အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅)
နတ်ဘုရားမ၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားသည်။
သူမသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး သူမကို စိုက်ကြည့်နေသော ဝူချီချွမ်အား ကြည့်ကာ နှုတ်ခမ်းကို ကွေးညွတ်လျက် "ကျွန်မနဲ့ ရှဲ့ချင်းတို့က နောက်ဖေးဥယျာဉ်ဘက် သွားမလို့ပါ၊ အကယ်၍ လမ်းတူတယ်ဆိုရင် ဘာလို့အတူတူမသွားရမှာလဲ" ဟု ဆိုသည်။
နတ်ဘုရားမက စတင်ဖိတ်ခေါ်လိုက်ခြင်းဖြစ်၍ ဝူချီချွမ်သည် အသာအယာ မှင်တက်သွားပြီးနောက် အကြောင်းရင်းကို လျင်မြန်စွာ သဘောပေါက်သွားသည်။
၎င်းမှာ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စိတ်ထဲမှ ထွက်ပေါ်လာသော အသံများကြောင့်သာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက နတ်ဘုရားမက သူ့ကို အပိုအကြည့်တစ်ချက်တောင် ပေးမည်မဟုတ်ပေ။
သူတို့၏ စိတ်တွင်းအသံများသည် အမြဲတမ်း မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးသော်လည်း အကြီးအကဲဝူသည် တစ်နေ့နေ့တွင် ပြဿနာတစ်ခုခု ဖြစ်လာလိမ့်မည်ကို စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာပင် နတ်ဘုရားမနှင့် အကောင်းဆုံးမီးဖိုတို့ သူတို့၏ စိတ်အသံကို ကြားခဲ့လျှင်ပင် ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ပေ။
နတ်ဘုရားမသည် သဘာဝအရ မာနရှိသူဖြစ်သည်မှာ ပြောစရာပင်မလိုချေ၊ နာမည်ကြီးသည်မှာ ကြာပြီဖြစ်၍ သူမ၏ စရိုက်မှာ ယုံကြည်ထိုက်ပေသည်။
အကယ်၍ သူမ တစ်ခုခုကို ဦးဆောင်ပြောလာပါက၊ ထိုအချိန်တွင် သူ၏ လျှို့ဝှက်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
အကြီးအကဲဝူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "ဒါဆိုရင်...... ကျွန်တော် အနှောင့်အယှက် ပေးမိပါပြီ" ဟု ဆိုသည်။
နတ်ဘုရားမက ပေါ့ပေါ့ပါးပါးပင် လက်ယမ်းလိုက်ပြီး သူမအနှောင့်အယှက်မဖြစ်ပါဘူးဟု ပြောရန် ပြင်စဉ် စိတ်တွင်းအသံက ထပ်မံထွက်ပေါ်လာပြန်သည်။
[နတ်ဘုရားမက တကယ်ကြီး ငါတို့ကို အတူတူသွားဖို့ ဖိတ်လိုက်တာလား]
[ငါထင်တာက သူမနဲ့ အကောင်းဆုံးမီးဖိုတို့ နောက်ဖေးဥယျာဉ်ကို သွားပြီး မီးမွှေးတော့မယ်(အချစ်ပွဲနွှဲတော့မယ်)လို့ ထင်လိုက်တာ]
[ငါတို့ အများကြီး အတူတူရှိနေတော့ သူတို့တွေ ဘယ်လိုလုပ်ပြီး စိတ်ဆန္ဒတွေ နိုးကြွနေတော့မှာလဲ။]
နတ်ဘုရားမ: ......
အခြားသူများ: ......
