← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

သူမ၏ အမိန့်ကို လိုက်နာရန် အဖော်များအား ညွှန်ကြားပြီးနောက် နဥ်ရွှီတစ်ယောက် ဖရဲသီးစားသည့် စနစ်ဘက်သို့ မေးလိုက်သည်။

‘ဒီနေ့အတွက် လုံခြုံရေးက ဒီလိုကြီးလား။’

သူတို့သည် နတ်ဆိုးများကို ဤမျှလောက် ပြောင်ပြောင်တင်းတင်း ပြေးဝင်လာအောင် အဘယ့်ကြောင့် ခွင့်ပြုထားကြသနည်း။

[အတွင်းနဲ့ အပြင်က ပူးပေါင်းတာလေ။]

[ငါအခုလေးတင် စစ်ဆေးလိုက်တာ အတွင်းသူလျှိုက လီရှန့်ပဲဟ။ သူက မိစ္ဆာမျိုးနွယ်နဲ့ သဘောတူညီမှုတချို့ရပြီး ဖြစ်လာမယ့် အရာတွေအတွက် လီယွိခေါင်းပေါ်ကို ပုံချဖို့ စီစဉ်နေတာ။ သူ့ရဲ့ ချစ်လှစွာသော ဒုတိယဦးလေးနဲ့အတူနေဖို့ မိသားစုခေါင်းဆောင် ရာထူးနေရာရဖို့ မစောင့်နိုင်တော့ဘူး ထင်တယ်။]

[ဒါက အချစ်ရူးပဲဟ။ သူ့ချစ်သူနဲ့ အတူရှိရဖို့အရေး လူတော်တော်များများကို စတေးချင်နေတာ။ သူ့ရဲ့ ချစ်ခြင်းမေတ္တာအဆင့်က ချင်းကျိုရှန်းထက်တောင် မြင့်သွားပြီ။]

ရုတ်တရက် ထည့်ပြောခံလိုက်ရသည့် ချင်းကျိုရှန်းခင်မျာ နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။

“...”

‘ကျေးဇူးပြုပြီး သနားညှာတာကြပါ’

‘သူက အခု အသက်မွေးဝမ်းကြောင်းကိုပဲ လုပ်နေတဲ့ လူတစ်ယောက်ပါ။’

‘အချစ်ရူး မဟုတ်တော့ဘူး! သူ့ကို လီရှန့်နဲ့ မနှိုင်းယှဉ်ပါနဲ့။’

[လီမိသားစုသာ အခုလိုအချစ်ကို ရူးသွပ်နေတဲ့ အရူးတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားရင်တော့ အကြာကြီး ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး။]

ထိုသို့ပြောပြီးနောက် ဖရဲသီးစားသည့် စနစ်က စိတ်လှုပ်ရှားစွာ အော်ပြောလာခဲ့လေသည်။

[host ဒါက ငါတို့အတွက် သတင်းကောင်းပဲ! ငါတို့သာ ရှင်သန်နိုင်ရင် ကျင့်ကြံခြင်း လောကမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ နေရာက အနှေးနဲ့အမြန်တော့ ငါတို့နေရာ ဖြစ်လာလိမ့်မယ်!]

‘အဲဒါက လက်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ဘဝနဲ့ ပက်သက်လို့လား။’

လူတိုင်း။ “…”

နဥ်ရွှီမှာ ၎င်းကို လျစ်လျူရှုလိုက်သည်။

ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး သူမသည် ဝူမိသားစုခေါင်းဆောင်နှင့် နတ်ဘုရားမထံ စိတ်စွမ်းအင်ဖြင့် သတိထားရန် လှမ်းပြောလိုက်သည်။ လူတိုင်းသည် စကားများများစားစား ပြောစရာမလိုဘဲနှင့် သူမ၏ ဆိုလိုရင်းကို နားလည်နိုင်လောက်အောင် ထက်မြက်ကြပေ၏။

ဖရဲသီးစားသည့်စနစ် အနာဂတ်ကို စိတ်ကူးယဉ်နေသည့် နောက်တစ်စက္ကန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ တစ်ချိန်က ပြုပြင်မွမ်းမံနိုင်ခဲ့သော ကျွန်းသည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထူထပ်သော မီးခိုးများသည် ကျွန်း၏ ဧရိယာအများစုကို ရုတ်ခြည်း ဖုံးလွှမ်းသွားချေသည်။

