အခန်း ၄၃
Vol. 6 Ch. 43
အခန်း ၄၃။ကိုးခေါင်းမြွေနတ်ဘုရား၏ ရှေ့ တော်မှောက်သို့ တဖန်..
"အဖိုး... အဆင်ပြေပါ့မလားရှင့်.."
ဆရာကြီးကျန်းက သူ့စရိုက်နှင့် လုံးဝမလိုက်ဖက်အောင်ပင် မြေးဖြစ်သူအပေါ် ထားရှိသည့် နူးညံ့သိမ်မွေ့သော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ကလေးမရယ်။ အဖိုးနဲ့ လျူကျင်းလေးက ဒီနားက မြို့ကို ဆေးဖက်ဝင်အပင်တွေ သွားရှာဝယ်မလို့၊ ကုန်သည်အဖွဲ့နဲ့အတူ သွားကြမှာဆိုတော့ ကလေးမ အနေနဲ့ စိတ်သာချလိုက်.."
မျှော်လင့်ထားသည့်အတိုင်းပင် ဇူအန်က စိတ်မချနိုင်သေးသည့်အလား ရှိနေသည်။ဇူအန်သည် စိုးရိမ်တကြီးဖြင့် သူမ၏ နှုတ်ခမ်းအောက်ခြေကို ကိုက်ထားကာ ဘာပြန်ပြောရမည်ကို စဉ်းစားနေဟန်ရှိသည်။ လျူကျင်းကဲ့သို့ ရှောင်ဂိုဏ်း၏ အရေးပါသော လူတစ်ယောက်အား သက်တော်စောင့်မပါဘဲ မြို့ပြင်သို့ ခရီးထွက်ခွင့်ပေးလိုက်ခြင်းသည် မည်သို့ပင်စဉ်းစားစဉ်းစား ထူးဆန်းနေ သည်။
"အဆင်ပြေပါတယ်" ဟု လျူကျင်းက ဇူအန်အား ဖြတ် ပြောလိုက်သည်။ "အကိုကြီးရှောင်နန်လည်း ဒါကို သိပြီးသားပါ"
လျူကျင်းမျှော်လင့်သည့်အတိုင်းပင် ရှောင်နန်၏ အမည်ကို ပြောလိုက်ခြင်းက အလုပ်ဖြစ်သွားပုံရသည်။ ဇူအန်၏ မျက်နှာထက်မှ စိုးရိမ်ပူပန်မှုများက တဖြည်းဖြည်း လွင့်ပျယ်သွားပြီး အနည်းငယ် တုံ့ဆိုင်းနေသည့် အရိပ်အယောင်မျှသာ ကျန်ရစ်တော့သည်။
‘'အင်းလေ... သခင်လေး ရှောင်နန် သိတယ်ဆိုမှတော့...'
'မသိပဲနေမလား ကလေးမရဲ့ ဟု ဆရာကြီးကျန်းက ပြောလိုက်သည်။ 'ကဲ ကဲ ဘာမှ စိတ်မပူနဲ့..၊ အဖိုးတို့ အမြန်ဆုံး ပြန်လာမှာပါ’
သို့နှင့် ဆရာကြီးကျန်းနှင့် လျူကျင်းတို့ သည် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်မှ ထွက်ခွာလာကြသည်။
မိနှစ်နှစ်ဆယ်ခန့်မျှအကြာတွင် လျူကျင်းက အရေးကြီးသည့် မေးခွန်းတစ်ခုကို မေးရန် ဆုံးဖြတ်လိုက်သည်။
'ဆရာကြီး... ဇူအန် အနားမှာ ရှိရင် ဆရာကြီးက ဘာလို့ ရုတ်တရက်ကြီး တည်တည်ငြိမ်ငြိမ်နဲ့ အဖိုးပုံစံဖမ်းလိုက်တာလဲ "
ဇူအန်နှင့် သူ၏ဆရာကြီးတို့ အပြန်အလှန် ဆက်ဆံနေကြပုံကို ကြည့်ရသည်မှာ ဘာမှမသိနားမလည်သည့် ကြွက်ငယ်တစ်ကောင်က ကျားတစ်ကောင်ဆီသို့ အလိုလို တိုးကပ်သွားနေသည်ကို စောင့်ကြည့်နေရသကဲ့သို့ပင်ဖြစ်နေသည်။ ဇူအန်ကမူ ဆရာကြီးကျန်း မည်မျှအထိ အစွမ်းထက်သည်ကို လုံးဝမသိရှိပေ။ သူမကိုလည်း မည်သူကမျှ ပြောပြရန် အစီအစဉ်မရှိကြသလို၊ သူ၏ဆရာကြီးသည်လည်း သူ့ ချီ စွမ်းအင်ကို ဖုံးကွယ်ထားရာ၌ အလွန် ကျွမ်းကျင်လွန်းသဖြင့် ဇူအန်အနေဖြင့် ရိပ်မိနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် သူမအနေဖြင့် မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ ဆရာကြီးအနားသို့ ချဉ်းကပ်ဝံ့ခြင်းက သဘာဝကျလှသည်။ ဇူအန်အတွက်မူ ဆရာကြီးသည် သာမန်အဖိုးအိုတစ်ဦးမျှသာ ဖြစ်သည်။
သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ဆရာကြီးကျန်းက သူမအပေါ် ဆက်ဆံရန် ရွေးချယ်ထားသည့် နည်းလမ်းပင် ဖြစ်သည်။ အဖိုးအိုတစ်ဦးကဲ့သို့ ဟန်ဆောင်ပြုံးပြသည့် အမူအရာမျိုးကို လျူကျင်းအနေဖြင့် သူ၏ဆရာကြီး လုပ်ပြဖူးသည်ကို အနည်းငယ် မြင်ဖူးသော်လည်း ယခုကဲ့သို့ အချိန်အတော်ကြာအောင် လုပ်နေသည်ကိုမူ တွေ့ရခဲလှသည်။ ဇူအန်၏ အနားတွင် ရှိနေချိန်တိုင်း ဆရာကြီးကျန်းသည် မြေးဖြစ်သူကို အလိုလိုက်အကြိုက်ဆောင်တတ်သည့် အဖိုးအိုတစ်ဦး၏ ပုံရိပ်အတိုင်းပင် ပြုမူနေတတ်သည်။"
"“ဟဲ့... ငလျူကျင်း..” ဟု ဆရာကြီးကျန်းက သူ၏ ပုံမှန်လေသံအတိုင်း ပြန်လည်ပြောဆိုလိုက်သည်။
“မင်းငါ့အသက်အရွယ် ရောက်လာတဲ့အခါ သိလာလိမ့်မယ်ကွ..”
