← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈ ။

ယွီထောင်သည်လည်း လန်ချန်၏ အချစ်ရေးကောလာဟလများကို သဘာဝကျကျပင် ကြားမိပါ၏။ သို့သော် ကြားထားရုံလောက်သာ ရှိ၏။ သူမတို့နှစ်ဦးလုံးသည် ခန္ဓာပေါင်းစည်းအဆင့်တွင် ရှိသော်လည်း သူမ၏ မျက်လုံးထဲတွင် လန်ချန်မှာ သူမ၏စွမ်းအားကို မြှင့်တင်ရန်အတွက် စုံတွဲကျင့်ကြံခြင်းကို အားကိုးခဲ့သူသာ ဖြစ်သည်။

ဤကျင့်စဥ်အား ကျင့်သူမှာ ကျင့်ကြံအားထုတ်သူထက် အဆင့်နိမ့်သော ကျင့်ကြံသူဖြစ်ပြီး သူမနှင့် လုံးဝ မယှဉ်နိုင်ပေ။ သူမတို့သည် မတူညီသော လမ်းကြောင်းဖြင့် လျှောက်လှမ်းနေခဲ့ကြပြီး တစ်ခါမှ မတွေ့ဖူးကြသောကြောင့် သူမတို့ကြားတွင် ပဋိပက္ခဖြစ်ရန် မလိုပေ။

ယွီထောင်သည် သူမရှေ့တွင် အကြီးအကဲဝူကို တစ်ချက်ကြည့်လိုက်လေသည်။ ထိုသူက အမှန်တကယ်ကို ချောမောသူဆိုသည်ကိုတော့ ငြင်း၍မရချေ။ ထိုသို့သော အမျိုးသားကျင့်ကြံသူသည် လန်ချန်အတွက် အနည်းငယ် ထူးထူးခြားခြား ဖြစ်နိုင်သော်လည်း သူမအတွက်တော့ အထူးအဆန်း မဟုတ်တော့ပေ။

သူမနှင့် လန်ချန်ကြားတွင် နက်နက်ရှိုင်းရှိုင်း မုန်းတီးမှု တစ်စုံတရာ မရှိခဲ့သောကြောင့် လန်ချန်ကို သတ်ရမည့်အကြောင်းအရင်းလည်း မရှိခဲ့။

အကြီးအကဲဝူတစ်ယောက် တစ်ဖက်လူထံမှ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေချိန်၌ ယွီထောင် နောက်ဆုံးတော့ ဆိုလာ၏။

“မက်မွန်ပွင့်သေရည် ချက်နည်းကြောင့် ရှင့်ရဲ့တောင်းဆိုချက်ကို ကျွန်မ သဘောတူလိုက်ပါ့မယ်။”

ယွီထောင်ဟူသည်မှာ ဉာဏ်ကောင်းသူဖြစ်ပေသည်။ ကျင့်ကြံခြင်း လောကတွင် အသံကျယ်ကျယ်ဖြင့် ကျင့်ကြံသူများသည် သဲလွန်စမချန်ဘဲ လူသတ်တတ်သည်ဟူသော ဆိုရိုးစကားတစ်ခု ရှိသည် မဟုတ်ပါလော။

သို့သော် တတိယမျိုးဆက် စစ်မှန်သော ကျင့်ကြံသူအဖြစ် ယွီထောင်သည် လူသတ်နှုတ်ပိတ်ခြင်းကဲ့သို့သောကိစ္စမျိုးကို သူမကိုယ်တိုင် လုပ်ဆောင်ခဲပါ၏။ သူမကိုယ်တိုင် အသက်တစ်ချောင်းကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ယူခဲ့သည်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဖြစ်ကောင်းဖြစ်နိုင်သည်။

အချိန်အများစုတွင် သူမသည် လောကရေးရာများကို လျလျစ်လျူရှုထားခဲ့သူသာပင်။ ထို့ပြင် သူမသည် အရင်းအမြစ်များ မချို့တဲ့သဖြင့် အခြားသူများနှင့် ယှဉ်ပြိုင်ဖို့လည်း မလိုအပ်ပေ။ သို့ဖြစ်၍ သူမအား ရမ်းကားသောလူများသည်ကလည်း မနည်းခဲ့ပေ။ သူမကို အနှောက်အယှက်ဖြစ်စေသည့် မည်သည့်အရာမဆို လူတချို့တလေက သူမအတွက် စိတ်အားထက်သန်စွာ ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်။

