အခန်း ၇၇
Vol. 8 Ch. 77
အခန်း ၇၇ ။
ထိုအခါ ဖရဲသီးစားခြင်းစနစ်က ညည်းတွားလေသည်။
[အမှန်တရားပဲလေ။ အကြီးအကဲဝူလည်း အသက်ရလာပြီဆိုတော့ သူ့ရုပ်ရည်ကို အားကိုးချင်ပေမဲ့ မတတ်နိုင်တော့ဘူးနေမှာပေါ့။]
[ငါတို့နှစ်ယောက်ကို အားကိုးနေရတော့မှာပဲ။]
ကျင့်ကြံခြင်းလောကတွင် အမျိုးသမီးသာမက အမျိုးသားများထဲ၌လည်း အလှပဂေးများ ပေါများလွန်းလှသဖြင့် မယုံနိုင်လောက်အောင် ရှုပ်ထွေးပေသည်။ အကြီးအကဲဝူသည် အမှန်တကယ် ချောမောသူဖြစ်သော်ငြားလည်း အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်နှင့် အနှီအမြွှာနှစ်ယောက်မှာတော့ သူ့ထက် အများကြီး ဆွဲဆောင်မှု ရှိနေပါ၏။
‘သူ့ရဲ့ ရုပ်ရည်က အရမ်းကောင်းနေတာတောင်မှ ပြိုင်ဘက်ကင်း နံပါတ်တစ်နေရာကိုတော့ မရောက်နိုင်တော့ဘူးလေ။’
နဥ်ရွှီသည် သူမအတွက် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူ အထူး လုပ်ပေးထားသည့် အသားလုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ တစ်ဖက်မှ စားနေစဥ် တစ်ဖက်မှလည်း သူမ၏ စိတ်ထဲရှိ ဖရဲသီးစားခြင်း စနစ်ကို လှမ်းပြောနေလေ၏။
‘ငါတို့ ဒီသတင်းကို အမြန်ဆုံး လွှင့်ရမယ်။’
ဤအချက်အလက်ကို အပေးအယူလုပ်စရာတစ်ခုအဖြစ် အသုံးပြုခြင်းဖြင့်သာ နတ်ဘုရားမသည် အကြီးအကဲဝူကို ကာကွယ်ပြီး ထပ်မံ၍ ဒုက္ခ မခံစားရစေရန် တားဆီးပေးလိမ့်မည်။
[ကြည့်ရတာ မျက်နှာလှလှလေးက အားမကိုးရတော့ ငါတို့ရဲ့ သာလွန်တဲ့ အစွမ်းသတ္တိကို အားကိုးနေရတာပေါ့။ ငါတို့ရဲ့ စွမ်းရည်တွေက အယုံကြည်ရဆုံးပဲလေ!]