လျူကျင်းက သူ၏ဆရာကြီး စကား ဆက်ပြောမည်ကို စောင့်ဆိုင်းနေလိုက်သည်။ ဇူအန်မှ အဖိုးဟု ခေါ်ဝေါ်ခွင့်ပြုထားသည်အထိပင် ဆရာကြီးက ခွင့်ပြုပေးခဲ့သည်။ ပထမဆုံးအကြိမ် သူ့ဆရာကြီးအား အဖိုး ဟုခေါ်လိုက်သည်ကိုကြားရစဉ် လျူကျင်းမှာ စားလက်စ အစားအစာများပင် သီးသွားခဲ့ရသည်။
ဆရာကြီးကျန်းသည် တချက်ပြုံးလိုက်ပြီးမှ “ ပျော်ဖို့ကောင်းလို့ပေါ့ ကောင်စုတ်လေးရဲ့... ပျော်ဖို့ကောင်းလို့….”
လျူကျင်းက နားမလည်ဟန် ကြည့်လိုက်သည်။
“ပျော်ဖို့ကောင်းလို့ ဟုတ်လား”
သို့ရာတွင် လျူကျင်းအတွက်မူ ဇူအန်နှင့်ဆရာကြီးကျန်း တွေ့ဆုံကြတိုင်း အပျော်ထက် ဘယ်အချိန်များသူ့ဆရာကြီး၏ ကျင့်ကြံဆင့်အမှန်ကို သိသွားမည်နည်းဟူသည့် စိုးရိမ်ပူပန်မှုကိုသာ တချိန်လုံး ခံစားနေရတော့သည်။
"“ဒါပေါ့” ဟု ဆရာကြီးကျန်းက ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် အတည်ပြုလိုက်သည်။
“ငါက ကိုယ့်စိတ်ကြိုက်နေရတာကို သဘောကျတယ်ကွ..၊ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင်တော့ စိတ်ပြောင်းချင်ပြောင်းမယ် ၊အတတ်ပြောလို့တော့ဘယ်ရမလဲ..၊ ငါစိတ်ပြောင်းရင် မင်းရဲ့ အစေခံအပေါ် ဆက်ဆံတဲ့ပုံစံကို ငါ့သဘောနဲ့ငါ ပြောင်းချင်လဲပြောင်းမှာပေါ့ ..၊ မင်း နဲ့ ဘာဆိုင်လို့လဲ ..၊ လောလောဆယ်တော့ အဲ့သူငယ်မကို ငါ ဒီအတိုင်းလေးပဲ ဆက်ဆံလိုက်ဦးမယ် ..”
လျူကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး “ဇူအန်က ကျွန်တော့် အစေခံ မဟုတ်ဘူးဗျ..” ဟု ပြန်ပြောလိုက်သည်။
“အမလေး..ဘာထူးလို့လဲ ၊အေး ဒါဆိုလည်း လက်အောက်ငယ်သားပေါ့ကွာ..”
ဟု ဆရာကြီးကျန်းက ဂရုမစိုက်ဟန်ဖြင့် လက်ခါပြလိုက်သည်။
“အခေါ်အဝေါ်လေးပဲကွာတာပါကွာ ဒါကို ဖင်ပိတ်ငြင်းမနေနဲ့ အခု မင်းအနားမှာ ဘက်တော်သားတွေရှိနေတာ လက်ခံလိုက်စမ်းပါ”
သူ့အနားတွင် သူ့ဘက်တော်သားတွေရှိနေသည်တဲ့..။
လျူကျင်းအနေဖြင့် ထိုအကြောင်းကို သိပ် မတွေးချင်သော်လည်း ၎င်းက အမှန်တရားပင် ဖြစ်သည်။ ဇူအန်သည် သူနှင့် အနီးကပ်ဆုံးလူ ဖြစ်နိုင်သော်လည်း သူမတစ်ဦးတည်းတော့ မဟုတ်ပေ။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း အဓိကအားဖြင့် အပြင်စည်းတပည့် အချို့သည် သူ့ဘက်တော်သားလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရှောင်ဖန်းနှင့် သူ၏ သိုင်းစိန်ခေါ်ပွဲသတင်း မည်သို့မည်ပုံ ပေါက်ကြားသွားသည်မသိ။ နောက်ပိုင်းတွင်မူ ထိုသတင်းမှာ ပို၍ပင် ဟိုးလေးတကြော်ကြော်ဖြစ်လာခဲ့သည်။