ကြယ်ကျွန်းပေါ်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာ၏။

တစ်ချိန်က အေးချမ်းသာယာခဲ့သော လီကျွန်းသည် ချက်ချင်းပင် ငရဲမီးမွှားအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရုတ်တရက် တိုက်ခိုက်မှုကြောင့် ငိုက်မျဥ်းနေရာမှ လန့်နိုးလာကာ ငိုကြွေးသံနှင့် နာကျင်စွာ အော်ဟစ်သံများက နေရာပေါင်းစုံမှ ပဲ့တင်ထပ်နေပေပြီ။

ယနေ့လာရောက်ကြသော ကျင့်ကြံသူ အများစုသည် သာမန်မဟုတ်သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားကြသူများချည်းပင်။

သို့သော်လည်း မိစ္ဆာမျိုးနွယ်၏ မထင်မှတ်ထားသော စွမ်းအားအပြည့် တိုက်ခိုက်မှုကြောင့် ၎င်းတို့တွင် ခုခံရန် အခွင့်အရေး မရှိခဲ့ပါဘဲ တစ်ကွက်တည်းဖြင့် ချေမှုန်းခံလိုက်ရရှာသည်။

နဥ်ရွှီ၏ ခံစစ်ဝိညာဥ်လက်နက်သည်ပင် ပြာဖြစ်သွားချေပြီ။ တိုက်ခိုက်မှုကို ခုခံရန် အသုံးပြုထားသည့် သူမ၏ ညာလက်တစ်ဖက် ထုံကျဉ်သွားလေ၏။ တစ်စက္ကန့်သာ နောက်ကျသွားခဲ့မည်ဆိုလျှင် သူတို့သည် ဤနေရာတွင် အန္တရာယ်ကင်းစွာ ရပ်တည်နေနိုင်တော့မည် မဟုတ်ပေ။

ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုသည် ယခုအခိုက်အတန့်တွင် သံသယဝင်စရာမလိုဘဲ ပေါ်ထွက်လာခဲ့ချေပြီ။

[မိစ္ဆာမျိုးနွယ်က လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်တော့မယ်။ အခု! ပြေး!]”

နဥ်ရွှီ သူမ၏အဖော်များဘက် လှည့်အော်လိုက်သည်။

“ငါ့နောက်လိုက်ခဲ့!”

အဘယ်သူမျှ စကားအပိုမပြောကြပေ။ တစ်ယောက်စီတိုင်းသည် သူတို့၏ အသက်ရှူသံကိုပင် တမင်တကာ ဖိနှိပ်ထားလိုက်ကြသည်။ သူမ ထသွားသည်နှင့် အဖော်များသည် နောက်မှ တိတ်တဆိတ် လိုက်ကြပြီး ရှန်ချီမောင်နှမများပင် အသံတိတ် လိုက်လာကြ၏။

ပေါက်ကွဲစဥ်အခါက တဟုန်ထိုး လွင့်ထွက်လာခဲ့သော မီးခိုးလုံးများသည် နဥ်ရွှီနှင့် သူမ၏အဖွဲ့အား ထွက်ပြေးရန် လွယ်ကူစေခဲ့သည်။

လီမိသားစုနေထိုင်သည့် လီကျွန်းသည် ကြီးမားလွန်းကာ မွေးနေ့ပွဲကို ကျွန်း၏အလယ်ဗဟိုတွင် ကျင်းပခဲ့လေသည်။ နဥ်ရွှီနှင့် အခြားသူများသည် အသက်အန္တရာယ် မရှိစေရန်နှင့် နည်းလမ်းရှာရန် ကျွန်း၏ အစွန်းဘက်သို့ ရောက်ရှိရန် လိုအပ်သည်ပင်။

လက်ရှိအချိန်တွင် လေထုကြီးမှာ အလွန်အမင်း ဖိနှိပ်ခံနေရပေပြီ။

ဝူလုချန်သည် တစ်ဖက်၌ ဝူမိသားစုခေါင်းဆောင်နှင့် အခြားသူများ၏ လုံခြုံရေးကို စိုးရိမ်သောက ရောက်နေကာ တစ်ဖက်၌လည်း နဥ်ရွှီနှင့်အတူ ထွက်ပြေးနေခဲ့ရသည်။ ချင်းကျိုရှန်းတို့၏ အမူအရာမှာလည်း အလွန်တရာ လေးနက်နေကြလေ၏။

ပထမလှိုင်း တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ကြသော်လည်း နောက်တစ်ကြိမ် ထပ်ဖြစ်မဖြစ်ကို မည်သူမျှ မသိနိုင်ပေ။ အချိန်သည် အလွန်တိုတောင်းလှသောကြောင့် ဤနေရာမှ ‘လွတ်မြောက်နိုင်ပါစေ’ ဟုသာ ဆန္ဒပြုနိုင်ကြသည်။

