← Chapters

အခန်း ၄၄

Vol. 6 Ch. 44

အခန်း ၄၄

Vol. 6 Ch. 44

အခန်း ၄၄။အရှုံးမခံချင်သော စိန်ခေါ်ပွဲတခု

ကိုးခေါင်းမြွေနတ်ဘုရားသည် အလွန်တရာ ကြီးမားလှသည်ဟု ပြောရုံမျှဖြင့် မလုံလောက်ချေ။

လျူကျင်းသည် သူ့အနားတွင် ရပ်နေသော ဆရာကြီးဖြစ်သူကို သတိပြုမိနေသော်လည်း သူ၏ မျက်လုံးများကမူ ကိုးခေါင်းမြွေနတ်ဘုရားထံ၌သာ အပြည့်အဝ အာရုံစိုက်နေမိသည်။ ၎င်း၏ အရွယ်အစားမှာ အရှေ့ဘက်ဆိပ်ကမ်းမြို့တော်ထက်ပင် ကြီးမားလှပြီး အဆိပ်စွယ်ချိုင့်ဝှမ်းကြီးတစ်ခုလုံးထက်ပင် ပိုမိုကျယ်ပြောလှသည်။ ၎င်းသည် အမြင့်မားဆုံးသော တောင်တန်းများနှင့် အနက်ရှိုင်းဆုံးသော သမုဒ္ဒရာများကိုပင် ကျော်လွန်လွှမ်းမိုးထားသည်။ ၎င်း၏ မျက်လုံးများမှာ အရည်ပျော်နေသော ရွှေရည်အိုင်ကြီးများကဲ့သို့ ဖြစ်ပြီး၊ ၎င်း၏ အရိပ်ကြီးက တစ်မြေပြင်လုံးကို မှောင်မိုက်သွားစေသည်။ ဦးခေါင်းကိုးလုံးနှင့် မျက်လုံးတစ်ဆယ့်ရှစ်လုံးတို့သည် လျူကျင်းအပေါ်သို့ အာရုံစိုက်လျက် အလွန်ပင် ညင်သာစွာ လှုပ်ရှားနေကြပြီး ထိုလှုပ်ရှားမှုလေးများထဲမှ အသေးငယ်ဆုံးသော လှုပ်ရှားမှုတစ်ခုသည်ပင် ပတ်ဝန်းကျင်မြေမျက်နှာ သွင်ပြင်တစ်ခုလုံးကို ပုံဖျက်ပစ်ရန် လုံလောက်လှသည်။

'လွန်ခဲ့တဲ့ သုံးနှစ်က မင်း ငါ့ရှေ့မှောက်ကို ရောက်လာခဲ့တယ်၊ အဲဒီအချိန် ငါက မင်းအပေါ် ကောင်းချီးကို အပ်နှင်းခဲ့တယ်'

ထိုအသံကြီးက သူ့ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းသည် နေရာအနှံ့အပြားမှ ထွက်ပေါ်လာသကဲ့သို့ ရှိနေပြီး မည်သည့်နေရာမှ ထွက်ပေါ်လာသည်ဟုလည်း အတိအကျ ပြော၍မရချေ။ လျူကျင်းသည် ထိုအသံကို သူ၏ဦးနှောက်အတွင်း၌ပင် တိုက်ရိုက်ကြားနေရသည်။

"“အဲ့တုန်းက ငါ့အနေနဲ့ မင်းအပေါ် ဘာမျှော်လင့်ချက်မှ မထားခဲ့ဘူး။ မင်း အသက်ရှင်ကျန်ရစ်ပြီး ငါ့ရှေ့မှောက်ကို နောက်တစ်ကြိမ် ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အော် အမှန်တော့ အသက်ရှည်ရှည် နေထိုင်ရတဲ့အခါ မထင်ထားတဲ့ မြင်ကွင်းတွေ မြင်တွေ့ရတတ်တာပဲ။ မိုးရေစက်တစ်စက်ဟာ သမုဒ္ဒရာဖြစ်ရင်ဖြစ်သွားမယ်..၊ တီကောင်တစ်ကောင်ဟာ နဂါးတစ်ကောင် လဲဖြစ်လာနိူင်တာပဲ၊ အတွင်းအားစုစည်းခြင်းအဆင့်က ခွေးလေးတစ်ကောင်ဟာ ငါ့ရဲ့အဆိပ်ကို ကြံ့ကြံ့ခံနိုင်သွားတာလဲ ဖြစ်လာနိူင်တယ်”

ထို့နောက် ဟင်းလင်းပြင်ကြီးတစ်ခုလုံးတွင် တဟားဟား ရယ်မောသံကြီး ပဲ့တင်ထပ်သွားခဲ့သည်။

“ဝမ်းသာလိုက်တော့ ကလေးငယ်‌ လေးရေ..။ မင်းကို ငါအမွေပေးဖို့ဆုံးဖြတ်လိုက်ပီ…”

