← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

နဥ်ရွှီသည် သူမရှေ့ရှိ လက်မှုပညာရှင် ကလေးမကို ကြည့်ကာ မေးလိုက်၏။

“နင့်နာမည် ဘယ်လိုခေါ်လဲ”

“ငါက မိဘမဲ့ကလေးတွေထဲမှာ နံပါတ် ၁၆၇ ပါ။ အရင်ကတော့ အားလုံးက ငါ့ကို ရီးလျို့ချီးလို့ ခေါ်ကြတယ်”

(TN – 167 ရဲ့ အသံထွက်ပါ)

ထိုစကားကို ကြားသောအခါ ဖရဲသီးစားသည့်စနစ်မှာ ရုတ်ခြည်း မှတ်ချက်တစ်သီးတစ်တန်းကြီး ပေးလေတော့သည်။

[သောက်ကျိုးနည်း! ဒီအဘိုးကြီးကတော့... သူ တကယ်ကြီး အိုးမဲ့အိမ်မဲ့ မိဘမဲ့ကလေးတွေ အများကြီးကို ခေါ်ထားတာပဲ။]

[သူ ပိုက်ကွန်ကို အကျယ်ကြီး ပစ်ထားတာ မဟုတ်ဘူးလား။]

[ပိုက်ကွန်ထဲမှာ ငါးတွေ အများကြီးဖမ်းမိထားတာပဲ။ ဒါပေမဲ့ နည်းနည်းပဲ ခုန်ထွက်လာနိုင်တယ်။]

[ထွီး ထွီး ထွီး ထွီး!]

ထွက်ပေါ်လာသည့်အတိုင်း ဤမိဘမဲ့ကလေးများ ကြားတွင် အရည်အချင်း အတော်အတန်ရှိသူအချို့ ရှိသော်လည်း ကံမကောင်းစွာဖြင့်

ထိုပါရမီများ အားလုံးသည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများအတွက်သာ အကျိုးပြုခဲ့ရှာသည်။

၎င်းသည် လျှာကို အကြိမ်အနည်းငယ် စုတ်သပ်လိုက်ပြီးနောက် နဥ်ရွှီအား တိတ်တဆိတ် မေးလိုက်သည်။

[host အခြားသူရဲ့ ပညာကို ခိုးယူခဲ့တဲ့ အဲ့အဘိုးကြီးရဲ့ ကံကြမ္မာကို သိချင်လား။]

ထိုလက်မှုပညာရှင်၏ ကျင့်ကြံမှုမှာ မမြင့်မားပေ။ မိစ္ဆာမျိုးနွယ်သည် ၎င်းတို့၏ ပထမလှိုင်းကို စတင်တိုက်ခိုက်သောအခါတွင်

သူသည် သတိလွန်ကာ ဒဏ်ရာရသွားနိုင်ဖွယ်ရှိသည်။

‘သူသေရင်သေ မသေရင်တောင် မသေမရှင် ဖြစ်နေလောက်ပြီ။’

ဖရဲသီးစားသည့်စနစ်မှာ တဟားဟား အော်ရယ်လေသည်။

[ဟုတ်မှဟုတ်ပဲ! မသေမရှင်နဲ့ တစ်ပိုင်းသေတော့မှာ!]

[အတိအကျ ပြောရရင် အဲဒီလူတွေက အတိဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်တဲ့ ဝိညာဥ်လက်နက်ကို သူ သန့်စင်ခဲ့တယ်လို့ ထင်နေကြတာ။]

[အဲဒါကြောင့် ဒုတိယအကြိမ် တိုက်ခိုက်မှုလှိုင်း ရောက်လာတော့ သူတို့က သူ့ကို ပြင်းပြင်းထန်ထန် အကာအကွယ် ပေးခဲ့ကြတာ။ သူ လုံးဝ ထိခိုက်မသွားဘူး။]

[ကျစ် ကျစ်! သူ လွယ်လွယ်နဲ့ အသာစီးရသွားတာပဲ။]

‘သူခိုးဆိုတာ အနှေးနဲ့အမြန်တော့ ပေါ်လာလိမ့်မယ်။’

နဥ်ရွှီသည် ရီးလျို့ချီးကို ကယ်တင်လိုက်ပြီ ဖြစ်သောကြောင့် နောက်ထပ် ဝိညာဥ်လက်နက်များ ပေါ်လာလိမ့်မည်။

