အခန်း ၈၃
Vol. 9 Ch. 83
အခန်း ၈၃
ဖရဲသီးစားခြင်းစနစ်က ဆိုလေသည်။
[host ဒီခံစားချက်ကို နားလည်လား။ ရုတ်တရက် ဖရဲသီးခင်းထဲကို ရောက်သွားလို့ တစ်ချက် ဝင်ကြည့်လိုက်တော့ ဖရဲသီးတွေ့တာမှ အများကြီးပဲ။ စားလို့တောင် မကုန်နိုင်တော့ဘူး။ ]
ထိုစကားကို ကြားလိုက်သည့်အခိုက် နဥ်ရွှီတစ်ယောက် ဘေးဘီဝဲယာအား လှည့်ကြည့်လိုက်လေသည်။
ဤနေရာသို့ ရောက်ရှိလာသူများသည် ကျင့်ကြံခြင်း လောကတွင် ထင်ရှားသောပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း မျက်နှာအများစုကိုတော့ သူမ မရင်းနှီးပေ။ ၎င်းတို့အထဲမှ သူမ ထျန်းယာလျှို့ဝှက်နယ်မြေတွင် မြင်ခဲ့ဖူးသည့် မျက်နှာလေးများကို မှတ်မိသည်။
ဤတစ်ကြိမ်တွင် ၎င်းတို့သည် ကျင့်ကြံမှုအဆင့်များကို ကျယ်ပြန့်စေရန်အတွက် ၎င်းတို့ဂိုဏ်းက အသက်ကြီးသူများ သို့မဟုတ် ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့်အတူ ဤနေရာတွင် ရှိနေနိုင်ဖွယ် ရှိသည်။ ၎င်းတို့အနက် အနံ့အသက်ဆိုးသည့် ခြေအိတ်များကို စွဲလန်းနေသော ပါရမီရှင် ကျင့်ကြံသူလည်း ပါလာလောက်၏။
နဥ်ရွှီ ဟိုဟိုဒီဒီ ကြည့်ပြီး ဆိုလိုက်သည်။
‘ဒါဆို စိတ်ဝင်စားဖို့ကောင်းတဲ့ အရည်ရွှမ်းရွှမ်း ဖရဲသီးတစ်လုံး ရွေးလိုက်။’
အသေးအမွှားလေးများကတော့ လျစ်လျူရှုပစ်၍ ရသည်ပင်။ ကူးပြောင်းလာပြီးနောက် ဖရဲသီးများကို တစ်လုံးပြီးတစ်လုံး အများကြီးစားခဲ့ပြီးပြီ ဖြစ်သည်။ သူမသည် မည်သည့် ဖရဲသီးမျိုးကိုမဆို နှစ်သက်သော နဥ်ရွှီ မဟုတ်တော့ချေ။
ယခု သူမသည် ကြီးမားပြီး အရည်ရွှမ်းသော ဖရဲသီးကြီးများကိုသာ စားချင်လေ၏။
[ကောင်းပြီ ကောင်းပြီ ကောင်းပြီ။]
[ဒီနေ့ အကြီးမားဆုံးနဲ့ အရည်ရွှမ်းတဲ့ ဖရဲသီးက...]
[ဟိုမှာလူအုပ်ကြီး ဝန်းရံထားတဲ့ အခြေချဝိညာဉ် ကျင့်ကြံသူကို တွေ့လား။]
နဥ်ရွှီ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက် ပို့လိုက်ရုံဖြင့် တွေ့လိုက်ပေပြီ။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ လူတစ်ဦးတည်းကိုသာ ဝိုင်းရံထားလေသည်။ လက်ရှိနေရာတွင် ဤမျှလောက်သော လူများစွာဖြင့် ဝိုင်းရံထားသည့် ကျင့်ကြံသူတစ်ယောက်မျှ မရှိပေ။
၎င်းသည် လူလတ်ပိုင်းအရွယ် အမျိုးသား ကျင့်ကြံသူ ဖြစ်သည်။ သူသည် မုတ်ဆိတ်မွှေးရှည်ရှည် ရှိပြီး အရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ထား၏။ ထိုလူ့ထံတွင် သန့်စင်ပြီး နူးညံ့သော အသွင်အပြင်မျိုး ရှိ၏။ သူသည် အဆင့်မြင့် ကျင့်ကြံသူကဲ့သို့ မဟုတ်ဘဲ ယဉ်ကျေးသိမ်မွေ့ပြီး ပညာအတတ်ပညာ တစ်မျိုးမျိုး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသော ကျောင်းတစ်ကျောင်းရှိ ဆရာတစ်ဦးနှင့် ပိုတူနေသည်။
‘တွေ့တယ် ဘာဖြစ်လို့လဲ’