အမွေ တဲ့…။

လျူကျင်းသည် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ဤအကြောင်းကို သူ၏ဆရာကြီးအား တစ်ကြိမ်နှစ်ကြိမ်မျှ မေးမြန်းဖူးသည်။ အမွေအနှစ်ဆိုသည်မှာ နတ်ဘုရားတစ်ပါးမှ လူသားတစ်ဦးအပေါ် အပ်နှင်းသည့် ကောင်းချီးဆုလာဘ်တစ်ခုကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် မည်သည့်လက်ဆောင် ဖြစ်လိမ့်မည်ကိုမူ နတ်ဘုရားကိုယ်တိုင်သာ ဆုံးဖြတ်မည့်အရာ ဖြစ်သည်။

ကိုးခေါင်းရှိ မြွေနတ်ဘုရား၏ အမွေအနှစ်က မည်သည့်အရာ ဖြစ်လာမည်ကိုမူ မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ချေ။

“မင်းစိတ်ကို ငြိမ်ငြိမ် ထိန်းထားဖို့ ကြိုးစားစမ်း။ ငါ့စမ်းသပ်ချက်ကို အောင်မြင်ခဲ့တဲ့သူက ဒီလောက်လေးနဲ့တင် ရူးသွပ်သွားမယ်ဆိုရင်တော့ တကယ်နှမြောဖို့ကောင်းလိမ့်မယ်”

နာ ကျင် မှု…။

လျူကျင်း စကားမပြောနိုင်တော့။ မည်သည့်အရာကိုမျှလည်း မတွေးတောနိုင်တော့ချေ။ သူ၏ပါးစပ်က အလိုအလျောက် ပွင့်ဟသွားသည်။

တစ်စုံတစ်ယောက်ကမူ မရပ်မနား အော်ဟစ်မြည်တမ်းနေဆဲဖြစ်သည်။

ရယ်မောသံအချို့လည်း ထွက်ပေါ်လာသည်။

မည်သူက ရယ်မောနေသနည်း။

လျူကျင်း ကိုယ်တိုင်လည်း မခွဲခြားနိုင်တော့ပေ။

သူသိသမျှမှာ နာကျင်မှုသက်သက်သာ ဖြစ်တော့သည်။

ယခုတစ်ကြိမ်မှာမူ ယခင်ကကဲ့သို့ အဆိပ်မိခြင်းမျိုး မဟုတ်ချေ။ လျူကျင်း၏ ဒန်တျန် သည် ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်ခံနေရသကဲ့သို့ တုန်ရီလှုပ်ခတ်လာသည်။ ဒန်တျန်တစ်ခုတည်း တင်မက သူ၏ အကြောအခြင် အားလုံးသည်လည်း တစ်ခုပြီးတစ်ခု စုတ်ပြဲကာ မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။ ခန္ဓာကိုယ်အနှံ့ရှိ အပ်စိုက်မှတ် တိုင်းသည် တုန်ခါနေသည်။ သူ၏ သွေးများမှာလည်း ခန္ဓာကိုယ်အတွင်း ယခင်ကနှင့်မတူဘဲ အရှိန်အဟုန်ပြင်းပြင်းနှင့် စီးဆင်းနေတော့သည်။ အရည်ပျော်နေသော မီးတောင်ချော်ရည်များကဲ့သို့ အပူရှိန်များက တိုးဝင်လာပြီး သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများကို အသွင်ပြောင်းလဲ စီဆင်းနေတော့သည်။

ထို့နောက်တွင်မူ ရေခဲတမျှ အအေးဓာတ်က ရုတ်တရက် ဝင်လာသည်။

လောင်မြိုက်နေသော အပူရှိန်များက သဘာဝအတိုင်း မဟုတ်ဘဲ ရုတ်ခြည်း ပျောက်ကွယ်သွားကာ သွေးခဲမတတ်အေးစက်သော အအေးဓာတ်က အစားထိုး ဝင်ရောက်လာသည်။ ထိုအအေးဓာတ်သည် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ပြန့်နှံ့သွားသည်ကို လျူကျင်း ခံစားလိုက်ရပြီး အအေးဓာတ်နှင့်အတူ ဝေဝါးနေသော အသိစိတ်များကလည်း ဖြည်းဖြည်းချင်း ပြန်လည်လင်းလက်လာသည်။ အမြင်အာရုံများ ပြန်လည်ပွင့်လင်းလာပြီး မိမိပတ်ဝန်းကျင်ရှိ ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို တစ်ဖန်ပြန်မြင်လိုက်ရသည်။ သူသည် ဒူးထောက်လျက်သားဖြင့် ပြင်းထန်စွာ အမောဖောက်နေပြီး ပါးစပ်မှလည်း တံတွေးများ စီးကျနေတော့သည်။

ကံကောင်းသည့်အချက်မှာ သူ အသက်ရှူနေဆဲပင် ဖြစ်သည်။

သူ မော့ကြည့်လိုက်စဉ် ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ လှုပ်ခတ်နေသည်။ တစ်စုံတစ်ခု ပြောင်းလဲသွားပြီဖြစ်သော်လည်း လျူကျင်း ဘာမှန်းမသိသေးချေ။ ငုံ့ကြည့်လိုက်သည့် အချိန်ကျမှသာ သူ ရိပ်မိလာတော့သည်။