ထိုအခါ ယင်းဝိညာဥ်လက်နက်၏ လက်မှုပညာသည် အခြားသူတစ်ဦး ဖြစ်ကြောင်း ထက်မြက်သော လူတိုင်း သဘာဝအတိုင်း သိကြပေလိမ့်မည်။

-

ရှင်းထောင်မြို့ရှိ ဝူမိသားစုသို့ ပြန်လာသောအခါ ဝူလုချန်သည် တံခါးဝ၌ အသင့်စောင့်နေကာ ရောက်လာသည်နှင့်

၎င်းတို့အား ကြိုဆိုရန် စိတ်အားထက်သန်စွာ ပြေးထွက်လာခဲ့သည်။

“ခေါင်းဆောင်!”

ချင်းကျိုရှန်း၊ ချင်ရစ်လော့၊ ဝူမိသားစုခေါင်းဆောင်နှင့် အခြားသူများပင် သူမကို လာနှုတ်ဆက်ရန် အနီးကပ် လိုက်လာကြလေသည်။

ထိုအခိုက် နဥ်ရွှီသည် အဖွဲ့ကြားတွင် မရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ထိုလူမှာ မယုံနိုင်လောက်အောင် စိတ်အားထက်သန်နေပြီး သူမကို ခေါင်းဆောင်ဟုပင် ခေါ်နေသေး၏။

သူမ အနည်းငယ် ပဟေဠိဖြစ်ခဲ့သည်။

“နင်က ဘယ်သူလဲ”

“ခေါင်းဆောင်... ငါ ချီအာ့လေ!”

[သူက ချီအာ့!]

ချီအာ့နှင့် ဖရဲသီးစားသည့်စနစ်တို့၏ အဖြေများမှာ တစ်ပြိုင်နက်နီးပါး ထွက်ပေါ်လာခဲ့သည်။

လုံးဝ မရင်းနှီးသော ဤမျက်နှာကို မြင်လိုက်ရသောအခါ နဥ်ရွှီခင်မျာ မထိန်းနိုင်ဘဲ မေးခွန်းထုတ်လိုက်လေ၏။

“နင်... အလှပြုပြင်ဆေး သောက်ထားပြီလား။”

သူ၏ ပြောင်းလဲလာသော မျက်နှာသည် ယခင်ချီအာ့နှင့် အနည်းငယ်မျှပင် ဆင်တူနေခြင်း မရှိတော့ပေ။

နဥ်ရွှီ၏ တအံတသြ အမူအရာကြောင့် ချီအာ့မှာ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ချေ၏။

“ဟုတ်တယ်။”

ဖရဲသီးစားသည့် စနစ်သည် သူ၏ပုံပန်းသဏ္ဌာန်မှာ ရုပ်ဆိုးကြောင်း၊ ဇနီးသည်အတွက် ကံဆိုးမှုနှင့် ငွေရေးကြေးရေး ဆုံးရှုံးမှုများကို ယူဆောင်လာနိုင်ကြောင်း ပြောပြခဲ့ဖူးသည်။

တာအိုအဖော် ရှာမတွေ့သောကြောင့် ယခုလောလောဆယ်မှာ ဇနီးသည်အပေါ် ထိခိုက်စေမည့်အချက်က အရေးမကြီးသေးချေ။

သို့သော်လည်း ငွေကြေးဆုံးရှုံးမည် ဟူသည့် အချက်ကိုတော့ သူတကယ် လက်မခံနိုင်ပေ။ အကြိမ်ကြိမ် ချီတုံချတုံ ဖြစ်ပြီးနောက်

အလှပြုပြင်ဆေး သောက်ရန် ရွေးချယ်ခဲ့တော့သည်။

ဖရဲသီးစားသည့် စနစ်သည် အူလှိုက်သည်းလှိုက် ရယ်မောကာ နဥ်ရွှီအတွက် ချီအာ့၏ အတိတ်ကို အရူးအမူး တူးဆွနေလေသည်။

[host ချီအာ့က အဲဒီအဆင့်မြင့် အလှပြုပြင်ဆေးကို ဝယ်ဖို့ သူ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေအားလုံးကို သုံးစွဲခဲ့တာ။]

[သူ အခုအချိန်မှာ တကယ်မွဲနေပြီ၊ သူ့အိတ်တွေဆို အသက်မရှိသလို ခြောက်ကပ်နေတာပဲ။]