ယင်းအနက် အပေါ့ပါးဆုံးသူတို့မှာ ဖရဲသီးစားသည့် စနစ်နှင့် ၎င်း၏host၊ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူသာ ဖြစ်ကောင်းဖြစ်နိုင်၏။ လူနှင့် ဖရဲသီးစားသည့် စနစ် နှစ်ဦးလုံးသည် မယုံနိုင်လောက်အောင် ပေါ့ပေါ့ပါးပါး ဖြစ်နေကြသည်။

စိတ်ထားဖြူစင်သည့် ကျင့်ကြံသူ၏ ကျင့်ကြံမှု အဆင့်မှာ နိမ့်နေသေးသော်လည်း ထိုသူသည် အန္တရာယ်ကို ရင်ဆိုင်ရာတွင် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးသား ဖြစ်၏။

ထိုအခိုက် ဖရဲသီးစားသည့် စနစ်က အော်ဟစ်နေပြန်သည်။

[ငါ ထင်သားပဲ လီရှန့်ရဲ့ အချစ်ရူးနေတဲ့ ဦးနှောက်နဲ့ဆို မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေကို အနှေးနဲ့အမြန် ပျက်စီးစေမှာ။ သူက မိစ္ဆာမျိုးနွယ်နဲ့ ကောင်းကောင်း ပူးပေါင်းနိုင်ပြီ ထင်နေတာလေ မိစ္ဆာမျိုးနွယ်တွေမှာ စာချုပ်ပါတာဝန်ဝတ္တရား ဆိုတာတွေ လုံးဝ မရှိတဲ့အကြောင်း မသိရှာဘူး။]

[ဒါ သူနဲ့ ပူးပေါင်းထားတဲ့ မိစ္ဆာမျိုးနွယ်က သူ့ကို ဆန့်ကျင်သွားတာ မဟုတ်ဘူးလား။]

[ဒီတိုက်ခိုက်မှုကြောင့် သူ ဒဏ်ရာ ပြင်းပြင်းရသွားပြီ။ ဟားဟားဟား... မိစ္ဆာမျိုးနွယ်ဘက်ကနေ ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲကို ထုတ်သုံးလာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးလေ။]

[ဟားဟားဟား မှတ်!]

[ဟာဟားဟား လီယွိရဲ့ညီမလည်း ဒဏ်ရာပြင်းတယ်ဟ။ လီယွီက သူ့ညီမကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ပြီး ကာကွယ်ထားတာပဲ။ သူနဲ့ စေ့စပ်ထားတဲ့သူကို စွန့်ပစ်လိုက်ပြီဟေ့]

[hostရယ် နင်မမြင်လိုက်ရလို့ပေါ့။ စေ့စပ်ထားသူရဲ့ မျက်နှာကြီးက စိမ်းနေလိုက်တာများ ဟားဟားဟား... ဂရုမစိုက်ဘူးလို့သာ ပြောနေတာ တကယ်ဖြစ်လာတော့ သူဘယ်လောက် ဂရုစိုက်လဲ အသိသာကြီး။]

[ဒါကို ဘယ်လိုခေါ်ရမလဲ ကြောင်သူတော်လား။]

ဖရဲသီးစားသည့် စနစ်၏ လိမ္မာပါးနပ်သော ဟာသဆန်ဆန် မှတ်ချက်များသည် လူတိုင်း၏ တင်းမာနေမှုကို အနည်းငယ် သက်သာစေခဲ့သည်။ ၎င်းသည် အရည်ရွှမ်းသော ဇာတ်လမ်းများကို မျှဝေနေဆဲဖြစ်လေ၏။

၎င်း ဆိုလိုချင်နေသည်မှာ ဤကိစ္စသည် အလွန်လေးနက်ပုံတော့ မပေါ်သည့်အလားနှယ်။

အမှန်တကယ်တမ်းတွင်တော့ ဤကိစ္စမှာ အလွန်အမင်း လေးနက်သည့် ကိစ္စပင်။

ယနေ့ ဖိတ်ကြားထားသော ဧည့်သည်တော်များထဲ၌ အခြေတည်ဝိညာဥ် ကျင့်ကြံသူအချို့နှင့် ရှင်းထောင်မြို့ရှိ ထင်ရှားသော မိသားစုများမှ အဖွဲ့ဝင်များ အပါအဝင် လူအများအပြား သေဆုံးခဲ့ရသည်။

