အခန်း ၈၇
Vol. 9 Ch. 87
အခန်း ၈၇
ထိုအချိန်တွင် ဒေါသတကြီး အော်သံက လီကျွန်းတစ်ခွင်သို့ ရုတ်ခြည်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
နာကြည်းမှုနှင့် ဒေါသစိတ်တို့ ပြည့်နှက်နေသော အနှီဟောက်သံသည် ကျွန်းကြီးတစ်ခုလုံးကိုပင် သိမ့်ခနဲ တုန်လှုပ်သွားစေခဲ့၏။
မျက်နှာဖြူဖျော့ဖျော့နှင့် ငိုချင်နေသော ဝူလုချန်မှ မေးလိုက်သည်။
“ခေါင်းဆောင် ငါတို့ ခဏနေဆို ဘေးကင်းလောက်လား။”
“ငါတို့ ကျွန်းကနေ ခဏနေလောက်ဆို ထွက်သွားနိုင်ပြီ!”
နဥ်ရွှီက ချက်ချင်း တုံ့ပြန်လိုက်သည်။
သူတို့သည် ကျွန်း၏အစွန်းနှင့် မဝေးတော့ပြီမို့ မကြာမီ လုံးဝ လွတ်မြောက်နိုင်တော့မည် ဖြစ်သည်။
ထိုစကားကို ကြားသော်လည်း ဝူလုချန်၏ အမူအရာမှာ သိပ်မတိုးတက်လာချေ။
သူ တကယ်တမ်း မေးချင်နေသည့်အရာမှ ‘မိစ္ဆာမျိုးနွယ် သူတို့အပေါ် ဖိအားဖြင့် ချိတ်ပိတ်ပြီး သူတို့ကိုလိုက်ရှာရန် လာနေပြီလား’ ဟူသည့် မေးခွန်းပင်။
ဤတန်ခိုးကြီးသော မိစ္ဆာ၏ အမျက်ဒေါသသံကို မည်သူမဆို ကြားလိုက်ရသည် မဟုတ်ပါလား။ ကံမကောင်းစွာဖြင့် သူကိုယ်တိုင် ဖွင့်မေးရန် မတတ်နိုင်ချေ။
မမေးချင်၍ မဟုတ်လေဘဲ မလုပ်နိုင်ခြင်းပင်။
ထိုအချိန်အထိ ဖရဲသီးစားသည့်စနစ်မှာ ငြီးတွားနေဆဲ ဖြစ်သည်။
[ခွေးလို ဟောင်နေတဲ့ အဘိုးကြီး!]
[ငါ သူ့ကို နည်းနည်းလောက် သင်ပေးချင်လိုက်တာ။]
[Host ငါနင့်ကိုယ်စား သူ့မျက်နှာကို အလွတ်ကျက်ပြီးပြီ။ ငါတို့တစ်နေ့ကျရင် သူ့ကို အပြတ်ရှင်းပစ်မယ်! ]
‘ရှင်းမယ်! ရှင်းကိုရှင်းရမယ်!’
အစ်ကိုဝက်သည် ကျားပါးစပ်ထဲမှ မိစ္ဆာအမြုတေ အပိုင်းအစကို လုယူနိုင်ခဲ့သည်။
၎င်း ထိုအပိုင်းအစကို ခိုးယူလိုက်သည့် အချိန်မှစ၍ နဥ်ရွှီနှင့် ဤမိစ္ဆာအုပ်စုသည် ကမ္ဘာမကြေရန်သူများ ဖြစ်သွားပြီပင်။
များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူမနှင့် ဤမိစ္ဆာအုပ်စုကြားတွင် သူသေကိုယ်သေ တိုက်ပွဲတစ်ခုကတော့ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်။
လီကျွန်းမှ ထွက်ခွာနေသည့်အခိုက် ဖရဲသီးစားခြင်းစနစ်မှာ ထူးဆန်းသော ရယ်သံကြီးအား ထုတ်ဖော်ပြရင်း အော်ဟစ်နေ၏။
[မိုက်တယ်! အရမ်းမိုက်တယ်!]
