အခန်း ၉၀
Vol. 9 Ch. 90
အခန်း ၉၀
နဥ်ရွှီသည် မထွက်ခွာမီ အချိန်လေး၌ အသေးအဖွဲ့ ကိစ္စများကိုပါ ဂရုတစိုက် ပြင်ဆင်ခဲ့သည်။ ဥပမာအားဖြင့် သူမသည် သူမ၏အဖွဲ့အား လာမည့်လေ့ကျင့်ရေး ခရီးစဉ်အကြောင်း အသိပေးပြီး ၎င်းတို့၏ သဘောတူညီချက်ကို ရယူခဲ့သည်။ ဝမ့်ရှင်းဂိုဏ်း၏ အထွေထွေရေးရာခန်းမမှ ထိပ်တန်းဖျော်ဖြေသူအား ပြန်လည် ခေါ်ယူခဲ့လေ၏။
ထို့နောက် သူမ၏ လေလံအိမ် ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။ သို့တင်မက အကြီးအကဲဝူအား သူမ၏ လေလံအိမ်၌ ရင်းနှီးမြှပ်နှံနိုင်ကြောင်း သာဓကပေး၍ ဆွဲဆောင်ခဲ့ပြန်သည်။
အရာအားလုံး ပြီးမြောက်ပြီးနောက် သူမ ထွက်သွားရန် အချိန်ကျလာခဲ့ချေ၏။ သူမ နှုတ်ဆက်သည့်နေ့တွင် ဝူလုချန်နှင့် အခြားသူများမှာ သူမနှင့် ခွဲခွာရန် တွန့်ဆုတ်နေကြသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်သာ လုံလောက်ခဲ့မည်ဆိုလျှင် သူမနှင့်အတူ အဆုံးမဲ့ပင်လယ်သို့ သွားနိုင်ကြပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်တော့ သူတို့ တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်နေရတော့မည်။
နဥ်ရွှီသည် သူတို့ကို လက်ဝှေ့ယမ်းပြခဲ့ပြီး နောက်ပြန်မလှည့်ဘဲ ပို့ဆောင်ခြင်းအစီအရင်ဆီသို့ လျှောက်သွားခဲ့လေသည်။ အစီအရင်သည် သူမအား အဆုံးမဲ့ပင်လယ်နှင့် အနီးဆုံးဆီမြို့သို့ ခေါ်ဆောင်သွားပေးမည် ဖြစ်သည်။
သူမ၏ အပေါင်းအဖော်များသည် သူမ၏အနောက် ခပ်ဝေးဝေးတွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။ အနားတွင် စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူကသာ တိတ်ဆိတ်သော အရိပ်တစ်ခုကဲ့သို့ ကျန်နေခဲ့ပြီး သူမဘက်မှ ဘယ်သောအခါမှ ထွက်ခွာမသွားခဲ့ချေ။
နဥ်ရွှီ ပေါ့ပေါ့ပါးပါးလေး ဆိုလိုက်သည်။
“သွားတော့မယ်”
ချင်ရစ်လော့နှင့် အခြားသူများ။ “ခေါင်းဆောင် လမ်းမှာ ဂရုစိုက်ပါ၊ မြန်မြန်လေးလည်း ပြန်လာခဲ့!”
ဖရဲသီးစားသည့်စနစ်။ [ဖွီး! မြန်မြန်ပြန်လာခဲ့ ဆိုတာက ဘာကိုဆိုလိုတာလဲ။]
[ငါတို့က အဆုံးမဲ့ပင်လယ်မှာ ရတနာအမဲလိုက်တော့မှာ မြန်မြန် ပြန်လာဖို့ အချိန်မရှိဘူးဟ!]
[မင်းတို့ကတော့ အဆုံးမဲ့ပင်လယ်ကို အန္တရာယ်များတဲ့ နေရာလို့ ထင်ကြမှာပေါ့။ ဒါပေမဲ့ ငါတို့အတွက်က ရတနာသိုက်ကြီးတစ်ခု။ ငါတို့ မြန်မြန်ကြီး မထွက်လာချင်ပါဘူး ပျော်သလောက်နေမှာ။]
[ဒီနေ့က တကယ်ကောင်းတဲ့ နေ့လေးတစ်နေ့ပဲ! နောက်ဆုံးတော့ hostနဲ့ စိတ်ထားဖြူစင်တဲ့ ကျင့်ကြံသူတို့ရဲ့ ရတနာအမဲလိုက်ခြင်း စွန့်စားခန်းခရီးလေး စတင်ပါပြီ...!]