ဇူအန် ပြောပြသော အတွင်းသတင်းအရ သူ ရှောင်ဖန်း၏ သိုင်းကွက်သုံးကွက်ကို တောင့်ခံနိုင်ပါ့မလား ဆိုသည့်အပေါ် ဂိုဏ်းသားများအကြား အငြင်းပွားမှုများစွာ ရှိနေခဲ့သည်။ လျူကျင်းကိုယ်တိုင်ပင် ထိုအငြင်းပွားမှုအချို့ကို မတော်တဆ နားနှင့်ဆတ်ဆတ် ကြားဖူးခဲ့သေးသည်။
အကိုကြီး ရှောင်နန်၏ ပြောပြချက်အရ ဂိုဏ်းသားများက လောင်းကြေးများပင် ထပ်နေကြပြီဟု သိရသည်။ မည်သို့ပင်ဖြစ်စေ၊ ရှောင်ဖန်းနှင့် ယှဉ်ပြိုင်ရမည့် စိန်ခေါ်ပွဲသည် အတွင်းစည်းတပည့် များနှင့် အပြင်စည်းတပည့်များ၏ အာရုံစိုက်မှုကို ခံနေရပြီဖြစ်သည်။
'ကျွန်တော် ဘာလုပ်ရမလဲဗျ ဆရာကြီးကလဲ နဲနဲပါးပါးတော့ အကြံပေးဦးလေဗျာ.. "
ဆရာကြီးကျန်းက သူ၏ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း စဉ်းစားဟန်ဖြင့် ပြုလိုက်သည်။ ခေတ္တမျှအထိ သူတို့၏ ခြေလှမ်းများအောက်တွင် မြက်ပင်များ နင်းခြေခံရသည့် အသံမှတစ်ပါး အခြားဘာသံမျှ မကြားရတော့ချေ။
'မင်းအနေနဲ့ အဖိုးကြီးတယောက်ကိုမေးတာ မှားတော့မမှားပါဘူး..အေး ဒါပေမဲ့ ဒီကိစ္စမှာတော့ ငါ့ကို မေးမယ့်အစား မင်းရဲ့အဖေကိုပဲ သွားမေးကွ..'
'ဟမ် ကျွန်တော့်အဖေကို ဟုတ်လား'
'အေးလေ..ငါက တပည့်တပန်းတွေတရုံးရုံးနဲ့ရှုပ်ရှုပ်ယှက်ယှက်နေရတာ မကြိုက်ဖူးကွ..၊ အဲ့လိုမျိုး ဟိတ်ကြီးဟန်ကြီးလုပ်ရတာတွေ ဘယ်တုန်းကမှ ဝါသနာမပါခဲ့ဘူး' ဟု ဆရာကြီးကျန်းက ဝန်ခံလိုက်သည်။
'မှတ်ထား လူလေးရ လူတွေရဲ့ ရောဂါ ဝေဒနာတွေကို ကုသပေးရတာက လွယ်သေးတယ်..ဒါပေမဲ့ လူတွေနဲ့ သဟဇာတဖြစ်အောင်နေရတာက အတော်ရှုပ်တယ်ကွ..၊ သူတို့ဘာသာသူတို့ တောင် စိတ်ကမှန်တာမဟုတ်ဖူး..၊ ငါဆို ဟိုးအရင်တုန်းက ဘာပြောကောင်းမလဲကွာ..၊ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ပီးနေလာခဲ့တာကွ..အဲ့လိုနေတာက ငါနဲ့ အကိုက်ဆုံးပဲ။ ငါ သွားချင်တဲ့နေရာ သွား..လုပ်ချင်တာ လုပ်ခဲ့တာပဲ အဆင်ကိုပြေလို့..”'
လျူကျင်းက “အင်း အဲဒါလဲ ကောင်းတာပဲ “ဟု ရေရွတ်လိုက်သည်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေရခြင်းက ပိုကောင်းလိမ့်မည်။ သူ၏ဆရာကြီးသည် သံသယဖြစ်ဖွယ်မရှိအောင်ပင် အတွေးအခေါ်ကောင်းသူ ဖြစ်သည်။
"နေပါဦး ဆရာကြီးရဲ့..၊ ဆရာကြီးက အဖေ့ကို မေးစေချင်နေတာဆိုတော့ ..၊ဒါဆို... အဖေက ဒီလိုကိစ္စမျိုးတွေမှာ အတွေ့အကြုံရှိဖူးတယ်လို့ ဆိုလိုတာလားဗျ'
' ဟားဟား..မင်းအဖေကတော့ ငါအာချောင်တာကို ကြိုက်မှာ မဟုတ်ဘူး။ အေး ဒါပေမဲ့ ဒီကောင်က တကယ့်ကောင်နော် သူ့လက်အောက်မှာ တပည့်တပန်းတွေမှ အများကြီး ရှိခဲ့ဖူးတာ..၊သွားအထင်မ သေးနဲ့' ဟု ဆရာကြီးကျန်းက ပြုံးဖြီးဖြီးဖြင့် ဆိုသည်။ ဆရာကြီးကျန်းက ထိုအကြောင်းအရာမှာ ဘာမှအရေးမကြီးသည့်အလား ရယ်သွမ်းသွေးကာပြောလိုက်သော်လည်း လျူကျင်း မှာမူ အံ့အားသင့်သွားသည်။
