အခန်း ၈၄
Vol. 9 Ch. 84
အခန်း ၈၄
ရှန်ချီဖုန်းခင်မျာ ထိုအတင်းအဖျင်းကြောင့် လုံးဝ မှင်တက်သွားခဲ့၏။
‘သူ့ရဲ့ရင်းနှီးတဲ့ သူငယ်ချင်း တော်တော်များများ က သူ့ကို တကယ် သဘောကျနေကြတာလား။’
‘ဘယ်သူလဲ ဘယ်သူက သူ့ခန္ဓာကိုယ်ကို လိုချင်နေတာလဲ။’
သူ့ထံ၌ ရင်းနှီးသော သူငယ်ချင်းများက အလွန်များလွန်းလှသဖြင့် မည်သူ့ကို သံသယဝင်ရမှန်းပင် မသိတော့ချေ။ ကံမကောင်းစွာဖြင့် ဖရဲသီးစားခြင်း စနစ်သည် ၎င်းကို ထုတ်ဖော်ပြီးနောက် ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ချက် မရှိကြောင်း ရှင်းနေပေ၏။ နျဥ်ရွှီအတွက်လည်း ထိုအဖွဲ့အကြောင်း သိချင်ရန်နေနေသာသာ တစ်ယောက်တစ်လေမျှ သူမ မသိပေ။
ထို့ကြောင့် ရှန်ချီဖုန်းသည် ထိုနေရာတွင်သာ ရပ်နေခဲ့ပြီး ရှုပ်ထွေးသော အမူအရာတို့ဖြင့် ကျန်ရစ်ခဲ့ရှာသည်။
နျဥ်ရွှီနှင့် အခြားသူများ ကမ်းခြေတစ်လျှောက်တွင် ခဏမျှ လမ်းလျှောက်ပြီးသည့်နောက် ကျင့်ကြံခြင်းလောကရှိ အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးသည် သူ၏အသွင်အပြင်ကို ဖော်ထုတ်ပြသလာခဲ့ချေ၏။
ထိုသူသည် အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပုံ ပေါ်သော်လည်း လက်တွေ့တွင်မူ အသက်နှစ်ထောင် ရှိနေပြီ ဖြစ်သည်။ အချမ်းသာဆုံး သူဌေးကြီးသည် နှုတ်ခမ်းအထက်၌ နွေးထွေးသော အပြုံးကို ချိတ်ဆွဲထားလေသည်။ ထိုအပြုံးထဲ၌ပင် စည်းစိမ်နှင့် ချမ်းသာမှုတို့က လွှမ်းခြုံထားပေ၏။
သူ၏နံဘေး၌ သားသမီးနှင့်မြေးတို့သည် ခြံရံလျက် ရပ်နေကြသည်။ လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်ခုဖြစ်ကြောင်း ပြောနိုင်လောက်မည်ပင်။ အချမ်းသာဆုံးသူ၏ အချစ်ဆုံးမြေးတော်ဖြစ်လင့်ကစား နတ်ဘုရားမသည် သူနှင့်ဝေးသော ထောင့်တစ်နေရာတွင်သာ ရပ်နေနိုင်သည်။
ထိုအချက်ကို မြင်သောအခါ နဥ်ရွှီ အနည်းငယ် ထိတ်လန့်သွားမိ၏။
‘နတ်ဘုရားမက ဟိုဘက်မှာ ရပ်နေတာလား။’
အတင်းအဖျင်းကြိုက်သည့် စနစ်မှ ရှင်းပြလာ၏။
[ဒီအဘိုးကြီးမှာ သားသမီးတွေ အများကြီးနဲ့ မြေးတစ်ဒါဇင်ကျော်လောက် ရှိတယ်လေ။ နတ်ဘုရားမက ဘယ်လောက်ပဲ မျက်နှာသာ ရထားပါစေ သူက မြေးမလေး ဖြစ်နေတုန်းပဲ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ နေရာမျိုးမှာ တိုက်ရိုက် သားစဉ်မြေးဆက်တွေ အများကြီးနဲ့အတူ အချမ်းသာဆုံး သူဌေးကြီးဘေးမှာ ရပ်နိုင်ဖို့က မဖြစ်နိုင်ဘူး။]
သို့ဖြင့် နဥ်ရွှီသည်လည်း လီမိသားစု၏ ရာထူးနေရာများကို မျက်လုံးလေးဖြင့် စစ်တမ်းကောက်ယူပြီး ဖရဲသီးစားခြင်း စနစ်အား မေးလိုက်တော့သည်။