သို့သော်လည်း ဖရဲသီးစားသည့် စနစ်၏ အမြင်တွင်တော့ ဤလူများသည် အမြောက်စာမျှသာ ဖြစ်လေသည်။ ဤသည်မှာလည်း အမြောက်စာများ၏ ကံကြမ္မာပင်။

ဇာတ်ဆောင်၏ ထူးခြားမှုကို မီးမောင်းထိုးပြမည့် အမြောက်စာ မရှိပါက ဇာတ်ကောင်ကို မည်သို့ခွဲခြားနိုင်မည်နည်း။

ဖရဲသီးစားခြင်းစနစ်၏ အမြင်တွင် နဥ်ရွှီနှင့် စိတ်ထား ဖြူစင်သော ကျင့်ကြံသူတို့ကသာ တစ်ခုတည်းသော ဇာတ်ဆောင်များ ဖြစ်နေခဲ့၏။

တစ်ဖွဲ့လုံး ကျွန်း၏အစွန်းဘက်သို့ ပြေးလာခဲ့ပြီးနောက် နဥ်ရွှီ အလျင်စလိုဖြင့် မေးလိုက်သည်။

‘နတ်ဘုရားမနဲ့ ဝူမိသားစုခေါင်းဆောင် ဘယ်လိုနေလဲ။’

ဖရဲသီးစားသည့် စနစ်က ဖြည်းညင်းစွာ သတင်းပို့လာသည်။

[အသက်ရှင်ပါတယ်။ ဝူမိသားစုက လူငယ်တော်တော်များများ ချိသွားပေမဲ့ အသက်ဘေးကတော့ လွတ်သွားကြတယ်။ နင့်ရဲ့သတိပေးချက်ကြောင့်ပေါ့.. ဝူမိသားစုဘက်မှာ ဆုံးရှုံးမှုတွေ ကြုံလိုက်ရပေမဲ့ အကြီးကြီးတော့ မဟုတ်ပါဘူး။]

‘အသက်ရှင်နေတာနဲ့တင် လုံလောက်ပြီ။’

ထိုသို့ တွေးရင်း နဥ်ရွှီ အသက်ဝဝရှူသွင်းလိုက်သည်။

‘နတ်ဘုရားမရော ဒဏ်ရာရသွားလား။’

[တိုက်ခိုက်မှုမစသေးတဲ့ တစ်စက္ကန့်အလိုလေးမှာ သူက အချမ်းသာဆုံးလူရှေ့မှာ အကာအရံအနေနဲ့ ရပ်ပြီး တိုက်ခိုက်မှုရဲ့ စွမ်းအင်အများစုကို ပိတ်ဆို့ပေးထားခဲ့တာလေ။]

[စွမ်းအင်တချို့ကို ဝိညာဥ်လက်နက်က ချေမှုန်းခဲ့ပေမဲ့ တချို့ကတော့ သူ့ခန္ဓာကိုယ်ကို ထိသွားတယ်ရယ်။]

ထို့နောက် ဖရဲသီးစားသည့်စနစ်မှာ တခစ်ခစ် ထရယ်လေသည်။

[host သတင်းကောင်းတစ်ခု ရှိတယ်။]

‘ဘာသတင်းကောင်းလဲ’

ဖရဲသီးစားသည့်စနစ်လည်း ကမန်းကတန်းလေး ပြန်ဖြေလာသည်။

[ဟွာကျိုင်းက လူနည်းနည်းလည်း ဒီနေ့ပွဲကို လာကြတယ်။ သူတို့လည်း အကြီးအကျယ် ဆုံးရှုံးကုန်ပြီ။]

နဥ်ရွှီနှင့် ဟွာကျိုင်းသည် ဆက်ဆံရေး မပြေလည်သောကြောင့် ဟွာကျိုင်း၏ ကံဆိုးမှုမှာ ဖရဲသီးစားသည့် စနစ်အတွက်တော့ သတင်းကောင်းပင်။ နဥ်ရွှီ အခြားတစ်ခုခုကို မေးမည်အပြု အစ်ကိုဝက်သည် ဝိညာဉ်သားရဲအိတ်ထဲတွင် မငြိမ်မသက် ဖြစ်နေပြီး အပြင်ထွက်ရန် စိတ်အားထက်သန်နေသည်အား သတိပြုမိလိုက်လေသည်။