[သူ့ကို လူတွေအများကြီး ဝိုင်းထားတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က လက်နက်သန့်စင်တဲ့ ပညာမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့လို့ပဲ။]
[သူက မိုးကြိုးဒဏ်ခံရတဲ့ အန္တရာယ်ကို အများကြီး လျှော့ချပေးနိုင်တဲ့ ဝိညာဥ်လက်နက်ကို သန့်စင်ခဲ့တာ]
[အဲဒီဝိညာဥ်လက်နက်ကြောင့်ပဲ အရမ်း ရေပန်းစားသွားလို့ လက်နက်သန့်စင်ရေးအဖွဲ့အစည်းရဲ့ အဖွဲ့ခေါင်းဆောင်ကတောင် ချီးကျူးပြီး သူ့တပည့်အဖြစ် ခေါ်သွားတာ။ သူက အခုလက်ရှိမှာ ပြိုင်ဘက်ကင်းတဲ့ ကျော်ကြားမှုတွေကို ရနေတာလေ။]
ထိုဖရဲသီးကြောင့် နဥ်ရွှီ အနည်းငယ် ထိတ်လန့်သွားမိသည်။
‘အဲဒီဝိညာဥ်လက်နက်က ဘယ်အဆင့်ရဲ့ အတိဒုက္ခမဆို လျှော့ချပေးနိုင်တာလား။’
[မဟုတ်ဘူးပေါ့။ လောလောဆယ် အဲဒါက အခြေတည်ဝိညာဥ်အဆင့်နဲ့ အဲဒီထက် အဆင့်နိမ့်တဲ့ အတိဒုက္ခတွေအတွက်ပဲ သုံးနိုင်မှာ။]
[ဒါပေမဲ့လည်း ကျင့်ကြံခြင်းကမ္ဘာမှာ ဆိုတော့ ကျင့်ကြံသူတွေကို စိတ်လှုပ်ရှားအောင် လုပ်ဖို့ လုံလောက်တယ်လေ။]
[မိုးကြိုးအတိဒုက္ခတွေကို ကျော်လွှားနိုင်ဖို့က ခက်ခဲတယ်။ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ အဲဒီအတိဒုက္ခအောက်မှာ သားကောင်တောင် ဖြစ်ခဲ့ရသေးတာ။]
[အဲ့ဝိညာဉ်လက်နက်ကို သုံးလိုက်ရင် မိုးကြိုးအတိဒုက္ခရဲ့ အောင်မြင်နိုင်မှုနှုန်းက 90% ကျော်ပြီ။ အဲ့တော့ သူတို့ မရူးဘဲနေမလား။]
[လက်နက်သန့်စင်ရေး အဖွဲ့အစည်းက အဖွဲ့ခေါင်းဆောင် သူ့ကို တပည့်အဖြစ် လက်ခံခဲ့ထားတာက အဆင့်မြင့် ကျင့်ကြံသူတွေနဲ့ သင့်တော်တဲ့ အတိဒုက္ခဖြတ် ဝိညာဉ်လက်နက်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်နေလို့ပေါ့။]
[အဲဒီဝိညာဉ်လက်နက်ကို အခု တော်တော်လေးကို အကန့်အသတ်နဲ့ ထုတ်လုပ်ထားနေတာ။ ဈေးနှုန်းကလည်း မြင့်တယ်။]
‘ဒါ ကောင်းတာပဲမလား။ ဒါပေမဲ့ ဒီကိစ္စက ပြောသလောက် မရိုးရှင်းဘူးမလား။”
ပြောပြထားရုံလောက်သာ ရိုးရှင်းနေမည်ဆိုလျှင် ဤကိစ္စကို အတင်းအဖျင်းပြောစရာ မလိုတော့ပေ။
‘အဲဒီဝိညာဥ်လက်နက်အတွက် ဝိညာဥ်အသိက တခြားတစ်နေရာက လာခဲ့တာလား။’
[မဟုတ်ဘူး၊ ထပ်ပြီး ခန့်မှန်းကြည့်။]
နဥ်ရွှီလည်း သတ္တိရှိရှိနှင့် ။ ‘သူ တခြားတစ်ယောက်ရဲ့ အောင်မြင်မှုကို တိုက်ရိုက် ခိုးခဲ့တာလား။’
[မှန်သွားပြီ!]
[သူက ထင်ရှားတဲ့ မိသားစုကြီးထဲက တိုက်ရိုက်ဆင်းသက်လာတဲ့ နောက်လိုက်လေ။ သူ့မိသားစုကို မြို့ခံတွေကတော့ ‘ကြင်နာတတ်တဲ့လူ’ လို့ လူသိများတယ်]
[အခြေတည်ဝိညာဥ် အဆင့်ထဲ ဝင်ရောက်ပြီးနောက်ပိုင်းကျ အဲဒီဒေသမှာ ပရဟိတအဖွဲ့အစည်းတစ်ခု ဖွင့်လှစ်ပြီး အိုးမဲ့အိမ်မဲ့၊ မိဘမဲ့ကလေးတွေ အများကြီးကို လက်ခံခဲ့တာ။]
နဥ်ရွှီ သူဘာကိုဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။
‘ဒီလက်နက်သန့်စင်နည်းက ပရဟိတအဖွဲ့အစည်းမှာရှိတဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းလား။’
[ဟုတ်မှဟုတ်!]