ဖရဲသီးစားခြင်းစနစ်သည် မူလက “နှစ်ယောက်အတွက် ချိုမြိန်သော ခရီးတစ်ခု” အဖြစ် ဆိုချင်သော်လည်း ၎င်းကို တစ်ချက် ပြန်တွေးကြည့်ပြီးနောက် ရပ်တန့်သွားခဲ့သည်။
ဇာတ်ကောင်များ၏ နောက်ကွယ်တွင် မသိမသာ ခိုးလုပ်ရင်း ချိုမြိန်သည့် အရာများကို ပြောရသည်က ပျော်စရာအကောင်းဆုံးပင်။ အလွန်အမင်း တိုက်ရိုက်ဆန်သည်က ပျော်စရာများကို ပျက်စီးစေနိုင်သည်။
နဥ်ရွှီနှင့် စိတ်ထားဖြူစင်သည့် ကျင့်ကြံသူတို့နှစ်ယောက် ပို့ဆောင်ခြင်းအစီအရင် အနား ရပ်နေချိန်တွင် “ဖရဲသီးစားခြင်းစနစ်” သည် “ကျင့်ကြံသူသုံးထောင် သတင်းဖလှယ်ရေးဧရိယာ” တွင် ၎င်း၏ပို့စ်ကို အပ်ဒိတ်တင်နေ၏။
[အမ် ဒီနေ့လေက ဘာလို့ နို့နံ့ရနေပါလိမ့်..။]
မကြာသေးမီက တင်ခဲ့သော “ငါသူတို့ကို ပို့ပေးလိုက်ပြီ” ဟူသော ပို့စ်ကို ကျင့်ကြံသူများမှ သတိထားမိခဲ့ကြသည်။ “ဖရဲသီးရှောင်သူ” ပေါ်လာပြီးကတည်းက သူတို့၏ စားချင်စိတ်တို့မှာ အတော်လေးကို ဆန်းပြားလာခဲ့ပေသည်။
သာမန်ပို့စ်များသည် သူတို့၏ အာရုံကို မဆွဲဆောင်နိုင်တော့ချေ။ ထို့ကြောင့် ဖရဲသီးစားသူမှ တင်ထားသော ပို့စ်သည် သူတို့အမြင်၌ ရိုးစင်းလွန်းနေ၏။ သို့သော်လည်း အခြားဘာမျှလုပ်စရာ မရှိသည့်အခါ အချိန်ကုန်မြန်ရန် အလို့ငှာ ဝင်ဖတ်လိုက်ကြသေးသည်။
ဤနောက်ဆုံးပို့စ်ကို မြင်လိုက်ရသဖြင့် မထိန်းနိုင်ဘဲ ပြန်ပြောလာကြတော့သည်။
[ဘာလို့ နို့နံ့ထွက်နေတာလဲ။]
[နို့နံ့? မင်း သကြားလုံးစားထားတာလား]
ထိုအခါ ဖရဲသီးစားခြင်းစနစ်မှာ မြန်မြန်ပင် ပြန်ဖြေ၏။
[ဟုတ်တယ်လေ။ သကြားလုံးစားထားတာ! အဲဒါကြောင့် လေထဲမှာ မွှေးပျံ့တဲ့ ရနံ့လေးတွေနဲ့ ပြည့်နေတာပေါ့]
[ချိုလိုက်တာ!]
ကျင့်ကြံသူများ။ “…”
နောက်ဆုံးတွင် အတင်းအဖျင်း ပြောတော့မည်ဟု ထင်ခဲ့သော ကျင့်ကြံသူများသည် လေ၏ချိုမြိန်မှုကိုသာ မြည်းစမ်းကြည့်လိုက်ရရှာတော့သည်။
[?]
[ဒါ? ဒါ?]