'ထပ်ပြီး သိချင်သေးလား ငါ့တပည့်'
သူ အမှန်တကယ်ပင် သိချင်မိသည်။
လျူကျင်းသည် သူ့ဖခင်၏အတိတ်ကို စိတ်မဝင်စားသယောင်နေခဲ့ရသော်လည်း စင်စစ်မှာမူ သူအလွန်စိတ်ဝင်စားကာ သိချင်နေခဲ့သည်။ သူ့ ဖခင် အတိတ်ဇာတ်လမ်းနှင့် ပတ်သက်၍ ဟိုတစ်စဒီတစ်စမျှသာ ကြားဖူးခဲ့ရပြီး အလုံးစုံသိရန်မှာမူ သူ့အတွက် အဖြေမ ရှိသော ပဟေဠိတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ကိုယ့်ဖခင်၏ အမှန်တရားကို မသိရှိရခြင်းက တစ်ခါတရံတွင် ရူးသွပ်မတတ် ခံစားရသည်၊ ပမာပြောရလျှင် လက်မမှီသဖြင့် မကုတ်နိုင်မခြစ်နိုင်သည့် ခြင်ကိုက်ဖု ၏ ယားယံမှုတစ်ခုလိုပင် ဖြစ်သည်။
အသည်းယားစရာမှာ သူ့အဖေ၏အတိတ်ဖြစ်ရပ်မှန်သည် သူ့လက်လှမ်းမီရုံ အကွာအဝေးလေးတင်မှာတင် အမြဲတစေ ရှိနေခဲ့ခြင်း ဖြစ်သည်။"
သို့သော် ထိုနောက်ဆုံးခြေလှမ်းကို လှမ်းရမည့်သူမှာ သူမဟုတ်ချေ။
‘'ဘယ်လိုပြောလိုက်ပါလိမ့် ဆရာကြီးရာ ... သိပ်သိချင်တာပေါ့ ၊ အူထဲအသည်းထဲကကို အဖေ့အကြောင်း သိချင်နေတာပါဗျ”'
ဟု ပြောရင်း လျူကျင်းက မျက်လုံးများကို မှိတ်ကာ သက်ပြင်းချလိုက်သည်။
'ဒါပေမဲ့ အဖေက ကျွန်တော့်ကို မသိစေချင်လို့မှ လျှို့ဝှက်ထားတာပဲ..၊ ကျွန်တော်က အတင်းကြီး ပြောခိုင်းလို့မှမရတာပဲဗျာ…”
ထိုအဖြစ်မှန်များကို ပြောရမည့်သူမှာ အခြားသူမဟုတ်ဘဲ သူ၏ဖခင်ကိုယ်တိုင်သာ ဖြစ်သင့်သည်။
'အဖေကိုယ်တိုင် ကျွန်တော့်ကို ပြောပြဖို့ အဆင်သင့်ဖြစ်မယ့်အချိန်အထိ ကျွန်တော် စောင့်လိုက်မယ်ဗျာ..၊ ဆရာကြီး ဆီကနေ ကြားလိုက်ရမယ်ဆိုရင် သူ့ကို သစ္စာဖောက်ရာ ရောက်နေဦးမယ်..”
ထိုအကြောင်းအရာများကို သိခွင့် ငြင်းပယ်လိုက်ရခြင်းက နာကျင်စရာကောင်းသော်လည်း သူ့အနေဖြင့် ရွေးချယ်စရာမရှိပေ။
ဆရာကြီးကျန်းက အမြင်ကတ်ဟန် နှာခေါင်းရှုံ့လိုက်ရင်း၊
'အမလေး … မင်းအကျင့်ကိုက မင်းအဖေအတိုင်းပဲ တယ်လဲခေါင်းမာတဲ့သားအဖ..”
'အဖေနဲ့တူတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ဆရာကြီး' "
“အေး မင်းကိုချီးကျူနေတာမဟုတ်ဖူးကွ” ဟု ဆရာကြီးကျန်းက အဝေးသို့ ငေးမောကြည့်ရင်း ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံးက ကိုယ့်အတွက်ကိုယ် တောင်မကြည့်တဲ့အထိ သိပ် ခေါင်းမာလွန်းတာပဲ..၊ အလျှော့မပေး ပဲ တင်းခံပီး ခေါင်းမာတတ်တာကို ကောင်းတဲ့အရာလို့ ထင်နေကြတာ..၊ အေးလေ တကယ်လဲ ခေါင်းမာတာက ကောင်းတဲ့နေရာလဲ ကောင်းပါတယ်၊ ဒါပေမဲ့ အလျှော့မပေးနိုင်တဲ့အရာတွေဟာ နောက်ဆုံးမှာတော့ ကျိုးပျက်သွားတတ်တယ်ကွ..၊ ဒါကို မဖြစ်မနေ သေချာမှတ်ထား ကောင်စုတ်လေးရဲ့..”
