အခန်း ၈၉
Vol. 9 Ch. 89
အခန်း ၈၉
ချင်းကျိုရှန်းမှာ နဥ်ရွှီကိုကြည့်ကာ အံသြစွာဖြင့် မေးလိုက်လေသည်။
“မင်း အဲဒီအဆုံးမဲ့ပင်လယ်ကို သွားကြည့်ဖို့ လုံးဝ လိုအပ်လို့လား။”
နဥ်ရွှီ မဆိုင်းမတွပင် ပြန်ဖြေသည်။
“အင်း။”
ထိုအခိုက် ဝူလုချန်၏ မျက်လုံးတို့မှာ ရုတ်ခြည်းဆိုသလို တောက်ပလာတော့၏။
“ခေါင်းဆောင် ဒါဆို ငါတို့ ဘာလို့ အတူတူ မသွားကြတာလဲ။”
နဥ်ရွှီ ခေါင်းခါလိုက်ပြီး။ “မဖြစ်ဘူး အဆုံးမဲ့ပင်လယ်က အရမ်းအန္တရာယ် များတယ်။ နင်တို့ရဲ့လုံခြုံရေးကို ငါ အာမမခံနိုင်ဘူး။”
ဝူလုချန် အလျင်စလို ပြန်ဖြေလေသည်။
“ရပါတယ် ခေါင်းဆောင်... ငါတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။”
ဤသို့ ပြောလိုက်သော်ငြားလည်း သူတို့အမှန်တကယ် အန္တရာယ်ကြုံခဲ့ရလျှင် သူတို့ကိုယ်သူတို့ပင် ကာကွယ်နိုင်မည် မဟုတ်ကြောင်း လူတိုင်းလိုလို သဘောပေါက်ကြပါ၏။ သို့ဖြစ်လာလျှင် သူတို့သည် နဥ်ရွှီအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်သည်။
နဥ်ရွှီ။ “စိတ်မပူပါနဲ့ ငါ အဆုံးမဲ့ပင်လယ်ထဲမှာ အကြာကြီးနေမှာ မဟုတ်ပါဘူး။ အန္တရာယ်အရမ်းများလာရင် ငါအမြန်ဆုံး ထွက်လာမှာပါ။”
နဥ်ရွှီ ဤသို့ပြောပြီးနောက် မည်သူမျှ သူမကို မဆွဲဆောင်တော့ရုံမက သူမနှင့် သွားမည့်အကြောင်းလည်း မစကြတော့ချေ။
ချင်းကျိုရှန်း။ “စစ်ယန်ကရော? သူ နေခဲ့မှာလား ဒါမှမဟုတ် မင်းနဲ့လိုက်မှာလား။”
‘စစ်ယန်?’
“သူ...”
“ငါ ခေါင်းဆောင်နဲ့ အတူသွားမှာ။”
နဥ်ရွှီနှင့် စစ်ယန်တို့ တစ်ပြိုင်နက်တည်း စကားစလိုက်မိကြသည်။
“နင်...”
“ခေါင်းဆောင် မင်းရဲ့တစ်နေ့စာ သုံးနပ်ကို ငါ တာဝန်ယူပါ့မယ်။”
နဥ်ရွှီ။ “...”