‘အချမ်းသာဆုံးလူဘေးမှာ ရပ်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးက ဘယ်သူလဲ’
[ယောက်ျားလေးက အချမ်းသာဆုံးလူရဲ့ တန်ဖိုးအရှိဆုံးမြေး၊ အမျိုးသမီးက သူ့အယုံကြည်ရဆုံး သမီးလေ။ သူတို့နှစ်ယောက်စလုံးမှာ ဘာမှမဟုတ်သလို ထင်ရပေမဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေရှိတယ်။ သူတို့က အချမ်းသာဆုံးလူကို သဘောကျအောင် လုပ်နည်းမျိုးစုံကို သိပြီး သူတို့ကို လူအထင်ကြီး လေးစားလာအောင် လုပ်နိုင်ကြတယ်။ သူတို့တွေက နောက်လာမယ့် လီမိသားစုရဲ့ မိသားစုခေါင်းဆောင် နေရာအတွက် အပြင်းထန်ဆုံးပြိုင်ဖက်တွေပဲ။ ဒီနှစ်ယောက်ဆီမှာလည်း အတင်းပြောစရာတွေ များတယ်။]
[လီမိသားစုဝင်တွေ ပေါင်းစပ်လိုက်ရင် ဒီအုပ်စုတွေထဲမှာ အတင်းအဖျင်း ဇာတ်လမ်းပေါင်း တစ်ရာကျော်လောက် ရှိတယ်။]
[သူတို့ထဲက တစ်ယောက်ယောက်ကို ဆွဲထုတ်လိုက်ရင်ကို အတင်းအဖျင်း ဘုရင် ဖြစ်နေပြီ။]
ထိုသတင်းကြောင့် နဥ်ရွှီ အနည်းငယ် ထိတ်လန့်သွားမိသည်။
‘အတင်းအဖျင်းတွေက အဲ့လောက်တောင် များတာလား။’
‘ဒီလူတွေ အတင်းအဖျင်းဖန်တီးတာ တကယ်ကောင်းလွန်းနေမဘူးလား။’
[ဟုတ်တယ်။ မိသားစုကြီးလေ အတင်းအဖျင်းတွေ များလေလေပဲမလား။]
[လောလောဆယ် တခြားသူတွေအကြောင်း မပြောသေးဘဲ မိသားစုခေါင်းဆောင် ရာထူးအတွက် ခိုင်မာတဲ့ ပြိုင်ဘက်နှစ်ယောက်အကြောင်း အရင်ပြောရအောင်။]
[သူတို့နှစ်ယောက်က...]
[သူတို့နှစ်ယောက်လုံးက အရိုးတုလက်သည်တွေလေ။]
ဖရဲသီးစားခြင်းစနစ်မှာ အဓိပ္ပာယ်ရှိစွာ ပြုံးနေသော လေသံဖြင့် ဆိုလိုက်လေသည်။
ဘာ?
အရိုးတုလက်သည်တွေ?
‘သူတို့နှစ်ယောက်လုံး အရိုးတုလက်သည်တွေလား!’
အရိုးတုဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် နဥ်ရွှီတစ်ယောက် ချက်ချင်းပင် အိပ်မက်ထဲမှ လန့်နိုးလာသူသကဲ့သို့ ထိတ်လန့်သွားရှာသည်။
‘သေချာပြောပြ!’
အနီးနားရှိ စိတ်ဆက်သွယ်ရေး သတင်းစကားကို ကြားနေရသူများသည် ၎င်းတို့၏မျက်နှာပေါ်တွင် အမူအရာ မပြပါဘဲ ဤ “အရိုးတုလက်သည်” ဟူသည့် အကြောင်းအရာကြောင့် အားလုံးလိုလို အံ့သြနေကြသည်။ နဥ်ရွှီ ထိုစကားကို ထုတ်ဖော်ပြောဆိုရာတွင် သိသိသာသာ လန့်သွားသည်က ဘာကြောင့်မှန်းမသိချေ။
ကံကောင်းထောက်မစွာဖြင့် သိပ်မကြာခင်မှာ အဖြေကို ရှာတွေ့တော့မည်။ ဖရဲသီးစားခြင်း စနစ်သည် လီမိသားစုခေါင်းဆောင်အတွက် ကိုယ်စားလှယ်လောင်းနှစ်ဦး၏ နောက်ခံအချက်အလက်ကို အမြန်ပင် ရှာဖွေပြခဲ့သည်။
[အချမ်းသာဆုံးလူရဲ့ မြေးက သူ့ညီမအရင်းကို ပြန်ကြိုက်နေတာ။ အချမ်းသာဆုံးလူရဲ့ သမီးက သူ့ရဲ့ဒုတိယဦးလေး အရင်းကြီးကို ကြိုက်နေတာ။]
နဥ်ရွှီ။ “!!!”