ထိုအခါ နဥ်ရွှီ လေးလေးနက်နက် စဉ်းစားမိလေသည်။
‘ဒီပရဟိတအဖွဲ့အစည်းကို တည်ထောင်ရတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကလည်း အစကတည်းက မရိုးရှင်းဘူးမလား။’
ကုသိုလ်ကောင်းမှုပြုခြင်း၏ အသွင်အပြင်ကို အသုံးပြု၍ မိမိဘာသာ တိုးတက်လာစေရန် ပြုစုပျိုးထောင်နေခြင်း ဖြစ်မည်။
ပရဟိတအဖွဲ့အစည်းရှိ မိဘမဲ့တိုင်းသည် သူ့အတွက် အလားအလာရှိသော လူများအဖြစ် အထောက်အကူ ဖြစ်ခဲ့နိုင်သည်။ သို့မဟုတ်ပါကလည်း အခြားသူများ၏ အောင်မြင်မှုများကို ထိုသူက တိုက်ရိုက် ခိုးယူဦးမည်ပင်။
ယနေ့ လီမိသားစု၏ ထူးကဲသော တန်ခိုးပြသမှုကို တွေ့မြင်ပြီးနောက် နဥ်ရွှီသည် ဖရဲသီးစားခြင်း စနစ်၏ အကူအညီမပါလည်းပဲ အဆက်အသွယ် များစွာကို ချိတ်ဆက်ထားနိုင်ပြီ ဖြစ်သည်။
‘အောင်မြင်မှုတွေ ခိုးယူခံရတဲ့ မိဘမဲ့ကလေးကရော ဘယ်မှာလဲ၊ အဆင်ပြေရဲ့လား။’
[သူမ အပိတ်ခံထားရတယ်လေ။ လောလောဆယ်တော့ ကောင်းကောင်း လုပ်နေတယ်။ သူ့မှာ စားစရာ သောက်စရာ ရှိပေမဲ့ လွတ်လပ်မှု မရှိဘူး။]
ဖရဲသီးစားခြင်း စနစ်သည် ခေတ္တရပ်လိုက်သည်။
[လက်နက်သန့်စင်တဲ့ ပညာက ကျင့်ကြံတဲ့ အဆင့်ပေါ် မူတည်ပြီး အဆင့်က အနိမ့်အမြင့် ကွာသွားတာမျိုးချည်း မဟုတ်ဘူး။ ချီသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူတစ်ယောက်တောင် အရမ်း အသုံးဝင်တဲ့ ဝိညာဉ်လက်နက်ကို ဖန်တီးနိုင်တယ်။]
[အခု အကျဉ်းကျခံနေရတဲ့ မိဘမဲ့ကလေးက ချီသန့်စင်ခြင်းအဆင့်ရဲ့ အဆင့်၇ ဆိုပေမဲ့ အခြေတည်ဝိညာဥ် ကျင့်ကြံသူတွေတောင် သုံးနိုင်တဲ့ ဝိညာဉ်လက်နက်ကို သန့်စင်နိုင်နေပြီ။]
[သူ့ကို ချုပ်နှောင်ထားတဲ့ အစီအရင်က ချိုးဖျက်ဖို့ မခက်ခဲပါဘူး။]
[အဲဒီအဘိုးကြီးက သူ့ရဲ့ အရည်အချင်းကို တခြားသူတွေ ရှာတွေ့သွားမှာ၊ ကလေးမရဲ့ အောင်မြင်မှုကို ခိုးယူထားတာမှန်း သိသွားမှာ ကြောက်နေတာ။ အဲဒါကြောင့် ကလေးမရဲ့ ဖြစ်တည်မှုကို ဘယ်သူ့ကိုမှ မပြတာပေါ့။]
[အစီအရင်ရဲ့ ပတ်ပတ်လည် ဧရိယာကိုလည်း စောင့်ကြပ်မယ့်သူ မရှိဘူး။]
ဆိုလိုသည်မှာ သူမကို ကယ်တင်ရန် မခက်ခဲချေ။
‘နင်တစ်ချိန်လုံး ပြောနေတဲ့ လေလံပွဲကို အခုသေချာပေါက် ဖွင့်နိုင်တော့မှာပဲ။ ငါတို့မှာ လေလံဆရာ ရှိတယ် လေလံအိမ်က အကြမ်းဖျင်းတော့ နေရာယူထားပေမဲ့ လေလံပစ္စည်းက ပြဿနာရှိနေတုန်းပဲ။’
‘ငါတို့ သူ့ကို ကယ်ပြီး လူတွေရဲ့ အတိဒုက္ခတွေကို ကျော်လွှားနိုင်အောင် ကူညီပေးမဲ့ ဒီလိုဝိညာဉ်လက်နက်ကို သန့်စင်နိုင်ရင် အဲဒါကို ဈေးမြင့်မြင့်နဲ့ လေလံတင်ရောင်းနိုင်ပြီ။ သူမကိုလည်း အမြတ်ဝေစုတော့ ခွဲဝေပေးရမှာပေါ့။’
ထိုအခါ ဖရဲသီးစားခြင်း စနစ်သည်လည်း အားပါးတရ ရယ်မောလိုက်လေသည်၊။
[ဟေး ငါတို့က တစ်မျက်နှာတည်း ရှိတာနော်။]
ထိုသို့ ပြောပြီးသည့်နောက် ၎င်းသည် သွန်သင်ဆုံးမနေသည့် လေသံဖြင့် ပြော၏။
[host နင် နောက်ဆုံးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ။ နောက်ဆုံးတော့ ဝိညာဉ်ကျောက်တုံးတွေ များများရအောင် သေသေချာချာ ကြိုးစားအားထုတ်ပြီပေါ့။]
[စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန်းမကို ကြည့်လိုက်စမ်း! ဒီစည်ကားနေတဲ့ လူအုပ်ကို ကြည့်လိုက်စမ်း! ဒါက ငါတို့ရဲ့ မနက်ဖြန်ပဲ။]
[မနက်ဖြန်အတွက် ကြိုးစားကြစို့!]