ကျိုးပျက်သွားတတ်သည်တဲ့..။
ဤသည်မှာ သူဖခင်ဖြစ်သူ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့ရသနည်းဆိုသည့်အချက်နှင့်များ ဆက်စပ်နေမည်လား..။
လျူကျင်းခေါင်းကို အမြန်ပင် ခါယမ်းလိုက်သည်။ မဟုတ်သေးပေ။... ဤသည်မှာ လောလောဆယ် တွေးတောနေရမည့် အရာမဟုတ်ချေ။
သူ သိခွင့်ရမည့်အချိန် ရောက်လာမှသာ သူ သိရလိမ့်မည်။ ထိုအချိန်ထက် စောပြီး သိရလိမ့်မည်မဟုတ်ချေ။
“အခုတော့ ဒါတွေက အရေးမကြီးတော့ပါဘူးကွာ..၊ ဟော... ရှေ့ကိုကြည့်စမ်း၊ ငါတို့ ရောက်ပြီကွ…”"
သူတို့၏ ရှေ့မှောက်တွင် မိုင်ပေါင်းများစွာ ရှည်လျားကျယ်ပြောလှသော လျှိုမြောင် ချိုင့်ဝှမ်း ကြီး သွယ်တန်းတည်ရှိနေသည်။ ထိုလျှိုမြောင်ကြီးတစ်ခုလုံးကို ပုံသဏ္ဌာန်နှင့် အရွယ်အစားမျိုးစုံရှိသော သစ်ပင်ကြီးငယ်များဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းတို့အနက် အချို့မှာ စိမ်းစိုနေသော်လည်း အချို့မှာမူ ဆန်းပြားသော အရောင်အသွေးများ ရှိကြသည်။ လျှိုမြောင်၏ အလယ်ဗဟိုသို့ နီးကပ်သွားလေလေ ပိုမိုသိပ်သည်းလာလေလေဖြစ်သည့် ခရမ်းရောင် မြူခိုးမြူငွေ့များက လျှိုမြောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံအုပ်ဆိုင်းထားသည်။ သိပ်သည်းလှသော သစ်တောအုပ်ကြီးကို ဖောက်ထွင်း၍ပင် လျှိုမြောင်အတွင်း၌ တောရိုင်းသတ္တဝါအချို့ လှုပ်ရှားသွားလာနေကြသည်ကို လျူကျင်း လှမ်းမြင်နေရသည်။
ယခုတစ်ကြိမ်တွင်လည်း သူသည် အဆိပ်စွယ်ချိုင့် ဝှမ်း သို့ တဖန်ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
'အဆင်သင့်ပဲလား ငါ့တပည့် ရေ'
နောက်ဆုံးတွင်မူ.. သုံးနှစ်တာ အချိန်ကာလတစ်ခု ကုန်လွန်သွားခဲ့ပြီးဖြစ်သဖြင့် ဤနေရာသို့သူတို့ပြန်လာခြင်းဖြစ်သည်။
လျူကျင်းက ချိုင့်ဝှမ်းကြီး၏ အနက်ရှိုင်းဆုံးနေရာကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့အတွက် အဖြေတစ်ခုတည်းသာ ရှိသည်။
လွန်ခဲ့သော သုံးနှစ်၊ ထိုနေ့ရက်ကတည်းက သူ့ထံတွင် အဖြေတစ်ခုတည်းသာ တည်ရှိခဲ့ခြင်း ဖြစ်သည်။
'ဟုတ်ကဲ့... အဆင်သင့်ပါပဲ ဆရာကြီး'
လျူကျင်းသည် သူ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသော ဝိညာဉ်သားရဲ ၏ အပေါ်မှ ကျော်ဖြတ်ကာ ခုန်ရှောင်လိုက်သည်။ ထိုသားရဲ၏ ကြီးမားထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးသည် သူ၏ နောက်ကွယ်မှ သစ်ပင်ကြီးကို အရှိန်ပြင်းစွာ ဝင်တိုက်မိသွားပြီး သစ်ပင်ပင်စည်မှာ ချက်ချင်း ကျိုးပြတ်သွားခဲ့ရသည်။ သားရဲကြီး၏ ပုံမှန်ထက် ပိုမိုကြီးမားနေသော မေးရိုးအစုံက တစ်ချက်တစ်ချက် တဒေါက်ဒေါက် မြည်ဟည်းနေပြီး၊ ပျော့ပျောင်းကွေးညွတ်သော ခန္ဓာကိုယ်ကြီးကို လျူကျင်းရှိရာဘက်သို့ တဖန်ပြန်၍ လှည့်လာပြန်သည်။
ခြေလှမ်းနှစ်ဆယ်။
အဆိပ်စွယ်ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဝိညာဉ်သားရဲတစ်ကောင်က သူတို့အား စတင်တိုက်ခိုက်ရန်အတွက် ဤမျှလောက်သော အကွာအဝေးသာ လိုအပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အခေါက်လာရောက်စဥ်ကနှင့် လုံးဝမတူညီတော့ချေ။ စင်စစ် လွန်ခဲ့သော အခေါက်ကမူ ဆရာကြီးကျန်းသည် အဆိပ်စွယ်ချိုင့်ဝှမ်းအတွင်းရှိ အားနည်းသော သတ္တဝါများကို ခြောက်လှန့်မောင်းထုတ်ရန်အတွက် သူ၏ ချီ စွမ်းအင်ကို အနည်းငယ် ထုတ်ဖော်ပြသခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ထိုသို့မလုပ်တော့ပေ။
'ဟဲ့ ကောင်လေး..၊ကြိုပြောထားမယ်နော် ငါတို့ ချိုင့်ဝှမ်းရဲ့ အပြင်ဘက်စည်းဝိုင်းမှာ ရှိနေတဲ့အချိန် ဝိညာဉ်သားရဲတွေ ရန်ပြုလာနိူင်တယ်၊ ငါတို့ကို တိုက်ခိုက်လာမယ့် ဘယ်ဝိညာဉ်သားရဲကိုမဆို မင်းဘာသာမင်းပဲ ရှင်းရမယ်။ ဒီလောက်လေးကိုတော့ မင်း သေချာပေါက် ကိုင်တွယ်နိုင်တယ်မလား..' "