တကယ်တမ်း သူမ ပြောချင်သည်မှာ သူမ ဤမျှလောက်အထိ အစားအသောက်ကို လောဘမကြီးကြောင်းပင်။ တစ်ဖက်လူ မလိုက်လျှင်ပင် အဆုံးမဲ့ပင်လယ်ထဲမှာ အစားအစာများကို စီမံနိုင်မှာ ဖြစ်ပေသည်။
ထိုသူ ဂရုတစိုက် ပြင်ဆင်ထားသည့် အစားအစာလေးများကို မစားနိုင်၍ အနည်းငယ် စိတ်ပျက်စရာ ကောင်းသော်လည်း လက်ခံနိုင်စရာ အကြောင်းတော့ မရှိချေ။
“ခေါင်းဆောင်.. ငါက ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်။”
နဥ်ရွှီ ဘာမျှပြန်မပြောရသေးမီ ဖရဲသီးစားသည့် စနစ်၏အသံမှာ သူမနားထဲတွင် ပဲ့တင်ထပ်လာ၏။
[ဟုတ်တယ် ဖြူစင်တဲ့ ကျင့်ကြံသူက သူ့ကိုယ်သူ ကာကွယ်နိုင်တယ် “ကြယ်မြစ်ပြောင်းပြန်လှန်ခြင်း” ကို အရမ်း ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တယ်လေ။ သူက နင့်အတွက် အဆုံးမဲ့ပင်လယ်ထဲမှာ အကူအညီတစ်ခုတော့ ရနိုင်တယ်။]
[သူက ဒီဘဝမှာ အစာကို အဓိကထားတဲ့ ကျင့်ကြံသူဖြစ်နေရင်တောင် အစွမ်းထက် အကောင်ကြီးရဲ့ လူဝင်စားပဲ။]
[စဉ်းစားကြည့် host! သူနင်နဲ့ မလိုက်ဘူးဆိုရင် သူ ချက်ပြုတ်တာကို အကြာကြီး မစားနိုင်တော့ဘူးနော်။ နင်တကယ် သည်းခံနိုင်မှာလား။]
နဥ်ရွှီ၏ အသက်ရှူသံလေး ရပ်သွားခဲ့သည်။ သို့ဖြင့် နောက်ဆုံး၌ အသင်းဖော် အားလုံး၏ ရှေ့မှောက်တွင်ပင် အဖြေပြန်ပေးလိုက်လေသည်။
“ကောင်းပါပြီ ဒါဆိုလည်း ငါတို့အတူတူ သွားကြတာပေါ့။
-
သူတို့သည် အဆုံးမဲ့ပင်လယ်ကို သွားကြမည် ဖြစ်သောကြောင့် ရိက္ခာများကို သေချာပြင်ဆင်ထားရန် လိုအပ်ပေသည်။ ခုခံကာကွယ်နိုင်သော ဝိညာဥ်လက်နက်များကို ရရှိနေပြီ ဖြစ်သည်။ ချို့တဲ့နေသည့် အရာမှာ အဂ္ဂိရတ်ဆေးလုံးများသာ ဖြစ်၏။
မမျှော်လင့်ဘဲ နဥ်ရွှီ ၎င်းတို့ကို ဝယ်စရာပင် မလိုလိုက်ချေ။ ထိုနေ့ညနေပိုင်းတွင် ချင်းကျိုရှန်းသည် ဆေးလုံးများစွာကို သယ်ကာ သူမ၏ တံခါးဝအထိ တိုက်ရိုက် ပို့ပေးလာခဲ့သည်။
သူသည် စကားသိပ်မပြောဘဲ ဆေးလုံးများပါသည့် ပုလင်းကို နဥ်ရွှီထံ ပစ်ပေးလာပြီးနောက် စကားတစ်ခွန်းသာ ပြောကာ ထွက်သွားလေတော့သည်။
“သတိထား”
နဥ်ရွှီ။ “အဆုံးမဲ့ပင်လယ်ထဲမှာ နင့်အတွက် သင့်လျော်တဲ့အရာ တစ်ခုခုရှိရင် ငါယူလာပေးမယ်။”
ချင်းကျိုရှန်းသည် နောက်ပင် လှည့်မကြည့်ပါဘဲ သူ့လက်ကို ဝှေ့ယမ်းပြခဲ့ပေ၏။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်!”
အစ်ကိုဝက် ဒုတိယ မိစ္ဆာအမြုတေ အပိုင်းအစကို မျိုချလိုက်ပြီဖြစ်သော်ငြား ယင်းနောက်ပိုင်း ချင်းကျိုရှန်း၏ ကျင့်ကြံမှုမှာတော့ များစွာ နှေးကွေးသွားခဲ့သည်။
ဤအချိန်အထိ သူ၏အခြေအနေသည် မိစ္ဆာမျိုးနွယ်နှင့် ဆက်နွယ်နေကြောင်း မသိသေးလျှင် သူ အသက်ရှင်ခဲ့သည်က အလကား ဖြစ်သွားလိမ့်မည်။ ယင်းပြဿနာကို သူတစ်ယောက်တည်း ကြုံနေရခြင်း မဟုတ်ချေ။ ပါရမီရှင်တိုင်းဟာ မတော်တဆမှုမျိုးစုံ ကြုံဖူးကြသည်ချည်းပင်။