‘အွန်း!’
ဝမ့်ရှင်းဂိုဏ်းဝင်များ။ ‘....’
လီကျွန်းသည် အမှန်တကယ် ခမ်းနားပြီး ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသည့် နေရာပင်။ ထိုကဲ့သို့သော နယ်မြေထဲ၌ အစပိုင်းတွင် အနည်းငယ် အဆင်မပြေသကဲ့သို့ ခံစားရသော ချင်ရစ်လော့တို့ပင် ချက်ချင်း သက်သာရာရသွားကြ၏။
ဤနေရာမှလူများကို တန်ခိုးကြီးသော ပုဂ္ဂိုလ်များအဖြစ် မမှတ်ယူဘဲ ရိုးရိုးသာမန် ဖရဲသီးသခင်များအဖြစ် မှတ်ယူလိုက်လျှင် ဂရုတစိုက် အရေးလုပ်နေရန် လုံးဝ မလိုအပ်တော့ချေ။
ပြောစရာမလိုအောင် သူတို့ဘေးတွင် အချမ်းသာဆုံးသူဌေးဖြစ်ရန် အိပ်မက်မက်နေသည့် ခေါင်းဆောင်တစ်ယောက် ရှိသည် မဟုတ်ပါလား။
ထိတ်လန့်ကြောက်ရွံ့ခြင်းမျိုး ရှိနေရန် မလိုပေ။ လုံးဝ မလိုပေ။
နေ့လယ်ရောက်ရန် နာရီဝက်အလိုတွင် ဖိတ်ကြားထားသော ဧည့်သည်များ အားလုံးနီးပါး လီကျွန်းသို့ ရောက်ရှိခဲ့ကြသည်။ ကျင့်ကြံခြင်း လောကရှိ မျိုးဆက်သစ် ပါရမီရှင်များ၊ ဂိုဏ်းကြီးများ၏ အကြီးအကဲများနှင့် ကျော်ကြားသော ဂုဏ်ထူးဆောင်များ စသည်တို့အပြင် တက်ရောက်နိုင်သူတိုင်းနီးပါး ရောက်ရှိနေပေပြီ။
ပျောက်ကွယ်နေသူများသည် ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် အလွန်အစွမ်းထက်သော လူအနည်းငယ်မျှသာ ဖြစ်လေသည်။
လီကျွန်းသည် ယနေ့တွင် အလွန်စည်ကားပြီး စကားသံမျိုးစုံဖြင့် ဆူညံနေ၏။
ဝူလုချန်လည်း အံသြသွားသည်။
“လူတိုင်း ဒီကိုအစောကြီး ရောက်နေကြတာလား။ နတ်ဘုရားမက ငါတို့ကို ဖိတ်တုန်းက မွန်းတည့်မတိုင်ခင် ရောက်ဖို့ပဲ ပြောထားတာ ဒါပေမဲ့ အခု မနက် ၉ နာရီပဲ ရှိသေးတာကို။”
ထိုအခါ ချင်းကျိုရှန်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလေသည်။
“ကျင့်ကြံခြင်း လောကမှာ အချမ်းသာဆုံးလူကလည်း သြဇာကြီးမားတယ်လေ။”
သို့ဖြစ်၍ ချင်ရစ်လော့လည်း အနည်းငယ် ထိတ်လန့်သွားသည်။ “ဒါဆို ဒါက အချမ်းသာဆုံးလူရဲ့ ဂုဏ်သိက္ခာ ဆိုတာမျိုးပေါ့”
အလွန်အမင်း အားကျစရာ ကောင်းပေ၏။
နဥ်ရွှီနှင့် အခြားသူများကို နတ်ဘုရားမက ဖိတ်ခေါ်ခဲ့သော်လည်း အာရုံစူးစိုက်ခံရမှု မရှိသလောက်ပင်။ နတ်ဘုရားမသည် ယနေ့၌ ဧည့်သည်များကို ကြိုဆိုရန် အလုပ်များနေသောကြောင့် သူတို့ဘက်လှည့်ရန် အချိန်မရှိပေ။
အဆင့်မြင့် ကျင့်ကြံသူများ ဆိုလျှင် ၎င်းတို့နှင့် စကားနှီးနှော ဖလှယ်ရန်နေနေသာသာ တစ်စက္ကန့်မျှပင် မကြည့်သွားချေ။
အာဃာတကို လက်ကိုင်နေသည့် စနစ်က ပြောလေ၏။
[ငါတို့ ကျင့်ကြံခြင်း လောကမှာ အချမ်းသာဆုံးလူ ဖြစ်လာတဲ့ တစ်နေ့ကျရင် သူတို့ကို နည်းနည်းမှ ငဲ့မကြည့်ဘူး!]