ကျွန်း၏ဧရိယာထဲမှ ထွက်ခွာသွားပြီးသည်နှင့် တစ်ပြိုင်နက် သူတို့အပေါ်တွင် ဖိနှိပ်ထားသော အရိပ်အယောင်များ ပျောက်ကွယ်သွားသဖြင့် လူတိုင်းလိုလို စိတ်ပေါ့ပါးသွားကြသည်။
နဥ်ရွှီ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။
‘ဘာတွေ အရမ်းမိုက်နေတာလဲ’
[လီမိသားစုက အသက်ရှင်ကျန်ရစ်နေတဲ့ ကျင့်ကြံသူတွေက အဲဒီမိစ္ဆာအုပ်စုနဲ့ တိုက်ခိုက်နေကြတာလေ။ တိုက်ပွဲက ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလိုပဲ။]
[အိုက်ယိုးယိုး အသက်ရှင်နေသေးတဲ့ တခြားလူတွေကလည်း လီမိသားစုနဲ့ ပူးပေါင်းလိုက်ပြီဟ! အခု အဲဒီအုပ်စုနှစ်စု ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီ။]
[တိုက်ထား! သူတို့ကို ကောင်းကောင်းလေး ရိုက်ပေးစမ်းပါ။]
နဥ်ရွှီ မအံ့သြချေ။
လီကျွန်းမှာ လီမိသားစု၏ နယ်မြေဖြစ်သည်။ ယနေ့ကဲ့သို့ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခုကြောင့် လီမိသားစုသည် သူတို့အတွက်တို့ မတိုက်ခိုက်မှသာ ထူးဆန်းနေပေလိမ့်မည်။ ကျင့်ကြံခြင်းလောကရှိ အချမ်းသာဆုံးသူသည် အလွန်အမင်း ပျက်စီးနိုင်သော စွမ်းအင်လှိုင်းနှစ်ခုကို ခံစားခဲ့ရပြီး မျိုးနွယ်စုဝင်များစွာကိုလည်း ဆုံးရှုံးခဲ့ရသည်။
သူလက်တုံ့ပြန်ခြင်း မပြုပါက မနက်ဖြန်တွင် သူရဲဘောကြောင်သူ အဖြစ် အပျက်သဘောဆောင်သည့် သတင်းများက ပျံ့နှံ့လာမည်ဖြစ်သည်။
လီမိသားစုဘက်က ပြန်လည်တိုက်ခိုက်စ ပြုလာချိန်မှစ၍ မိစ္ဆာမျိုးနွယ်များသည် သူမကိုရှာဖွေရန် အချိန်မရှိနိုင်တော့ပေ။ ဤသည်က သူမ ခေတ္တဘေးကင်းပြီ ဖြစ်ကြောင်း ဆိုလိုခြင်းပင်။
ရှန်ချီမောင်နှမသည် ပို့ဆောင်ခြင်းအစီအရင် သင်္ကေတတစ်ခုကို ထုတ်ယူကာ ဆိုလာ၏။
“တာအိုမိတ်ဆွေတို့ ဒီကနေ အရင်ထွက်ရအောင်။”
နဥ်ရွှီနှင့် အခြားလူများသည်လည်း သဘာဝကျကျ ကန့်ကွက်စရာ မရှိပေ။
သို့နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် နဥ်ရွှီနှင့် အဖွဲ့သည် မရင်းနှီးသော နေရာတစ်ခုကို ရောက်သွားခဲ့ကြ၏။
ထိုမှသာ ရှန်ချီမောင်နှမခင်မျာ သက်ပြင်းတစ်ချက်စီ ချနိုင်သွားခဲ့သည်။
ရှန်ချီဖုန်းက ပြုံး၍။ “ငါတို့ အခု လုံခြုံသွားပြီ။ တာအိုမိတ်ဆွေမှာ ဘာအစီအစဉ်ရှိလဲ ဒီမှာ အနားယူမှာလား ဒါမှမဟုတ်...”