လူတိုင်း။ “!!!”
နဥ်ရွှီ အခြားတစ်ခုခုကို မေးခါနီးတွင် သူမ၏ အဖော်အချို့သည် သူမနှင့် အလွန်ပင် နီးကပ်နေကြောင်း သတိပြုသွားမိခဲ့သည်။ ယောက်ျားနှင့်မိန်းမအား ခွဲခြားဆက်ဆံကြခြင်းကြောင့်သာ မဟုတ်ပါက သူမကို လက်တွေ့ကျကျ ထိမိနေပေလိမ့်မည်။
ရှန်ချီမိသားစုမှ မောင်နှမနှစ်ယောက်သည်လည်း သူမ၏ ညာဘက်သို့ ခြေတစ်လှမ်း လှမ်း၍ ရပ်နေကြသည်။ လက်ရှိ၌ အားလုံးလိုလို သူမကို လုံးဝ ဝိုင်းထားကြပေပြီ။
အကယ်၍ သူတို့သာ စက်ဝိုင်းတစ်ခုအဖြစ် ရပ်နေကြပါက သူမသည် အလယ်ဗဟိုတွင် ရှိနေမည် ဖြစ်သည်။ သူတို့အားလုံး သူမပတ်ဝန်းကျင်မှာ နေရာယူထားကြချေ၏။
နဥ်ရွှီခင်မျာလည်း ယင်းကြောင့် အံ့အားသင့်သွားမိသည်။
“ဒီမှာ ဘာဖြစ်နေကြတာလဲ။”
ထိုအခါ ရှန်ချီသန်းက ရှက်ရွံ့စွာ ပြုံးပြလေ၏။
“တာအိုမိတ်ဆွေကတော့ မယုံလောက်ဘူး။ ကျွန်မ တာအိုမိတ်ဆွေကို တွေ့လိုက်တာနဲ့ ဘာလို့မှန်းမသိဘူး ပိုရင်းနှီးချင်လာသလို ခံစားလာရတယ်။”
ချင်ရစ်လော့နှင့် အခြားသူများ။ ‘... အဆင်ပြေလိုက်တဲ့ အကြောင်းပြချက်။’
သို့သော် ရှန်ချီသန်းမှာ လုံးလုံးလိမ်ညာနေခြင်း မဟုတ်ပေ။ နဥ်ရွှီဟာ “ဖရဲသီးလှုပ်ရှားသူ” ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူမနှင့် အမှန်တကယ် ရင်းနှီးချင်ခဲ့ခြင်းပင်။ နဥ်ရွှီကြောင့်သာ မဟုတ်လျှင် သူမ ဤအချမ်းသာဆုံးလူ၏ မွေးနေ့ပွဲကို တက်ရောက်ဖို့တောင် ရှိမှာ မဟုတ်ချေ။
ထို့နောက် နဥ်ရွှီတစ်ယောက် ချင်းကျိုရှန်းနှင့် အခြားလူများကိုလည်း ကြည့်လိုက်သည်။ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူကိုတော့ ထားလိုက်၍ရသည်။ ထိုသူသည် သူမနှင့် အမြဲတမ်း ခွဲမခွာနိုင်သည့်အလားနှယ် ပူးကပ်နေပြီး သူမ အနားမှ ခပ်ဝေးဝေးသို့ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပေ။
‘ဒါပေမဲ့ တခြားတပည့်တွေကရော ဘာလို့ ဒီလောက်နီးနေကြတာလဲ။’
ချင်ရစ်လော့နှင့် အခြားသူများမှာတော့ ရင်တွင်း၌ ခါးသီးနေကြပေသည်။ စိတ်ဆက်သွယ်ရေး စကားသံများသည် အဝေးမှဆိုလျှင် ဘာမျှမကြားရတတ်ချေ။
သာမန်အားဖြင့် လူနည်းနည်းသာ ရှိခဲ့သောကြောင့် ကွာထား၍ရသော်လည်း ယနေ့မှာတော့ ရှန်ချီမောင်နှမ တိုးလာခဲ့လေပြီ။
အသိမိတ်ဆွေများက ထပ်ပြေးလာပြီး စိတ်ဆက်သွယ်ရေး စကားဝိုင်းအား မကြားရတော့မည်ကို စိုး၍ နဥ်ရွှီနှင့် ပိုမိုနီးကပ်စေရန် အတတ်နိုင်ဆုံး ကြိုးစားရတော့သည်။ ထို့ကြောင့် နဥ်ရွှီ၏ အကြည့်တို့ ဖြတ်လာသောအခါ ချင်းကျိုရှန်း ချောင်းဟန့်၍ ဆိုလိုက်ပါ၏။
“ဒီက တာအိုမိတ်ဆွေတွေလိုပါပဲ။ ကျွန်တော်လည်း ခေါင်းဆောင်နဲ့ ပိုနီးစပ်ချင်ပါတယ်။”
နဥ်ရွှီ။ “...”
