အခန်း ၄၅
Vol. 6 Ch. 45
အခန်း ၄၅။အတွင်းအားစုစည်းခြင်းအဆင့်၊ သတ္တမအဆင့်
လျူကျင်း သည် ပြတ်သားသော ခြေလှမ်းများဖြင့် ရှောင်ဂိုဏ်း ထံသို့ လျှောက်လှမ်းလာခဲ့သည်။ သူ၏ မျက်နှာတွင် ပေရေနွမ်းနယ်နေပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း နေရာအနှံ့ စုတ်ပြဲနေသည်။ သို့သော်လည်း အစောင့်များသည် သူ့ကို မြင်မြင်ချင်းပင် ဂိုဏ်းတံခါးမကြီးကို ချက်ချင်း ဖွင့်ပေးလိုက်ကြသည်။
လျူကျင်းသည် ထိုတံခါးများမှတစ်ဆင့် အတွင်းထဲအထိ တစ်ဦးတည်း ဝင်ရောက်သွားသည်။
“လိုက်ကြည့်ဦးမလား ဟုတ်လား။ လူလေးရယ်... မင်းတို့ ကလေးတွေအချင်းချင်း ရန်ဖြစ်နေတာကို ထိုင်ကြည့်ဖို့ထက် ငါ့အချိန်တွေကို ပိုအသုံးချလို့ရမယ့် အလုပ်တွေရှိသေးတယ်ကွ.. စဉ်းစဉ်းစားစားလေးလည်းပြောပါကွာ…”
ဤသည်မှာ လျူကျင်းက ရှောင်ဖန်း နှင့် ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲကို လာရောက်ကြည့်ရှုရန် စိတ်ဝင်စားမှုရှိမရှိ မေးမြန်းခဲ့စဉ်က ဆရာကြီးကျန်း ပြောကြားခဲ့သည့် စကားများပင် ဖြစ်သည်။ ထိုစကားများကို ပြန်မြင်ယောင်ရင်း လျူကျင်း တချက်ပြုံးလိုက်မိသည်။ ဆရာကြီးအမြင်တွင်မူ ဤစိန်ခေါ်ပွဲသည် စိတ်ဝင်စားစရာ မရှိမည်မှာ သေချာ သည်။ ဤသည်မှာ ဆရာကြီးကျန်း မျက်စိတွင် အမှန်တကယ်ပင် ကလေးကလား ရန်ပွဲတစ်ခုမျှသာ ဖြစ်လိမ့်မည်။
အမှန်တကယ်လည်း ကလေးချင်း ရန်ဖြစ်ကြရုံသက်သက် မျှသာ ဖြစ်နိုင်ပါသည်။
“ဒီလိုစိန် ခေါ် ဖို့အကြံ ဘယ်ကနေ ဘယ်လိုစဖြစ်သွားတာပါလိမ့်..”
လျူကျင်းသည် မည်မျှပင် ကြိုးစား၍ စဉ်းစားသော်လည်း အစပြုခဲ့သည့် တိကျသော ဖြစ်ရပ်တစ်ခုကို ရှာမတွေ့နိုင်ခဲ့ပေ။ သူ မှတ်မိသမျှ ကာလပတ်လုံး လူအများက သူ့ ဖခင်အပေါ် မကောင်းပြောတတ်ကြသည်။ လိမ်လည်လှည့်ဖြားသူ၊ လူလိမ်၊ အတုအယောင် စသဖြင့် ထိုကဲ့သို့သော စကားလုံးများကို ကြားရင်း သူ ကြီးပြင်းလာခဲ့ရသည်။ ထိုအချက်နှင့် ပတ်သက်၍ ရှောင်ဖန်းသည်လည်း အခြားသူများထက် ပို မဆိုးသလို ကောင်းသည့်အထဲလဲမပါပေ။ သူသည် လျူကျင်းနှင့် သူ၏ မိသားစုအပေါ် မုန်းတီးမှုကို မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။
လျူကျင်းတို့သားအဖ ဆေးဘက်ဝင်အပင်များ ရှာဖွေရန် အပြင်သို့ ထွက်သည့်အခါတိုင်း ရှောင်ဂိုဏ်းမှ လူများက ၎င်းတို့ကို လိုက်ပါစောင့်ရှောက်ပေးလေ့ရှိသည်။ အထူးသဖြင့် အဆိပ်စွယ်ချိုင့်ဝှမ်း ၏ အပြင်ဘက်ပိုင်းဒေသများသို့ ဆေးဘက်ဝင်အပင်များ သွားရောက်ဆွတ်ခူးသည့် အခါမျိုးတွင် ဤသို့ လိုက်ပါစောင့်ရှောက်ရန် ပို၍ လိုအပ်လှသည်။ ဤအကူအညီအတွက် တုံ့ပြန်မှုအနေဖြင့် ၎င်းတို့သည် အဆိပ်စွယ်ချိုင့်ဝှမ်းမှ ဆွတ်ခူးရရှိသော ဆေးဘက်ဝင်အပင် အချို့နှင့်အတူ သူ့ဖခင်ဖော်စပ်ထားသော ဆေးဝါးအချို့ကို ရှောင်ဂိုဏ်းထံသို့ ပြန်လည် ပေးအပ်ရလေ့ရှိသည်။