၎င်းက စိတ်ကြိုက် အော်ဟစ်ပြောဆိုပြီးနောက် ပုံမှန်လေသံဖြင့် ဆိုလိုက်သည်။
[အတင်းအဖျင်းတွေ ဆက်ပြောကြရအောင်လေ host]
နဥ်ရွှီသည် သူမ၏ တပည့်ဖော်များကို လီကျွန်း၏ ဆင်ခြေဖုံးဆီသို့ ပို့ဆောင်နေခဲ့သည်။ ကျွန်း၏ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း ပတ်ကြည့်ရန် စီစဉ်ထားခြင်းပင်။
‘ပြောကြည့်!’
[ဒီနေ့ နတ်ဘုရားမက တောက်ပနေတယ်နော်။ သူ့အလှက ပုံမှန်ထက်တောင် တောက်ပနေသေးတယ်။ ကြည့်ရတာ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်က တကယ် အာဟာရရှိပုံပဲ]
[သူတို့က ဒီနေ့လည်း အရိပ်တောင် ခွဲလို့မရဘူး။ ဉာဏ်ကောင်းတဲ့သူတိုင်း ဘာဖြစ်နေလဲ သိတယ်။]
[ဟုတ်သားပဲ ငါတို့က မနာလိုနေစရာ မလိုဘူး။ host စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူကလည်း.... အရမ်း အာဟာရရှိမှာပါ]
နဥ်ရွှီ။ “...”
လူတိုင်း။ “!!!”
စိတ်ထားဖြူစင်သော ကျင့်ကြံသူခင်မျာတော့ သူ၏ မျက်လွှာများကို အနည်းငယ် ချထားကာ နားရွက်များကတော့ အနည်းငယ် ပူလောင်နေ၏။
နဥ်ရွှီသည်လည်း ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး ဖရဲသီးစားခြင်း စနစ်ကို သတိပေးလိုက်လေသည်။
‘စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူကို ဆက်ပြောနေစရာ မလိုဘူး။ ငါတို့မှာ ဒီလိုမျိုး ဆက်ဆံရေးမျိုး မရှိဘူး’
သို့သော်လည်း ဖရဲသီးစားသည့် စနစ်သည် တဟားဟားသာ ရယ်မောလိုက်ကာ ငြင်းဆန်ခြင်း၊ သဘောတူခြင်း မပြုခဲ့ပေ။
‘မရှင်းလင်းသော အဆင့်သည် ပို့ဆောင်မှုအတွက် အကောင်းဆုံးဖြစ်သည်’ ဟူသော စကားတစ်ခွန်းရှိလေ၏။ သူ ဆိုသည်မှာ ထိုစကားအား စိတ်နှလုံးအကြွင်းမဲ့ သဘောတူထားသူပင်။ ထို့အပြင် သူ၏hostကို ယခုချက်ချင်း အခြေချမစေချင်သေးချေ။
မရှင်းမလင်းကသာ အဓိကပင်။
ထို့နောက် စနစ်က အတင်းအဖျင်း ဆက်ပြောလေသည်။
[ဒီနေ့ နတ်ဘုရားမရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတော်တော်များများလည်း လာကြတယ်။ နတ်ဘုရားမရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာနိုင်တဲ့သူတွေကလည်း တော်တော်ကောင်းပါတယ်။ သူတို့ထဲက တစ်ယောက်က ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးကျင့်ကြံသူပဲ။ အကြီးအကဲဝူနဲ့ဆို ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လောက်တဲ့ လူမျိုး။]
အကြီးအကဲဝူခင်မျာ ရုတ်တရက် စကားဝိုင်းထဲ ဆွဲသွင်းခံလိုက်ရသောကြောင့် ဆွံ့အသွားရှာ၏။
“...”