[သူ့မိသားစုရဲ့ လေလံအိမ်ကို ဘယ်သူမှ မဝယ်ရသေးဘူး။]

[host ဒီတစ်ခါတော့ သူ့ဘာသာ ငါတို့ဆီလာဖို့ စလိုက်တာဆိုတော့ နင့်ကို ယူစေချင်တာ ဖြစ်နိုင်တယ်။

သူ ဉာဏ်ကောင်းပြီး သူ့လေလံအိမ်ကို ငါတို့ဆီ လွှဲပြောင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်လေ အဲ့လိုသာဆို ငါတို့ တစ်ပြားတစ်ချပ်မှ ဖြုန်းတီးစရာ မလိုတော့ဘူး။]

ဖရဲသီးစားသည့် စနစ်ဘက်မှ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချီအာ့တစ်ယောက် ချက်ချင်း ပြောလာတော့သည်။

“ခေါင်းဆောင် ထျန်းယာလျှို့ဝှက်နယ်မြေမှာ ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ မိသားစုရဲ့ လေလံအိမ်ကို မင်းကိုပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ!”

နဥ်ရွှီ အံ့အားသင့်သွားရသည်။ သူမ တစ်ခုခုပြောမည်အပြု ချီအာ့က ခပ်မြန်မြန်ပင် စကားဆက်လိုက်၏။

“ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာလေးတော့ ရှိတယ်!”

နဥ်ရွှီသည် ဝူမိသားစုခေါင်းဆောင်၏ အချက်ပြရာအတိုင်း ဝူမိသားစုခြံထဲသို့ ဝင်သွားရင်း သူမအနားရှိ ချီအာ့ကို မေးလိုက်သည်။

“ဘာတောင်းဆိုချင်တာလဲ ငါ့ကိုပြောပါ။”

ချီအာ့၏ မျက်နှာမှာ နေအလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ တောက်ပလာချေ၏။

“ငါ မင်းအတွက် အလုပ်လုပ်ချင်လို့ပါ။ ငါက ငါ့မိသားစုရဲ့ လေလံအိမ်မှာ လည်ပတ်တဲ့ အလုပ်အကြောင်း နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိပြီးသားလေ

ငါက ဒီနယ်ပယ်မှာ လူသစ်မဟုတ်ဘူး။ နင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးကို ခွဲဝေပေးနိုင်တဲ့ တာဝန်ခံတစ်ယောက် ဖြစ်နိုင်ပါတယ်။

လစဉ်လစာက ပုံမှန်လိုပါပဲ။ ခေါင်းဆောင် ဘယ်လိုထင်လဲ”

နဥ်ရွှီ အနည်းငယ် ပြုံးလိုက်သည်။ မန်နေဂျာတစ်ယောက်၏ နေရာကို ဤကဲ့သို့ ကမ်းလှမ်းလာပြီ ဖြစ်ရာ အဘယ်ကြောင့် မယူရမည်နည်း။

“ငါ့အထင်တော့ ရလောက်တယ်”

သူမ တစ်ခါတည်း အဖြေပေးလိုက်လေသည်။

နဥ်ရွှီသည် စီးပွားရေးကိစ္စများကို နားမလည်သော်လည်း ဝူမိသားစုခေါင်းဆောင်ကတော့ နားလည်သူပင်။

သို့ဖြင့် ဝူမိသားစုအကြီးအကဲ၏ အကူအညီ၊ သက်သေနှင့်အတူ ချီအာ့နှင့် နဥ်ရွှီသည် စီးပွားရေးစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပေသည်။

နဥ်ရွှီသည် နောက်ဆုံးစာချုပ်တွင် သူမ၏လက်မှတ်ကို ရေးထိုးလိုက်သည့် အခိုက်တွင် သူမသည် အသစ်ခန့်အပ်ထားသော လေလံအိမ်ပိုင်ရှင် ဖြစ်လာခဲ့ချေတော့သည်။

ထိုအခိုက် သူမ၏ အဖော်များမှာ ချက်ချင်းဆိုသလို ဂုဏ်ပြုစကား ဆိုလာကြ၏။

“ဂုဏ်ယူပါတယ် ခေါင်းဆောင်!”

“ဂုဏ်ယူပါတယ် ခေါင်းဆောင်!”