နဉ်ရွှီက ခဏမျှ စဉ်းစားပြီး "အဲ့ဒီလောက်အထိတော့ မဟုတ်လောက်ပါဘူး" ဟု ဆိုသည်။
စနစ်က ပြန်လည်ချေပသည်။ [ဘာလို့ မဟုတ်ရမှာလဲ၊ နတ်ဘုရားမက ပေါင်းစပ်ခြင်းအဆင့်မှာ ရောက်နေတာ အတော်ကြာပြီ၊ ဒီနှစ်တွေတစ်လျှောက်လုံး သူမက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ဖို့ အစွမ်းကုန် ကြိုးစားနေတာ။ အခု အသင့်ဖြစ်နေတဲ့ အခွင့်အရေးက အိမ်တံခါးဝအထိ ရောက်လာတာကို အမိအရဆုပ်ကိုင်ထားရမှာ မဟုတ်ဘူးလား။]
[ဒီကောင်လေးရဲ့ 'ယွမ်ယန်'က ရှိနေတုန်းပဲ၊ နှစ်ယောက်တွဲကျင့်ကြံလိုက်ရင် ရမယ့် အကျိုးကျေးဇူးတွေက...... ကျစ်၊ ကျစ်၊ ဒီလိုပဲပြောရအောင်၊ သူတစ်ယောက်တည်းနဲ့တင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် တိုက်ရိုက်ရောက်သွားအောင် စွမ်းဆောင်ပေးနိုင်တယ်။]
[ဒီလို ထိပ်တန်းအဆင့်မီးဖိုမျိုးက နှစ်ပေါင်းတစ်သောင်းမှာ တစ်ယောက်တောင် မထွက်ဘူး။]
[ဘယ်သူက မနာလိုမဖြစ်ဘဲ နေမှာလဲ။ ဘယ်သူက ဒါကို မလုချင်ဘဲ နေမှာလဲ။ အချိန်ဆွဲနေရင် အနှောင့်အယှက်တွေများလာမှာကို ရှောင်ကြဉ်ဖို့ အရင်ဆုံး လက်ဦးမှုယူထားပြီး တကယ့် အကျိုးအမြတ်ကို အရင်ယူရမှာပေါ့။]
နဉ်ရွှီ စကားမပြောနိုင်ခင်မှာပင် စနစ်က တတွတ်တွတ် ဆက်ပြောနေပြန်သည်။
[ငါပြောလေလေ ပိုပြီးစိတ်လှုပ်ရှားလေလေပဲ။ ဘာလုပ်ရမလဲ၊ ငါ သူ့ကို နတ်ဘုရားမလက်ထဲ အလွယ်တကူ မပေးလိုက်ချင်ဘူး။]
နဉ်ရွှီက မျက်နှာသေဖြင့် "နင်က ဘာတွေ စိတ်လှုပ်ရှားနေတာလဲ။ နင်မှ သုံးလို့မရတာ။" ဟု ဆိုသည်။
စနစ်က သက်ပြင်းချလိုက်ပြီး [ငါ သုံးလို့မရပေမဲ့ နင်ကတော့......]
နဉ်ရွှီက ပေါ့ပေါ့ပါးပါးပင် " လေတိုက်ရာယိမ်းတဲ့ တံတိုင်းပေါ်က မြက်ပင်မျိုးကို ငါမလိုချင်ဘူး" ဟု ဆိုလိုက်သည်။
စနစ်က ဖြောင့်မတ်မှန်ကန်စွာဖြင့် [ကောင်းပြီ။ စိတ်မခိုင်တဲ့သူ မဖြစ်စေရဘူး။ ဖြူစင်တဲ့ ကျင့်ကြံသူက အကောင်းဆုံးပဲ။ ဘာအကောင်းဆုံးမီးဖိုလဲ။ ဘာမှ မဟုတ်ဘူး။]
[ဒါက တစ်နှစ်ပတ်လုံး ကျင့်ကြံခြင်း ရပ်တန့်နေတဲ့ အသက်ကြီးတဲ့ ကျင့်ကြံသူတွေအတွက်ပဲ လိုအပ်တာ။]
[Host နင် ဒါကို မလိုဘူး]
ယုံကြည်မှုခိုင်မာစေရန်အတွက် ဖရဲသီးစားခြင်းစနစ်က အသံဝင်မတတ် အော်နေသည်။ [မလိုဘူး။ လုံးဝပဲ။]
နတ်ဘုရားမက ပြုံးနေပြီး: ...... ငါ စော်ကားခံလိုက်ရသလို ခံစားရတယ်
ဝူချီချွမ်: ......