နဂါးရိုးအပ်များ။

သူ၏ နဂါးရိုးအပ်များပင်ဖြစ်သည်။

ထိတ်လန့်ခြောက်ခြားမှုများ မဝင်ရောက်လာမီမှာပင် နဂါးရိုးအပ်များ ခန္ဓာကိုယ်ထဲ၌ မရှိတော့သော်လည်း အဆိပ်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း လျူကျင်း သတိပြုမိသွားသည်။ စင်စစ်မူ သူသည် အချိန်အတော်ကြာအတွင်း ယခုမှ သက်တောင့်သက်သာ ခံစားနေရခြင်း ဖြစ်သည်။ သူ၏ ချီ စွမ်းအင်များသည် သွေးကြောများတလျှောက် ချောမွေ့စွာ စီးဆင်းနေကြသည်။

အကြောင်းမူ သူ့ခန္ဓာကိုယ်ထဲတွင် အဆိပ်များ မရှိတော့ခြင်းကြောင့်ပင် ဖြစ်သည်။

လျူကျင်းသည် ပါးစပ်အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေမိသည်။ လွန်ခဲ့သည့် သုံးနှစ်တာကာလပတ်လုံး သူ့အနီးနား၌ အမြဲတစေ ရှိနေခဲ့သော ကိုးခေါင်းမြွေနတ်ဘုရား၏ အဆိပ်မှာ သူ၏ ခန္ဓာကိုယ်အတွင်း မည်သည့်နေရာ၌မျှ ရှာမတွေ့တော့ချေ။ လျူကျင်း၏ ချီစွမ်းအင်များသည် နောက်ဆုံးတွင်တော့ သဘာဝအတိုင်း ပြန်လည် စီးဆင်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။

လျူကျင်း အားရဝမ်းသာ ရယ်မောလိုက်မိသည်။ သူ၏ ရင်ထဲတွင် ကြည်နူးဝမ်းမြောက်မှုများ ပြည့်လျှံတက်လာသည်။ အော်ဟစ်ရယ်‌မော လွန်းသဖြင့် လည်ချောင်းတစ်ခုလုံး နာကျင်နေသော်လည်း သူ၏ ရယ်မောသံများက ရပ်တန့်မသွားခဲ့ချေ။

ခဏတာမျှအတွင်း သူသည် မိမိဘယ်သူ့ရှေ့မှောက်တွင် ရောက်ရှိနေသည်ကိုပင် မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ရသည်။

“ကောင်လေး... မင်းက ငါ့စမ်းသပ်ချက်ကို ကြံ့ကြံ့ခံပြီး အသက်ရှင်လွတ်မြောက်ခဲ့တာပဲ။ မင်းထက် စွမ်းအားနဲ့ အရည်အချင်း ပိုသာလွန်တဲ့သူတွေတောင် ကြိုးစားခဲ့ကြပေမဲ့ ကျရှုံးခဲ့ရတယ်။ နောက်ဆုံးတော့ အတွင်းအားစုစည်းခြင်း အဆင့်က မွေးကင်းစခွေးပေါက်လေးက အောင်မြင်သွားတာပဲ..၊ ငါ့အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်ကြောင်း သက်သေပြနိုင်ဘီပဲ..

ဟေး သေခါနီး အဖိုးကြီး... ဝမ်းသာလို့ရဘီဟေ့.. မင်းကသင့်တော်တဲ့ မျိုးဆက် သစ်တယောက်ကို ရှာတွေ့ခဲ့တာပဲကိုးး…”

“ကျွန်တော်မျိုး အရှင့်ရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်... ဘိုးဘေးအရှင်သခင် ခင်ဗျာ…”

ရွှေရောင်မျက်ဝန်းကြီးများသည် လျူကျင်းနှင့် ပိုမိုနီးကပ်လာသည်။ ထိုမျက်ဝန်းကြီးများက သူ့မျက်စိရှေ့တည့်တည့်တွင် ရှိနေသကဲ့သို့ ခံစားရသော်လည်း ကိုးခေါင်းမြွေနတ်ဘုရားသည် စိတ်ကူး၍ပင်မရနိုင်လောက်အောင် ဝေးကွာသော အရပ်၌ ရှိနေကြောင်း လျူကျင်း ကောင်းစွာ သိရှိနေသည်။

“ကိုင်း ကောင်လေး... ငါ့အမွေအနှစ်ကို ဆက်ခံဖို့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့တာဆို‌ တော့ ..မင်းကို ငါ့သွေးကြောတွေကို ပေးသနားလိုက်မယ်.. အခုကစပြီး မင်းရဲ့ ချီစွမ်းအင်နဲ့ သွေးတွေဟာ ကိုးခေါင်းမြွေနတ်ဘုရားရဲ့ သွေးကြောတွေ စီးဆင်းသွားလိမ့်မယ်… ဒီဆုလာဘ်ရဲ့ အကျိုးကျေးဇူးတွေကို မင်း မကြာခင် မြင်တွေ့ရလိမ့်မယ်”

ထိုသို့ကိုးခေါင်းမြွေနတ်ဘုရား စကားပြောနေစဉ် မှာပင်ထူးဆန်းသော အရာတစ်ခု စတင်ဖြစ်ပျက်လာသည်။

ကိုးခေါင်းမြွေနတ်ဘုရား၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်ဝေဝါးလာသကဲ့သို့ ဖြစ်နေသည်။

“ကဲ... စဘီဟေ့..”

