညွှန်စာစောင်ကို ရေးပေးရန် အချိန်နှင့် စိတ်ကူးများစွာ အကုန်ခံခဲ့ရာ သူ၏ တပည့်များ၏ ဆန္ဒကို သူ မပျက်ကွက်စေလိုပေ။
ထိုသို့ တွေးတောရင်း နတ်ဘုရားမ သူတို့ရှေ့မှ ဖြတ်သွားချိန်တွင် အကြီးအကဲဝူက ဦးဆောင်၍ လက်သီးဆုပ် ဂါရဝပြုလိုက်ကာ "ကျွန်တော် ဝမ့်ရှင်းဂိုဏ်းက ဝူချီချွမ် နတ်ဘုရားမကို နှုတ်ဆက်ပါတယ်" ဟု ဆိုသည်။
နတ်ဘုရားမက ယဉ်ကျေးစွာ ရပ်တန့်လိုက်ပြီး ဝူချီချွမ်နှင့် သူ၏နောက်မှ လူများကို တစ်ချက်ကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလျက် "ကောင်းသောနေ့ပါ တာအိုရောင်းရင်းဝူ" ဟု ဆိုသည်။
ထိုသို့ ပြောပြီးနောက် သူမသည် သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကာ အကြီးအကဲဝူကို နောက်ပြန်လှည့်မကြည့်ဘဲ ဖြတ်ကျော်သွားခဲ့သည်။
မက်မွန်နတ်ဘုရားမသည် အကြီးအကဲဝူအပေါ်တွင် လုံးဝ စိတ်ဝင်စားမှု မရှိသည်ကို မြင်သဖြင့် နဉ်ရွှီက သက်ပြင်းချကာ "နတ်ဘုရားမက အကြီးအကဲကို အပိုအကြည့်တစ်ချက်တောင် မပေးသွားဘူး၊ အကြီးအကဲဝူကတော့ တကယ်သနားဖို့ကောင်းတာပဲ"
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် [ဘယ်သူက မဟုတ်ဘူးလို့ ပြောလဲ၊ အကယ်၍ မက်မွန်နတ်ဘုရားမက ချမ်းသာတဲ့ မိန်းမလှလေးဆိုရင်၊ အကြီးအကဲဝူက ဘာမှမရှိတဲ့ ဆင်းရဲသားလေ။ ဆင်းရဲတဲ့ကောင်လေးမှာ အခွင့်အရေး မရှိဘူးလို့ မဆိုလိုပေမဲ့၊ အဲ့ဒီမိန်းမလှလေးရဲ့ ဘေးမှာ ပရိယာယ်များတဲ့ အမျိုးသားတစ်ယောက် ရှိနေရင် ဆင်းရဲတဲ့ကောင်လေး အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းနည်းသွားပြီ။] ဟု ဆိုလိုက်သည်။
ချီးကျူးခံရသော မက်မွန်နတ်ဘုရားမ: ???
ပရိယာယ်များတဲ့ အမျိုးသားဟု ရုတ်တရက် ပြောခံလိုက်ရသော ရှဲ့ချင်း: ???