ထိုစကားများမှာ တိုက်ခိုက်မခံရမီ စက္ကန့်ပိုင်းအလိုက သူ၏ဆရာကြီး ပြောကြားခဲ့သော စကားများပင် ဖြစ်သည်။ လက်ရှိကြုံတွေ့နေရသော ရန်သူမှာ အကြေးခွံနီ ကင်းခြေများ ဖြစ်သည်။ အသွင်အပြင်ကို ကြည့်ရသရွေ့မူ ပိုမိုနီရဲနေသည်ကလွဲ၍သာမန်ကင်းခြေများတစ်ကောင်နှင့် မခြားနားလှပေ။ သို့ရာတွင် အရွယ်အစားမှာ ပိုပြီး ကြီးမားလှသည်။
ထိုဝိညာဉ်သားရဲသည် အလျားပေသုံးဆယ်ခန့် အသာလေး ရှိပေလိမ့်မည်။ ၎င်း၏ အမည်တွင် အကြေးခွံဟု ပါရှိသော်လည်း အမှန်တကယ်တွင်မူ အကြေးခွံများ မရှိချေ။ ယင်းအစား ၎င်း၏ခန္ဓာကိုယ်ကို ပတ္တမြားရောင် တောက်ပြောင်နေသော အပြင်ဘက် အရိုးမာအလွှာ တစ်ခုဖြင့် ကာကွယ်ထားပြီး၊ ထိုအလွှာက ယခုအချိန်အထိ လျူကျင်း၏ တိုက်ကွက်များကို လုံးဝအမှုမထားဘဲ ခံနိုင်ရည်ရှိကြောင်း သက်သေပြနေသည်။ ၎င်း၏ ကြီးမားလှသော မေးရိုးအစုံက လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြည်ဟိန်းနေသည်။
လျူကျင်း၏ ခန့်မှန်းချက်အရဆိုလျှင် ဤသတ္တဝါသည် အတွင်းအားစုစည်း ခြင်းအဆင့် ၏ နဝမမြောက်အဆင့်တွင် ရှိနေ လောက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် လျူကျင်းအနေဖြင့် ဤသတ္တဝါကို ရင်ဆိုင်ရင်း အသက်ရှင်ကျန်ရစ်နေနိုင်သည့် တစ်ခုတည်းသော အားသာချက်မှာ ထိုသတ္တဝါတွင် အသိဉာဏ်ကင်းမဲ့နေခြင်းနှင့် ၎င်း၏ တိုက်ခိုက်မှု လမ်းကြောင်းများက ကန့်သတ်ချက် ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ အကြေးခွံနီ ကင်းခြေများကြီးသည် မည်မျှပင် သန်မာပြီး လျင်မြန်ပါစေဦးတော့၊ သူ့ထံသို့ လမ်းကြောင်းဖြောင့်အတိုင်းသာ ပြေးဝင်တိုက်ခိုက်နိုင်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် ခန္ဓာကိုယ်ထွားကျိုင်းမှုနှင့် မလိုက်ဖက်အောင်ပင် အလှည့်အပြောင်း အလွန်မြန်ဆန်သော်လည်း လျူကျင်းနှင့် မယှဥ် နိူင်ပေ။
သူနှင့် ထိုသားရဲအကြား လုံလောက်သော အကွာအဝေးတစ်ခုကိုသာ ထိန်းထားနိုင်သရွေ့ သူ ဆက်တိုက် ရှောင်တိမ်းနေနိုင်မည် ဖြစ်သည်။
သူသည် ကိုယ်ဖော့သိုင်းပညာ သင်ကြားပေးခဲ့သည့် ဇူအန်ကို စိတ်ထဲမှ ကျိတ်ကျေးဇူးတင်လိုက်ရင်း၊ ထိုသိုင်းကွက်ကို အသုံးပြုကာ အကြေးခွံနီ ကင်းခြေများကြီး၏ အပေါ်တည့်တည့်တွင် ခြေထောက်တစ်ဖက်ကို မြှင့်လျက် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။ သူ့ ခြေထောက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ကန်ချလိုက်သော်လည်း ဘာမျှထူးခြားမလာခဲ့ချေ။ ထို့အပြင် ကန်လိုက်မိသည့်အရှိန်ဖြင့် သူ့ခြေထောက်သာ ထုံကျင်သွားသည်သာ အဖတ်တင်သည်။
လျူကျင်း သက်ပြင်းချလိုက်မိသည်။
သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပုံရသည်။
မှောင်မည်းနေသော တောအုပ်ကြီးထဲတွင်ပင် လျူကျင်းက သူ၏ဓားမြှောင်ကို အိတ်ထဲမှ ထုတ်ယူလိုက်သည့်အခါ ဓားသွားက တလက်လက် တောက်ပသွားခဲ့သည်။ ၎င်းက သေးငယ်ပြီး ကျော့ရှင်းလှပသည့် လက်နက်ငယ်လေးတစ်ခု ဖြစ်သည်။
သူက ဓားမြှောင်ကို အောက်သို့ စိုက်ချလိုက်သည်။
လျူကျင်း၏ ဓားမြှောင်က အကြေးခွံနီ ကင်းခြေများကြီး၏ မာကျောလှသော အခွံမာကို ဘာမျှမရှိသကဲ့သို့ အလွယ်တကူ ထိုးဖောက်မျက်စိ ခွဲပစ်လိုက်သည့်အခါ သားရဲကြီးမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
လျူကျင်းက ခန္ဓာကိုယ်ကို ခပ်နိမ့်နိမ့် ကိုင်းလိုက်ပြီး ဓားမြှောင်ကို သားရဲကြီး၏ ခန္ဓာကိုယ်အလျားအတိုင်း ဆွဲလှီးပစ်လိုက်သည်။ ကိုယ်ဖော့သိုင်းပညာကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုပြီးနောက်တွင်မူ လျူကျင်းသည် သားရဲကြီး၏ အောက်ဘက်သို့ ရောက်ရှိသွားကာ ၎င်း၏ ခြေထောက်များကို အလွယ်တကူပင် ပိုင်းဖြတ်ပစ်လိုက်တော့သည်။"
ကိုယ်ဖော့သိုင်းပညာသုံးရင်း... ဓားချက်တစ်ချက်... ၊