နဥ်ရွှီ လက်နှစ်ဖက်ပိုက်လျက် ပြန်ဖြေလိုက်သည်။
“ကျွန်မတို့ ရှင်းထောင်မြို့တစ်ဝိုက်မှာ လျှောက်သွားရင်း ဝူမိသားစုရဲ့ အခြေအနေကို စစ်ဆေးဖို့ စီစဉ်ထားတယ်။”
ရှန်ချီဖုန်းသည် ရှင်းထောင်မြို့အနီး၌ မည်ကဲ့သို့ အထူးနေရာရှိသလဲ မမေးဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
“အဲဒါဆိုရင် ကျွန်တော်တို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့။”
ထို့နောက် သူသည် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်၏။
“ကျွန်တော်က ရှန်ချီဖုန်းပါ၊ ဒါက ကျွန်တော့်ညီမ ရှန်ချီသန်း။ ဒီနေ့အဖြစ်ကို အတူတူ ဖြတ်ကျော်ခဲ့ကြတာဆိုတော့
ကျွန်တော်တို့က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ညီအကိုတွေလို ဖြစ်သွားပြီမလား။”
နဥ်ရွှီသည် ရှန်ချီဖုန်း၏ တမင်တကာ မိတ်ဖွဲ့ချင်နေသည့် ကြိုးစားမှုကို ခံစားနိုင်လေသည်။
ရှန်ချီမောင်နှမသည် အဘယ်ကြောင့် ဤမျှ ဖော်ရွေစွာ ပြုမူနေကြသလဲ သူမ မသိသော်ငြားလည်း ကျင့်ကြံခြင်း လောကတွင်
သူငယ်ချင်းများ ပိုများလာခြင်းသည် ဘယ်သောအခါမှ မကောင်းသောအရာ မဟုတ်ပေ။
“ဖြစ်သွားပါပြီ။”
“ဒါဆို နောက်ပိုင်း မိတ်ဆွေ တစ်ခုခုလိုအပ်ရင် ကျွန်တော်တို့ကိုရှာဖို့ ရှန်ချီမျိုးနွယ်စုရဲ့ နယ်မြေကို လာလည်လို့ရပါတယ်!”
“ကောင်းပါပြီ။”
“ဒါဆို...” ရှန်ချီဖုန်း လက်သီးဆုပ်လျက် ဂါဝရပြုလိုက်ပြီး။ “ဒါဆို ကျွန်တော်တို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်လို့ မျှော်လင်ပါတယ်။”
နဥ်ရွှီလည်း လက်သီးလေးဆုပ်၍ ဂါဝရပြုလိုက်သည်။
“ရှင်တို့နှစ်ယောက်နဲ့လည်း တစ်နေ့နေ့မှာ ပြန်ဆုံချင်ပါတယ်။”
ရှန်ချီမောင်နှမ လှည့်ထွက်ခါနီးတွင် ဖရဲသီးစားခြင်း စနစ်သည် နဥ်ရွှီနှင့် အရည်ရွှမ်းသော ဖရဲသီးအား မျှဝေစားရန် မစောင့်နိုင်တော့ပေ။
[ရှန်ချီဖုန်းရဲ့ ညီအစ်ကိုကောင်းတွေက ဒီပြင်းထန်တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့သေးတယ်။]
[ငါတို့ ကူးပြောင်းလာတာ ဒီလောက်ကြာနေပြီ။ အမျိုးသမီးတွေကြောင့် ရန်ဖြစ်နေကြတဲ့ အမျိုးသားကျင့်ကြံသူတွေရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းတွေကို
မြင်တွေ့ရမယ့်အစား အရွယ်ရောက်ပြီးသား အမျိုးသားတစ်စုက အမျိုးသားတစ်ယောက်အတွက် အကြံအစည်တွေ ထုတ်နေတာကို မြင်နေရတယ်တဲ့။ ဟားဟားဟား]
နဥ်ရွှီသည် ရှန်ချီဖုန်း၏နောက်ကျောကို စိတ်ဝင်တစား ကြည့်ကာ စပ်စုစွာ မေးလိုက်လေ၏။
‘အသေးစိတ်ပြောပြပါလား’
ထိုအခါ ဖရဲသီးစားခြင်း စနစ်မှာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
[အဲဒီကိစ္စရဲ့ အဓိက အကြောင်းရင်းက ရှန်ချီဖုန်းရဲ့ ညီအစ်ကိုတစ်ယောက်က ရှန်ချီဖုန်းအတွက် အထူးပြင်ဆင်ထားတဲ့ ပစ္စည်းတစ်ခုကို မတော်တဆတွေ့လိုက်တာကနေ စတာပဲ။]
[အဲဒါက အဟွတ်အဟွတ်! ဘာနွေဦးဆိုလား ငါဘာကိုဆိုလိုတာလဲ နင် သိပါတယ်။]
[မိသွားတဲ့လူက တကယ် သည်းခံနိုင်ပါ့မလား မသိဘူး။]
[သူက ရှန်ချီဖုန်းကို နှစ်ပေါင်းများစွာ တိတ်တဆိတ် အကာအကွယ် ပေးထားတာလေ။
ရှန်ချီဖုန်းရဲ့ ခန္ဓာကိုယ်ကို သူ့အတွက် သန့်သန့်ပြန့်ပြန့် ချန်ထားတာကို တစ်ယောက်ယောက်က မြင်အောင် ကြည့်ချင်နေမှတော့...]