သူမဘာမှ ပြန်မပြောရသေးမီ ဖရဲသီးစားခြင်း စနစ်သည် ၎င်း၏ အထင်အမြင်သေးမှုကို ဖော်ပြလိုက်ပေပြီ။
[အရှက်မရှိတဲ့ အဘိုးအိုကြီး! သူ့အသက်အရွယ်နဲ့တောင် နင်နဲ့ ရင်းနှီးချင်သေးတယ်တဲ့။ သူ ဒီလောက် စိတ်ဖောက်ပြန်နေမှန်း ငါ မသိလိုက်ဘူး။]
[လစ်စမ်း! စိတ်ဖောက်ပြန်နေတဲ့ကောင်!]
ဖရဲသီးစားခြင်းစနစ်ဆီမှ စိတ်ဖောက်ပြန်သူဟု အခေါ်ခံလိုက်ရသော ချင်းကျိုရှန်း။ “.....”
‘သူဒီလို မပြောလိုက်သင့်ဘူး!’
နဥ်ရွှီ အခြားသူများကိုလည်း မေးလိုက်သည်။
“နင်တို့ရောလား။”
စိတ်ထားဖြူစင်သည့် ကျင့်ကြံသူမှ ဦးစွာ ထောက်ခံလိုက်သည်။ ထို့နောက် ဝူလုချန်၊ ချင်ရစ်လော့နှင့် နောက်ဆုံး ရှန်ချီဖုန်းပင် ထောက်ခံလာကြ၏။ သို့သော်လည်း နဥ်ရွှီကိုယ်တိုင်သည် သူမ၏ အဖော်များနှင့် ရှန်ချီမောင်နှမများက သူမနှင့် နီးစပ်လိုသည့်အပေါ် ဆန့်ကျင်ဘက်ပြုမည် မဟုတ်ပေ။
သူမ၏ သိချင်စိတ်ကြောင့်သာ မေးလိုက်ခြင်းပင်။ ယခု အဖြေကို သိပြီဖြစ်သောကြောင့် စိတ်ထဲက ထုတ်ပစ်လိုက်သည်။ ပြီးသည်နှင့် စောစောက အူလှိုက်သည်းလှိုက် ရယ်ရမည့် အတင်းအဖျင်းကို အမြန်ပြန်လည် အာရုံစိုက်လိုက်၏။
‘ဆက်ပြော ဆက်ပြော! သူတို့ကြိုက်တဲ့ လူတွေက သူတို့ကြိုက်နေတာကို သိလား’
ထိုအခါ ဖရဲသီးစားခြင်းစနစ်က တဟားဟား အော်ရယ်လေတော့သည်။
[သူတို့ ဘယ်လိုလုပ် မသိဘဲနေမှာလဲ။]
“သူတို့သိတယ်....]”
ဤအချိန်တွင် အတင်းအဖျင်းပြောသော စနစ်မှာ ၎င်း၏စကားများကို တမင်တကာ ဆွဲဆန့်လိုက်ပြီး။
[ဒီလောကမှာ တစ်ယောက်ယောက်ကို သဘောကျတယ် ဆိုတာက လုံးဝ ဖုံးကွယ်လို့မရတဲ့ အရာလေ။]
[ဥပမာ...]