[ငါ့ရဲ့ အကဲဖြတ်ချက်က “ဖရဲသီးပြောင်းသူ” နိမ့်နေလို့ ဖြစ်နိုင်တယ်။]
[ငါ့ရဲ့ အကဲဖြတ်ချက်ကလည်း “ဖရဲသီးပြောင်းသူ” ထက် နိမ့်နေတာဖြစ်မယ်။]
…
“ဖရဲသီးပြောင်းသူ” သည် ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ထင်ရှားနေပြီ ဖြစ်သည်။ အခြားမည်သူမျှ ၎င်းနှင့် မနှိုင်းယှဉ်နိုင်ချေ။
“ဖရဲသီးစားသူ” နှင့် “ဖရဲသီးပြောင်းသူ” တို့သည် စနစ်တစ်ခုတည်း၏ အောက်တွင် ရှိနေသော်လည်း ကျင့်ကြံသူများကတော့ ယင်းကို မသိကြပေ။ သူတို့၏ နှလုံးသားထဲတွင် “ဖရဲသီးပြောင်းသူ” သာ ပထမနေရာ၌ ဖြစ်လေသည်။
ယင်းမှတ်ချက်များထဲမှ “ဖရဲသီးပြောင်းသူထက် နိမ့်ခြင်း” ဟူသော စကားလုံးတို့ကို မြင်သောအခါ ဖရဲသီးစားခြင်းစနစ်၏ ပြိုင်ဆိုင်လိုစိတ်မှာ ချက်ချင်းပင် ထကြွလာတော့၏။
[host! ငါတို့ရဲ့ လှုပ်ရှားမှု အကြီးကြီးကို ထုတ်ဖော်ပြရတော့မယ်။ ဒီဖရဲသီးတွေထဲက ဘယ်ဟာက ပထမတန်းစားဖြစ်ဖို့ ပိုသင့်တော်တယ်လို့ နင် ထင်လဲ။]
ထိုသို့ ပြောပြီးနောက် “ဖရဲသီးစားသူ” သည် အတင်းအဖျင်းများ အားလုံးကို တစ်ပြိုင်နက် ထုတ်ပြန်ပစ်လေသည်။
“ဖရဲသီးစားသူ” အကောင့်ပေါ်လာသောအခါ ၎င်းသည် မြင်ကွင်းကို လွှမ်းမိုးချုပ်ကိုင်ရန်သာ ဖြစ်ချေသည်။ “ဖရဲသီးစားသူ” သည် “ဖရဲသီးပြောင်းသူ” ပြီးလျှင် ဖိုရမ်တစ်ခုလုံးတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်လာရန် ရည်ရွယ်နေခဲ့ခြင်းပင်။
ထို့ကြောင့် ပထမဆုံး အတင်းအဖျင်းအပိုင်းကို တတ်နိုင်သမျှ အကြီးကြီး ပေါက်ကွဲစေရမည် ဖြစ်ကြောင်း ဆိုလိုနေခြင်း ဖြစ်၏။ ပေါက်ကွဲစေနိုင်သော အတင်းအဖျင်းများကသာ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားနိုင်သည် မဟုတ်ပါလား။
ဖရဲသီး တော်တော်များများ စားဖူးသည့် နဥ်ရွှီ။ “....”
ဤအတင်းအဖျင်းများ အားလုံးသည် မယုံနိုင်လောက်အောင် ပေါက်ကွဲထွက်တတ်ပါသည်။
တစ်ဦးစီတိုင်း ကြီးမားသော ရုတ်ရုတ်သဲသဲ ပြဿနာကြီးများအား ဖြစ်စေနိုင်လောက်သည့် အနေအထား၌ ရှိနေကြသည်ပင်။ ကျင့်ကြံခြင်း လောကရှိ အတင်းအဖျင်းပြောစကားများသည် အခြားကမ္ဘာများနှင့် ယှဉ်လျှင် အမှန်တကယ် ပေါက်ကွဲထွက်သည်ဟုသာ ဆိုနိုင်ပေသည်။
နဥ်ရွှီ ခဏမျှစဉ်းစားပြီးမှ။ ‘ခြုံပြောရရင် ဒုတိယဖရဲသီးက ဆွေးနွေးနိုင်ခြေ အရှိဆုံးပဲ။ တခြား ဖရဲသီးတွေကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ထုတ်ပြန်လို့ရတယ်။’
[ကောင်းပြီ host ငါနင်ပြောတာ နားထောင်မယ်။]
[ဒါဆို ငါ သတင်းသွားတင်လိုက်ဦးမယ်။]
‘အင်း!’