ကိုယ်ဖော့သိုင်းပညာ သုံးရင်း... နောက်ထပ်ဓားချက်တစ်ချက်...။
လျူကျင်း၏ ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးသွားသည့်အလား ထိုလုပ်ဆောင်ချက်များကို အကြိမ်ကြိမ် အထပ်ထပ် ပြုလုပ်နေမိသည်။
အသက်ရှူသုံးကြိမ်စာမျှ ကြာပြီးနောက်တွင်မူ ထိုသားရဲကြီးသည် သေဆုံးသွားခဲ့လေပြီ။
လျူကျင်းက အသက်ပြင်းပြင်းရှူရင်း သူ့အား နတ်သမီး မုန့်ယွဲ့ ပေးခဲ့သည့် ဓားမြှောင်ကို ကျေနပ်စွာ ကြည့်လိုက်မိသည်။ သူ ထိုအမျိုးသမီးကို ကြည့်မရသော်လည်း သူမ ပေးခဲ့သည့် လက်ဆောင်ကမူ လိုလေသေးမရှိ အပြစ်ပြောစရာ မရှိချေ။ သူ၏ ကျင့်ကြံဆင့်ခပ်နိမ့်နိမ့်ဖြင့် ကိုင်တွယ်အသုံးပြုလျှင် ပင် ဤ ဓားမြှောင်သည် ကြီးမားလှသော ဖျက်ဆီးမှုဒဏ်ကို ပေးစွမ်းနိုင်စွမ်း ရှိပေသည်။
နတ်ဘုရား ရေခဲနန်းတော် ၏ နတ်သမီးများ ၊တနည်းအားဖြင့် နတ်မိမယ်ငါးပါး ထဲမှ တစ်ဦးထံမှ ရလာသည့်အရာဖြစ်၍ မျှော်လင့်ထားသည့်အတိုင်းပင် လွန်စွာ အစွမ်းထက်လှပေသည်။
'အိုး ဟိုး ဟိုး.. ဘယ်ဆိုးလို့လဲ၊ ငွေရောင်ဝံပုလွေ စွယ်တွေနဲ့ လုပ်ထားတဲ့ ဓားဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့လေ.. ဒါပေမဲ့ ကျန်တဲ့အကောင်တွေကျရင် မင်း ဘယ်လိုရှင်းမလဲ သိချင်မိသားပဲ'
“ဟင် ကျန်တဲ့အကောင်တွေ ဟုတ်လား.."
သူ့ရှေ့မှောက်ရှိ တောအုပ်ကြီးကို လှမ်းကြည့်လိုက်မိချိန်တွင် လျူကျင်း၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရသည်။ ကင်းခြေများကြီးနှင့် တိုက်ပွဲဖြစ်ပွားသံများက အခြားသော သတ္တဝါများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပြီ ဖြစ်သည်။ သူတို့ရှေ့တွင် အကြေးခွံနီ ကင်းခြေများ အကောင်ရေ ဒါဇင်ပေါင်းများစွာအပြင် သူအမည်မသိသော အခြားဝိညာဉ်သားရဲများစွာ ရှိနေကြသည်။ ၎င်းတို့အားလုံးကို သူတစ်ယောက်တည်း အနိုင်ယူရန် မဖြစ်နိုင်ကြောင်း လျူကျင်း ချက်ချင်းပင် နားလည်လိုက်သည်။
တစ်ခုတည်းသော နည်းလမ်းကလွဲ၍ပေါ့...။
လျူကျင်းသည် အားကိုးတကြီး ဆရာကြီးကျန်းကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် သူ့ဆရာကြီးသည် သူ့ဘက်မှနေ၍ ကူညီဖြေရှင်းပေးမည့် အရိပ်အယောင်မျိုး မရှိချေ။
ဤသို့ဆိုပါက တနည်းသာရှိတော့သည်။
လျူကျင်းသည် မကျေမနပ် နှာခေါင်းရှုံ့လိုက်ရင်း သူ၏လည်ပင်းတွင် ဆွဲထားသော ဆွဲသီးကို ဆွဲဖြုတ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ထိုဆွဲသီးဖြင့် ထိန်းချုပ်ပိတ်ဆို့ထားသည့် အဆိပ်စွမ်းအင်များက အရပ်မျက်နှာအနှံ့သို့ စတင်ပျံ့နှံ့သွားသည်။ အဆိပ်စွယ်ချိုင့်ဝှမ်းအတွင်းရှိ အဆိပ်ရှိသော သစ်ပင်သစ်တောများပင်လျှင် ကိုးခေါင်းမြွေနတ်ဘုရား ၏ အဆိပ်စွမ်းအားကို မယှဉ်နိုင်ကြချေ။ လျူကျင်း၏ အနီးနားရှိ ဝိညာဉ်သားရဲများလည်း ထို့အတူပင် ဖြစ်သည်။
၎င်းတို့အားလုံးသည် ကိုးခေါင်းမြွေနတ်ဘုရား၏ အဆိပ်စွမ်းအားအောက်တွင် သေဆုံးကုန်ကြတော့သည်။
'အိုးဟိုး... မင်းကတော့ တကယ့်ဉာဏ်ကြီးရှင်ပါလား..”
လျူကျင်းက သူ့ဆရာကြီးအား မကျေမနပ် စိုက်မကြည့်မိစေရန် ထိန်းလိုက်သည်၊ အကြောင်းမူ ထိုသို့ပြုလုပ်ခြင်းက ရိုင်းပျရာ ရောက်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့ပတ်ဝန်းကျင်ရှိ အဆိပ်သင့်နေသည့် များပြားသော ကင်းခြေများ တို့အကြားတွင် သူ့ဆရာကြီးတစ်ဦးတည်းသာ ဤအဆိပ်ဒဏ်မှ ဘာမျှမဖြစ်ဘဲ လွတ်မြောက်နေသည်။ ထိုအချက်မှာ အံဩစရာတော့မရှိပေ။
အကြောင်းမူ လျူကျင်းကိုယ်တိုင်ပင် ဤအဆိပ်များကို ကိုင်တွယ်ဖြေရှင်းနည်းကို ဆရာကြီးထံမှ သင်ယူခဲ့ရသည်ဖြစ်သဖြင့် ဤသည်က သဘာဝကျလှပေသည်။
'ဆရာကြီး... ကျွန်တော့်အနေနဲ့ အခုတိုက်ပွဲကနေ ဘယ်လိုသင်ခန်းစာမျိုးကို သင်ယူရမလဲဆိုတာ နားလည်ရခက်နေတယ်ဗျ..”'