ဖရဲသီးစားသည့် စနစ်မှာ ထိုကိစ္စအား မစွန့်လွှတ်နိုင်သေးပုံရသည်။ ယခုထိ သူ့ကို အစွမ်းထက် ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးရန် ကြိုးစားနေဆဲပင်။ ရိုးရိုးသားသား ပြောရလျှင် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို ရှုံးလိုက်ရခြင်းဟာ သူ့အတွက်တော့ နောင်တရစရာ မဟုတ်ချေ။
တစ်ယောက်မှာ သာမန်ခွန်အားနှင့် အစွမ်းထက်သော နောက်ခံမရှိသူ အသက်ကြီးကြီး အမျိုးသား ကျင့်ကြံသူ၊ ကျန်တစ်ယောက်မှာ အခြားသူများ၏ ကျင့်ကြံမှုကို တိုးတက်အောင် ကူညီပေးနိုင်သည့် အထူးကိုယ်လုံးကိုယ်ပေါက်ရှိသော လူငယ်ဖြစ်သည်။
ထက်မြက်သူတိုင်း မည်သူ့ကို ရွေးချယ်သင့်သလဲ သိကြမှာပင်။
သူနှင့် နတ်ဘုရားမသည် အတိတ်တွင်လည်း ဆက်ဆံရေးတစ်စုံတစ်ရာ မရှိခဲ့လေရာ သူ့ကို ဘာကြောင့် ရွေးရမည်နည်း။
ရှုံးနိမ့်ခြင်းနှင့် ဖယ်ရှားခံရခြင်းများသည် ကြီးကြီးမားမား ကိစ္စမျိုး မဟုတ်ပေ။
သို့သော် ဖရဲသီးစားခြင်း စနစ်သည် မထင်မှတ်ဘဲ အခြားအမျိုးသမီးများထံ ချက်ချင်း အာရုံပြောင်းသွားခဲ့လေသည်။
‘ဒါက အရမ်း... မြန်လွန်းတယ်။’
နဥ်ရွှီ။ ‘ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လိုလဲ။ သူ့ရဲ့မိသားစု နောက်ခံကရော။’
[နတ်ဘုရားမထက် နည်းနည်း အားနည်းပေမယ့် သူ့မိသားစုကလည်း ဒီလောကမှာ အချမ်းသာဆုံးနဲ့ သြဇာအရှိဆုံး မိသားစုတွေထဲက တစ်ခုပဲ။]
[သူနဲ့ နတ်ဘုရားမက အတူတူ ကြီးပြင်းလာခဲ့တာ။ သူ့အရည်အချင်းက နတ်ဘုရားမထက် နည်းနည်း နိမ့်ပေမဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အရင်းအမြစ်တွေနဲ့ဆို ခန္ဓာပေါင်းစည်းအဆင့်ကို ရောက်နိုင်လောက်တယ်။]
[အကြီးအကဲဝူကို ကာကွယ်ပေးဖို့ ပြဿနာ မရှိဘူး။]
‘ကောင်းပြီလေ နောက်မှ သူတို့နှစ်ယောက်ကို ကြုံဆုံခွင့်လေးဘာလေး ဖန်တီးပေးရင်း အကြီးအကဲဝူကို ကူညီပေးရမယ်။’
‘နတ်ဘုရားမက အောင်သွယ် တစ်ယောက်အနေနဲ့ ပါဝင်ပေးနိုင်ရင် ပိုကောင်းလိမ့်မယ်။’
[နောက်မှ ဘယ်လိုတွေဖြစ်မလဲ ကြည့်ကြတာပေါ့။]
‘အွန်း’
ထိုအချိန်တွင် နဥ်ရွှီအနားမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြတ်သွားလေ၏။ တစ်ချိန်တည်းမှာပင် စနစ်ထံမှလည်း အသံ ဆက်ကြားလိုက်ရ၏။
[အခုနင့်အနားက ဖြတ်သွားတဲ့ လူတွေက အစ်ကိုကြီးနဲ့ သန်းနျန်။]
နဥ်ရွှီလည်း အံ့အားသင့်သွားသည်။ ယခုလေးတင် ဖြတ်သွားခဲ့သော အနှီကျင့်ကြံသူနှစ်ဦးကို သူမ သတိမထားမိခဲ့ပေ။ ဖရဲသီးစားခြင်း စနစ်၏ စကားများကသာ သူမအား ထိုနေရာဘက်သို့ သိမ်မွေ့စွာ စိုက်ကြည့်စေခဲ့သည်။
တိုက်ဆိုင်စွာပင် သူမနှင့် ခပ်လှမ်းလှမ်းရှိ လူနှစ်ယောက်ဟာလည်း သူမကို တညီတညွတ်တည်း လှမ်းကြည့်နေကြ၏။
သူမ၏ ထိုအကြည့်ကို သတိထားမိပုံဖြင့် ခေတ္တတန့်သွားကာ စက္ကန့်ပိုင်းအတွင်း၌ပင် ချစ်ကြည်ရင်းနှီးစွာ ပြုံးပြလာကြ၏။
နဥ်ရွှီလည်း ယဉ်ကျေးစွာဖြင့် ပြန်ပြုံးပြလိုက်သည်။
ထိုအခိုက်တွင် ရှန်ချီမိသားစုမှ သခင်ငယ်လေးမှာ အစပြုစကားဆိုလာပေသည်။
“တာအိုမိတ်ဆွေလည်း လီကျွန်းရဲ့ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ချင်လို့လား။”
နဥ်ရွှီ ရိုးရိုးသားသားပင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်။”
ရှန်ချီဖုန်း ပြုံးလိုက်ပြီး။ “ငါ့ညီမနဲ့ ငါလည်း အဲဒီကို သွားဖို့ စီစဉ်နေတာ။ ငါတို့အတူတူ သွားကြရင်ရော?”
