← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

ဝူမိသားစု၏ မိသားစုခေါင်းဆောင်သည် ပေါ့ပေါ့ပါးပါးလေး ချောင်းဟန့်ရင်း စကားစလိုက်၏။

“နတ်ဘုရားမ ဒါက....”

နဥ်ရွှီနှင့် ဖရဲသီးစားခြင်း စနစ်၏ အတင်းအဖျင်းကြောင့် ကိစ္စအဝဝကို အကြမ်းဖျင်း သိထားခဲ့သော်ငြားလည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် လိုအပ်သော မေးခွန်းများကို မေးပြရန် လိုအပ်နေသေးသည်။

နတ်ဘုရားမ ယွီထောင်က ဆို၏။

“ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကို ဖြေရှင်းရုံပါပဲ။ ရှင်နဲ့ ဘာမှမဆိုင်ပါဘူး။ ရှင်တို့ရဲ့ ဝူမိသားစုကို ပြဿနာလာရှာတာတွေ လာရှိရင် ကျွန်မဆီသာ လာခိုင်းလိုက်ပါ။”

ဤစကားကို ကြားသောအခါမှသာ ဝူမိသားစု၏ မိသားစုခေါင်းဆောင်ခင်မျာလည်း စိတ်သက်သာရာ ရသွားတော့သည်။ သို့သော် ဤပြင်းထန်သော တိုက်ပွဲပြီးနောက် နောက်ဖေးခြံက ဥယျာဉ်မှာ အတော် ရှုပ်ပွသွားခဲ့ပေပြီ။ ဝူမိသားစု၏ မိသားစုခေါင်းဆောင်သည် နတ်ဘုရားမ ယွီထောင်ကို စကားမပြောနိုင်ဘဲ ဖြစ်၍နေ၏။ သူသည် တုံ့ဆိုင်းကာ ရောထွေးနေသော အကြည့်တို့ဖြင့် တစ်ဖက်လူ၏ မျက်နှာကို ကြည့်နေမိလေ၏။

နတ်ဘုရားမ ယွီထောင်သည် ဝူမိသားစု၏ မိသားစုခေါင်းဆောင် ဆိုလိုချင်သော အဓိပ္ပာယ်ကို သဘာဝကျကျ နားလည်ပေသည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် ဝိညာဉ်ကျောက်တုံးများက ပြတ်လပ်မှု မရှိခဲ့ချေ။

“ရှင်တို့မိသားစုရဲ့ ဆုံးရှုံးမှု အားလုံးအတွက် ကျွန်မ တာဝန်ယူပါ့မယ်။”

ဝူမိသားစုခေါင်းဆောင်လည်း ချက်ချင်းပင် လက်သီးဆုပ်လျက် ဂါဝရပြုလိုက်လေသည်။

“ဒါဆို နတ်ဘုရားမကို နှောင့်ယှက်မိပါပြီ။”

ယွီထောင်သည် ဝမ့်ရှင်ဂိုဏ်း၏ တပည့်များဆီ တစ်ချက်ကြည့်လိုက်သည်။ သူမတွင် ပြောစရာရှိနေသည်အား မြင်သောကြောင့် ဝူမိသားစုခေါင်းဆောင်သည်လည်း လိမ္မာပါးနပ်စွာဖြင့် သူ၏တပည့်များကို ပြန်လည် ခေါ်ဆောင်သွားခဲ့တော့၏။

ဝမ့်ရှင်းဂိုဏ်းဝင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားမ ယွီထောင်က ချီးကျူးလိုက်သည်။

“မဆိုးပါဘူး မင်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ရောက်သွားပြီ။”

ယခုအချိန်တွင် နဥ်ရွှီ၏အခြေခံအုတ်မြစ် တည်ထောင်မှုသည် အာရုံစိုက်မှုများစွာအား ရုတ်ခြည်း ရရှိသွားခဲ့သည်။

ယွီထောင်နှင့်အကြီးအကဲဝူတို့သည် အတားအဆီးအတွင်း၌ လန်ချန်ကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။ ဤတိုက်ပွဲကို အနိုင်ယူရန် နတ်ဘုရားမသည် ရှားပါးသော ဝိညာဉ်ပစ္စည်းများကို အသုံးပြုခဲ့ရ၍ ဆုံးရှုံးမှုများခဲ့ကြောင်း ပြောလျှင် မမှားလောက်ချေ။ ထို့အပြင် အကြီးအကဲဝူသည်လည်း အကြိမ်ပေါင်းများစွာ သေခါနီးဆဲဆဲ ဖြစ်ခဲ့ရရှာ၏။ ယွီထောင်၏အကူအညီသာ မပါပါက သူသည် လန်ချန် မသေခင် ဦးစွာ သေဆုံးသွားရပေလိမ့်မည်။