'သင်ခန်းစာဆိုတာ ယူတတ်ရင်ရတယ်ကွ... ၊ငါ့ရဲ့ တပည့် ငဖျင်းလေးရယ်... မင်းအနေနဲ့ ဘယ်လောက်ပဲ သဘောမကျပါစေဦးတော့၊ ကိုယ့် အသက်ရှင်သန်ရေးနဲ့ပတ်သက်လာရင် ကိုယ်တတ်နိုင်သမျှ အရာအားလုံးကို ရတဲ့နည်းနဲ့အသုံးချရမယ်ကွ…၊ အဲတာ သင်ခန်းစာပဲ..၊ ငါ့သွန်သင်ချက်တွေကို လက်ခံတာ မလက်ခံတာကတော့ မင်းအပိုင်းပေါ့ ကွာ..၊ ငါတောင်းဆိုချင်တာကတော့ မင်း လွယ်လွယ်လေး အသေမခံဖို့ပဲ..၊ ကိုယ့်မှာရှိတဲ့ ရွေးချယ်စရာ လမ်းအားလုံးကို ထည့်မတွက်မိလို့ အသက်ဆုံးရှုံးသွားရမယ်ဆိုရင် ဒါက တကယ့်ကို နှမြောစရာကောင်းလိမ့်မယ်' ဟု ပြောရင်း ဆရာကြီးကျန်းက လျူကျင်း၏ ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်သည်။
'ဒီ ခွေးကောင်လေးကတော့ ပြောရရင်မကောင်းရှိရော့မယ်၊ မင်းက အရင် သုံးနှစ်တာကာလပတ်လုံး မြို့မှာ အန္တရာယ်အရှိဆုံးလူတွေထဲက တစ်ယောက် ဖြစ်နေခဲ့တာကွ..၊အဲတာတောင် ဘာမှမဟုတ်တဲ့သူတယောက်လို ပြုမူနေခဲ့တာပဲ။ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲဆိုတာ သတိထားဦးကွ "
ထိုစကားအတွက် လျူကျင်းတွင် ပြန်ပြောစရာ စကားမရှိတော့ချေ။ သူ ဘာမှ ပြန်မပြောဘဲ သူ့ဆရာကြီးနောက်သို့ လိုက်ပါရင်း ချိုင့်ဝှမ်းကြီး၏ အနက်ရှိုင်းဆုံးနေရာဆီသို့သာ ဆက်လက်ဦးတည်လိုက်တော့သည်။
သူ့ထံမှ ထွက်ပေါ်နေသော အဆိပ်စွမ်းအားသည်ဝိညာဉ်သားရဲအားလုံးကို သူတို့အနားမကပ်ရဲအောင် မောင်းထုတ်ပေးနေပြီး၊ အဆိပ်အတောက် အလွန်ပြင်းထန်လှသော အဆိပ်စွယ်ချိုင့်ဝှမ်း၏ ဗဟိုချက်ဒေသများတွင်ပင် လမ်းကြောင်းတစ်ခုကို ဖောက်ထွင်းပေးထားသည်။ ဆရာကြီးနှင့် တပည့်ဖြစ်သူတို့သည် လျှိုမြောင် ချိုင့်ဝှမ်းကြီး၏ အလယ်ဗဟိုအထိ လျှောက်လှမ်းလာခဲ့ကြသည်။ မသိမသာ လျှို့ဝှက်ထားသကဲ့သို့ ရှိနေသော ဂူဝလေး၏ ရှေ့မှောက်အထိပင် ဖြစ်သည်။
လျူကျင်းသည် မှောင်မည်းနေသော ဂူကြီးကို စိုက်ကြည့်လိုက်မိသည်။
လွန်ခဲ့သော သုံးနှစ်ကမူ သူသည် ထိုဂူအတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မသိရှိဘဲ ဝင်ရောက်ခဲ့ဖူးသည်။
ယခုမူ ထိုသို့မဟုတ်တော့ချေ။
လျူကျင်းသည် စိတ်တင်းကာ အရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာ လောကကြီးတခုလုံး ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး၊ မျက်စိတစ်ဆုံး မှောင်မည်းခြင်းမှတစ်ပါး အခြားဘာမျှမရှိသော အခြားကမ္ဘာတစ်ခု သို့ ရောက်ရှိသွားသည်။
လွန်ခဲ့သော သုံးနှစ်က သူ ထိုသို့သာ ထင်မှတ်ခဲ့ဖူးခြင်း ဖြစ်သည်။
ယခုမူ သူ ပို၍ နားလည်လာခဲ့သည်။
လျူကျင်းသည် သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို ညွှတ်ကိုင်းဦးချလိုက်ရင်း အပေါ်သို့ မော်ဖူးလိုက်သည်။ နေမင်းကြီးများကဲ့သို့ တောက်ပလှသော မျက်လုံးကြီးများက သူ့ကို ပြန်လည်စိုက်ကြည့်နေကြသည်။
'ဟားဟား စိတ်ဝင်စားစရာပဲ။ မင်းကို ဂုဏ်ပြုရတော့မယ့်ပုံပဲ'
လက်ရှိတွင်မူ သူသည် ကိုးခေါင်းရှိ မြွေနတ်ဘုရား၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောင်းစွာ သိရှိနေခဲ့ပြီ ဖြစ်သည်။