[သူ အခွင့်ကောင်းတောင် မယူရသေးဘူးလေ။]
ရှန်ချီဖုန်း။ “???”
[နောက်တော့ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရူးအမူး တိုက်ခိုက်နေကြတော့တာပဲ။]
[ဒီကိစ္စက သူတို့အဖွဲ့ကြားထဲ ဘယ်လို ရောက်သွားတာလဲတော့ မသိဘူး။】
[ရှန်ချီဖုန်းကို စိတ်ဝင်စားသူတိုင်း ဝင်ပါကုန်ရော။]
[နောက်ဆုံးတော့ ယောက်ျားကြီးတွေရဲ့ သဝန်တိုတိုက်ပွဲကြီး ဖြစ်နေကြပြီ]
နဥ်ရွှီခင်မျာ အနှီသတင်းကြောင့် အံ့သြသွားရှာသည်။
‘အဓိက ဇာတ်ကောင်ကတောင် အဲ့မှာ မရှိဘူးလေ။ သူတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီ ရှန်ချီဖုန်းသာ ပြန်ရောက်သွားရင် နေ့တိုင်း ဒုက္ခပေးနေကြမှာ မဟုတ်ဘူးလား’
ထိုအခါ ဖရဲသီးစားခြင်း စနစ်မှာ ပြောင်လှောင်ရယ်မောလေ၏။
[ဟမ့် ဒီရန်ပွဲက အရက်စက်ဆုံး တိုက်ခိုက်နိုင်သူကို ထုတ်ပေးလိုက်တာနဲ့ အကုန် အဆုံးသတ်သွားလိမ့်မယ်။]
[အရက်စက်ဆုံး တိုက်ခိုက်နိုင်တဲ့ ကုန်းက အစ်ကိုကြီးကို တခြားလူတွေ လိုချင်တပ်မက်မှာမျိုး ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။
သူ့ရဲ့ ပိုင်ဆိုင်မှုဇယားထဲကလည်း ထွက်ခွင့်ပြုမှာ မဟုတ်ဘူး။]
နဥ်ရွှီမှာ ၎င်းကိုကြားသည်နှင့် ရယ်ရခက်ငိုရခက် ဖြစ်သွားရသည်။
‘အစ်ကိုကြီး ဘာလို့ အရက်စက်ဆုံးကုန်း မဖြစ်ရတာလဲ။’
[အစ်ကိုကြီးက သာမန်အစ်ကိုကြီး တစ်ယောက်လို ထင်ရပေမဲ့ သူ့သူငယ်ချင်းတွေ အကုန်လုံးက မယုံနိုင်လောက်အောင်ကို သန်မာတယ်။]
[သူလား။ ကုန်း ဖြစ်ချင်ရင်တောင် မဖြစ်နိုင်ဘူး။]
ရှန်ချီဖုန်းခင်မျာ သူသည် ကုန်း မဖြစ်နိုင်ကြောင်း ပြောသံကြားလိုက်ရသဖြင့် ဆွံ့အသွားရှာသည်။
သူသည် ဖရဲသီးစားခြင်းစနစ်ကို သက်သေပြရန် အမှန်တကယ် ကုန်းဖြစ်ပြချင်သော်လည်း အဆင်မပြေနေခဲ့ချေ။
ထိုအခိုက် ရှန်ချီသန်းသည် သူမအစ်ကိုကို “ကံကောင်းလိုက်တာ” ဟူသော အမူအရာ လုပ်ပြလိုက်ပြီးနောက် အနည်းငယ် တောင့်တင်းနေသည့် ရှန်ချီဖုန်းကို ဆွဲထုတ်လာခဲ့လေတော့သည်။