သို့သော် ဤတစ်ကြိမ်မှာတော့ သူမ၏ ရိုးသားမှုကို ပြသရန်အတွက် သူမကိုယ်တိုင် လှုပ်ရှားမည်ဟု ဆုံးဖြတ်ခဲ့လိုက်ချေပြီပင်။

ထို့အတွက်ကြောင့် သူမသည် အကြီးအကဲဝူကို မော့ကြည့်ကာ လိုရင်းကိုသာ ပြောလိုက်သည်။

“ရှင် အဆင်သင့်လုပ်ထား။ ဒီမိသားစုပြန်ဆုံပွဲပြီးတာနဲ့ ကျွန်မတို့ လှုပ်ရှားကြမယ်။”

ဤတော့မှ အကြီးအကဲဝူခင်ဗျာလည်း စိတ်သက်သာရာ ရသွားပြီး လက်သီးဆုပ်လျက် တစ်လေးတစား ဂါဝရပြုလိုက်လေ၏။

“ကောင်းပါပြီ၊ ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။”

အကြီးအကဲဝူသည် သူ၏ထိုင်ခုံသို့ ပြန်ရောက်သောအခါ၌ နဥ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်မှာ‌တော့ တက်ကြွစွာဖြင့် စကားပြောဆိုနေဆဲပင်။

[ဖရိုဖရဲမြင်ကွင်းနော်! ဒါမဲ့ ငါ့အကြိုက်ဆုံးကလည်း ဖရိုဖရဲမြင်ကွင်းပဲလေဟီးဟီး!]”

ဧည့်သည်များအတွက် ဝူမိသားစုမှ အထူးပြင်ဆင်ထားသော အရသာရှိလှသည့် အစားအစာကို စားသောက်နေစဉ်အတွင်း နဥ်ရွှီသည် အဝေးမှ ရုပ်ရည်ချောမောသော အမျိုးသားသုံးဦးကို ထောက်လှမ်းနေခဲ့သည်။

‘အမြွှာတွေနဲ့ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က ဘာတွေပြောနေတာလဲ။’

ထိုအခါ ဖရဲသီးစားခြင်းစနစ်က လှောင်ပြောင်ရယ်မောလျက် အတင်းဆက်တုပ်လေသည်။

“အဲ့အမြွှာတွေက အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို နတ်ဘုရားမနဲ့ ဝေးဝေးမှာနေဖို့ ဥာဏ်ပညာရှိရှိနဲ့ ပြောနေကြတာပေါ့ဟာ။ မဟုတ်ရင် သူ ဒုက္ခရောက်လိမ့်မယ်တဲ့။ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကတော့ ဘာမှမပြောပါဘူး။ သူ့တိုက်ခိုက်ရေးစွမ်းအားက သိပ်မကောင်းဘူးထင်လို့နေမှာပေါ့။]

[ဒီလိုအချိန်မျိုးမှာ သူ တစ်ခုခု ပြန်ပြောသင့်တယ်။ ‘နတ်ဘုရားမက ငါ့ကို လိုအပ်တာတို့’၊ ‘နတ်ဘုရားမက စုံတွဲကျင့်ကြံချင်တော့ ငါလည်း မတတ်နိုင်ဘူးလေ’ ပေါ့။ သူ့မှာ ရွံ့ရှာစရာကောင်းတဲ့ စကားတွေအများကြီး ရှိနေတာပဲဟာ။ ရှင်းရှင်းလင်းလင်း ပြောပြလိုက်လို့ ရတာကို စကားတစ်ခွန်းမှ မပြောဘူး!!]

[ငါကတော့ သူ အရမ်းကိုကောက်ကျစ်တတ်မယ်လို့ ထင်ထားတာလေ။ ဒီအမြွှာတွေနဲ့ကျတော့ လုံးဝကို ငြိမ်ကုပ်နေရော။]

[သူလည်း ဘာမှ မထူးခြားပါဘူးဟာ။]

ထိုအခိုက် နဥ်ရွှီလည်း သက်ပြင်းချရင်း ဝင်ရောလိုက်သည်။

‘နင့်ရဲ့ ပေါက်ကွဲအားပြင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ငါနဲ့အတူထိုင်ပြီး ပြဇာတ်ကို ကြည့်နေရတာက နင့်ရဲ့ အရည်အချင်းတွေ အလဟဿ ဖြုန်းတီးနေတာပဲနော်။’

ဖရဲသီးစားခြင်းစနစ် ။ [ဟဲဟဲ host! နင့်က ငါ့ကို မြှောက်ပင့်ပေးနေတာပဲ။]

ထိုအခိုက် နတ်ဘုရားမက သူမ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီ ဖြစ်သည်။

သတင်းစကားများကြားထားသည့် တပည့်များ ။ ”.....”