၎င်းသည် သူ့ကိုယ်သူ အမွှန်းတင်ကာ ချီးမွမ်းပြီးနောက်၌ အကြောင်းအရာကို စကားဆက်တော့၏။
[host နတ်ဘုရားမကို မင်းကိုယ်တိုင် သတင်းပေးဖို့ အစီအစဉ်ရှိလား ဒါမှမဟုတ် အကြီးအကဲဝူကို အကြောင်းကြားခိုင်းပြီး သူ့ကို ထပ်ဆင့် သတင်းပို့ခိုင်းမှာလား။]
နဥ်ရွှီ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် အဖြေပြန်ပေးလိုက်သည်။
‘အကြီးအကဲဝူရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို တွေးကြည့်ရင် သူ ဒီသတင်းကို သိထားတယ်လို့ပဲ ယူဆလိုက်ကြရအောင်။’
မည်သို့ပင်ဖြစ်စေ သူမသည် နတ်ဘုရားမထံမှ မျက်နှာသာရရန် မလိုတော့သောကြောင့် အကြီးအကဲဝူအား အခွင့်အရေး ပေးလိုက်ခြင်းက ပိုကောင်းလိမ့်မည်ပင်။
အကြီးအကဲဝူ : ‘...မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ် အငယ်တန်းလေး။ ဒီလို အငယ်တန်းလေး ရှိရတာ ဂုဏ်ယူစရာပါပဲ။ ဟုတ်တယ်၊ ဒါက သူ့ရဲ့ရိုးသားတဲ့ ထင်မြင်ချက်ပဲ။ ရွဲ့စောင်းတဲ့ မှတ်ချက်မျိုး မဟုတ်ဘူး။’
တုံ့ဆိုင်းမှု မှန်သမျှသည် ကြိုတင်မမှန်းဆနိုင်သော အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်ပါ၏။ လက်ရှိအခိုက်အတန့်၌ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူသည် အကြီးအကဲဝူကို ပြန်လည် ဖမ်းဆီးသွားရန် စိတ်အားထက်သန်စွာ အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်၏။
ထိုအခိုက် ဖရဲသီးစားခြင်း စနစ်သည် ၎င်း၏ မမြင်ရသော လျှာကို နှစ်ချက်ကိုက်ကာ ဆိုလာ၏။
[host အဲဒီအဘွားကြီးရဲ့ အစိမ်းရောင် မျက်လုံးတွေကို မြင်လား။ ကြည့်ရတာ အကြီးအကဲဝူကို ဒီမှာတင် အသေသတ်ချင်နေတဲ့ပုံပဲ။ ကျင့်ကြံခြင်း လောကမှာဆို လူတော်တော်များများက အဲ့လိုပဲ တော်တော်လေး ရိုင်းကြတယ်။]
လူတိုင်း ။ “...”
အကြီးအကဲဝူ ။ ‘မမေးပါနဲ့ကွာ ဇာတ်လမ်းက အရှည်ကြီးပဲ။’
ဖရဲသီးစားခြင်း စနစ်က ဆက်လက်၍ အတင်းချလေသည်။
[တချို့ရှုထောင့်ကနေ ကြည့်ရင် အကြီးအကဲဝူနဲ့ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူ အကြောင်းက အရမ်းအရမ်းကိုမှ ရေပန်းစားနေတာလေ။ မဟုတ်ရင် အဲ့အမျိုးသမီးက ဘာလို့ သူ့ကို ဒီလောက်အထိ စွဲလန်းနေမှာလဲ။]
အကြီးအကဲဝူ ။ ‘...ငါ ဒီလိုမျိုး နာမည်ကြီးတာကို လုံးဝ မလိုချင်ပါဘူးကွာ။’