လက်ရှိရှိနေသော အသက်ကြီးသည့် ကျင့်ကြံသူများထဲတွင် တစ်ယောက်မကျန် စနစ်၏ အဆိပ်ပြင်းသော လျှာဒဏ်မှ မလွတ်ခဲ့ကြပေ။ ဥပမာ - သူ၊ တောင်နှင့်မြောက် တောင်ထိပ်သခင်၊ နတ်ဘုရားချင်ကျို့၊ ထို့နောက် မက်မွန်နတ်ဘုရားမ။
ဖရဲသီးစားခြင်းစနစ်က မက်မွန်နတ်ဘုရားမကို အသက်ကြီးသည့် ကျင့်ကြံသူဟုပင် ခေါ်လိုက်သေးသည်။ ထိုအချိန်တွင် သူ တကယ်ကို နဖူးကို လက်နှင့်အုပ်ထားချင်မိသည်။
ထိုသို့ပြောပြီးနောက် စနစ်က အတင်းအဖျင်း ဆက်ပြောပြန်သည်။ [ဒီလို ထိပ်တန်းအဆင့်မီးဖိုမျိုးကို မြင်ရတာ Host နင် တကယ်ပဲ သွေးဆောင်မခံရဘူးလား]
နဉ်ရွှီက ရှဲ့ချင်းကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။ "ဟင့်အင်း"
ရှဲ့ချင်းတွင် ရွေးချယ်စရာ ရှိနေသည်ကို မဆိုထားနှင့်၊ အကယ်၍ သူ၌ ရွေးချယ်စရာ မရှိလျှင်ပင် နဉ်ရွှီက သွေးဆောင်ခံရမည် မဟုတ်ပေ။ သူမနှင့် စနစ်တို့သည် ဟွာကျိုင်းဂိုဏ်းတစ်ခုလုံးကိုသာမက ရှင်းထောင်မြို့၏ မြို့စားမင်း အိမ်တော်ကိုပါ ရန်စထားခဲ့မိရာ၊ ယခုအချိန်တွင် အချစ်ရေးကိစ္စများကို မည်သို့ တွေးတောနိုင်မည်နည်း။ မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်ခြင်းကသာ မှန်ကန်သော လမ်းစဉ်ဖြစ်သည်။
အကြီးအကဲတစ်ဦးအနေဖြင့် အကြီးအကဲဝူတွင် လူမှုဆက်ဆံရေး နယ်ပယ်၌ ကိုယ်ပိုင် ကိုင်တွယ်ပုံ ရှိသဖြင့် သူရှိနေလျှင် စကားဝိုင်းမှာ အေးစက်မသွားပေ။
အဖွဲ့သည် ပြုံးရွှင်စွာဖြင့် ဝူအိမ်တော်၏ နောက်ဖေးဥယျာဉ်ဆီသို့ လျှောက်လှမ်းခဲ့ကြသည်။
ဝူမိသားစုသည် ရှင်းထောင်မြို့၏ အကြီးဆုံး မိသားစု သုံးခုထဲမှ တစ်ခုဖြစ်ပြီး နက်ရှိုင်းသည့် အမွေအနှစ်များရှိသဖြင့် နောက်ဖေးဥယျာဉ်တွင် ထူးဆန်းသော ပန်းမန်များနှင့် အပင်များစွာ ရှိသည်။
ရာသီဥတုပင် အေးစပြုနေပြီ ဖြစ်သော်လည်း နောက်ဖေးဥယျာဉ်မှာ ခရမ်းရောင်၊ အနီရောင် ပန်းရောင်စုံတို့ဖြင့် လှပနေဆဲ ဖြစ်သည်။
လမ်းလျှောက်နေစဉ်အတွင်း မက်မွန်နတ်ဘုရားမသည် အကြီးအကဲ ဝူချီချွမ်၏ အသေးစိတ်အချက်အလက်များကို စုံစမ်းရန် လုံလောက်ခဲ့သည်။
သူသည် ဝမ့်ရှင်းဂိုဏ်း၏ ချီတောင်ထိပ်မှ အကြီးအကဲဖြစ်ပြီး လက်နက်သန့်စင်သည့်နေရာတွင် ကျွမ်းကျင်သည်။ လက်ရှိတွင် ဝိညာဉ်အသွင်ပြောင်းကျင့်ကြံသူ ဖြစ်သည်။
သူ၏ အသက်အရွယ်နှင့် ကြည့်လျှင် ဤကျင့်ကြံခြင်းအဆင့်မှာ အလွန်မမြင့်မားလှသလို၊ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အားကောင်းပုံမရပေ။
ကြည့်ကောင်းသော မျက်နှာနှင့် နူးညံ့သော စိတ်နေသဘောထားမှလွဲ၍ အခြား ထူးခြားသော အားသာချက် မရှိပုံရသည်။
မက်မွန်နတ်ဘုရားမသည် ဝူချီချွမ်အပေါ်တွင် သိပ်စိတ်မဝင်စားသော်လည်း၊ ထိုစိတ်တွင်းအသံ နှစ်ခုအပေါ်တွင်မူ အလွန်စိတ်ဝင်စားနေမိသည်။ ဤစိတ်အသံ နှစ်ခုသည် သူမကို ထပ်တလဲလဲ စော်ကားခဲ့သော်လည်း သူမသည် စိတ်သဘောထား ကျဉ်းမြောင်းသူ မဟုတ်ပေ။