တစ်ဆက်တည်း၌ပင် ဖရဲသီးစားသည့် စနစ်၏ မောက်မာလှသော ရယ်မောသံမှာ လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

[ဟားဟားဟား နောက်ဆုံးတော့ ငါ့hostက ကြီးပွားချမ်းသာမယ့် လမ်းစကို စတင်တော့မယ်။]

[လီမိသားစုကတော့ ပြီးသွားပြီ။ ငါတို့ကမှ တကယ့် ထွန်းသစ်စကြယ်ပွင့်တွေပဲ။]

[ဒါက ကျစ်ဝေးကြယ်နော်။ နောက်ဆို ကျင့်ကြံခြင်း လောကမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတော့မှာ။]

နဥ်ရွှီ။ “...”

နဥ်ရွှီမှာ အရှက်ပြေ ချောင်းဟမ့်လိုက်ပြီး ရီးလျို့ချီးကို သူမ၏အဖော်များနှင့် မိတ်ဆက်ပေးလိုက်သည်။

ဤလက်မှုပညာရှင်လေးမှာ လူမှုရေးလိပ်ပြာ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေနှင့် သူမသည် အလွန်ပင် တိတ်ဆိတ်နေပြီး

ဝူမိသားစုသို့ ရောက်ကတည်းက စကားတစ်လုံးမျှ မပြောခဲ့ချေ။

နဥ်ရွှီ။ “ငါ ရီးလျို့ချီးနဲ့လည်း စာချုပ်ချုပ်မယ်။ ရင်းနှီးတဲ့ ညီအစ်ကိုတွေက အသိသက်သေအဖြစ် လုပ်ပေးပေါ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တယ်။”

အခြားသူများသည် သူမပြောသမျှကို သဘာဝအတိုင်း သဘောတူခဲ့ကြသည်။

နောက်ဆုံးတွင် ဝူမိသားစုခေါင်းဆောင်သည် နဥ်ရွှီအတွက် သူမ၏တောင်းဆိုမှုများအပေါ်အခြေခံ၍ စာချုပ်အသစ်တစ်စောင် ရေးပေးခဲ့သည်။

စာချုပ်ကို ချုပ်ဆိုပြီးမှသာ နဥ်ရွှီတစ်ယောက် သက်ပြင်းချနိုင်ခဲ့၏။ ထိုစဥ် ဖရဲသီးစားသည့်စနစ်က အော်ဟစ်လာသည်။

[ထိပ်တန်း ဖျော်ဖြေတင်ဆက်သူကို ထုတ်ပြဖို့ အချိန်တန်ပါပြီ။]

[ဝမ့်ရှင်းဂိုဏ်းက ကောင်းပေမဲ့ သူ့အတွက်ကျတော့ မသင့်တော်ပြန်ဘူး။]

[လေလံအိမ်မှာ ထားလိုက်တာက ပိုအသုံးတည့်နိုင်တယ်။]

နဥ်ရွှီသည်လည်း အနှီထိပ်တန်း ဖျော်ဖြေတင်ဆက်သူကို အမြဲလိုလို သတိရနေခဲ့သည်ပင်။

‘ဒါကိုတော့ နောက်မှ အကြီးအကဲဝူနဲ့ ပြောလိုက်မယ်။’

၎င်းမှာ ကိုယ်ရေးကိုယ်တာ တောင်းဆိုမှုတစ်ခုသာ ဖြစ်ပေ၏။ ဝမ့်ရှင်းဂိုဏ်းသည် ဂိုဏ်းအတွက် သူမ၏ ပံ့ပိုးကူညီမှုများကို ထည့်သွင်းစဥ်းစားကာ

သူမ၏ တောင်းဆိုမှုလေးကို မငြင်းဆိုလောက်ချေ။

ထို့နောက် နဥ်ရွှီသည် ဖရဲသီးစားသည့်စနစ်အား မေးလိုက်သည်။

‘သူတို့ ငါဂိုဏ်းကို တင်ပြထားတဲ့ ကျင့်ကြံနည်းကို စပြီးသုံးနေကြပြီလား’

ဖရဲသီးစားသည့်စနစ်လည်း မဆိုင်းမတွပင် ပြန်ပြောပေသည်။

[သုံးတာပေါ့ သူတို့ သုံးနေပြီ။ ငါတို့သာမရှိရင် ဒီလို ကောင်းမွန်တဲ့ ကျင့်ကြံနည်းစနစ်တွေကို သူတို့တစ်သက်လုံး ထိဖို့မပြောနဲ့ သုံးလို့တောင် ရမှာ မဟုတ်ဘူး။