ဖရဲသီး အများကြီး စားပြီးသည့်နောက် နဥ်ရွှီလည်း ရင်ဖွင့်ချင်စိတ် ပြင်းပြလာခဲ့ပေပြီ။ သူမ တစ်ခုခုကို ညည်းညူပြချင်သည်။ အတင်းအဖျင်း ပြောခြင်း ဟူသည်မှာ တစ်ယောက်တည်းဆိုလျှင် တစ်ဝက်မျှသာ ပျော်ရွှင်ရလေသည်။
သို့သော်လည်း ဖရဲသီးစားခြင်းစနစ်သည် ၎င်း၏ပို့စ်ကို တည်းဖြတ်ရန် အလုပ်များနေပြီး ပြန်ပေါ်လာခြင်း မရှိတော့ပေ။ ထို့ကြောင့် လက်ရှိတွင် ရင်းနှီးသော မျက်နှာတစ်ခုဟူ၍ စိတ်ထားဖြူစင်သည့် ကျင့်ကြံသူသာ ရှိ၏။
ဤအခိုက်အတန့်တွင် ပို့ဆောင်ခြင်းအစီအရင်ဆီမှ မီးမှိန်မှိန်လေး တောက်ပလာသည်။ ပို့ဆောင်ခြင်းမပြုမီ အချိန်အနည်းငယ် လိုနေသေးသည်။
ထိုအခိုက်အတန့်လေးကို အခွင့်ကောင်းယူကာ နဥ်ရွှီသည် သူမဘေးနားရှိ ဖြူစင်သောကျင့်ကြံသူကို ကြည့်၍ မေးလိုက်၏။
“တာအိုစစ် ကျင့်ကြံတာအပြင် ရှင် တခြားဘာဝါသနာပါလဲ။”
‘ဝါသနာ?’
စစ်ယန် ခဏစဉ်းစားပြီးမှ။ “အတင်းအဖျင်း”
နဥ်ရွှီခင်မျာ အနည်းငယ် အံ့သြသွားမိလေသည်။ ဖြူစင်သောကျင့်ကြံသူသည် အတင်းအဖျင်း ပြောရခြင်းကို နှစ်သက်နေသူဖြစ်မည်ဟု သူမ နားမလည်နိုင်ခဲ့ချေ။
တကယ်တမ်းမူ စစ်ယန်သည် အခြားသူများ၏ အရေးကိစ္စကို စိတ်မဝင်စားသည့်အပြင် အတင်းအဖျင်း ပြောရန်လည်း အာရုံစိုက်ခဲပါ၏။
သို့သော် နဥ်ရွှီသည် အတင်းအဖျင်း ပြောရခြင်းကို အလွန်စိတ်အားထက်သန်ကြောင်း သူ သိနေသည်။
သူနှင့် အတင်းအဖျင်းများ ဝေမျှရန် ဆန္ဒရှိနေလျှင် ဆက်သွယ်ပြောဆိုရန် အခွင့်အရေး ပိုရှိလာမည် မဟုတ်ပါလား။ သို့ဆိုလျှင်ပင် သူသည် သူမ၏ လုပ်ငန်းကို ပို၍ အာရုံစိုက်လိုစိတ် ရှိပေသည်။
နဥ်ရွှီ နောက်ထပ် တစ်ခုခုပြောတော့မည့် အချိန်တွင် ပို့ဆောင်ခြင်းအစီအရင်မှာ စတင်လင်းလတ်လာခဲ့ချေပြီ။
သူမ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ မြင်ကွင်းနှင့် အချိန်တို့သည် အောင်မြင်စွာ ရွေ့လျားသွားကာ အရှေ့တွင် မရင်းနှီးသော မြို့တစ်မြို့ ပေါ်လာလေသည်။ ယင်းမြို့သည် ထျန်းကော၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိကာ သေးငယ်သော ဧရိယာလေး ရှိပေ၏။ လူဦးရေလည်း မများချေ။ အမှီအခိုကင်းသော ကျင့်ကြံသူများစွာသည်သာ မြို့ကို မကြာခဏ လာလေ့ရှိသည်။