သို့သော် ဖရဲသီးစားခြင်း စနစ်သည် အတင်းအဖျင်း ပြောရသည်ကို မရပ်ချင်သေးသည့်ပုံဖြင့် စောဒကတက်လေ၏။

[ဒါလေးက စိတ်လှုပ်ရှားစရာ မဟုတ်သေးဘူးနော်။ ဒီ့ထက် ပိုပြှးစိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတစ်ခု ထပ်ပေးရမလား။]

နတ်ဘုရားမ ။ ‘... မင်းက ဘယ်လောက်တောင် စိတ်လှုပ်ရှားချင်နေသေးတာလဲဟေ။’

အကြီးအကဲဝူနှင့် နတ်ဘုရားမတို့အား ချိတ်ဆက်ကူညီပေးပြီးနောက်၌ နဥ်ရွှီတစ်ယောက် ဝူမိသားစုဘက်ကို အာရုံစိုက်ရန် အချိန်ရလာခဲ့သည်။ ဤရက်အနည်းငယ်အတွင်း၌ ဝူလုချန်မှာ သိသိသာသာကိုပြောင်းလဲလာခဲ့သလိုပင်။ မျက်နှာက‌တော့ ဤမျက်နှာပင် ဖြစ်နေသေးသော်ငြားလည်း အသွင်အပြင်မှာတော့ လုံးဝကို ကွဲပြားနေချေ၏။

ဖရဲသီးစားခြင်း စနစ်မှာ စိတ်တည်ငြိမ်မှု ပြန်၍ရရှိလာပြီးနောက်တွင် ဆက်ပြီးအတင်းတုပ်ပြန်တော့သည်။

[ငတုံးကနေ လူလိုလို ခွေးလိုလို ဖြစ်သွားပြီလေ]

လက်ရှိအချိန်တွင် ဝူလုချန်မှာ ဝူမိသားစု၏ မိသားစုခေါင်းဆောင် ဘေးတွင် ရှိနေပေသည်။ ယဉ်ကျေးသော အပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ လွှမ်းထား၏။ တစ်ချိန်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်ရာသာတန်ဖိုးရှိသော သာမန်လက်တိုအင်္ကျီများကို တန်ဖိုးကြီးသော၀တ်ရုံများဖြင့် အစားထိုးထားခဲ့သည်။ သူ၏ တစ်ချိန်က မည်သည့်အဆင်တန်ဆာမှ မဆင်ထားသော ခန္ဓာကိုယ်ကို ယခုအခါတွင်တော့ မှော်ရတနာများဖြင့် တန်ဆာဆင်ထားချေပြီပင်။

မိသားစုအသိအမှတ်ပြုပွဲအပြီးတွင် နဥ်ရွှီသည် ဝူလုချန်ကို ဂုဏ်ပြုရန် အဖော်တစ်စုကို ဦးဆောင်သွားခဲ့သည်။ ဝူမိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်လာရခြင်းကြောင့် သူသည် အရင်းအမြစ်များနှင့် အာရုံစူးစိုက်မှုတို့ကို သယ်ဆောင်နေရပြီပင်ဖြစ်၏။ သို့ဖြစ်သောကြောင့် သူ၏အဆင့်အတန်းကလည်း မြင့်မားလာခဲ့ပြီ ဖြစ်သည်။

လက်ရှိ ဝူလုချန်မှာ တစ်ချိန်က ဝူလုချန်နှင့် မတူတော့ကြောင်းလည်း ပြော၍ရပေသည်။

ဝူမိသားစု၏ မိသားစုခေါင်းဆောင်ကလည်း ပြုံးပြီး နဥ်ရွှီဘက်ကို လှည့်ပြောလိုက်၏။

“တာအိုနဥ်က ကျွန်တော်တို့ ဝူမိသားစုအတွက် တကယ် ကျေးဇူးရှင်ပါပဲ။”