နဥ်ရွှီသည် ရှန်ချီမိသားစုမှ သခင်ငယ်လေး၏ အထင်ကြီးဖွယ်ရာ ဖိတ်ကြားချက်ကို အလွယ်တကူပင် သဘောတူခဲ့သည်။
သဘောတူပြီးနောက် သူမသည် ဖရဲသီးစားခြင်း စနစ်ဆီသို့ ချက်ချင်း လှမ်းပြောလေ၏။
‘ဒီအစ်ကိုကြီးနဲ့ သန်းနျန်က ဒီလောက်ထိ ရင်းနှီးနေမယ်လို့တောင် မမျှော်လင့်ထားဘူး’
ထိုအခါ ဖရဲသီးစားခြင်း စနစ်သည်လည်း စပ်စုလိုစိတ်ကလေးဖြင့် ပြန်လည် ဆွေးနွေးလေသည်။
[အဲဒီမျိုးဆက်သစ် ကျင့်ကြံသူ အုပ်စုတွေထဲမှာ အစ်ကိုကြီးနဲ့ သန်းနျန်တို့မှာ စရိုက်ကောင်းတွေ ရှိပေမဲ့ သူတို့ဒီလောက် တက်ကြွပြီး စိတ်အားထက်သန်နေတာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။]
ဤသည်က အထူးအဆန်း ဖြစ်နေပုံရသဖြင့် နဥ်ရွှီတစ်ယောက် အနည်းငယ် သတိကပ်လာခဲ့သည်။
‘ဟမ်? ဒါဆို ဘာလို့ သူတို့က....’
ဖရဲသီးစားခြင်း စနစ်မှ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလေ၏။
[မသိဘူး ကြည့်ကြည့်ရအောင်။ ဒါပေမဲ့ နင်ကအခု အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာပါ။ နင့်ဆီက သူတို့လိုချင်တာ ဘာတစ်ခုမှ မရှိဘူး။]
[ဒါ့အပြင် ဒီမောင်နှမတွေက တော်တဲ့လူတွေမို့ သိပ်စိတ်ပူနေစရာ မလိုပါဘူး။ သူတို့က နင်နဲ့ ရိုးရိုးလေး မိတ်ဖွဲ့ချင်နေတာလည်း ဖြစ်နိုင်တယ်။]
‘ကောင်းပြီလေ။’
သူမအတွက် ဖရဲသီးစားခြင်း စနစ်၏ စစ်ထုတ်မှုမှာ ယခင်ကအတိုင်းပင်။ ထို့ကြောင့် ရှန်ချီသန်းကို မျက်စောင်းလေးဖြင့် စစ်ဆေးပြီး စနစ်အား ပြောလိုက်သည်။
‘ရှန်ချီသန်းရဲ့ အသားအရေက တော်တော်လေး တိုးတက်လာတယ်နော်။ အရင်က ပေးခဲ့တဲ့ ဆေးဖော်မြူလာက ထိရောက်ပုံရတယ်။’
[ဒါပေါ့ ဟားဟား ငါတို့လည်း အဲဒီဆေးဖက်ဝင်အပင်အတွက် ကြိုးစားခဲ့တာပဲဟာ။]
နျဥ်ရွှီသည် ထျန်းယာလျှို့ဝှက်နယ်မြေတွင် တွေ့ရှိခဲ့သော ဆေးဖက်ဝင်အပင်ကို နောက်ပိုင်းတွင် ကျင့်ကြံခြင်း လောကရှိ အကြီးဆုံး ဆေးဖက်ဝင်အပင် အရောင်းဆိုင်ဆီသို့ ရောင်းချခဲ့ပြီး ထိုနေ့တွင်ပင် ရှန်ချီမိသားစုမှ ဝယ်ယူသွားခဲ့သည်။
‘ငါ သူတို့နဲ့ ‘နယ်မြေသုံးထောင် သတင်းဖလှယ် ဧရိယာ’ မှာ စကားပဲပြောဖူးတာ။ ဒါ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဖူးတာပဲ။ ဒီတော့ အစ်ကိုကြီးနဲ့ သန်းနျန်က ဘယ်လိုပုံစံလဲ!’
ထိုအခါ ဖရဲသီးစားခြင်း စနစ်မှာ တခစ်ခစ် ရယ်လေသည်။
[သူတို့နှစ်ယောက်လုံးက မယုံနိုင်လောက်အောင်ကို ကြည့်ကောင်းတယ်လေ။ အစ်ကိုကြီးက ယောက်ျားဆိုပေမဲ့ သူ့အပြုံးက အရမ်းကူးစက်လွယ်တယ်။ မျက်လုံးတွေကို ကျဉ်းပြီး ပြုံးလိုက်တဲ့အခါတိုင်း တကယ် ဆွဲဆောင်မှုရှိတာနော်။]
[ကံမကောင်းချင်တော့ သူတို့ထဲက တစ်ယောက်က အမြင်အာရုံ ညံ့ဖျင်းပြီး လူယုတ်မာ ယောက်ျားနဲ့ လက်ထပ်သွားတယ်လေ။ နောက်တစ်ယောက်ကျတော့ လိင်တူကို ဆက်ဆံတဲ့နေရာမှာ အားကောင်းလွန်းတယ်။ ကျင့်ကြံချိန်နည်းတော့ ကျင့်ကြံမှုက ညံ့တယ်။]
ရှန်ချီ မောင်နှမ။ “...”