သူမ သူ့ကို နှစ်သိမ့်ပေးရန် ကြိုးစားကြည့်သော်လည်း မငြိမ်မသက် ဖြစ်နေဆဲမို့ ဝိညာဥ်သားရဲ အိတ်ထဲမှ လွှတ်ပေးလိုက်ရတော့သည်။ ယင်းအစ်ကိုဝက်သည် ဝိညာဥ်သားရဲအိတ်ထဲမှ ထွက်လာသည်နှင့် ဖျပ်ခနဲ ပျောက်ကွယ်သွားချေ၏။

ဤမျှ သွက်လက် ထက်မြက်သော အစ်ကိုဝက်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“အစ်ကိုဝက်…”

[ဘာမှမဖြစ်ဘူး အစ်ကိုဝက်က နတ်မိစ္ဆာရဲ့ မိစ္ဆာအမြုတေ အပိုင်းအစကို ပြေးစားတာ ဖြစ်နိုင်တယ်။]

နဥ်ရွှီခင်မျာ အစ်ကိုဝက်၏ အပြုအမူကြောင့် အံ့အားသင့်သွားရသည်။ သို့သော်လည်း သူမ တစ်စုံတစ်ခုအား ချက်ချင်း သဘောပေါက်သွားပေ၏။

‘နတ်မိစ္ဆာရဲ့ မိစ္ဆာအမြုတေ အပိုင်းအစက ဒီမှာရှိနေတာလား။’

‘အဲဒီမိစ္ဆာမျိုးနွယ်က အမြုတေ အပိုင်းအစအတွက် လာကြတာလား’

[ဖြစ်နိုင်တယ်။]

[အဲ့အပိုင်းအစက မိစ္ဆာတွေအတွက်လည်း ဆေးကောင်းပဲလေ။]

[အခုတော့ အစ်ကိုဝက် အသားယူသွားပြီ။]

နဥ်ရွှီနှင့် အခြားသူများမှာတော့ အရူးအမူး ထွက်ပြေးနေခဲ့ကြသည်။ ကျွန်း၏ အစွန်းနားသို့ ရောက်ခါနီးတွင် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ထအော်လိုက်လေ၏။

[အစ်ကိုဝက် အောင်မြင်သွားပြီ!]

[ငါတို့ရဲ့ အစ်ကိုဝက်လို့ကို မပြောရဘူး တော်တော်လေး ထူးချွန်တာပဲ။ ဟားဟား အစ်ကိုဝက်က အရမ်းမိုက်တယ်!]

[စကားမစပ်! Hostရေ အသက်ကယ် ရတနာမျိုးစုံကို ပြင်ဆင်ထားတော့။]

[တိုက်ကွက်အကြီးကြီး လာတော့မယ်။]

လူတိုင်း။ “....”

စနစ်ဆိုလိုချင်သည့် တိုက်ကွက်အကြီးကြီးမှာ အဆုံးစွန်သော လှုပ်ရှားမှုတစ်ခုလော။

‘မဟုတ်ချေ။ ဤသည်မှာ သူတို့၏ အသက်များကို ရိတ်သိမ်းမည့် တံစဥ်ကြီးသာ ဖြစ်ပေမည်။ သို့ဖြစ်လျှင် သူတို့၏ဘဝနှင့် ကံကြမ္မာအားလုံးသည် နဥ်ရွှီအပေါ်သာ မူတည်တော့သည်။

နဥ်ရွှီသည်လည်း ဖြစ်ပျက်နေသည်များကို ခပ်မြန်မြန်ပင် သဘောပေါက်သွား၏။

ထိုမိစ္ဆာအုပ်စုသည် နတ်မိစ္ဆာ၏ မိစ္ဆာအမြုတေကြောင့် ရောက်လာကြခြင်းပင်။ ယခုမူ ထိုအပိုင်းအစမှာ အစ်ကိုဝက်၏ဗိုက်ထဲ ရောက်နေချေပြီ။ သို့ပါသောကြောင့် ၌တိုက်ကွက်အကြီးကြီး၏ လှုပ်ရှားမှု စွမ်းအားသည် စိတ်ကူးယဉ်၍ပင် မရနိုင်လောက်တော့ပေ။

နဥ်ရွှီတစ်ယောက် တုံ့ဆိုင်းမနေတော့ဘဲ သိုလှောင်အိတ်ထဲမှ ရတနာများအားလုံးကို ထုတ်ယူလိုက်သည်။ ဤရတနာများမှာ ဝူမိသားစု၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်မှ စုဆောင်းရရှိထားသော ရတနာများ ဖြစ်၏။ ယနေ့တော့ ၎င်းတို့အားလုံးကို ထုတ်သုံးရတော့မည့် အခြေအနေကို ရောက်လာခဲ့ပြီပင်။

All Chapters