မိစ္ဆာမျိုးနွယ်သည် ရှည်လျားသော စစ်တုရင် ကစားပွဲတစ်ခုကို ကစားနေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
လေးနှစ်မပြည့်မီတွင် လူသားနှင့် မိစ္ဆာမျိုးနွယ်များကြား ငြိမ်းချမ်းရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ထိုအချိန်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်အား မည်သူသိလိမ့်မည်နည်း။
နဥ်ရွှီ၏ ဖရဲသီးစားသည့်စနစ်၏ စကားဝိုင်းမှတစ်ဆင့် တတိယအပိုင်းသည် အဆုံးမဲ့ပင်လယ်ထဲတွင် ရှိနေကြောင်း သိခဲ့ရသည်။ သို့သော်ငြားလည်း နောက်ဆုံးအပိုင်းမှာတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပေသည်။
ဤခရီးကို နဥ်ရွှီတစ်ယောက် သွားကို သွားရလိမ့်မည်။
သူမနှင့် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူမှာ သာမန်လူ မဟုတ်လေသဖြင့် ဖရဲသီးစားသည့်စနစ်က သူတို့ကို ကာကွယ်ပေးမှာ ဧကန်မလွဲပင်။
အဆုံးမဲ့ပင်လယ် ဟူသည်မှာ ဤကမ္ဘာငယ်လေးတွင် အန္တရာယ်အရှိဆုံး နေရာဖြစ်သည်။
အဆင့်နိမ့် ကျင့်ကြံသူ မပြောနှင့်၊ အဆင့်မြင့် ကျင့်ကြံသူများပင်လျှင် ဒဏ်ရာကင်းမဲ့စွာ ပြန်လာခဲ၏။ မဟာယာနအဆင့်တွင် ရှိနေပါက သွားနိုင်သော်လည်း ရွှေအမြုတေနှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်များအတွက်အမူ အလွန်တရာမှ အန္တရာယ်များလှသည့် နေရာဖြစ်ချေ၏။
သူတို့ကဲ့သို့ သာမန်လူများ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် ဘာမျှ ကွာခြားလိမ့်မည် မဟုတ်ချေ။ သူသည် အသက်ရှင်နေရန် လိုအပ်ပြီး အလှည့်အပြောင်းတစ်ခု ရောက်လာမည့် အချိန်အား စောင့်နေရန်လည်း လိုနေလေသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် နဥ်ရွှီနှင့် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူသာလျှင် အဆုံးမဲ့ပင်လယ်သို့ သွားနိုင်တော့မည်။
သူတို့နှစ်ယောက် အဆုံးမဲ့ပင်လယ်ကို အတူတူသွားခြင်းအပေါ် အပျော်ဆုံးသူမှာ ဖရဲသီးစားသည့်စနစ် ဖြစ်ကြောင်း သံသယဖြစ်စရာပင် မလိုချေ။
ဂုဏ်ပြုရန်အတွက် ၎င်းသည် “ကျင့်ကြံသူသုံးထောင် သတင်းဖလှယ်ရာဧရိယာ”၌ ၎င်းကိုယ်၎င်း “ဖရဲသီးစားသူ” ဟူသော အမည်အသစ် တစ်ခုကိုပင် ဖန်တီးပစ်ခဲ့သည်။ ဖရဲသီးစားသည့်စနစ်အတွက် မတည်ရှိသော လူကို ဖန်တီးရခြင်းမှာ လွယ်ကူပါ၏။
ဖိုရမ်တွင် ပိုစ်ပိုင်ရှင်၏ ကျင့်ကြံမှုအဆင့်ကို ပြသထားသော်လည်း ၎င်းက မကြောက်ချေ။ လုပ်ကြံဖန်တီးသူ၏ အဆင့်မှာ ချီသန့်စင်ခြင်းအဆင့်မျှသာ ဖြစ်သည်။
အကောင့်ကို ဖန်တီးပြီးသည်နှင့် [ငါသူတို့ကို အပြီးအပိုင် ပို့ပေးလိုက်ပြီ။ ငါ့အချစ်ဆုံး စုံတွဲလေးက သူတို့ရဲ့ ချိုမြိန်တဲ့ ခရီးကို အတူတူ စတင်တော့မယ်] ဟူသော ခေါင်းစဉ်နှင့် ပို့စ်တစ်ခု တင်လိုက်သည်။