နဥ်ရွှီသည် ၎င်းတို့၏ တိုက်ပွဲမှ အနည်းငယ် သင်ယူခဲ့ပြီး သူမ၏ အခြေခံအုတ်မြစ်ကို အောင်မြင်စွာ ထူထောင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားမသည် အခြားသူများအတွက် ခြေနင်းကျောက် ဖြစ်လာခဲ့ရသည်အား စိတ်၀င်စားမနေခဲ့ပေ။

“ကျွန်မအဘိုးရဲ့ မွေးနေ့က ရက်နည်းနည်းပဲ လိုတော့တယ်။ အချိန်ရရင် လီကျွန်းကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။”

လီမိသားစုသည် လီကျွန်းပေါ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သူများ ဖြစ်ပေသည်။ လီကျွန်းသည် ကျင့်ကြံခြင်း လောကတွင် အထူးနေရာတစ်ခုဖြစ်ပြီး အခြားဂိုဏ်းခွဲများနှင့် ခပ်ကင်းကင်း နေ၏။ သာမန်အားဖြင့် အထူးအခြေနေများသာ မရှိပါက ပြင်ပလူများကို ကျွန်းပေါ်သို့ ခြေချခွင့် မပြုတတ်ချေ။

ဝမ့်ရှင်းဂိုဏ်းဝင်များခင်မျာ ထိုဖိတ်ခေါ်မှုကို မတုံ့ပြန်ရသေးမီတွင် ရင်းနှီးသော အသံတစ်သံက ၎င်းတို့၏ နားထဲသို့ ပဲ့တင်ထပ်လာခဲ့တော့သည်။

[နတ်ဘုရားမဘက်က ဖိတ်ခေါ်ဖို့ စလိုက်တာပဲဟ။ အကြီးအကဲဝူကတော့ ဒီအခမဲ့ အစားအသောက်ရဲ့ ဝေစုကို ရသွားတာပဲ ဖြစ်မယ်။]

[ဒါပေမဲ့ သူက ငါတို့ရဲ့ ကျေးဇူးကြောင့် ဒီအခမဲ့ထမင်းကို ရသွားတာလေ။ ငါတို့မရှိရင် သူ အသက်ရှင်ဖို့ မပြောနဲ့ စားတောင် စားနိုင်မှာမဟုတ်ဘူး။”

လူတိုင်း ။ “…....”

အကြီးအကဲဝူ ။ “…....”

ထိုအချိန်တွင် နဥ်ရွှီ၏ အတွေးထဲမှ စကားပြောလိုက်သံအား ကြားလိုက်ရ၏။

‘ရှင်းထောင်မြို့ကို လာဖို့ ငါတို့ရဲ့မူလရည်ရွယ်ချက်ကို မှတ်မိနေသေးရဲ့လား’

[ငါမှတ်မိပါတယ် မှတ်မိတယ်၊ ဒါပေမဲ့ host ငါအခုတလော ရှင်းထောင်မြို့မှာရှိတဲ့ မိစ္ဆာနတ်ဘုရားရဲ့ မိစ္ဆာအမြုတေ အပိုင်းအစကို မတွေ့မိသေးဘူး။ အချိန်မကျသေးဘူး။]

[ဘာပဲဖြစ်ဖြစ် ဒါက အရေးမကြီးပါဘူး။ ငါတို့က လီကျွန်းကို သွားကြမှာလေ။ ဖရဲသီးလေးစားရင်း ရှိုးကြည့်တာ မကောင်းဘူးလား။]

[ဒီဟာက ကျင့်ကြံခြင်း လောကမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ မွေးနေ့နော်။ အရေးကြီးပြီး အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေမှာ သေချာတယ်။]

[အဲဒီအခါကျရင် ငါတို့ ဖရဲသီးတွေ တစ်ဝကြီး စားရလောက်တယ်။]

‘ကောင်းပြီလေ’

နတ်ဘုရားမဘက်က ၎င်းတို့ကို ဖိတ်ကြားရန် အစပြုပြီးကတည်းက ဝမ့်ရှင်းဂိုဏ်းဝင်များသည်လည်း သဘာဝအတိုင်း သဘောတူခဲ့ကြသည်။ သူတို့သည် သူတို့၏ ကျင့်ကြံမှု နယ်ပယ်များကို ကျယ်ပြန့်အောင် လုပ်လိုသောကြောင့် ဤအခွင့်အရေးကို လက်လွတ်မခံချင်ကြချေ။