နဥ်ရွှီကြောင့်သာ မဟုတ်လျှင် ဝူလုချန်သည် သူ၏ အရည်အချင်းကို မြှင့်တင်ကာ ခန္ဓာသန့်စင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်လာမည်လည်း မဟုတ်။ ထိုမျှတင်မက သူ၏မိသားစုနှင့်လည်း အောင်မြင်စွာ ပြန်၍ဆုံစည်းနိုင်မည်မဟုတ်ချေ။ နောက်ဆုံးမှာတော့ နဥ်ရွှီသည် ဤနှစ်ခုစလုံးအတွက် အများကြီးအားထုတ်ခဲ့ရသူပင်။

နဥ်ရွှီကတော့ နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်ကတော့ အားနာလွန်းနေပါပြီ။”

ဝူမိသားစု၏ မိသားစုခေါင်းဆောင်က သူမအား နွေးထွေးစွာ ပြန်နှုတ်ဆက်ခဲ့သည်။ ဤအခိုက်အတန့်တွင် ဖရဲသီးစားခြင်း စနစ်က ရုတ်တရက် ဆိုလာ၏။

[အိုက်ယားးးးး]

[အိုက်ယိုးယိုး! ဒီဖရိုဖရဲမြင်ကွင်းက ငါ့ကို စိတ်လှုပ်ရှားစေမယ်လို့ မမျှော်လင့်ထားပေမဲ့ ဒီတိုက်ပွဲမြင်ကွင်းကတော့ ငါ့သွေးတွေကို ဆူပွက်လာအောင် လုပ်နေတယ်ဟေ့!]

‘ဘယ်လိုတိုက်ပွဲမြင်ကွင်းမျိုးလဲ။’

[အကြီးအကဲဝူက သူ့ကိုယ်သူ အသုံးချပြီး ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကို ဝူမိသားစုရဲ့ နောက်ဖေးဥယျာဉ်ဆီ မြှူဆွယ်နေပြီလေ]

[ခု လူမရှိသူမရှိတဲ့ နောက်ဖေးဥယျာဉ်ကို ရောက်ကြတော့မယ်။ လန်ချန်ကလည်း အကြီးအကဲဝူကို စကားတွေ အများကြီးပြောဖို့ မစောင့်နိုင်တော့ဘူးထင်တယ်။]

[တကယ်တော့ လန်ချန်က လူဆိုးတစ်ယောက်ဖြစ်ပေမဲ့လည်း ညစ်ညမ်းတဲ့စကားတွေ ပြောတာနဲ့ ရှုတ်ချပြောဆိုတတ်တဲ့ သူ့ရဲ့စွမ်းရည်ကတော့ တကယ်ကို တုနှိုင်းမမှီဘူးနော်။]

[အကြီးအကဲဝူက သူ့စကားတွေကြောင့် ရှက်ရွံ့ဒေါသထွက်နေတာ။ ဒါက ထောင်ချောက်တစ်ခုသာမဟုတ်ခဲ့ရင် စိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတချို့ ပေါ်လာလောက်တယ်လေ။ ဟုတ်တယ်မလား။]

ဝူမိသားစု၏ မိသားစုခေါင်းဆောင် ။ “???”

‘အဲဒီအသံက ဘာအသံလဲ။’

အသံများထဲမှ တစ်သံကတော့ တာအိုနဥ်ရွှီ၏အသံနှင့် အလွန်တူပေသည်။ သို့သော် သူမက ဘာမှ မပြောခဲ့ချေ။ သို့ဖြစ်ရာ အနှီ စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းများက ဘာကို ဆိုလိုခြင်း ဖြစ်သနည်း။

နဥ်ရွှီ ။ “...”

‘ဒါက တိုက်ပွဲမြင်ကွင်းဖြစ်သင့်တာမလား။’

[ဒါက ဇာတ်ကွက်စရုံပဲ ရှိသေးတာလေ။]

‘ဟုတ်ပြီ။ အဲ့တော့ ဇာတ်ကွက်က ပြီးသွားပြီလား။’

[ပြီးလုနီးပါး ဖြစ်နေပြီ။ လန်ချန်က ညစ်ညမ်းတဲ့စကားတွေ အများကြီး ထုတ်ပြောနေတော့ အကြီးအကဲဝူလည်း သူ့ကို သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်နေပြီဟ။ ဒါပေမဲ့ နင်သိတဲ့အတိုင်းပဲလေ၊ အကြီးအကဲဝူက အဲဒီအဘွားကြီးနဲ့ မယှဉ်နိုင်သလို အဘွားကြီးကိုယ်တိုင်ကလည်း ဒါကို သိတယ်လေ။ အခုဆို အကြီးအကဲဝူ ပြန်ပေးဆွဲခံရလုနီးနီး ဖြစ်နေပြီဟေ့!]