သူတို့အဖွဲ့သည် နောက်ဖေးဥယျာဉ်ရှိ ကျောက်ခုံတန်းများတွင် အစဉ်လိုက် ထိုင်လိုက်ကြသည်။
ဤကျောက်ခုံတန်းမှာ ကြီးမားပြီး တစ်ကြိမ်လျှင် လူဆယ်ဦးထက်မက ထိုင်နိုင်သည်။ ဝူမိသားစုမှ အစေခံများက သူတို့အတွက် မုန့်ပဲသရေစာများကို လျင်မြန်စွာ ယူဆောင်လာပေးကြသည်။
အကြီးအကဲ ဝူချီချွမ်သည် လက်ဖက်ရည်ပူကို သောက်ရင်း နတ်သမီးနှင့် စကားစမြည် ပြောဆိုနေသည်။
နောက်ဖေးဥယျာဉ်သို့ ရောက်လာပြီဖြစ်ရာ ဥယျာဉ်၏ ရှုခင်းအကြောင်းကို သဘာဝကျကျ ပြောဆိုရမည် ဖြစ်သည်။
အနီးနားရှိ ပန်းမျိုးစိတ်များမှာ အဖိုးတန်ကြောင်း အကြီးအကဲဝူက ပြောလိုက်သည်နှင့် သူတို့၏ နားထဲတွင် စိတ်တွင်းအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
[ကျစ်၊ကျစ်၊ ဒီနောက်ဖေးဥယျာဉ်က အံ့ဩစရာပဲ။]
နဉ်ရွှီလည်း လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်ရင်း "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
[ဒီမှာရှိတဲ့ နေရာတော်တော်များများက......ဖို့ သင့်တော်တယ်၊ ဟဲဟဲ။]
နဉ်ရွှီသည် အစတွင် ဘာကိုဆိုလိုမှန်း မသိသော်လည်း စနစ်က အစပိုင်းတွင် ပြောခဲ့သော မီးမွှေးသည့် အကြောင်းကို တွေးမိသောအခါ နားမလည်ချင်လျှင်ပင် နားလည်သွားခဲ့သည်။
နဉ်ရွှီက မျက်နှာသေဖြင့် "ပုံမှန်ဆိုရင် အဲ့ဒီလို အဝါရောင်ကိစ္စတွေကို လျှော့ကြည့်စမ်းပါ၊ ပင်မစနစ်ရဲ့ ပိတ်ပင်ခံရမှာ မကြောက်ဘူးလား" ဟု ဆိုသည်။
ဖရဲသီးစားခြင်းစနစ်က [ဒီအဆင့်လောက်ကတော့ အဆင်ပြေပါတယ်။]
ထိုသို့ ဆိုပြီးနောက် ၎င်းက သဘောမတူဟန်ဖြင့် [ငါတို့တွေ ဒီမှာရှိနေတာ တကယ့်ကို မီးသီးတွေ ဖြစ်နေပြီ။]
[T/N: မီးသီးဆိုတာ တရုတ်လို ချစ်သူနှစ်ဦးကြား အနှောင့်အယှက်ဖြစ်စေသော တတိယလူ လို့လည်း ခေါ်ပါတယ်နော်။]
[အကြီးအကဲဝူကတော့ တကယ်ပဲ အခြေအနေကို နားမလည်ဘူး။]
နဉ်ရွှီက "...... အကယ်၍ အကြီးအကဲဝူက အခြေအနေကို နားလည်မယ်ဆိုရင်၊ နောင်ကျရင် သူ ဘာဆက်လုပ်နိုင်ဦးမှာလဲ" ဟု အမှန်အတိုင်းပင် ဆိုလိုက်သည်။
အကယ်၍ နတ်ဘုရားမသာ အကောင်းဆုံးမီးဖိုနှင့် အတူရှိမည်ဆိုပါက အကြီးအကဲဝူက ချမ်းသာသော မမကြီး၏ ပေါင်ကို မည်သို့ ဖက်တွယ်ထားနိုင်တော့မည်နည်း။
လူတစ်ယောက်နှင့် ဖရဲသီးတစ်လုံး စကားပြောရင်း အချိန်ဖြုန်းနေသည့် အချိန်တွင် လက်ဖက်ရည် သောက်နေသော အကောင်းဆုံးမီးဖိုက ရုတ်တရက် မက်မွန်ပွင့်ကိတ်မုန့် ပန်းကန်ကို နဉ်ရွှီဘက်သို့ တွန်းပေးလိုက်သည်။ သူ၏ မျက်ခုံးများမှာ ပြေလျော့နေပြီး မျက်နှာပေါ်တါင် အလွန်နွေးထွေးသော အပြုံးတစ်ခု ပေါ်ထွက်လာကာ "ဒီကတာအိုရောင်းရင်း... ဒီ မက်မွန်ပွင့်ကိတ်မုန့်က အတော်လေး ကောင်းပုံရတယ်၊ ဘာလို့မမြည်းကြည့်တာလဲ။" ဟု ဆိုသည်။
နဉ်ရွှီမှာ ခဏမျှ မှင်တက်သွားပြီး သူမ စကားမပြောနိုင်ခင်မှာပင် စနစ်က အော်ဟစ်လိုက်လေသည်။
[အလိုလေး၊ Host ဒီ ပရိယာယ်များတဲ့ အမျိုးသားက နင့်ကို စိတ်ဝင်စားနေတာတော့ မဟုတ်ဘူးမလား။]
နဉ်ရွှီ: ......
လူတိုင်း: !!