အမှီအခိုကင်းသော လေလွင့်ကျင့်ကြံသူ အချို့သည် အဆုံးမဲ့ပင်လယ်ပြင်၌ လေ့ကျင့်နေတတ်ကာ ဤမြို့ကို ပြောင်းရွှေ့ရန် သို့မဟုတ် ရောင်းဝယ်ဖောက်ကားရန် ရွေးချယ်တတ်ကြသည်။ နဥ်ရွှီသည် အဆုံးမဲ့ပင်လယ်သို့ သွားရန် အလျင်စလိုမလုပ်ပေ။
သူမသည် စစ်ယန်နှင့်အတူ ပထမဦးစွာ ဤနေရာတစ်ဝိုက်တွင် လှည့်လည်ကာ သူတို့အတွက် သင့်လျော်သောပစ္စည်းများ ရှိမရှိ လိုက်လံရှာဖွေကာ အတင်းအဖျင်းစကားများ ပြောဆိုရန် ကြံစည်ထား၏။
ဖရဲသီး အများကြီး စားဖူးထားသောကြောင့် သူမတွင် ပြောစရာစကားလည်း အများကြီး ရှိလေသည်။
“တာအိုစစ် ကျွန်မတို့အရင်တစ်ခါက သွားခဲ့တဲ့ လီမိသားစုရဲ့ မူလအမွေဆက်ခံသူ နှစ်ယောက်က သူတို့ရဲ့ အမွေဆက်ခံပိုင်ခွင့်ကို ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ အကြောင်း သိလား။”
စစ်ယန်သည် အံ့အားသင့်သွားသည့် အရိပ်အမြွက်လေး ပြလိုက်သည်။
“ဘယ်လိုဖြစ်တာလဲ။”
နဥ်ရွှီလည်း ရှုပ်ထွေးသွားသည့် လေသံလေးဖြင့်။ “တစ်ယောက်က မတော်တဆမှုတစ်ခု ဖြစ်သွားတာ။ ကျန်တဲ့တစ်ယောက်ကကျ သူ့ညီမအတွက် သူ့အမွေကို စိတ်လိုလက်ရ စွန့်လွှတ်လိုက်တာ။”
စစ်ယန်လည်း အံ့အားသင့်သွားဟန်ဖြင့်။ “သူ့ညီမအတွက်လား”
“ဟုတ်တယ် လီယွီက သူ့ညီမနဲ့ အတူနေချင်တာလေ အဲဒါကြောင့် သူ့အမွေဆက်ခံခွင့်ကို ဆုံးရှုံးခဲ့ရတာ။”
“နှစ်ယောက်ကြားက ပဋိပက္ခတွေကြောင့်ပေါ့?”
“ပဋိပက္ခလား။ သူတို့မိသားစုက နည်းနည်းထူးခြားတယ်။ အပေါ်ကနေ အောက်ခြေအထိ သူတို့မှာ ထူးခြားတဲ့ ဓလေ့တွေရှိတယ်။ ‘ညီမအရင်းနဲ့ အတူတူနေချင်တာ’ ဆိုတာက ရှင်နားလည်ထားတာနဲ့ မတူတာမျိုး ဖြစ်နိုင်တယ်။”
“ဒီအတိုင်းထားလိုက်ပါတော့ လက်ရှိ လီမိသားစုရဲ့ မိသားစုခေါင်းဆောင်ကလည်း တစ်ချိန်က သူ့အဒေါ်နဲ့ အတူနေခဲ့ဖူးတယ်။ အရင် အမွေဆက်ခံသူ နှစ်ယောက်ထဲက တစ်ယောက်က သူ့ညီမအရင်းနဲ့ ပတ်သက်နေပြီး နောက်တစ်ယောက်က သူ့ဒုတိယဦးလေးနဲ့ မရှင်းမလင်း ဆက်ဆံရေး ရှိခဲ့တယ်။”
“သူတို့အားလုံးက ကျင့်ကြံသူတွေ ဆိုတော့ သူတို့ မျိုးဆက်ကလည်း တစ်ဆက်နဲ့တစ်ဆက် ကွာဟတယ်လေ။ အသက်ကွာဟမှုကဆို တော်တော်လေးကို သိသာတယ်။”
“လီမိသားစုခေါင်းဆောင်က သူ့အဒေါ်ထက် နှစ်ငါးရာနီးပါး ကွာတယ်၊ လီယွီက သူ့ညီမထက် နှစ်ရာကျော် ကြီးတယ်၊ လီရှန့်က သူ့ဒုတိယဦးလေးထက် နှစ်ရာကျော်ကွာတယ်။”
စစ်ယန်။ “အဲ့လိုကိုး...”