‘စိတ်ထားဖြူစင်တဲ့ကျင့်ကြံသူက နင့်ကို ကြိုက်တဲ့အချက်ကိုလည်း ဖုံးကွယ်ထားလို့ မရဘူး။’
သို့သော် ၎င်းသည် ဤအကြောင်းကို ထုတ်ဖော်ပြောပြလိုက်၍ မဖြစ်ချေ။ ယခင်က hostနှင့် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူအား အကြိမ်များစွာ အရွှန်းဖောက်ခဲ့ဖူးသော်လည်း နောက်ပြောင်ခြင်းနှင့် ရှင်းရှင်းလင်းလင်း ပြောပြခြင်းတို့ အကြားတွင် ခြားနားချက်တစ်ခု ရှိသည်ပင်။
ဟာသတစ်ခုသည် နောက်ပြောင်ခြင်း၏ အရိပ်အမြွက်များ ပါရှိပြီး အလေးအနက် မထားတတ်ကြပေ။ သို့သော်လည်း ရှင်းရှင်းလင်းလင်း ပြောလိုက်လျှင်တော့ အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်လေ၏။ ယခုအချိန်၌ အချိန်မကျသေးသောကြောင့် ဖရဲသီးစားသည့် စနစ်သည် သဘာဝကျကျနှင့် တိုက်ရိုက် ရှင်းရှင်းလင်းလင်း မပြောချင်သေးပါ။
လူတိုင်း နားစွင့်နေကြစဥ် ဖရဲသီးစားသည့် စနစ်က ဖြည်းဖြည်းချင်း ဆက်ပြောလာခဲ့သည်။
[ဥပမာ နတ်ဘုရားမ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို ကြိုက်နေတာကလည်း ဖုံးကွယ်ထားလို့ မရဘူး။]
လူတိုင်း ။ “???”
အတင်းအဖျင်းစနစ်က အခြားအရာများကို ပြောပြတော့မည်ဟု ထင်ထားခဲ့ကြသည်ပင်။
‘ဒါပေမဲ့ နတ်ဘုရားမအကြောင်း ပြောလာတယ်တဲ့လား။’
‘နေပါဦး! နတ်ဘုရားမက အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို ကြိုက်တယ်တဲ့လား။ သူ့ထက် အများကြီးငယ်တဲ့ မောင်လေးကို တကယ်ချစ်သွားတာလား။’
နဥ်ရွှီလည်း သူတို့နည်းတူ အနည်းငယ် အံ့သြသွားမိသည်။
‘နတ်ဘုရားမက အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်ကို ကြိုက်နေတယ်။’
[မှန်တယ်။ ခံစားချက်တွေက အချိန်ကြာလာတာနဲ့အမျှ တိုးလာတာပဲလေ။]
ဖရဲသီးစားခြင်း စနစ်သည် ပထမစကားလုံးနှစ်လုံးကို တမင်တကာ အလေးပေး၍ ဖိပြောခဲ့လေ၏။
လူတိုင်း။ “…”
၎င်းသည် အနှီကိစ္စ၏ မူရင်းအဓိပ္ပာယ်ကို ပြောနေပုံမဟုတ်ကြောင်း ခံစားနေရသည်။
ထိုအခိုက်အတန့်တွင် အချမ်းသာဆုံးသူဌေးက အဖွင့်အမှာစကား ပြီးဆုံးသွားပြီး ဧည့်သည်များကို ထိုင်ခုံရှာရန် လက်ဟန်ပြလိုက်၏။ နဥ်ရွှီနှင့် သူမ၏ အဖော်များမှာတော့ အစွန်အဖျားဆုံး နေရာတွင်သာ ထိုင်နိုင်ကြ၏။
ရှန်ချီမောင်နှမများသည်လည်း အနီးနားတွင် နေရာယူကြသည်။
ဤအမည်မသိ လူအုပ်စုအနီးတွင် ထိုင်နေကြသည်ကို မြင်လိုက်ရသဖြင့် လူအများက ရှန်ချီဖုန်းအား ထူးထူးဆန်းဆန်း အကြည့်များဖြင့် ကြည့်နေကြတော့၏။