ဖရဲသီးစားခြင်း စနစ်သည် ဤနေရာတွင် ခေတ္တရပ်လိုက်ပြီး တမင်တကာ စိတ်ဝင်စားအောင် လုပ်နေ၏။

နဥ်ရွှီ ။ ‘ပြီးတော့ရော?’

[ပြီးတော့ အိမ်နောက်ဖက်ကနေ ဗျတ်စောင်းသံတွေ ဆက်တိုက်ထွက်လာတယ်။]

[လူသတ်ချင်နေတဲ့ ရောင်ဝါနဲ့ ဗျတ်စောင်းသံလေ။ နတ်ဘုရားမ လှုပ်ရှားနေပြီပဲ။ အဲ့တာကို သတိမထားမိတဲ့ လန်ချန်က အကြီးအကဲဝူကို “နင် ငါ့နောက်ကွယ်မှာ နောက်ထပ်ချစ်သူတစ်ယောက်ကိုများ ရှာတွေ့ခဲ့တာလား!”တဲ့]

[ဟာဟားဟား၊ ငါတို့ရဲ့ မက်မွန်ပွင့်သေရည်ချက်နည်း အကူအညီနဲ့ အကြီးအကဲဝူလည်း နတ်ဘုရားမရဲ့ပေါင်ကြီးကို အောင်အောင်မြင်မြင် ဖက်တွယ်ထားပြီထင်တယ်ဟ။]

ဝူမိသားစု၏မိသားစုခေါင်းဆောင် ။ “???”

ထိုကဲ့သို့ ပေါက်ကွဲထွက်လာသော သတင်းကို ရုတ်တရက် ကြားလိုက်ရသောအခါ၌ ဝူမိသားစု၏မိသားစုခေါင်းဆောင့်စိတ်ထဲ၌ ကမောက်ကမများဖြစ်ကုန်တော့သည်။ မသင့်လျော်သော အခါသမယသာ မဟုတ်ပါက မိမိကိုယ်တိုင် ကြည့်ရှုရန် အိမ်အနောက်ဘက်က ဥယျာဉ်သို့ အပြေးအလွှားကို သွားမိပေလိမ့်မည်။

‘အခု ဝူမိသားစုရဲ့ နောက်ဖေးဥယျာဉ်မှာ ဘာတွေဖြစ်နေကြတာလဲ။ ဒီလိုတွေ ဖြစ်လာအောင် ဘာတွေလုပ်ခဲ့ကြတာလဲ။’

အဆင့်မြင့် ကျင့်ကြံသူများ သူ၏ အိမ်ထဲက မြက်ခင်းပြင်ပေါ်တွင် တိုက်ပွဲဝင်နေကြပေပြီ။ သူ၏အိမ်နောက်ဖေးကို မည်သို့ ကာကွယ်ရမည်နည်း။

သူသည် ပြုံးပြီး ကြင်နာစွာ တုံ့ပြန်လာသည့်နဥ်ရွှီကို ကျေးဇူးတင်နေသော်ငြား နှစ်ယောက်စလုံးသည် အတင်းအဖျင်းပြောဆိုသည့် စနစ်၏ မှတ်ချက်များကိုသာ အာရုံစိုက်နေခဲ့ကြသည်။

[အဲ့လူယုတ်မာ လန်ချန်ရဲ့စရိုက်က မေးခွန်းထုတ်စရာကောင်းပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကတော့ တကယ့်ကို ကြောက်စရာကောင်းတာပဲ။]

[နတ်ဘုရားမရဲ့ ကျင့်ကြံမှုအဆင့်က မြင့်သားပဲနော်။ ဒါပေမဲ့ တိုက်ခိုက်ရေးအတွေ့အကြုံကျတော့ လန်ချန်ထက် အများကြီး နည်းတယ်။]

ထိုသည်ကို ကြားလိုက်သည့်အခိုက်၌ နဥ်ရွှီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

‘ဒါဆို ငါတို့က ဘာလုပ်ရမှာလဲ။’