နဥ်ရွှီ ပေါ့ပေါ့ပါးပါးလေး ချောင်းဆိုးလိုက်ပြီး ဖရဲသီးစားခြင်း စနစ်၏ မှတ်ချက်များထဲမှ သူမ၏ စိတ်အာရုံကို နှုတ်ယူလိုက်သည်။ သူမသည် တစ်ဖက်ရှိ အကြီးအကဲဝူကို ကြည့်ပြီး ဆိုလေတော့၏။
“အကြီးအကဲ...ကျွန်မ အကြီးအကဲဝူနဲ့ သီးသန့်ဆွေးနွေးချင်တာ တစ်ခုရှိတယ်။”
အကြီးအကဲဝူလည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူသည် လှည့်ပတ်ကြည့်ရှုပြီး ဆိတ်ငြိမ်သော နေရာကို အမြန် ရွေးချယ်ကာ ထိုနေရာသို့ ညွှန်ပြလိုက်သည်။
“ကောင်းပြီ၊ ဟိုဘက်ကို သွားရအောင်။”
တိတ်ဆိတ်သော ထောင့်တစ်နေရာသို့ ရောက်ပြီးနောက်တွင် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူသည် သူမတို့နောက်သို့ လိုက်လာခဲ့သည်အား နဥ်ရွှီ သတိပြုမိလိုက်၏။
ရက်ပေါင်းများစွာ မခွဲခွာနိုင်သည့်နှယ် ဖြစ်သွားပြီးနောက်၌ နဥ်ရွှီသည် စိတ်ဖြူစင်သော ကျင့်ကြံသူနှင့် အနီးကပ် ရှိနေရခြင်းကို ကျင့်သားရလာခဲ့ပြီပင်။ ထို့ကြောင့် သူမ စိတ်ဝင်စားမနေတော့ဘဲ ဝူချီချွမ်ကိုသာ လှည့်ပြောလိုက်တော့သည်။
“ဒီနေ့ နတ်ဘုရားမအနားမှာ ပေါ်လာတဲ့ အမျိုးသားကျင့်ကြံသူက တစ်ချိန်လုံး အဲ့နားမှာပဲ ကပ်နေတာ။ တစ်ခုခုတော့ ရှိရမယ်။”
ထိုအခါ အကြီးအကဲဝူကလည်း ခါးသက်စွာ ပြုံးပြလိုက်၏။
“မင်းပြောတာ မှန်တယ်။ နတ်ဘုရားမကို လိုက်ပိုးပန်းနေတဲ့ ထူးချွန်သူတွေက ဘယ်တော့မှ လျော့မသွားဘူးလေ။”
အကယ်၍ နတ်ဘုရားမသာ ကောချန်ကို အလွန်အကျွံ မစွဲလမ်းခဲ့ပါက သူမသည် တာအိုအဖော် တစ်ဦးကို တွေ့ရှိပြီးပြီ ဖြစ်ပေလိမ့်မည်။ သူမကို လိုက်ပိုးပန်းရန် သူတို့အတွက် အခွင့်အလမ်းပင် ရှိမည်မဟုတ်ချေ။
သို့သော်ငြား နဥ်ရွှီကတော့ တစ်ဖက်လူကို အားပေးစကားလေး ပြောပေးလိုက်ပါသေး၏။
“အကြီးအကဲလည်း မဆိုးပါဘူး။ အကြီးအကဲမှာ နတ်ဘုရားမနဲ့ နီးစပ်ဖို့ အခွင့်အရေးရှိတယ်ဆိုရင်ပေါ့။”
ယနေ့၏ အဓိကပွဲ စတော့မည်ဆိုသည်အား သူတို့နှစ်ယောက်လုံး သိထားကြသည်ပင်။
အကြီးအကဲဝူ ။ “ဒါပေမဲ့ ဘယ်လိုလုပ် အခွင့်အရေးရှိနိုင်မှာလဲ။”
“မကြာသေးခင်ကမှ ရှင်းထောင်မြို့ရဲ့ နေရာတော်တော်များမှာ ကောလဟာလတွေ ပျံ့နေတာလေ။ တစ်ချိန်က နတ်ဘုရားမနဲ့ ပူးပေါင်းခဲ့ဖူးတဲ့ အဆင့် ၈ အဂ္ဂိရတ်ပညာရှင်ကြီး ကွယ်လွန်သွားပြီလို့ ကောလာဟလတွေလည်း ထွက်နေတယ်။ သူ့အတွက် ဆေးဝါးအမျိုးမျိုးကို သန့်စင်ဖို့ အဖော်အသစ်တစ်ယောက် လိုနေတာ။ နတ်ဘုရားမရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေတဲ့ အဆင့် ၈ အဂ္ဂိရတ်ပညာရှင်ကို ကျွန်မ သိတယ်။”