လူအချို့မှာ “ရှန်းချီမိသားစုက တကယ် လမ်းဆုံးနေပြီ ထင်ပါတယ်၊ သူတို့က ဒီလိုလူတွေနဲ့တောင် ပေါင်းသင်းနေပြီ။”
ဖရဲသီးစားခြင်းစနစ်မှာ ထိုစကားတို့ကြောင့် ချက်ချင်း ထဆဲချေသည်။
[ဒီလိုလူတွေ? ရှင်းရှင်းလင်းလင်း ပြောစမ်း! ဘယ်လိုလူတွေလဲ ငါတို့က မင်းတို့အနာဂတ်မှာ မင်းဘယ်တော့မှ မရောက်နိုင်တဲ့ လူတွေ ဖြစ်လာမှာ။]
နဥ်ရွှီသည် သူမ၏ အေးမြသွားသော လက်ဖက်ရည်ကို မော့သောက်ပြီးနောက် စနစ်အား လှမ်းပြောလိုက်သည်။
‘စိတ်အေးအေးထားစမ်းပါ’
ကျိန်ဆဲပြီးနောက် ဖရဲသီးစားသည့် စနစ်သည်လည်း ၎င်းတို့အား လျစ်လျူရှုပစ်လိုက်လေ၏။ ဤကဲ့သို့ သေးငယ်သော လူများကို မှတ်ထားနေရန် မထိုက်တန်ချေ။ ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် ဖရဲသီးတစ်လုံးအား စိတ်လှုပ်ရှားစွာ ရွေးထုတ်လိုက်တော့သည်။
[host! နတ်ဘုရားမဘေးမှာ ရပ်နေတဲ့ ကလေးမလေးကို တွေ့လား။]
နဥ်ရွှီလည်း သူမကို သဘာဝအတိုင်း မြင်ရပါသည်။ ကလေးမလေးသည် ဂါဝန်ကို သပ်ရပ်စွာ ၀တ်ဆင်ထားပြီး သူမဝတ်ဆင်သည့် အသုံးအဆောင်တိုင်းသည်လည်း အရည်အသွေးမြင့် ဝိညာဉ်ပစ္စည်းတစ်ခုခု ဖြစ်လေ၏။
ရှင်းနေသည်မှာ သူမသည် လီမိသားစုတွင် ရာထူးမနိမ့်သူ ဖြစ်လိမ့်ည်။
ဖရဲသီးစားသည့် စနစ်က ဆက်ပြောပြသည်။
[သူက လီယွိရဲ့ ညီမလေးလေ။]
‘ပုံစံလေးက အရမ်းချစ်စရာကောင်းပါတယ်။]
နဥ်ရွှီ ရိုးရိုးသားသားပင် မှတ်ချက်ပေးလိုက်သည်။
[ဟုတ်တယ်။ လီယွိက အဲ့ကလေးမအပေါ် နွေးထွေးတယ်၊ အစစအရာရာ အားလုံးကို သည်းခံပေးခဲ့တာ။ အဲ့ကလေးမကလည်း လီယွိကို အားကိုးတကြီးနဲ့ ချစ်ခင်မှုတွေ အားလုံးကို ပေးထားတာ။]
[ဒါပေမဲ့ လီယွိက စေ့စပ်ရတော့မှာ။]
[ဆံပင်ကောက်ကောက်နဲ့ အမျိုးသမီးဘေးက အမျိုးသမီးကျင့်ကြံသူက လီယွိရဲ့ မကြာခင် စေ့စပ်ရတော့မယ့်လူ။]
နဥ်ရွှီ။ “...”
သူမ လီယွိ၏ စေ့စပ်ထားသူထံ ချာခနဲ လှည့်ကြည့်လိုက်သည်။ လီယွိ၏ ညီမလေးကဲ့သို့ ချစ်စရာကောင်းသော အလှနှင့် မတူဘဲ ဤစေ့စပ်ထားသူသည် အေးစက်သော အလှတစ်ခု ရှိလေ၏။
သူမ၏ အသားအရေသည် ရေခဲနှင့် ကျောက်စိမ်းကဲ့သို့ ဖြစ်ကာ လောကီရေးရာများကို မထိမထိသာ ကြည့်နေပုံရလေသည်။
‘ဒါကို သိလား’
[သိတယ်။ ဒါပေမဲ့ သူက ဂရုမစိုက်ပါဘူး။]
[သူက “လီယွိရဲ့ စေ့စပ်ထားသူ” ဆိုတာကိုပဲ ဂရုစိုက်တာ။ လီယွိဘယ်သူ့ကို ချစ်တာမချစ်တာ သူ သိပ်ဂရုမစိုက်ဘူး။]
နဥ်ရွှီ။ “...”