သူတို့ထွက်သွားပြီးနောက် နဥ်ရွှီသည်လည်း နောက်ထပ် ခြေလှမ်းအသစ်များကို စတင်ရန် အမြန်စီစဉ်လိုက်သည်။
“ငါတစ်ယောက်ယောက်ကို ရှာရမယ်။ နင်တို့ငါ့ကို ရှင်းထောင်မြို့မှာ စောင့်လို့ရတယ်။ သူ့ကို ရှာတွေ့တာနဲ့ နင်တို့ကို လာတွေ့မယ်။”
နဥ်ရွှီသည် ကျင့်စဥ် ခိုးယူခံထားရသော လက်နက်သန့်စင်သည့် လက်မှုပညာရှင်အား သွားရှာမည်ဖြစ်ကြောင်း လူတိုင်း နားလည်ခဲ့ကြပြီးသားပင်။
ထို့ကြောင့် အပိုမေးခွန်းများ မမေးတော့ချေ။
နောက်ဆုံး၌ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူမှလွဲ၍ အားလုံး ရှင်းထောင်မြို့ဆီ ထွက်ခွာသွားကြလေသည်။
-
အနှီမိဘမဲ့ကို ကယ်တင်ရသည်က မခက်ခဲချေ။
နဥ်ရွှီသည် သူမ၏ တည်နေရာကို အားစိုက်ထုတ်ခြင်း မရှိဘဲ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်သန့်စင်သူ၏ ထောင်ချောက်များကို ဖယ်ရှားခဲ့သည်။
သူမကို တွေ့လိုက်သောအခါ တစ်ဖက်လူ၏ မျက်နှာမှာ သံသယနှင့် ကြောက်စိတ်များ ရုတ်ခြည်း ပေါ်လာတော့သည်။
“နင်…”
နဥ်ရွှီလည်း ဖော်ရွေပြီး အန္တရာယ်ကင်းပုံပေါက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေ၏။ သူမအရှေ့က ပန်းချီဆရာမှာ တော်တော်လေး ငယ်သေးသည်ပင်။
အနည်းဆုံးတော့ သူမထက် ငယ်လေသည်။
“အတိဒုက္ခတွေကို ကျော်လွှားနိုင်အောင် ကူညီပေးတဲ့ ဝိညာဥ်လက်နက်ကို နင်ဖန်တီးခဲ့တာလို့ ငါကြားတယ်။”
ထိုစကားကို ကြားသောအခါ လက်မှုပညာရှင်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာတို့ ပေါ်လာ၏။ သို့တင်မက စိတ်ခံစားမှုများ ဖြစ်သည့် ဝမ်းနည်းမှု၊ ဒေါသနှင့် အခြားအရာများကိုပါ ပြသလာခဲ့ပေသည်။
“ဘယ်လိုလုပ်သိတာလဲ။”
သူမ မေးလိုက်ပြီးနောက် ပြန်ဖြေလာသည့် အသံနှစ်သံကို တစ်ပြိုင်နက်တည်း ကြားလိုက်ရလေသည်။
“ငါ မတော်တဆ သိလိုက်တာ။”
[ဒီကျင့်ကြံခြင်း လောကမှာ ငါတို့မသိတာ ဘာတစ်ခုမှ မရှိဘူး။]
လက်မှုပညာရှင်။ “???”