“ကျင့်ကြံသူသုံးထောင် သတင်းဖလှယ်ရေးဧရိယာ” သည် နေ့စဥ်နှင့်အမျှ အသွားအလာ မြင့်မားနေဆဲပင်။ အထူးသဖြင့် “ဖရဲသီးပြောင်းသူ” ထွက်ပေါ်လာပြီးနောက် ဖိုရမ်၏ နေ့စဉ်သွားလာမှုမှာ စိုးရိမ်ဖွယ်ရာ အဆင့်သို့ပင် ရောက်ရှိသွားခဲ့လေသည်။
“ဖရဲသီးပြောင်းသူ”သည် မကြာသေးမီအထိ မပေါ်သေးသော်လည်း ၎င်း၏ဒဏ္ဍာရီမှာတော့ ဖိုရမ်ထဲတွင် ဆက်လက် ပျံ့နှံ့နေခဲ့ပါသည်။
ယနေ့တွင်မူ “ဖရဲသီးစားသူ” ဟူသော ပို့စ်အသစ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ အမည်မှာ ဖရဲသီးရှောင်သူနှင့် မတူသော်လည်း အမည်နှစ်ခုလုံးမှာ “ဖရဲသီး” စကားလုံးပါဝင်သောကြောင့် ကျင့်ကြံသူ တော်တော်များများ၏ အာရုံစိုက်မှုကို ခံခဲ့ရပေ၏။
ကျင့်ကြံသူများစွာသည် ထိုပို့စ်ကို စိတ်ဝင်တစား ကလစ်ခဲ့ကြသည်။
[နောက်ဆုံးတော့ ဒီနှစ်ယောက်ရဲ့လမ်းကို တခြားဘယ်သူမှ ဝင်မရှုပ်တော့ဘူးပေါ့။
ဒါက သူတို့နှစ်ယောက်အတွက် သီးသန့် ခရီးတစ်ခုပဲ။ နှစ်ယောက်တည်းအတွက် ခရီးတစ်ခုနော်။
ဟားဟားဟား! တစ်ယောက်က တိုက်ခိုက်ရေးမှာ တာဝန်ယူမယ်။ နောက်တစ်ယောက်က ပံ့ပိုးမှုနဲ့ ချက်ပြုတ်ရေး တာဝန်ယူမယ်။ အားး ငါရှာပေးနေတဲ့ ဒီစုံတွဲက ကျင့်ကြံခြင်းလောကမှာ အချိုမြိန်ဆုံး ဖြစ်မှာ သေချာတယ်။ အချိုဆုံးနော်! 】
အစပိုင်း၌ ပို့စ်ကိုဖတ်နေသည့် ကျင့်ကြံသူများမှာ သိပ်မတွေးရဲကြသော်လည်း နောက်ဆုံးစာကြောင်းကို မြင်သည်နှင့် မအောင့်အီးနိုင်တော့ဘဲ ရယ်ချပစ်လိုက်လေ၏။
‘အချိုဆုံးလား’
‘ဘယ်လိုကြီးလဲ စာသားကတောင် ချိုမြိန်တဲ့ပုံ မပေါ်ဘူး။’
‘အဆင့်နိမ့် ကျင့်ကြံသူတွေကြားမှာ ချစ်ခြင်းမေတ္တာက ဘာအသုံးဝင်မှာလဲ’
“ဘယ်လောက်ချိုလဲ အတိအကျပြောစမ်းပါ!”
“အချိုဆုံးလား။ မင်းတကယ် ပြောရဲတယ်ပေါ့။ မင်းရဲ့စကားတွေကို ပြန်ရုတ်သိမ်းလိုက်ရမှာ မကြောက်ဘူးလား။”
“မင်းသာငါ့ကို မေးမယ်ဆိုရင် အချိုဆုံးက... ဟိုအရင်က နတ်ဘုရားမနဲ့ ချောမောလှပတဲ့ကောင်လေးပဲ ဖြစ်မယ်။ အဲဒီကောင်လေးက ဘယ်ကဘယ်လို ကံကောင်းလာမှန်း မသိဘူး၊ နတ်ဘုရားမရဲ့ မျက်လုံးထဲ ချက်ချင်း ဝင်ပြီး ထင်ပေါ်ကျော်ကြားလာခဲ့တာ။”
ဖရဲသီးစားခြင်းစနစ်သည် ၎င်း၏ပို့စ်အောက်တွင် ရေအေးများ လောင်းထည့်နေသော ကျင့်ကြံသူအများအပြားကို မြင်လိုက်ရသဖြင့် ၎င်း၏စွမ်းအားအပြည့်ကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး စကားလုံးတိုက်ပွဲတွင် ပါဝင်လေတော့သည်။
[သူတို့က အဆင့်နိမ့်တဲ့ ကျင့်ကြံသူဖြစ်နေတော့ ဘာဖြစ်လဲ။ ဘယ်အဆင့်မြင့် ကျင့်ကြံသူက အဆင့်နိမ့် ကျင့်ကြံသူကနေ မစတင်ခဲ့ဖူးလို့လဲ။]
[ဘယ်လောက်ချိုလဲ သိချင်လား ခဏနေဦး! သူတို့ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ငါက ပုံမှန် တိုက်ရိုက် ထုတ်လွှင့်နေမှာ။]
[သူတို့က အစကတည်းက အချိုဆုံးပဲ!]