ထိုအခါ၌ အကြီးအကဲဝူ၏ မျက်နှာကလည်း အံ့သြသွားသော အပြုံးတို့ဖြင့် တောက်ပလာခဲ့သည်။
“ဒါ... မင်း အဲ့ဒီလောက်အဆင့်မြင့်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်နဲ့ သိတယ်ပေါ့လေ”
ထိုအခါ နဥ်ရွှီတစ်ယောက် ကျေနပ်စွာ ပြုံးပြလိုက်သည်။ အကြီးအကဲဝူသည် ကောက်စားရခြင်းကို ကြိုက်နှစ်သက်သည့် လူမျိုးမဟုတ်မှန်း သူမ သိနေပါ၏။ သူသည် သူမအား ထိုကဲ့သို့သော ပညာရှင်ကို မည်သို့သိသနည်းဟူ၍ ဆက်မမေးတော့ပေ။ ထိုအစား ဤသို့ မေးလာ၏။
“အဲဒီလိုလူကို ဆွဲထားနိုင်ဖို့က မလွယ်လောက်ဘူး။”
ထိုသို့ ကြားလိုက်ခိုက် နဥ်ရွှီလည်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တာတော့ ဟုတ်တယ်။”
အောင်ပွဲရရန်သာ လွယ်ကူပါက ဤအဆင့် ၈ အဂ္ဂိရတ်ပညာရှင်သည် အလုပ်လက်မဲ့ ဖြစ်နေလိမ့်မည် မဟုတ်ပေလော။
“အဲဒီအဂ္ဂိရတ်ပညာရှင်ကို ရုန်ယိလို့ ခေါ်တယ်။ သူ့မှာ ရိုင်းစိုင်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။ အဂ္ဂိရတ်အခန်းမှာပဲ တစ်ယောက်တည်း အချိန်အများစုကို ဖြုန်းတီးနေတတ်တဲ့လူ။ သူ့ကို သိတဲ့သူတွေကတော့ သူ့ကို လူထူးဆန်းလို့ ခေါ်ကြတယ်တဲ့။ ဒါပေမဲ့ သူ့အကြိုက်တွေကို သိပြီးတာနဲ့ အဲဒီလိုလူထူးဆန်းနဲ့ ပေါင်းဖို့ မခက်တော့ပါဘူး။”
အကြီးအကဲဝူလည်း သူ၏မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားလိုက်သည်။
“ဒါဆို သူ့အကြိုက်က ဘာလဲ”
နဥ်ရွှီတစ်ယောက် တောက်တောက်ပပအပြုံးလေးတစ်ပွင့်ကို ပန်ဆင်လျက် ပြုံးပြလိုက်သည်။
“သူ့အကြိုက်က မက်မွန်ပွင့်သေရည်ပေါ့။ အထူးသဖြင့် သူကြိုက်တဲ့ မက်မွန်ပွင့်သေရည်ကို ဖန်းမိသားစုကပဲ ချက်နိုင်တာ။”
“ကံမကောင်းချင်တော့ အဲဒီမိသားစုရဲ့ သေရည်ချက်နည်းကတော့ မတော်တဆ ပျောက်ဆုံးသွားခဲ့တယ်တဲ့လေ။ အဲ့အချိန်ကစပြီး အဲ့အဂ္ဂိရတ်ပညာရှင်လည်း သူ့အရသာနဲ့ ကိုက်ညီတဲ့ မက်မွန်ပွင့်သေရည်ကို တစ်ခါမှ မမြည်းစမ်းရတော့ဘူးတဲ့။”
နဥ်ရွှီသည် သိခဲ့သမျှအား မျိုသိပ်မထားတော့ဘဲ ခပ်သွက်သွက်ကလေး ဆက်ပြောပြလိုက်သည်။