သို့ပါသောကြောင့် လီကျွန်းသို့ ခရီးထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ လီကျွန်းသည် ရှင်းထောင်မြို့၏ ပင်လယ်ပြင်ဧရိယာ အတွင်း၌ ရှိကာ ရှင်းဟိုင်ဟု အမည်တွင်လေ၏။ မြို့မှ ဓားပျံဖြင့်သွားလျှင် ကျွန်းကိုရောက်ရန် နာရီဝက်သာ ကြာလေသည်။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကြာသွားခဲ့၏။

ကျင့်ကြံခြင်း လောကတွင် အချမ်းသာဆုံးပုဂ္ဂိုလ်၏ မွေးနေ့အကြိုနေ့သို့ ရောက်ရှိလာခဲ့ချေပြီ ဖြစ်၏။ နဥ်ရွှီနှင့် အခြားသူများသည် နောက်တစ်နေ့တွင် ယူဆောင်သွားကြမည့် လက်ဆောင်များ အကြောင်း ဆွေးနွေးကြသည်။

နတ်ဘုရားမဘက်က ဖိတ်စာတစ်စောင် ပေးထား၍ လက်ဗလာနှင့် မွေးနေ့ပွဲတက်ခြင်းက မသင့်လျော်ချေ။

သူမသည် သူမ၏ တပည့်ဖော်များကို ကြည့်ကာ မေးလိုက်သည်။

“နင်တို့မှာ အကြံကောင်းတွေ ရှိလား။”

စိတ်ထားဖြူစင်သော ကျင့်ကြံသူသည် အနည်းငယ် ခေါင်းငုံ့လျက် သူ၏ဓားကိုသာ သုတ်နေ၏။ ချင်းကျိုရှန်းကတော့ စိတ်ကူးစိတ်သန်း မရှိသည့်အထာဖြင့် ပြတ်ပြတ်သားသား စိုက်ကြည့်နေခဲ့သည်။ ချင်ရစ်လော့နှင့် ဝူလုချန်မှာ ၎င်းတို့၏ ဦးနှောက်များကို အပြင်းအထန် တွန်းအားပေးပါသော်လည်း ကောင်းမွန်သော အကြံဉာဏ်များကို မပေးနိုင်ခဲ့ပေ။

အကြီးအကဲဝူနှင့် ဝမ့်ရှင်းဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များဖြစ်သည့် မြောက်နှင့်တောင်တောင်ထွတ်ရှိ တောင်ထွတ်သခင်များမှာတော့ လက်ဆောင်ပစ္စည်းများကို တစ်ဦးချင်းစီ ပေးအပ်လိမ့်မည် ဖြစ်သည်။

နဥ်ရွှီနှင့် တပည့်များစွာတို့သည်တော့ အတူတကွ စုပေါင်း၍ လက်ဆောင်များ ပေးအပ်ကြမည်သာ။ ချင်ရစ်လော့နှင့် အခြားသူများသည် အကြံကောင်းတစ်စုံတရာပင် မတွေးတောနိုင်ကြောင်း မြင်သောကြောင့် ဖရဲသီးစားခြင်း စနစ်မှာ နဥ်ရွှီအား လှမ်းပြောလာခဲ့၏။

[ဘာပေးစရာရှိလို့လဲ အဲဒီလူကြီးက ပစ္စည်းကောင်းတွေ ရှားနေတာမှ မဟုတ်တာ။]

သူမ၏ တပည့်ဖော်များထံမှ ပြန်ကြားချက်ကို စောင့်နေသည့် နဥ်ရွှီက ပြန်ဖြေလိုက်သည်။

‘တစ်ယောက်ကို တစ်ယောက်က ကြင်နာမှု ပြရမယ်လေ’

[ဘာပဲဖြစ်ဖြစ် နှစ်အနည်းငယ်ကြာရင် သူ့ဖင်အောက်မှာ ရှိတဲ့ ထိုင်ခုံက လူပြောင်းရတော့မှာ။ အဲဒါကြောင့် သူ့ကို ကြင်နာပြမနေလည်း ကိစ္စမရှိပါဘူး။]

‘ဒါပေမဲ့ အဲဒါက နှစ်နည်းနည်း ကြာဦးမှာမလား။’

ထိုစကားကို ကြားသောအခါ ဖရဲသီးစားခြင်း စနစ်ခင်မျာလည်း တိတ်ဆိတ်သွားတော့သည်။ အချမ်းသာဆုံးလူကို အချိန်တိုအတွင်း ပျောက်ကွယ်သွားအောင် လုပ်နိုင်သည် ဟူ၍တော့ မပြောနိုင်ချေ။