နျဥ်ရွှီ။ “???”
‘ယောက်ျားလေး သူငယ်ချင်းတွေ များလွန်းတာက ဘာကိုဆိုလိုတာလဲ။ ယောက်ျားလေး သူငယ်ချင်းတွေ အများကြီးရှိတာက ကျင့်ကြံဖို့ အချိန်နည်းတာကို ဆိုလိုတာလား။’
[အဲဒီညီအစ်ကိုတွေ သူ့ကို အရက်တိုက်ပြီး ကွမ့်ယွဲ့ကွေ့ဂေဟာကို ခဏခဏ ဖိတ်ခေါ်တယ်လေ။ အဲဒီနေရာမှာ ဖျော်ဖြေရေး လှုပ်ရှားမှုတွေ ဒီလောက်များတာ ဘယ်လိုလုပ် ကျင့်ကြံဖို့အချိန် ရှိမှာလဲ။]
ကွမ့်ယွဲ့ကွေ့ဂေဟာ ဟူသည်မှာ ကျင့်ကြံခြင်းလောကရှိ အကြီးဆုံး အပျော်မယ်ဂေဟာပင်။ မထင်မှတ်ဘဲ အစ်ကိုကြီးဆိုသူက ဤကဲ့သို့ ဖြစ်နေခဲ့သည်။
ရှန်ချီဖုန်း။ ‘... ကွမ့်ယွဲ့ကွေ့ဂေဟာမှာ ဘာမှမလုပ်ပါဘူးလို့ ပြောရင် သူတို့ယုံမှာလား။’
ထိုအခိုက် ဖရဲသီးစားခြင်းစနစ်သည် ၎င်း၏ မှတ်ချက်များကို ဆက်လက် ဖော်ပြနေခဲ့သည်။
[ရှန်ချီဖုန်းမှာ အစ်ကိုကြီးတစ်ယောက်ရဲ့ အရိပ်အာဝါသတွေတော့ ရှိတယ်ဟ။]
[သူက ကာကွယ်တတ်တယ်၊ တာဝန်ယူမှု ရှိတယ်၊ သစ္စာစောင့်သိတယ် လက်အောက်ငယ်သားတွေကိုလည်း ကောင်းကောင်း ဆက်ဆံတတ်တယ်။]
[သူက သူ့ညီအစ်ကိုတွေအပေါ် မယုံနိုင်လောက်အောင် သဘောကောင်းတာ။ သူတို့အတွက်တော့ ကံကောင်းမှုကြီးပေါ့။]
[အဲဒါကြောင့် host...]
‘ဟမ်?’
[နင့်ကို သူနဲ့ ညီအစ်ကိုကောင်း ဖြစ်အောင်လုပ်ဖို့ ငါ အကြံပေးတယ်။]
နျဥ်ရွှီ။ “...”
[သူ့ကို နင့်အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်လိုက်။]
‘တစ်ချက်ခုတ်နှစ်ချက်ပြတ်? မလိုဘူး’
နဥ်ရွှီ ငြင်းဆိုလိုက်သောကြောင့် ဖရဲသီးစားခြင်းစနစ်သည်လည်း ဤကိစ္စအပေါ် ဆက်ပြီး ဖိအားမပေးတော့ချေ။
[ကောင်းပါပြီ။ ဖြူစင်တဲ့ကျင့်ကြံသူနဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် သွားဖို့ ဆန္ဒရှိတာနဲ့တင် လုံလောက်ပြီ။]
[host ငါ အစ်ကိုကြီးအကြောင်း အတင်းပြောရဦးမယ်။]
ရှန်ချီဖုန်း။ “??”
‘သူ့မှာ အတင်းအဖျင်းတွေ ရှိသေးတာလား။ ဘယ်လို အတင်းအဖျင်းတွေလဲ။’
‘ပြောကြည့်!’
ထိုအခါ ဖရဲသီးစားခြင်း စနစ်မှာ လှောင်ပြောင်ရယ်မောရင်း အတင်းပြောလေ၏။
[အစ်ကိုကြီးရဲ့ ညီအစ်ကိုတွေကြားမှာ တချို့က သူ့ကို သဘောကျနေကြတာ။]
[သူတို့အားလုံးက သူ့ခန္ဓာကိုယ်ကို မက်မောနေကြတာ။]
ရှန်ချီဖုန်း ။ “!!!”
သန်းနျန် “!!!”
လူတိုင်း။ “???”
အတင်းပြောရခြင်းကို မကြိုက်သော စိတ်ထားဖြူစင်သည့် ကျင့်ကြံသူမှလွဲ၍ တုန်လှုပ်ချောက်ချားစရာ အတင်းအဖျင်းများကို နှစ်သက်သော လူအုပ်ကြားတွင် နျဥ်ရွှီသာလျှင် လုံး၀ ကျေနပ်နေခဲ့သည်။
‘ဒီနေ့ကတော့ တကယ် ဖရဲသီးဝတဲ့ နေ့တစ်နေ့ပဲဟေ့။’