“တိုက်ဆိုင်တာက ကျွန်မမှာ သေရည်ချက်နည်း ရှိတယ်။ နတ်ဘုရားမအတွက် မက်မွန်ပွင့်သေရည်နည်းနည်းလောက် ချက်ဖို့ ဖန်းမိသားစုကို အကူအညီ တောင်းလို့ရတယ်။ ဒါပေမဲ့ ချက်နည်းကတော့ အချိန်တော်တော် ယူရမှာ။ အဲဒါကြောင့် အကြီးအကဲက ဒီသေရည်ချက်နည်းကို နတ်ဘုရားမနဲ့ ဖန်းမိသားစုကို အရင်မျှဝေပေးလိုက်လို့ ရတယ်နော်။”
ထိုစကားများကို ကြားပြီးနောက်၌ အကြီးအကဲဝူ၏ မျက်နှာမှာ ရှက်ရွံ့သွားသည့် အရိပ်အမြွက်တို့အား ပြသလာခဲ့လေသည်။
မတိုင်ခင်ကပင် ဂိုဏ်းချုပ်၏ တပည့်သည် သူ၏အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း သုံးသပ်ပြခဲ့၏။ ဤတပည့်ကို အလွန်အကျွံ စိတ်ပူရလေအောင် လုပ်ခဲ့မိသည်က သူ့အမှားပင်။
သူသာ ဤမျှလောက် မပျော့ညံ့လျှင် ဤကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ဝူချီချွမ် ။ “မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။ မင်းမှာ အခက်အခဲတစ်ခုခု ကြုံခဲ့ရင် ငါ့ကို ပြောပြဖို့ မမေ့နဲ့နော်။ ငါ့မှာ အရည်အချင်းအများကြီး မရှိပေမဲ့လည်း တစ်နည်းနည်းနဲ့တော့ ကူညီနိုင်ပါသေးတယ်။”
ထိုအခိုက် ဖရဲသီးစားခြင်းစနစ်က ဝင်ပြောလာ၏။
[သူ့မှာ အရည်အချင်း သိပ်မရှိဘူးဆိုတာ ငါတို့ သိနေတာကို]
[ငါတောင် ဒီလူ သူ့ကိုယ်သူ ဒီလောက်ထိ သိထားမယ်လို့ မမျှော်လင့်ထားဘူး။]
ဤအခိုက်၌ ဝူချီချွမ်ခင်မျာ ပြောစရာစကားတို့ ပျောက်ရှသွားခဲ့သည်။
“မိမိကိုယ်မိမိ သတိရှိခြင်း” ဟူသည်က မည်သည်ဖြစ်ကြောင်း သူ မသိသော်လည်း အနှီစကားလုံးများကတော့ ချီးကျူးစကား ဟုတ်မနေချေ။
နဥ်ရွှီ သူမ၏ထိုင်ခုံအနားကို ပြန်ရောက်သွားသောအခါ၌ အကြီးအကဲဝူသည် နတ်ဘုရားမနံဘေးကို လျှောက်သွားပြီး ဝူအိမ်တော်တစ်ဝိုက်တွင် လမ်းလျှောက်ထွက်ရန် သပ်သပ်ရပ်ရပ်ကလေး ဖိတ်ခေါ်လိုက်တော့သည်။
အကြီးအကဲဝူ၏နှုတ်ခမ်းအထက်၌ အပြုံးတစ်ပွင့် တွဲခိုနေပြီ ဖြစ်၏။ သူသည် သန့်စင်သော လေထုကို ပိုင်ဆိုင်ထားပြီး အတွေ့အကြုံနှင့် အခက်အခဲများကြားမှ ပေါက်ဖွားလာသော စွဲမက်ဖွယ်ကောင်းသည့် ကျက်သရေကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
“ဧည့်သည်တွေအကုန်လုံး အိမ်ရှေ့ခန်းမှာ။ ဒီမှာ ဘယ်သူမှ မရှိဘူး၊ ကျွန်တော် နတ်ဘုရားမကို ပြောချင်တာ တစ်ခုရှိပါတယ်။”
ထိုအခါ နတ်ဘုရားမက မျက်တောင်လေး ခတ်ပြလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူမသည်လည်း နဥ်ရွှီနှင့် ဝူချီချွမ်တို့ တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့သည့်အရာအား အလွန်ပင် သိချင်နေခဲ့သည်ပင်။