“ဟင် ဘိုးဘေးအရှင်သခင်...”

ဟင်းလင်း ပြင်ကျယ်ကြီးအတွင်း တိုးညှင်းသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်သွားသည်။

“ဒီလောက်အထိ အံ့အားသင့်မနေပါနဲ့ ကောင်လေး၊အစကတည်းက ငါ့ဝိညာဉ်က ငါ့အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် ချန်ထားရစ်ခဲ့တဲ့ အရိပ်သဏ္ဌာန်တစ်ခုပဲကွ..၊ ငါက အသက်ရှင်နေတော့တာမဟုတ်ဖူး..၊ ငါ့တာဝန် ပြီးမြောက်တဲ့အထိပဲ ရှိနေမှာ..၊ အခု အားလုံးပြီးဆုံးသွားပြီဆိုတော့ ငါ ဆက်ပြီး တွယ်ကပ်နေဖို့ အကြောင်းမရှိတော့ဘူး”

စကားပြောနေဆဲမှာပင် ကိုးခေါင်းမြွေနတ်ဘုရား၏ ပုံရိပ်သည် တစတစ ပိုမိုမှေးမှိန်လာနေသည်။

သူသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေ‌ လေသည်။။ ကိုးခေါင်းမြွေနတ်ဘုရားကဲ့သို့ အစွမ်းထက်လှသည့် ဖြစ်တည်မှုမျိုးက သူ၏မျက်စိရှေ့မှောက်တွင်တင် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

“ကောင်လေး... အရင်တုန်းက ငါဟာ အမရနယ်မြေ ကနေ လာခဲ့တာ။ အဲဒီမှာ ငါ့ရဲ့မျိုးနွယ်စုတွေ ရှိနေသေးတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ မင်းဘက်က အခုလိုမျိုးပဲ မျှော်လင့်မထားတဲ့ အံ့ဩစရာတွေကို ဆက်ပြီး သက်သေပြနိုင်ဦးမယ်ဆိုရင် တစ်နေ့ကျရင် သူတို့နဲ့ ဆုံတွေ့ရလိမ့်မယ်။ အဲဒီလိုအချိန်ကျရင် ‘အဲဒါကို’ သူတို့ကို ပေးလိုက်ပါ”

အဲဒါကို ပေးလိုက်ပါ ဆိုပါလား..။ သူ ဘာကို ပေးရမည်နည်း..။

ကိုးခေါင်းမြွေနတ်ဘုရားသည် မည်သည့်အကြောင်းကို ပြောနေသနည်း..။

“မင်းသာ အစွမ်းထက်လာမယ်ဆိုရင် အဲဒါ ဘယ်မှာရှိလဲဆိုတာ အလိုလို သိလာလိမ့်မယ်။ အဲဒီအချိန်မတိုင်ခင်အထိတော့... အသက်ရှင်အောင် နေပါ”

ကိုးခေါင်းမြွေနတ်ဘုရား ဆိုလိုသည့်အရာကို လျူကျင်း မေးမြန်းရန် မပြင်နိုင်မီမှာပင် ထိုဧရာမခေါင်းကိုးလုံးမြွေနတ်ဘုရား ကြီးသည် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးအတွင်း သူတို့ကို ထားရစ်ခဲ့ကာ လုံးဝ ဥဿုံ ပျောက်ကွယ်သွား လေသည်။ လျူကျင်းသည် သူ့ဆရာကြီးဘက်သို့ လှည့် မေးရန်ပြင်လိုက်သော်လည်း သူ့စကားလုံးများမှာ လည်ချောင်းဝတွင်တင် တစ်ဆို့သွားရတော့သည်။

တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်သည်။

“လူလေး... မင်း အခုချက်ချင်း ထိုင်ချလိုက်တာ ပိုကောင်းလိမ့်မယ်။ ငါ ထင်ထားတာထက် ပို စောနေဘီထင်တယ်.. ”

ဆရာကြီးကျန်း ၏ စကားသံများက လျူကျင်း၏ နားထဲသို့ ခပ်တိုးတိုးသာ ဝင်ရောက်လာသော်လည်း သူ ခိုင်းသည့်အတိုင်း လိုက်နာလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နက်ရှိုင်းလှသော သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားရသော်လည်း အခြားတစ်ဖက်တွင်မူ တစ်စုံတစ်ခုက သူကိုယ်ထဲ၌ တိုးဝှေ့ ထွက်ပေါ်လာနေသည်။