အံ့သြမှုနှင့် မယုံကြည်နိုင်မှုတို့က သူမ၏မျက်လုံးထဲတွင် ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ တိုးဝင်လာရာ ၎င်းတို့အနက်မှ မေးခွန်းတစ်ခုကို ထုတ်မေးလိုက်၏။
“နင် ငါ့ကို ကယ်ဖို့ လာတာလား။”
“ဟုတ်တယ်။”
“ဒါဆို နင်ငါ့ကို ကယ်တင်ချင်တဲ့ ရည်ရွယ်ချက်က ဘာလဲ”
“လေလံရုံဖွင့်ဖို့ စီစဉ်နေတာ။ နင့်ရဲ့အရည်အချင်းတွေကို ငါ တန်ဖိုးထားတယ်။ နင့်ရဲ့အကူအညီကိုလည်း လိုချင်တယ်။”
ထိုအခါ ဖရဲသီးစားသည့်စနစ်မှာ မောက်မာစွာ ရယ်မောလေ၏။
[ရည်ရွယ်ချက်? ဟုတ်တယ် အဲဒါက ငါတို့ ငွေရှာဖို့ပဲပေါ့။ မင်းကို ငါတို့အတွက် အလုပ်လုပ်ဖို့ ခေါ်ထားမှာ။
ငါတို့ စဉ်ဆက်မပြတ် ၀င်ငွေရှာနိုင်အောင် ချမ်းသာလာအောင် ငွေစုမယ်။
အရူးလို ငွေရှာမယ် ကျင့်ကြံခြင်း လောကမှာ အမြန်ဆုံးနည်းနဲ့ အချမ်းသာဆုံး လူတွေ ဖြစ်လာအောင် လုပ်ကြစို့။ ပြီးရင် ဒီလောကမှာ လွတ်လွတ်လပ်လပ် ကျင်လည်ကြမယ်!]
ထိုစကားများကို နားထောင်ပြီးနောက် လက်မှုပညာရှင်ခင်မျာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမကို သိမ်းပိုက်ထားသူက ကျော်ကြားမှုနှင့် ချမ်းသာမှုကို လိုချင်သည်။
တစ်ဖက်လူသာ သူမကို ငွေရှာစေချင်လျှင် သူမအတွက် ခက်ခဲမည့်အလုပ်တော့ မဟုတ်ချေ။
“ကောင်းပြီ ငါနင့်ကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခုတော့ ရှိတယ်။”
နဥ်ရွှီ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
“ပြောကြည့်”
“အရင်ဦးဆုံး ငါ့ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကန့်သတ်မထားစေချင်ဘူး။”
နဥ်ရွှီ ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့ နင် လွတ်လွတ်လပ်လပ် နေရမှာပါ။ ဒါပေမဲ့ ငါ့အခွင့်အရေးတွေကို ကာကွယ်ဖို့၊ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ နင် သန့်စင်ထားတဲ့ ဝိညာဉ်လက်နက်တွေကို
တခြားသူတွေကို မရောင်းရဘူး။ နောက်ပိုင်း စာချုပ်ချုပ်ရမယ်။”
[ငါတို့က သင့်တင့်လျောက်ပတ်တဲ့ လူတွေပါ သူများတွေကို အကျဉ်းချတာမျိုးတွေ ဘယ်တော့မှ မလုပ်တတ်ဘူး။]
သို့မှသာ လက်မှုပညာရှင်လည်း စိတ်သက်သာရာ ရသွားတော့သည်။
“ကောင်းပြီ။”
နဥ်ရွှီ။ “ကျန်တာရှိသေးလား”
“ဒါ့အပြင် နင်ရောင်းတဲ့ ဝိညာဉ်လက်နက်တွေရဲ့ အမြတ်အစွန်းတချို့ကို မျှဝေပေးနိုင်မလား။”
“ဒါပေါ့! ငါ 70% ရရင် နင်က 30% ရမယ် ဘယ်လိုလဲ။”
နဥ်ရွှီသည် တိုက်ရိုက် ပြောပစ်လိုက်ရန် တွန့်ဆုတ်မနေချေ။ သို့သော်လည်း လက်မှုပညာရှင်မှာ ဤအရာတို့ကို နားမလည်ချေ။ အမြတ်အစွန်း ရလျှင် ကျေနပ်ပြီပင်။
သို့သော် ဖရဲသီးစားခြင်းစနစ်မှာတော့ အတော်လေး မကျေနပ်ပေ။
[host 10% က မကောင်းဘူးလား။ နင် ဘာလို့ သူ့ကို 30% ပေးတာလဲ။]
နဥ်ရွှီ။ “...”
ကောက်ကျစ်မှု၊ အကြင်နာကင်းမဲ့မှု၊ လိမ္မာပါးနပ်သည့် စီးပွားရေးသမား ဆိုလျှင် ဖရဲသီးစားခြင်းစနစ်ကိုသာ လက်ညှိုးထိုးပြရလိမ့်မည်။