နင် သူတို့ကို တင်ပြပြီးတာနဲ့ သူတို့ရဲ့ ဝင်ခွင့်အဆင့် တပည့်တွေအတွက် ကျင့်ကြံနည်းစနစ်ကို ငါတို့ဟာနဲ့ ချက်ချင်း အစားထိုးပစ်လိုက်တာ။]”

ဖရဲသီးစားသည့်စနစ်က အားပါးတရ ရယ်မောလိုက်ပြီး။ [ဂိုဏ်းရဲ့ ဘက်ပေါင်းစုံ အင်အားက သိသိသာသာ တိုးတက်လာတယ်။]

နဥ်ရွှီလည်း ဤတော့မှ စိတ်သက်သာရာ ရသွားတော့သည်။ ဂိုဏ်း၏ ဘက်ပေါင်းစုံအင်အား ကြံ့ခိုင်လာမှုမှာ အမှန်တကယ် သတင်းကောင်း တစ်ခုပင်။

အခွင့်အလမ်း ပေါ်လာသောအခါတွင် ပိုမိုအဆင့်မြင့်သော ကျင့်ကြံနည်းစနစ်အချို့ကို တင်သွင်းပေးရမည်။

လေလံပွဲအကြောင်း ဆွေးနွေးပြီးနောက် နဥ်ရွှီသည် လီကျွန်းရှိ အဖြစ်အပျက်များအကြောင်း ဝူမိသားစုခေါင်းဆောင်နှင့် စကားပြောခဲ့သည်။

ဝူမိသားစုခေါင်းဆောင်။ “တာအိုနဥ် အဲဒီတုန်းက မင်းသတိပေးလို့ ကျေးဇူးပါပဲ မဟုတ်ရင် ငါတို့မိသားစု...”

အဆုံးသတ် စကားကိုတော့ ဝူမိသားစုခေါင်းဆောင်ခင်မျာ မဆိုနိုင်ခဲ့ချေ။ အသက်အရွယ် ကြီးရင့်လာသော်လည်း

သူသည် မျက်လုံးထဲ အိုင်လာသော မျက်ရည်များကို မထိန်းနိုင်ဘဲ ခံစားချက်အပြည့်နှင့် ပြောခဲ့လေသည်။

လီရှန့်သည် ဝံပုလွေကို အိမ်ထဲခေါ်သွင်းမိသောကြောင့် သူ့ကိုယ်သူရော အခြားသူများကိုပါ ထိခိုက်နစ်နာစေခဲ့သည်။

တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သော လီမိသားစုသည် ယခုအချိန်တွင် ယင်းပြဿနာကြောင့် တိမ်မြုပ်သွားနိုင်ဖွယ် ရှိပေ၏။

စကားစမြည် ပြောပြီးနောက် ဝုမိသားစုခေါင်းဆောင်က သိုလှောင်အိတ်နှစ်လုံးကို ထုတ်လိုက်လေသည်။

“တာအိုနဥ် ဒီအိတ်နှစ်လုံးက လီကျွန်းမှာ မင်းရဲ့သတိပေးချက်အတွက် ကျေးဇူးတင်လက်ဆောင်လေး တစ်ခုပါ။ တစ်ခုက ငါ့ဟာ နောက်တစ်ခုက နတ်ဘုရားမရဲ့ လက်ဆောင်ပါ။”

“လီမိသားစုနဲ့ ပတ်သက်တဲ့ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခုကြောင့် နောက်ဆက်တွဲတွေ ရှင်းဖို့ သူမက လီကျွန်းမှာ နေခဲ့ရတယ်။

လက်ဆောင်ကို မင်းဆီ ကိုယ်တိုင်ကိုယ်ကျ မပေးပို့နိုင်ခဲ့ဘူး။ အဲဒါကြောင့် ငါက သူ့ကိုယ်စား ယူလာပေးတာပါ”

“ဒီတစ်ကြိမ်မှာတော့ လီမိသားစုကို ကျေးဇူးတင်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ လီမိသားစုခေါင်းဆောင် မပျောက်ကွယ်သေးတာပဲ။

သူနဲ့အတူဆို လီမိသားစုက နောက်တစ်ကြိမ် ပြန်ထလာဖို့ မျှော်လင့်ချက်ရှိပါသေးတယ်။”