၎င်းသည် နာကျင်မှု မဟုတ်သလို၊ အဆိပ်လည်း မဟုတ်ပေ။

၎င်းမှာ စွမ်းအား ၊ တနည်းအားဖြင့်မြွေ နတ်ဘုရား၏ ကောင်းချီးပင် ဖြစ်တော့သည်။

လွန်ခဲ့သည့် သုံးနှစ်လုံးလုံး လျူကျင်းသည် အသက်ဆက်နိုင်ရန်အတွက် သူ၏ ချီစွမ်းအင် စီးဆင်းမှုကို အတင်းအဓမ္မ ပြောင်းလဲထားခဲ့ရသည်။ ယခုမူ သူ၏ ချီစွမ်းအင်များသည် ယခင်အတိုင်း ပြန်လည် စီးဆင်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။

မဟုတ်သေး... ယခင်ကထက်ပင် ပိုမိုပြင်းထန်လှသော စွမ်းအားများဖြင့် စီးဆင်းနေခြင်း ဖြစ်သည်။ စွမ်းအင်လှိုင်းများသည် သူ၏ အကြောအခြင်များအတွင်း လျူကျင်း မနည်းထိန်းချုပ်နေရလောက်သည့် အရှိန်အဟုန်ဖြင့် စီးဆင်းနေတော့သည်။ ထိုစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌သာမက ပြင်ပတွင်လည်း လွှမ်းမိုးနေသည်။ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် စွမ်းအင်များ ပြည့်နှက်နေပြီး ထိုပြင်းထန်လှသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေကြသည်။

“အသက်ရှူသွင်းလိုက်စမ်း လူလေး..”

လျူကျင်း၏ ချီစွမ်းအင်များသည် သောင်းကျန်းနေသော ရိုင်းစိုင်းသည့် မြစ်ရေပြင်ကဲ့သို့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ သူ၏စိတ်ကို ပြန်လည် ထိန်းချုပ်ရန် လိုအပ်နေသော်လည်း ချီစွမ်းအင်များ၏ စီးဆင်းမှုက ပို၍သာ မြန်ဆန်လာနေတော့သည်။ ကိုးခေါင်းမြွေနတ်ဘုရား၏ သွေးကြောတော်များ။

၎င်းတို့သည် သူ၏ ယခင် အကြောအခြင်ဟောင်းများနှင့် ယှဉ်လျှင် လုံးဝ ခြားနားသော အဆင့်အတန်းတစ်ခုတွင် ရှိနေပေသည်။

အသက်ရှူသွင်းလိုက်စမ်း လျူကျင်းရေ ဟုသူ့ကိုယ်သူ သတိပေးနေရသည်။

စွမ်းအားများက တရိပ်ရိပ် မြင့်တက်လာနေသည်။ လျူကျင်း၏ ခန္ဓာကိုယ်အတွင်း ကိုးခေါင်းမြွေနတ်ဘုရား၏ သွေးကြောတော်များမှာ ပိုမိုကျယ်ပြန့်လာတော့သည်။ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ ချက်ချင်းပင် ရိပ်မိလိုက်သည်။

ကျင့်စဉ်အဆင့် တက်လှမ်းခြင်း ။

အတွင်းအားစုစည်းခြင်း ပထမအဆင့်မှာပင် အချိန်အတော်ကြာ တစ်ဆို့နေခဲ့ရသော သူ၏ခန္ဓာကိုယ်သည် နောက်ဆုံးတွင်တော့ ထိုအဆင့်မှ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကိုးခေါင်းမြွေနတ်ဘုရား ပျောက်ကွယ်သွားပြီးနောက် ခဏအကြာမှာပင် လျူကျင်းသည် အတွင်းအားစုစည်းခြင်းအဆင့် ဒုတိယအဆင့်သို့ ချဉ်းနင်းဝင်ရောက်သွားခဲ့လေပြီ။

အခြားသာမန် အခြေအနေမျိုးတွင်ဆိုလျှင်မူ ဤအရာက ဧကန်မုချ ဝမ်းမြောက်စရာ အခမ်းအနားတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ လျူကျင်းအနေဖြင့် ပိုမိုပြင်းထန်လာသော စွမ်းအင်များကိုသာ အတင်းဖိနှိပ် ထိန်းချုပ်နေရသည်ဟု အဓိပ္ပာယ်ရပြီး ၎င်းကလည်း ယခုအထိ ပြီးဆုံးမသွားသေးချေ။ စွမ်းအားများက သူ့ထဲသို့ မရပ်မနား ဆက်လက်စီးဝင်နေဆဲ ဖြစ်သည်။ ကိုးခေါင်းမြွေနတ်ဘုရား၏ သွေးကြောတော်များက နောက်တစ်ကြိမ် လှုပ်ခတ်တုံ့ပြန်လာပြန်သည်။

အတွင်းအားစုစည်းခြင်းအဆင့် တတိယအဆင့်။

ထို့နောက် ထပ်မံ၍...