သူမ ဘာပြောနိုင်ဦးမည်နည်း။ ဤလူမှုအသိုင်းအဝိုင်းဟာ အမှန်တကယ် ဖရိုဖရဲ ဖြစ်နေကြောင်းဟာ ပြောနိုင်တော့သည်။
ထို့နောက်မှ ဖရဲသီးစားသည့်စနစ်သည် ဖရဲသီးတစ်လုံး ထပ်ရွေး၏။
[သေရည်အိုး လှမ်းယူနေတဲ့ ခပ်ချောချော ဦးလေးကြီးကို တွေ့လား။]
‘အင်း၊ သူက ဒုတိယဦးလေးလား။’
[ဟုတ်တယ်။]
[သူ စေ့စပ်ထားတာ သုံးခါရှိပြီဆိုပေမဲ့ လီရှန့်ကြောင့် အကြိမ်ကြိမ် ပျက်စီးသွားတယ်လေ။ လီရှန့် အချမ်းသာဆုံးလူရဲ့ သမီးနာမည်ပေါ့။]
[သူက အခုမှ စေ့စပ်ထားတာဆိုတော့ သူက လူပျိုကြီးဖြစ်နေတုန်းပဲ။]
‘ဒါဆို လီရှန့်အပေါ် သူ့ခံစားချက်တွေက ဘယ်လိုလဲ၊ စေ့စပ်ပွဲတွေကို ဖျက်စီးပစ်တာ ဒါမှမဟုတ် တစ်ခုခုကြောင့် သူ့ကို အပြစ်တင်မနေဘူးလား။’
[သေချာပေါက် သူမကို အပြစ်မတင်ဘူးလေ။]
[သူအရင်က စေ့စပ်တယ်ဆိုတာက လီရှန့်ကို အရှုံးပေးစေချင်လို့သာ ဒါပေမဲ့ သုံးကြိမ်ဆက်တိုက် ကျရှုံးတော့ သူလည်း ကျေနပ်သွားတယ်ရော။]
[အခုတော့ မင်းက တခြားတစ်ယောက်နဲ့ လက်ထပ်လို့ မရဘူး၊ ငါလည်း တခြားတစ်ယောက်နဲ့ လက်ထပ်မှာ မဟုတ်ဘူး။ အဲ့သလိုဖြစ်နေတာ။ တစ်သက်လုံး လူပျိုကြီး ဖြစ်သွားမယ် ထင်တယ်။]
နဥ်ရွှီ ။ “...”
‘လူပျိုကြီး အပျိုကြီး အတူတူလုပ်သွားကြမလို့လား။ ဒါက.. ဖြစ်နိုင်ပါ့မလား။’
သူမ ဘာပြောရမှန်းပင် မသိတော့ချေ။ သူမတင်မက သူမဘေးနားက တပည့်ဖော်များ၌လည်း ရှုပ်ထွေးသော အမူအရာတို့ ရှိနေကြသည်။
လီမိသားစုသည် သာမန်လူများ အိပ်မက်ပင် မမက်ဝံ့သော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ခြင်းမှာ အပြင်ပန်းအားဖြင့် ဂုဏ်သရေနှင့် ပြည့်စုံပါသော်လည်း အမှန်မှာ တကယ့်ကို ဖရိုဖရဲဖြစ်နေသော မိသားစုကြီးပင်။
ယင်းနှင့် နှိုင်းယှဉ်ပါက နတ်ဘုရားမနှင့် အဆင့်မြင့် အဂ္ဂိရတ်ပညာရှင် အကြားရှိ ဆက်ဆံရေးကသာလျှင် အရည်ရွှမ်းသော ဇာတ်လမ်းတစ်ခု ဖြစ်ပေတော့သည်။
လီမိသားစုမှ ပြင်ဆင်ပေးထားသော အအေးထမင်းကို စားပြီးနောက် နဥ်ရွှီသည် အတင်းအဖျင်း၏ အကျဉ်းချုပ်ကို ဆက်နားထောင်ခဲ့သည်၊
[“ဒါကြောင့် ပထမ မောင်နှမတွေရဲ့ ဆက်ဆံရေးက BEလို ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်တယ်။ နောက်ထပ် စုံတွဲကကျ ပျော်ရွှင်စရာအဆုံးသတ် မဟုတ်သလို ဆိုးရွားတဲ့ အဆုံးသတ်လည်း မဟုတ်ဘူး။”]
‘ပထမစုံတွဲက အဆုံးသတ် မကောင်းဘူး ဆိုပေမဲ့ ဒုတိယစုံတွဲကတော့ မသေချာသေးပါဘူး။’
[host ဘာလို့ ဒီလိုပြောတာလဲ။]