သူ စကားဆုံးသော် ဖရဲသီးစားသည့်စနစ်မှာ ဘေးမှ မှတ်ချက် ဝင်ပေးလေသည်။

[အရေးကြီးတဲ့ အချိန်တွေမှာဆို လီမိသားစုရဲ့ တိုက်ရိုက် သားစဉ်မြေးဆက်တွေထဲက တစ်ယောက်မှ သူ့ရဲ့ မြေးမလေးလောက်တောင် စိတ်မချရပါဘူးဟာ။]

[ပထမလှိုင်းမှာ နတ်ဘုရားမသာ လီမိသားစုခေါင်းဆောင်ကို ပြင်းထန်တဲ့ ထိုးနှက်မှုကနေ မကာကွယ်နိုင်ခဲ့ဘူးဆိုရင်

အဲ့အဘိုးကြီး အသက်ရှင်နေသေးမလားတောင် မသေချာဘူး။ နတ်ဘုရားမက သူ့အဘိုးကို ကယ်တင်ဖို့ အန္တရာယ်ကို ဝင်ကာနေတဲ့အချိန်

အဲဒီတိုက်ရိုက်သားမြေးတွေက ကိုယ်ကိုယ့်ကိုယ် ကာကွယ်ဖို့ပဲ ဗျာများနေကြတာ။]

[ဒါပေမဲ့ host ငါတို့ရဲ့ရတနာက အစောပိုင်းတုန်းက သုံးလို့ကုန်သွားပြီ.. အခု သူတို့က ငါတို့ကို အသစ်ပို့ပေးလာပြီဆိုတော့ မဆိုးဘူး မဆိုးဘူး!]

[ဝူမိသားစုခေါင်းဆောင်ဖြစ်ဖြစ် နတ်ဘုရားမဖြစ်ဖြစ် နှစ်ယောက်စလုံး အရမ်း ဉာဏ်ကောင်းကြသားပဲ။]

[သူတို့ကို ငါတို့ကူညီခဲ့တာ အလကားတော့ ဖြစ်မသွားဘူး!]

[အနာဂတ်မှာ သူတို့ကို ဆက်ကူညီပေးကြတာပေါ့။]

ထိုသို့ ကြားသောအခါ ဝူမိသားစုခေါင်းဆောင်မှာ ကျေနပ်စွာ ပြုံးလိုက်လေသည်။

ဤထူးခြားသော သတ္တဝါသည် ကမ္ဘာနှင့် လုံးဝ ကင်းကွာနေပုံရသော်လည်း ၎င်း၌ နွေးထွေးမှုတစ်ခု ရှိနေသေး၏။

နဥ်ရွှီနှင့် အချိန်အတော်ကြာ စကားစမြည် ပြောပြီးနောက် သူတို့အဖွဲ့အား ကိုယ်ပိုင်အချိန်လေး ပေးခဲ့လိုက်သည်။

သူသည် နောက်ဖေးခြံတွင် မီးလောင်နေသည်အား မမြင်စေချင်သောကြောင့် ဤနေရာတွင် စကားများနေ၍ မဖြစ်ချေ။

သူ၏ မယားငယ်နှစ်ယောက်ကို အချိန်ပေးရန်အလိုငှာ အမြန်ပြန်ရန် လိုနေသည်။

သို့သော်လည်း မကြာခင်က ယူထားသည့် မယားငယ်နှစ်ယောက်အနက် တစ်ယောက်မှာ ယောက်ျားတစ်ယောက် ဖြစ်နေမည်ဟု မည်သူ ထင်လိမ့်မည်နည်း။

ထို့အပြင် ဤလူသည် အခြားမယားငယ်၏ ငယ်ချစ်သူလည်း ဖြစ်နေသေးသည်။

ဤသည်မှာ သူတို့အား သူ၏ အိမ်နောက်ဖေးတွင် ‘ဘာရှိနေသလဲ’ ထင်သွားစေလောက်၏။

ဝူမိသားစု ဘိုးဘေး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချင်ရစ်လော့နှင့် အခြားလူများက သူမကို ဝိုင်းလာကြတော့သည်။

“ခေါင်းဆောင် ငါတို့ဂိုဏ်းနဲ့ ဝေးနေတာ တစ်လနီးပါးရှိနေပြီ။ ငါတို့ ဘယ်တော့ကြပြန်မလဲ။”