အတွင်းအားစုစည်းခြင်းအဆင့် စတုတ္ထအဆင့်။

သူ့အနေဖြင့် ဤချီစွမ်းအင်အားလုံးကို ပြန်လည်မထိန်းချုပ်နိုင်ပါက ကိုးခေါင်းမြွေနတ်ဘုရား၏ စမ်းသပ်ချက်ကို အသက်စွန့်ကျော်ဖြတ်ခဲ့ရသမျှသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။

လျူကျင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ အာရုံကို ခန္ဓာကိုယ်အတွင်းပိုင်း၌ သောင်းကျန်းနေသော စွမ်းအင်လှိုင်းများဆီသို့သာ အလုံးစုံ အာရုံစိုက်လိုက်တော့သည်။ ယခုအချိန်တွင် သူ့အတွက် ပြင်ပလောကမှ မည်သည့်အရာမျှ မလိုအပ်တော့ချေ။ အသံများ၊ အမြင်များနှင့် အနံ့အာရုံများအားလုံးကို ဖြတ်တောက်ထားလိုက်သည်။

ဤနေရာမှ အသက်ရှင်လျက် ပြန်လည်ထွက်ခွာလိုပါက သူသည် ဤစွမ်းအားအားလုံးကို မိမိ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိအောင် မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို လျူကျင်း မသိတော့ပေ။ သူသည် ပြင်ပကမ္ဘာကြီးနှင့် မိမိကိုယ်ကို လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားလိုက်သည်။ သူ သိရှိနေသည်မှာ သူ၏ ကိုယ်ပိုင်အသက်ရှူသံသက်သက်သာ ဖြစ်တော့သည်။ အသက်တစ်ကြိမ် ရှူသွင်းလိုက်တိုင်း ခန္ဓာကိုယ်တွင်း၌ သောင်းကျန်းနေသော မြစ်ရေပြင်ကဲ့သို့ စွမ်းအင်များကို ငြိမ်သက်သွားအောင် ဖိနှိပ်လိုက်သည်။

အသက်ရှူကြိမ်ရေ တစ်ဆယ်ခန့် ကုန်လွန်သွားသည်။

အသက်ရှူကြိမ်ရေ တစ်ထောင်ခန့် ကုန်လွန်သွားသည်။

အသက်ရှူကြိမ်ရေ တစ်သိန်းခန့်ပင် ကုန်လွန်သွားခဲ့လေပြီ။

သို့သော်လည်း လျူကျင်းသည် ရပ်တန့်မသွားခဲ့ချေ။ နေ့ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူ အသေအချာ သိရှိနေသော်လည်း ဤကျင့်ကြံဆင့်တက်ခြင်း အခြေအနေမှ ထွက်ရန် အဆင်သင့်မဖြစ်သေးပေ။ အသစ်ရရှိထားသော ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်ကို သေချာနားမလည်မချင်း သူ အပြင်သို့ အာရုံပြန်မလှည့်ချေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သစ်များကို စနစ်တကျ အပြီးသတ် ထိန်းကျောင်းနိုင်သည့် အချိန်အထိပင် ဖြစ်သည်။

ထိုအရာအားလုံး ပြီးမြောက်သွားသည့် အချိန်ကျမှသာ လျူကျင်းသည် မျက်လုံးများကို ရဲရဲဝံ့ဝံ့ ဖွင့်ဟလိုက်တော့သည်။

“မင်းကတော့ အချိန် တော်တော်လေး ယူလိုက်တာပဲ လူလေးရဲ့”

အချိန်အတော်ကြာ ကုန်လွန်သွားပြီးနောက်မှ ဆရာကြီးဖြစ်သူ၏ အသံကို ပြန်လည်ကြားလိုက်ရသဖြင့် သူ၏စိတ်ထဲတွင် သက်သာရာရသွားစေသည်။ မြေပြင်ပေါ်တွင် ထိုင်နေသော ဆရာကြီးကျန်းကို မြင်လိုက်ရစဉ် လျူကျင်းသည် အားအင်ချည့်နဲ့စွာဖြင့် ပြုံးလိုက်မိ၏။

“ဆရာကြီး... အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲဗျ”

“သိပ်မကြာပါဘူး..ငါ့မှာ မင်းကိုစောင့်နေရင်း ပျင်းတောင်ပျင်းလာတယ်..၊ရက်သတ္တပတ်တော်တော် များများတော့ရှိမှာပေါ့..”

“ဗျာ…”

ဤမျှတောင် ကြာသွားရသလော။ အရှေ့ဘက်ဆိပ်ကမ်းမြို့တော် ရှိ လူများမှာ သူပျောက်ဆုံးနေခြင်းအပေါ် မည်သို့ထင်မြင်နေကြမည်ကို လျူကျင်း မတွေးရဲအောင် ဖြစ်သွားရသည်။

“အရေးမပါတာတွေ တွေးပြီး စိတ်မပူနေနဲ့” ဟု သူ၏ဆရာကြီးက သူ၏ အတွေးစများကို ဖြတ်တောက်ကာ ပြောလိုက်သည်။

“ဒီလာကတည်းက အချိန်အတော်ကြာလိမ့်မယ်ဆိုတာ သိထားပြီးသားပဲကို…။ မင်း နဲ့အရင်းနှီးဆုံးလူတွေက ဒီလိုဖြစ်လာနိုင်ခြေရှိတာကို ကြိုသိထားပီးသား..”