နဥ်ရွှီ ဖြည်းညင်းစွာ ခွဲခြမ်းစိပ်ဖြာပြလိုက်သည်။
“လီရှန့်သာ မိသားစုခေါင်းဆောင် ဖြစ်လာရင် လီမိသားစုကို တာဝန်ယူရမှာ မဟုတ်ဘူးလား။ အဲ့အချိန်ကျ တစ်မိသားစုလုံးကိုတောင် ထိန်းနိုင်ရင် မင်္ဂလာကိစ္စက ဘာအရေးလဲ။’
ဤစကားတို့ကြောင့် ဖရဲသီးစားခြင်း စနစ်လည်း ရုတ်ခြည်း သဘောပေါက်သွားတော့သည်။
[အဓိပ္ပာယ်ရှိတယ်။]
[အခု သူမနဲ့ လီယွိတို့ကြား ပြိုင်ဆိုင်မှုက တော်တော်လေး ပူလာပြီဖြစ်မယ်။]
[သူတို့နှစ်ယောက်စလုံးက မိသားစုခေါင်းဆောင် ရာထူးကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားကြပုံပဲ။]
[ဒါကလည်း လီယွိ စေ့စပ်ကြောင်းလမ်းဖို့ နောက်ဆုံးမှာ သဘောတူခဲ့ရတဲ့ အကြောင်းရင်းတစ်ခုဆိုလည်း ဟုတ်တယ်လေ။]
‘လီမိသားစုကတော့ မျှော်မှန်းမရနိုင်တဲ့ အနာဂတ်မှာ အေးချမ်းသာယာမယ့်ပုံ မပေါ်ဘူး။’
ဤကဲ့သို့ တွေးကြည့်လျှင် နတ်ဘုရားမသည် မြေးမအဖြစ် လီမိသားစု၏ အာဏာတော်လှန်မှုတွင် ပါဝင်မည် မဟုတ်သလို၊ ဤအငြင်းပွားမှုများတွင် သူမ ပါဝင်လိမ့်မည် မဟုတ်ပေ။
ဖရဲသီးများကို တစ်ဝကြီးစားပြီးနောက် နဥ်ရွှီတစ်ယောက် ကျေနပ်သွားတော့သည်။
သူမ ခဏအနားယူပြီး လီမိသားစုမှ ဧည့်ခံထားသော အရသာအချို့ကို ခံစားကြည့်နေစဥ် ဖရဲသီးစားသည့် စနစ်က ရုတ်တရက် အော်ဟစ်လာ၏။
နဥ်ရွှီသည် ဖရဲသီးတစ်လုံး တွေ့ပြီးအထင်နှင့် ပေါ့ပေါ့ပါးပါးလေး မေးလိုက်သည်။
‘ဘာလဲ ဖရဲသီးလား။’
ဖရဲသီးစားသည့် စနစ်၏အသံသည် ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်ပြီး အေးစက်သော လေသံဖြင့် ထွက်ပေါ်လာပေသည်။
[host ပြဿနာ အကြီးကြီးတော့ တက်ပြီ!]
[ဒီနေ့လာတဲ့ ဧည့်သည်တွေထဲမှာ မိစ္ဆာမျိုးနွယ်တွေ ရောနှောနေတယ်။]
[သူတို့ ဒီရောက်လာတာက အချမ်းသာဆုံး သူဌေးအတွက်လား ဒါမှမဟုတ် သူ့စည်းစိမ်အတွက်လား ဆိုတာတော့ ငါလည်း မသိဘူး။]
[ဒါပေမဲ့ သေချာတာကတော့ သူတို့ ဒုက္ခပေးတော့မယ်။]
[ဝူမိသားစုရဲ့ မိသားစုခေါင်းဆောင် သီးသန့်ဘဏ္ဍာတိုက်ကနေ နင့်ကို ထုတ်ပေးထားတဲ့ ရှေးဟောင်းပစ္စည်းကို သေချာ ပြင်ဆင်ထား။]
[တိုက်ပွဲအတွက် ပြင်ဆင်ထား! မဟုတ်ဘူး ထွက်ပြေးဖို့ ပြင်ဆင်ထား။]
နဥ်ရွှီ။ “...”
‘ဟုတ်ပြီ’
ဖရဲသီးစားသည့် စနစ်သည် နောက်ဆုံးတွင်တော့ သတိပေးစနစ်အဖြစ် အဆင်ပြေလာခဲ့ချေပြီ။
ချက်ချင်းထွက်ပြေးရန် သတိပေးနေသော်ငြားလည်း....။
(TN - မိစ္ဆာနဲ့ နတ်ဆိုး မတူပါဘူးနော်။ တရုတ်မှာ yao ဆို မိစ္ဆာ၊ mo ဆို နတ်ဆိုးလို့ ပြန်ပါတယ်။)