“ဟုတ်တယ် ခေါင်းဆောင် ငါတို့ရဲ့ အိမ်ပြန်ခွင့်ရက်ကလည်း ကုန်တော့မယ်။”

နဥ်ရွှီ။ “အကြီးအကဲတွေ ငါတို့ကို တိုက်တွန်းနေပြီလား။”

ချင်ရစ်လော့ ခေါင်းကုတ်လိုက်ပြီး။ “အဲ့လိုလည်း မဟုတ်ဘူး။”

ဂိုဏ်းဟူသည့် သူ့အတွက် အိမ်ကဲ့သို့နှယ် ခံစားရလေသည်။ ဂိုဏ်းနှင့် အကြာကြီး ဝေးကွာသွားပြီးနောက် မလွမ်းဆွတ်ရန်ပင် ခက်၍နေ၏။

နဥ်ရွှီ ခဏလောက် စဉ်းစားပြီးမှ ဖြေလိုက်သည်။

“ငါ အဆုံးမဲ့ပင်လယ်ကို သွားပြီး လေ့ကျင့်ဖို့ စီစဉ်ထားတယ်။ ဂိုဏ်းကို ခဏလောက်တော့ ပြန်မလာဖြစ်လောက်သေးဘူး။”

လူတိုင်း အံ့ဩသွားကြသည်။

‘ဘာ?!’

‘ခေါင်းဆောင်က တကယ် အဆုံးမဲ့ပင်လယ်ထဲကို သွားမလို့လား။’

အဆုံးမဲ့ပင်လယ်သည် ကျင့်ကြံခြင်း လောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အန္တရာယ်ရှိ နေရာတစ်ခု ဖြစ်ကြောင်း သိထားရမည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာတွင်သာ သေကြေပျက်စီးခဲ့ရသည်။

နဥ်ရွှီ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ အဆုံးမဲ့ပင်လယ်သို့ သွားခြင်းသည် အလွန်အန္တရာယ်များလိမ့်မည် မဟုတ်ပေလော။

အဆုံးမဲ့ပင်လယ်ကို သွားမည့် စိတ်ကူးမှာ နဥ်ရွှီနှင့် ဖရဲသီးစားသည့်စနစ် ဆွေးနွေးဖူးသည့် ကိစ္စတစ်ခုပင်။

ဖရဲသီးစားသည့် စနစ်၏ အဆိုအရ တတိယ မိစ္ဆာအမြုတေ၏ အစိတ်အပိုင်းမှာ အဆုံးမဲ့ပင်လယ်ထဲတွင် ရှိနေသည်။

အစ်ကိုဝက် ဒုတိယ မိစ္ဆာအမြုတေ အပိုင်းအစကို ချေဖျက်ပြီးသည်နှင့် သူမသည် သူမ၏အမြုတေကို တိုက်ရိုက် ဖွဲ့စည်းနိုင်ပြီဖြစ်၏။

သို့ရာတွင် အစ်ကိုဝက်ထံမှတစ်ဆင့် ရရှိသော ကျင့်ကြံမှုသည် နောက်ဆုံးတွင်တော့ အပေါ်ယံမျှသာ ဖြစ်ပေသည်။

ဤကျင့်ကြံမှုကို အမှန်တကယ် အကောင်အထည်ဖော်ရန်မှာ သူမကိုယ်တိုင် စဉ်ဆက်မပြတ် လေ့ကျင့်နေရန် လိုအပ်လေသည်။

ထို့အပြင် အဆုံးမဲ့ပင်လယ်ထဲ၌ ရတနာများနှင့် ပြည့်နေသည်။

ဖရဲသီးစားသည့် စနစ်သည် ယခင်က ရတနာ အမဲလိုက်မည့်အကြောင်း ပြောပြခဲ့ဖူး၏။

သူမသည် အဆုံးမဲ့ပင်လယ်၏ အစွန်အဖျားတွင် ပထမဆုံးလေ့ကျင့်ရန် စီစဉ်ထားပြီး အမြုတေကို ဖွဲ့စည်းပြီးသည်နှင့် ရတနာအမဲလိုက်ရန် သွားနိုင်ပြီ။

[အားဝူး..... ချစ်ရတဲ့ ရတနာလေးရော ငါတို့မကြာခင် လာတော့မယ်!!!]

All Chapters