အရင်းနှီးဆုံးလူတွေ ဆိုပါလား..။

လျူကျင်းသည် မတ်တတ်ထရပ်လိုက်ရင်း အားနည်းစွာဖြင့် တိုးညှင်းစွာ ရယ်မောလိုက်မိသည်။

သနားစရာကောင်းလှသည့် ဇူအန် ။

သူမ တော်တော်လေး စိတ်ပူနေ‌ ပေမည်။

“ရော့... ဒါက မင်းအတွက်”

ဆရာကြီးကျန်းက သူ့ထံသို့ တစ်စုံတစ်ခုကို လှမ်းပစ်ပေးလိုက်သဖြင့် လျူကျင်း မျက်တောင်ခတ်လိုက်မိသည်။ ၎င်းမှာ သူ၏ နဂါးရိုးအပ်များပင် ဖြစ်ပြီး လေထုထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားလာသည်ကို လျူကျင်း မြင်တွေ့လိုက်ရသည်။ သူ၏လက်က အလိုအလျောက်ပင် လှုပ်ရှားသွားပြီး လေထဲရှိ အပ်တစ်ချောင်းချင်းစီကို အလွယ်တကူပင် ဖမ်းယူလိုက်တော့သည်။

“ဒါတွေကတော့ မင်း ကိုးခေါင်းမြွေနတ်ဘုရားရဲ့ ကောင်းချီးကို ခံယူနေတုန်းက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့တဲ့ အပ်ခြောက်ချောင်းပဲ။ မင်း မျှော်လင့်မထားတဲ့ ဆုလာဘ်တစ်ခုကို ရလိုက်ပုံပဲ..”

သူ့လက်ထဲရှိ အပ်များသည် ယခင်က မြင်တွေ့ခဲ့ရသည့် ပုံစံနှင့် သိသိသာသာ ကွဲပြားနေသည်။ အပ်များပေါ်တွင် ထူးဆန်းသော အပြာရောင်အသွေးတစ်မျိုး လွှမ်းမိုးနေပြီး ယခင်ကထက် ပိုမိုစွမ်းအားရှိသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

“အဲဒီအပ်တွေကို မင်းနဲ့မကွာ အမြဲဆောင်ထားကွ..။ ဒါပေမဲ့ ဒီအတောအတွင်း လူနာတွေအပေါ် သုံးဖို့တော့ ငါမတိုက်တွန်းချင်ဘူး”

လျူကျင်းလည်း သဘောတူလိုက်သည်။ ယခုအချိန်တွင် ထိုအပ်များဆီမှ အလွန်အန္တရာယ်များသောအငွေ့အသက်ကို ခံစားနေရ၍ ဖြစ်သည်။ အပ်များကို သူ့ဝတ်ရုံအတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက်မှ သူ ပတ်ဝန်းကျင်ကို အသေအချာ ကြည့်ရှုရန် အချိန်ရတော့သည်။ ပတ်ဝန်းကျင်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

“ဆရာကြီး... ဒါက ဘာဖြစ်တာလဲ”

သူတို့သည် အဆုံးမရှိသော မှောင်မိုက်သည့် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးအတွင်းရောက်မနေတော့ပေ။ ထိုအစား လှိုဏ်ဂူတစ်ခုအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့အထင် လှိုဏ်ဂူတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူတို့ပတ်ဝန်းကျင်တစ်ခုလုံးသည် စွမ်းအင်လှိုင်းများဖြင့် တောက်ပနေပြီး ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကို အလွယ်တကူပင် မြင်တွေ့နိုင်သည်။

ကောင်းကင်ဘုံ သလင်းကျောက်....။

လှိုဏ်ဂူတစ်ခုလုံး၏ မြင်သမျှ နေရာတိုင်းတွင် ခရမ်းရောင်သွေးကြောပါသော အကောင်းကင်ဘုံ ခရမ်းသွေးကြော သလင်းကျောက် များဖြင့် ဖုံးလွှမ်းနေသည်။ ရှောင်ရွှမ်းတယောက် မင်္ဂလာဆောင်တွင် လက်ဖွဲ့အဖြစ် ရရှိခဲ့သော ဆွဲသီးလေးတစ်ခုတည်းနှင့်တင် အရှေ့ဘက်ဆိပ်ကမ်းမြို့တော်ကို ဝယ်ယူရန် လုံလောက်သည်ဆိုပါက ယခု ဤနေရာရှိ ပမာဏမှာမူ တိုင်းပြည်တစ်ခုလုံးကိုပင် အလွယ်တကူ ဝယ်ယူနိုင်ရန် ဧကန်မုချ လုံလောက်ပေလိမ့်မည်။