နဥ်ရွှီနှင့် သူ ကျင့်ကြံခြင်း လောကထဲမှ အချမ်းသာဆုံးနေရာကို သိမ်းပိုက်နိုင်မည်လော။

‘သူတို့ လုပ်နိုင်တာပေါ့။’

အရိုးရှင်းဆုံး နည်းလမ်းကို ကြည့်ကြမည် ဆိုလျှင် စနစ်၏ သိုလှောင်နေရာတွင် မြှုပ်နှံထားသော နတ်လက်နက်များစွာ ရှိပါသည်။ ၎င်းတို့အနက်မှ တစ်ခုကို ထုတ်လိုက်လျှင်ပင် ကျင့်ကြံခြင်း လောက တစ်ခုလုံးကို ပြောင်းလဲပစ်ရန် လုံလောက်ပေလိမ့်မည်။

သို့သော် ဤအကြောင်းကို နဥ်ရွှီအား ယခုအချိန်တွင် ပြောပြသင့်သလော။

မသင့်ပေ။

အဘယ့်ကြောင့်ဆိုသော် လက်ရှိ သူမ၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသေးချေ။

သူမ၏ ကျင့်ကြံမှု မလုံလောက်သေးခင် ဤနတ်လက်နက်များ အကြောင်း ပြောပြခြင်းမှာ အကြံကောင်း မဟုတ်ပေ။ မဟုတ်လျှင် သူမသည် နတ်လက်နက်များကို မကာကွယ်နိုင်သည့်အပြင် သူမ၏အသက်ကိုလည်း မကာကွယ်နိုင်ဘဲ ဖြစ်သွားလိမ့်မည်။

ဤသည်ကို တွေးပြီးနောက် “ဖရဲသီးစားခြင်း စနစ်” မှာ နောင်တကြီးစွာဖြင့် သက်ပြင်းချလိုက်တော့၏။ သူသည် ရတနာများစွာ ရှိကြောင်း သိနေသော်လည်း ၎င်းတို့သည် ယခုအခါ နေ့အလင်းရောင်ကို မမြင်ရသေးဘဲ မြေကြီးထဲတွင် မြှုပ်နှံထားသည့်ကိုသာ ခိုကိုးရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ရှာ၏။

ဖရဲသီးစားခြင်း စနစ် [host နှစ်ဝက်နဲ့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ရောက်တာက အရမ်း နှေးကွေးနေသေးတယ်။]

[နင် ပိုကြိုးစားဖို့ လိုသေးတယ်။]

လူတိုင်း ။ “...”

‘ဒါသေချာပေါက် သာမန်လူတွေကို ရွဲ့နေတာပဲ ဖြစ်ရမယ်။’

ထိုသို့သော ကျင့်ကြံမှု အရှိန်အဟုန်သည် ဤကျင့်ကြံခြင်း လောကတွင် လုံးဝ တုနှိုင်းမယှဉ်နိုင် ဖြစ်နေပေပြီ။

‘နဥ်ရွှီရဲ့ တိုးတက်မှုနှုန်းက အရမ်းမြန်နေပြီ ဒါတောင် အတင်းအဖျင်းစနစ်က မကျေနပ်သေးဘူးလား။’

ဤသည်မှာ တကယ့် ကျင့်ကြံခြင်းလောက ဖြစ်ကာ ကလေးကစားစရာ မဟုတ်ချေ။

‘သူတို့က ဘာထပ်လိုချင်သေးတာလဲ။’

ချင်ရစ်လော့နှင့် အခြားသူများ ဆွံ့အနေကြစဥ် နဥ်ရွှီက ပြန်ဖြေသည်။

‘ကောင်းပြီလေ။’

သူမ လောဘကြီးလွန်းသည်ဟု ခံစားမိပါသည်။

သူမနှင့် “အတင်းအဖျင်းစနစ်” တို့ ပြသထားသည့် မဆင်မခြင်မှု ပမာဏအား သုံးသပ်ကြည့်လျှင် ဤတိုးတက်မှုနှုန်းမှာ သူမတို့ကို ကာကွယ်ရန် အမှန်တကယ် မလုံလောက်သေးချေ။

မည်သို့ပင်ဆိုစေ သူမတို့တွင် ရန်သူ မနည်းပေ။ ထိုအနက် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်ပင် ရှိနေသည်။ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်က ကျင့်ကြံသူများ မရှိလျှင်ပင် ဟွားကျိုင်းအား လုံးလုံးလျားလျား စော်ကားခဲ့မိကြ၏။