ကံမကောင်းစွာဖြင့် ဝူချီချွမ်က အသံလုံသည့် အတားအဆီးတစ်ခုကို ဖွင့်ထားခဲ့လေ၏။ သူတို့၏ ပြောဆိုမှုများကို သူမ မကြားခဲ့ရသလို သူတို့၏ အဓိပ္ပာယ်ရှိသော တီးတိုးသံများကိုလည်း သူမ မကြားခဲ့ရပေ။ ထို့ကြောင့် သူမသည် အကြီးအကဲဝူ၏ ဖိတ်ကြားချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲဝူ သူမကို ဘာပြောမလဲဆိုသည်အား သိချင်နေချေပြီပင်။
နတ်ဘုရားမ မတ်တတ်ထရပ်လိုက်သောအခါ၌ အကွေ့အကောက်များဖြင့် လှပသော သူမ၏စကတ်သည် လေပြည်နှင့် ဆန့်ကျင်ဘက်သို့ ဝဲလွင့်နေ၏။
“သွားကြရအောင်လေ။”
သို့ဖြင့် အကြီးအကဲဝူသည်လည်း လက်တစ်ဖက် ခါးနောက်ပစ်လျက် အေးအေးဆေးဆေး လိုက်သွားခဲ့သည်။
ဖရဲသီးစားခြင်းစနစ် ။ [ဒီနည်းနဲ့တောင် နတ်ဘုရားမကို မဆွဲထားနိုင်ဘူးဆိုရင်တော့ အကြီးအကဲဝူက တကယ့်ကို အရည်အချင်း မရှိတဲ့သူ ဖြစ်သွားပြီ။]
‘အဲ့တော့လည်း ဒီကိစ္စ မရှိတော့ဘူးလို့ သဘောထားရမှာပေါ့။’
အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုက ပျောက်ကွယ်သွားသော်လည်း သတင်းတစ်ခုဖြင့် အကျိုးအမြတ်တော့ ရနိုင်လောက်ပါ၏။ နတ်ဘုရားမပင်လျှင် ဤကဲ့သို့သော သေရည်ချက်နည်းကို ငြင်းမှာမဟုတ်ပေ။
တစ်ဖက်တွင်တော့ နတ်ဘုရားမသည် သူမလက်ထဲက စာရွက်ကို ကြည့်ရင်း သဘောကျစွာ ပြုံးနေလေ၏။
“ဒီလက်ရေးက အသက်ကြီးတဲ့လူ ရေးထားတဲ့ပုံနဲ့လည်း မတူဘူးနော်”
အကြီးအကဲဝူခင်မျာ ပြုံးပြသော်လည်း စကားပြောမထွက်ရှာခဲ့။ အချို့အရာများက မပြောဘဲ ထားလိုက်ခြင်းက ပိုကောင်းသည်ပင်။ နဥ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်၏ အတင်းအဖျင်း သတင်းများကို သူပင်လျှင် ကြားနိုင်သောကြောင့် နတ်ဘုရားမသည်လည်း ကြားနိုင်ကြောင်း သဘောပေါက်ပါ၏။
နတ်ဘုရားမသည် သေရည်ချက်နည်းကို ဖြည်းညင်းစွာ သိမ်းဆည်းလိုက်ပြီးနောက်၌ လှည့်မေးလိုက်၏။
“လန်ချန်ကို ဖယ်ရှားဖို့ ကူညီပေးစေချင်တာလား။”
ထိုအမည်ကို ကြားသည်နှင့် အကြီးအကဲဝူ၏ အပြုံးလည်း အနည်းငယ် မှိန်ဖျော့သွားတော့သည်။ သို့သော်လည်း သူသည် လေးလေးနက်နက် ပြန်ပြောလိုက်သေးပါ၏။
“ဟုတ်ပါတယ်၊ နတ်ဘုရားမဘက်က လန်ချန်ကို သတ်ပစ်ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်!”
...