သို့သော်လည်း သူ၏ဆရာကြီးဖြစ်သူကမူ အံ့အားသင့်ပုံ တစက်မှမပြချေ။

“ဒါက အံ့ဩစရာတော့မရှိဘူးကွ..၊ ကိုးခေါင်းမြွေနတ်ဘုရားရဲ့ ဝိညာဉ်က ဒီနေရာမှာ နှစ်ပေါင်းထောင်ချီပြီး တည်ရှိနေခဲ့တာ‌ လေ..၊ကိုးခေါင်းမြွေနတ်ဘုရားက သူ ကိန်းဝပ်ဖို့အတွက် သီးခြားကမ္ဘာတစ်ခုကို ဖန်တီးခဲ့တာဖြစ်ပေမဲ့ ဒီကမ္ဘာမြေက နယ်ပယ်တစ်ခုလုံးက သူဆီက ထွက်တဲ့ စွမ်းအင်တွေကို နှစ်ထောင်ချီပီးရနေတာကိုး..၊ အဲဒါကြောင့်လဲ ဒီလိုမျိုးဖြစ်နေတာပေါ့..၊ စိတ်ဝင်စားဖို့ကောင်းတဲ့ တွေ့ရှိမှုမျိုး ဆိုပေမယ့် မင်းအနေနဲ့ ဒါကို လျှို့ဝှက် ထားကွ လူတကာကိုလျှောက်ပြောမနေနဲ့..” ”

“ဆရာကြီး...”

“ဒီလောက်တောင် များတဲ့ ကောင်းကင်ဘုံသတင်းကျောက် သိုက်ကြီးရှိတယ်ဆိုတဲ့ သတင်းသာပျံ့သွားကြည့်ပါလား..၊ ဆင်ခြင်တုံတရားရှိပါတယ် ဆိုတဲ့သူတွေတောင် အရူးလို အသည်းအသန်ဖြစ်သွားလိမ့်မယ်..” ဟု ဆရာကြီးကျန်းက တည်တံ့လေးနက်စွာဖြင့် ပြောလိုက်သည်။

“ဒီအကြောင်းကို လူသိနည်းလေ... ပိုကောင်းလေပဲ။ ဒါပေမယ့် လောလောဆယ်တော့ တခြားဘယ်သူမှလည်း ဒီနေရာကို လာနိုင်မှာ မဟုတ်ဘူး”

“ဗျာ...”

“အေးလေကွာ... ဒီနေရာရဲ့ အဆိပ်ငွေ့တွေက ကိုးခေါင်းမြွေနတ်ဘုရားရဲ့ ဖြစ်တည်မှုကြောင့်သာ ရှိနေတာကွ..။ သူ မရှိတော့တဲ့နောက်မှာတော့ ဒီအဆိပ်ငွေ့တွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။ အပြီးသတ် ပျောက်ကွယ်သွားဖို့အတွက် နှစ်ပေါင်း ရာချီ ကြာနိူင်တယ်ကွ..၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားမှာပဲ”

လျူကျင်းသည် အတွေးများစွာဖြင့် စိတ်ရှုပ်လာသဖြင့် ညည်းတွားလိုက်မိသည်။

အကယ်၍သာ ထိုသို့ ဖြစ်ပျက်လာပါက အဆိပ်စွယ်ချိုင့်ဝှမ်း သည် အဆိပ်ပြည့်‌ နေသောချိုင့်ဝှမ်းအဖြစ် ဆက်လက် တည်ရှိနိုင်ပါဦးမည်လော။

ရှောင်ဂိုဏ်းရော မည်သို့ဖြစ်သွားမည်နည်း။

အဆိပ်စွယ်ချိုင့်ဝှမ်းမှ ကျင့်စဉ်သုံးပစ္စည်းများကို ရှာဖွေစုဆောင်းခြင်းသည် သူတို့အတွက် များစွာ အကျိုးအမြတ်ရရှိစေသည့် အရာဖြစ်သည်။

၎င်းသာ မရှိတော့ပါက သူတို့ မည်သို့လုပ်ဆောင်ကြမည်နည်း။

“လူလေး... မင်း အတွေးလွန်နေပြီဆိုတာ ငါသိတယ်။ တော်လိုက်တော့။ အခုအချိန်မှာ မင်းအနေနဲ့ ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေကိုပဲ အာရုံစိုက်သင့်တယ်ကွ..”

လျူကျင်း နားမလည်သဖြင့် မျက်တောင်ခတ်လိုက်မိသည်။ ဆရာကြီးဖြစ်သူ၏ မျက်နှာထက်တွင်မူ ထုံးစံအတိုင်း သဘောကျနေသော အပြုံးတစ်ခု ရှိ နေသည်။

“မင်းရဲ့ ကျောင်းတော်က ရန်စ ကိုမေ့သွားဘီလား..၊အခုပြန်ရင် အချိန်မီဦးမယ်ထင်တယ် ဘယ်လိုလဲ…”

သူ ထိုစကားကြားမှ ဒက်ခနဲ သဘောပေါက်သွားသည်။

စိန်ခေါ်ပွဲ…။

ရှောင်ဖန်း …။

“ကျွန်တော် နားလည်ပါပြီ ဆရာကြီး။ အဆိပ်စွယ်ချိုင့်ဝှမ်းရဲ့ အနာဂတ်ကိုတော့ နောက်မှပဲ ကျွန်တော် စဉ်းစားပါတော့မယ်”

လျူကျင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ယခုအချိန်တွင်မူ သူ လုံးဝ အရှုံးမခံချင်သော စိန်ခေါ်ပွဲတခု ရှိနေပေသည်။

All Chapters