ထို့ကြောင့် သူမသည် ရွှေအမြုတေ အဆင့်သို့ တတ်နိုင်သမျှ မြန်မြန် အဆင့်တက်ရန် လိုအပ်လေ၏။ သူမ ရွှေအမြုတေ အဆင့်ကို ရောက်သည်နှင့် သူတို့၏ အနာဂတ်လမ်းကြောင်းကို စီစဉ်ပေးရတော့မည် ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်နှင့် စကားစမြည် ပြောပြီးသည်နှင့် နဥ်ရွှီသည် သူမ၏ တပည့်ဖော်များကို ကြည့်ပြီး ဆိုလိုက်၏။

“အချမ်းသာဆုံးလူမှာ အရမ်းကောင်းတဲ့ အဖိုးတန်တဲ့ အရာတွေ မရှားဘူး။ သူ့မွေးနေ့ လက်ဆောင်က သိပ်ဈေးကြီးနေစရာ မလိုဘူး ငါတို့ဘက်က စိတ်ရင်းပါရင် လုံလောက်ပြီ။”

သို့တိုင် ချင်ရစ်လော့နှင့် အခြားသူများကတော့ နှုတ်ဆိတ်နေခဲ့သည်။

နဥ်ရွှီ ခဏလောက် စဉ်းစားပြီး ။”နင်တို့မှာ ဘာအကြံဥာဏ်မှ မရှိဘူးဆိုရင် မွေးနေ့လက်ဆောင်ကို ငါ့ဘာသာ ဆုံးဖြတ်လိုက်မယ်။”

ဤသည်ကိုကြားသောအခါ ပထမဆုံး စကားပြောဆိုသူက စိတ်ထားဖြူစင်သည့် ကျင့်ကြံသူ ဖြစ်သည်။ သူသည် သူ၏ဓားကို သုတ်နေရာမှ ခေါင်းမော့ပြီး နဥ်ရွှီအား အပြုံးနက်နက်ဖြင့် ကြည့်ကာ ဆိုလာလေ၏။

“ခေါင်းဆောင် ဆုံးဖြတ်လိုက်ရင် အဆင်ပြေပါပြီ။”

ချင်ရစ်လော့နှင့် အခြားသူများ၌လည်း ကောင်းမွန်သည့် အကြံဥာဏ် တစ်စုံတရာမျှ မရှိကြချေ။ ထို့ကြောင့် သူမအား ဆုံးဖြတ်ချက် ချခိုင်းလိုက်သည်က အကောင်းဆုံး ဖြစ်မည်ဟု သဘောတူလိုက်ကြတော့၏။

နဥ်ရွှီလည်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ဤသို့ဖြင့် လက်ဆောင်ပေးမည့် ကိစ္စအား ယာယီရပ်ဆိုင်းထားခဲ့သည်။ နဥ်ရွှီတစ်ယောက် တပည့်ဖော်များကို မိမိတို့နှင့်သက်ဆိုင်သော အလုပ်များအား သွားလုပ်ခိုင်းတော့မည်အပြု အတင်းအဖျင်း စနစ်က ရုတ်တရက် ထအော်လေတော့၏။

[host သတင်းကြီး! သတင်းကြီး!]

နဥ်ရွှီက ပေါ့ပေါ့ပါးပါးသာ ပြန်မေးလိုက်သည်။

‘ဘာလဲ ဘာသတင်းကြီးလဲ။’

အတင်းအဖျင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလာ၏။

[အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က အခု နတ်ဘုရားမရဲ့ တံခါးဝကို ရောက်နေပြီ!]

[မှောင်မိုက်ပြီး လေထန်တဲ့ညမှာ တစ်ကိုယ်တည်း ယောက်ျားနဲ့ အထီးကျန်တဲ့ မိန်းမ.... သူ သူ့ကိုယ်သူ ပေးဖို့ ပြင်ဆင်နေတာများလား ဟီးဟီးဟီးဟီး။]

[တောင်းပန်ပါတယ် အကြီးအကဲဝူ မင်း ဒီအလကားစားရမယ့် ထမင်းကို မစားနေတော့နဲ့။ ငါအရင်ဆုံး ရှိုးသွားကြည့်လိုက်ဦးမယ်။]

လူတိုင်း ။”.....”

နဥ်ရွှီတို့အဖွဲ့ ဂုဏ်ပြုလက်ဆောင် ပြင်ဆင်ထားသလား မေးရန် ယခုမှ ရောက်လာသည့် အကြီးအကဲဝူ ။

“....”

All Chapters