စစ်ယန်သည် တည်ငြိမ်လွန်းပြီး အတင်းအဖျင်းကြိုက်သူတစ်ယောက်ကဲ့သို့ မဟုတ်ချေ။ အလွန်အမင်း အေးအေးဆေးဆေး ဖြစ်နေမည်ကို စိုးသဖြင့် သူ၏ဦးနှောက်ကို အတင်းတွန်းထုတ်၍ နောက်တစ်ကြောင်း ထပ်ပေါင်းထည့်လိုက်လေသည်။
“နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်။”
သို့သော် သူ၏လေသံမှာ တည်ငြိမ်လွန်းနေ၏။ ပို့စ်ကို တည်းဖြတ်ပြီးသွားသည့် ဖရဲသီးစားခြင်းစနစ်သည် “နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်” ဟူသော စကားကို ကြားသည်နှင့် ဟက်ဟက်ပက်ပက် ရယ်ချလိုက်လေတော့သည်။
[နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်တဲ့ ဟားဟား ဒီစကားက...]
အတင်းအဖျင်းစနစ်သည် ၎င်း၏စကားကို အဆုံးမသတ်ခဲ့သော်လည်း နဥ်ရွှီသည် ၎င်း၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်ပေ၏။ သို့သော် သူမ၏ နှလုံးသားထဲတွင် စစ်ယန်သည် အမြဲတမ်း စိတ်ခံစားမှုကို ဖော်ပြခြင်း မပြုသော လူတစ်ယောက်ဖြစ်သည်။ သူသည် များသောအားဖြင့် စကားအနည်းငယ်သာ ပြောတတ်သူဖြစ်ပြီး စကားပြောရသည်ထက် အမြဲအလုပ်ပိုလုပ်တတ်သူပင်။
အတင်းအဖျင်း ပြောသည့်အခါ မျက်နှာထားနှင့် အံ့သြသော လေသံကို တွဲပြရမည်ဟု ဘယ်သူပြောထားသနည်း။
စစ်ယန် ဤကဲ့သို့ တုံ့ပြန်ခြင်းကပင် မဆိုးလှပေ။
သူမ ခေတ္တရပ်လိုက်ပြီး ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။
‘နင်ပြန်လာပြီလား’
[ပြန်လာပြီ။ အခုအချိန်မှာ ကျင့်ကြံသူသုံးထောင် သတင်းဖလှယ်ရေး ဧရိယာတစ်ခုလုံးက ငါတို့ကြောင့် ဆူပွက်နေပြီ!]
အကြောင်းမှာ ဤအချိန်၌ ဖရဲသီးစားခြင်းစနစ်သည် ကျင့်ကြံခြင်း လောကတွင် နံပါတ်တစ်ဂိုဏ်းဖြစ်သည့် ထျန်းကော အကြောင်း အတင်းအဖျင်း ပြောနေသောကြောင့် ဖြစ်ပေ၏။
ထို့အပြင် ထျန်းကောက ဝှက်ထားခဲ့ပြီး ကမ္ဘာမှ မသိသေးသော ထိပ်တန်းပါရမီရှင်အကြောင်း အတင်းအဖျင်း ပြောနေခဲ့ခြင်းပင်။