ဤအဆင့်မြင့် ကျင့်ကြံသူများ၏တိုက်ပွဲမျိုးသည် သူမ၏လက်ရှိ အဆင့်အတွက်တော့ လက်လှမ်းမမီနိုင်သည့် တိုက်ပွဲမျိုးဖြစ်လေ၏။ သို့အတွက်ကြောင့် သူမသည် ဤတိုက်ပွဲတွင် ပါဝင်နိုင်ပြီး အကြီးအကဲဝူအား လက်တစ်ဖက်ကို ငှားနိုင်သည်ဟု ထင်ရလောက်အောင်အထိ မာနမကြီးဝံ့ပါချေ။ ၎င်းမှာ အကူအညီမပေးနိုင်သည့်အပြင် သေတွင်းထဲ ကိုယ့်ဘာသာကိုယ် ဒိုင်ဗင်ထိုးချသလိုတောင် ဖြစ်သွားလိမ့်ဦးမည်။

[ကိစ္စမရှိပါဘူး၊ နတ်ဘုရားမက စစ်မှန်တဲ့ တတိယမျိုးဆက် ကျင့်ကြံသူလေ။ သူ့မိခင်ရဲ့ အဘိုးက ကျင့်ကြံခြင်းလောကမှာ လက်ရှိတော့ အချမ်းသာဆုံးပဲ။ မနိုင်ရင်တောင် မှော်ရတနာတွေ သုံးလို့ရတယ်လေ။ သူ့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက ကျယ်ကျယ်ပြန့်ပြန့် မရှိလည်း ပိုင်ဆိုင်ထားတဲ့ရတနာတွေနဲ့ဆို လန်ချန်ကို ချေမှုန်းပစ်ဖို့ လုံလောက်ပါတယ်]

ထိုအချိန်တွင် ဖရဲသီးစားခြင်း စနစ်၏ တည်ငြိမ်မှုမှာ ရုတ်ချည်းပင် ပျောက်ဆုံးသွားတော့လေ၏။

[host မတ်တတ်ရပ်လိုက်တော့။ လေလံခန်းဖွင့်ပြီး ဥစ္စာရှာရအောင်!]

[နတ်ဘုရားမရဲ့အမေရဲ့အဖိုးကို အမြန်ဆုံးကျော်ပြီး ဒီလောကမှာ အချမ်းသာဆုံး လူသစ်ဖြစ်လာအောင်လို့ ကူညီဖို့ ကြိုးစားကြတာ‌ပေါ့။]

လူတိုင်း ။ “...”

နင်ရွှီ ။ ‘ကောင်းပြီလေ...’

[စကားမစပ်၊ နောက်ရက်နည်းနည်းဆို အဲဒီအချမ်းသာဆုံးသူရဲ့ နှစ် ၃၀၀၀ ပြည့် မွေးနေ့ ရောက်တော့မယ်နော်။ ငါတို့ အဲ့ကျရင်လည်း ပျော်ပျော်ပါးပါးနဲ့ သွားကြရအောင်!]

[အကြီးအကဲဝူက နတ်ဘုရားမရဲ့ ယုံကြည်စိတ်ချရသူ မဖြစ်သေးပေမဲ့လည်း ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူကိစ္စမှာ ကူညီပေးထားပြီးသားလေ။ သူ့ကို ဖိတ်စာနည်းနည်းပေးတာလောက်ကတော့ ပြဿနာမရှိလောက်ပါဘူး။]

[ဒါဆို ဒီလောကမှာ အချမ်းသာဆုံး လူတစ်ယောက်ရဲ့ ဘဝကို ခိုးကြောင်ခိုးဝှက် ကြည့်လို့ရလောက်တယ်!]

လူတိုင်း ။ ”...”

နင်ရွှီ ။ ‘ဟုတ်ပြီလေ!’

သူမသည် ထိုကဲ့သို့သော ဘဝမျိုးကို မစတင်ရသေးသော်လည်း ဖရဲသီးစားသည့် စနစ်မှာတော့ စိတ်ကူးယဉ်နေခြင်းအား မရပ်တန့်နိုင်ခဲ့ပေ။

[ကျင့်ကြံခြင်းလောကမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပြီးရင် ဒရာမာတွေကိုလည်း နေ့တိုင်း ကြည့်လို့ရပြီ။ ကောင်းတယ်ဟုတ်။]

လူတိုင်း ။ “...”

All Chapters