[နတ်ဘုရားမနဲ့ ချောမောလှပတဲ့ ကောင်လေးက နည်းနည်းပါးပါး ချိုမြိန်ရုံလောက်ပဲ။]
ဖရဲသီးစားခြင်းစနစ်သည် ကျင့်ကြံသူများနှင့် စကားလုံးတိုက်ပွဲ ဆင်နွှဲပြီး နောက်ဆုံးမှာ အောင်နိုင်ခဲ့သဖြင့် အလွန်အမင်း ကျေနပ်သွားခဲ့သည်။ ထိုနေရာမှ လှည့်ထွက်လာပြီးသည်နှင့် အကောင့်တစ်ခုဖန်တီးရန် နဥ်ရွှီအား ပြောလိုက်သည်။
နဥ်ရွှီသည်လည်း သိပ်ဂရုမစိုက်ပါ။ လျှာချွန်ပြီး ရွဲ့စောင်းနေသော်လည်း ၎င်းသည် ယေဘူယျအားဖြင့် အသိဥာဏ်ရှိပြီး သူမအား မလိုအပ်သော ဒုက္ခများကို ဖြစ်စေမည့်သူ မဟုတ်ချေ။
ဤအခိုက်တွင် ဖရဲသီးစားသည့်စနစ်မှာ တဟားဟား ရယ်မောနေခဲ့သည်။
[host! ရက်အနည်းငယ်အတွင်း၊ ‘ဖရဲသီးပြောင်းသူ’ ကို ပိုအာရုံစိုက်လာအောင် ဖိုရမ်မှာ နောက်ထပ်အရည်ရွှမ်းတဲ့ ဇာတ်လမ်းတချို့ကို တင်ပေးပါ့မယ်။ ဒီလိုနည်းနဲ့ဆို ငါတို့အပေါ် ဖိအားတွေ အများကြီး နည်းသွားလိမ့်မယ်။]
နဥ်ရွှီသည် လက်ရှိတွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွင် ရှိနေ၏။ သူမနောက်ဆုံးဇာတ်လမ်းကို တင်သောအခါက ချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေခဲ့သည်။ သိပ်မကြာခင် အချိန်လေးတွင် သူမသည် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိသွားနိုင်ဖွယ် ရှိသည်။
ထိုကဲ့သို့ လျင်မြန်စွာ တိုးတက်လာမှုသည် သူမ၏ အထောက်အထားကို ဖော်ထုတ်ရန် အလွန်လွယ်ကူစေသည်။
၎င်းသည် အနာဂတ်၌ “ကျင့်ကြံသူသုံးထောင် သတင်းဖလှယ်ရေးဧရိယာ” မှ “ဖရဲသီးပြောင်းသူ” အမည်ကို ပိတ်ပင်ခံရမည်ဟုလည်း ဆိုလိုခြင်း ဖြစ်ပေ။
ဤအခြေအနေတွင် ဖိုရမ်တွင် လူသစ်တစ်ယောက် ပေါ်လာပြီး ဗုံးခွံများကို ပစ်ချလိုက်မည်။ တူညီသော ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်ကိုသာ ပိုင်ဆိုင်ပါက အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ သို့ရာတွင် “ဖရဲသီးစားသူ” သည် စနစ်ထိန်းချုပ်ထားသော အမည်နာမတစ်ခုမျှသာ ဖြစ်လေ၏။ ကောချန် မည်မျှပင် ခက်ခက်ခဲခဲ ရှာဖွေနေပါစေ အချက်အလက် တစ်ခုတည်းကိုပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။
“ဖရဲသီးစားသူ” မှ “ဖရဲသီးပြောင်းသူ” ဆီ အာရုံများ လွှဲလိုက်ရန် ကူညီပေးခြင်းဖြင့် တစ်နေ့ သူတို့ကို ရှာဖွေတွေ့ရှိသွားပါက အနည်းငယ် နောက်ဆုတ်ထား၍ ရလောက်သည်။
ထိုအခိုက် ဖရဲသီးစားသည့်စနစ်က စိတ်မရှည်စွာဖြင့် ကြေငြာလိုက်လေ၏။
[host! ငါတော့ ဗုံးခွံချဖို့ မစောင့်နိုင်တော့ဘူး!]