လျူကျင်း ထိုဆေးဝါးများကို သွားရောက်ပို့ဆောင်သည့် အခါတိုင်းတွင် ရှောင်ဖန်းက ထိုနေရာ၌ အမြဲရှိနေတတ်သည်။
ရှောင်ဖန်းသည် ဂျစ်ကန်ကန်နိုင်ပြီး အရစ်ရှည်လွန်းသူတစ်ဦး ဖြစ်သည်။
သူ၏ လျူကျင်းတို့သားအဖအပေါ် ထားရှိသော မုန်းတီးမှုကို ဖော်ပြရန် မည်သည့်အခါမျှ ဝန်မလေးခဲ့ပေ။ သူ၏ စကားလုံးများက ဘောင်ကျော်သွားခြင်းမျိုး မရှိခဲ့သော်လည်း၊ ရှောင်ဖန်း ၏ အထင်သေး အမြင်သေးစောင်းမြောင်းကြည့်တတ်သည့် အကြည့်များက လျူကျင်း၏ သည်းခံနိုင်စွမ်းကို စတင်တိုက်စားလာခဲ့သည်။ သို့နှင့်ရှောင်ဖန်းသည် သူ၏ နေ့စဉ်ဘဝတွင် မည်သို့မျှ မောင်းထုတ်၍မရသော စိတ်အနှောင့်အယှက်ဖြစ်စရာ အမြဲတမ်း ရန်သူတစ်ယောက် ဖြစ်လာခဲ့သည်။ အကယ်၍ အခြားကလေးများက သူ့ ဖခင်အပေါ် မကောင်းပြောပါက လျူကျင်းအနေဖြင့် အနည်းဆုံးတော့ ပြန်လည် တုံ့ပြန်ထိုးနှက်နိုင်သေးသည်။
ထိုသို့ဖြစ်ပွားသည့် အခါမျိုးတွင် သူ အမြဲတမ်း မနိုင်ခဲ့သော်လည်း၊ အနည်းဆုံးတော့ သူ စိတ်ကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။
သို့သော်လည်း ရှောင်ဖန်းကိုမူ သူတုံ့ပြန်၍ မရနိုင်ခဲ့ပေ။ လျူကျင်းသည် သူ့ဖခင်နှင့် ရှောင်ဂိုဏ်းတို့အကြား ရှိထားသော ဆက်ဆံရေးကို သူ့ကြောင့်ထိခိုက်ပျက်စီးသွားစေရန် မဝံ့ရဲခဲ့ချေ။
ရှောင်ဖန်းအတွက်လည်း ထို့အတူပင် ဖြစ်လိမ့်မည်။ ရှောင်ကျန်းအနေဖြင့် လျူကျင်း ဖခင် ၏ ကျေးဇူးတရားများကြောင့် လျူကျင်းကို မောင်းထုတ်ဖယ်ရှားပစ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သူ အလွန်ဆုံး လုပ်နိုင်သည်မှာ ထုံးစံအတိုင်း စိတ်ပျက်စရာကောင်းအောင် ပြောဆိုခြင်းမျှသာ ဖြစ်သည်။ လျူကျင်းတို့သားအဖသည် ရှောင်ဂိုဏ်းက ပေးထားသော အခွင့်ထူးခံ ဆက်ဆံမှုများနှင့် မထိုက်တန်ဟု ရှောင်ဖန်းအ နေဖြင့် မည်မျှပင် ယုံကြည်နေပါစေဦးတော့။ ရှောင်ဖန်းအနေဖြင့် ဘာမျှ မတတ်နိုင်ခဲ့ချေ။
လျူကျင်းသည် သူ၏ ဘဝထဲတွင် အမြဲတမ်း ပါဝင်ပတ်သက်နေလိမ့်မည်ဟူသော အချက်ကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
ဤကဲ့သို့ အခြေအနေမျိုး ဖြင့် တစ်ဦးနှင့်တစ်ဦး မလွှဲမရှောင်သာ ဆုံတွေ့နေရရင်း၊ တဖြည်းဖြည်းနှင့် ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာကြရသည်။ ဖြစ်နိုင်သည်မှာ ၎င်းတို့နှစ်ဦး ယခုကဲ့သို့ အခြေအနေမျိုးသို့ ဆိုက်ရောက်လာရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်လိမ့်မည်။
ဤအချက်များသည် လျူကျင်း တစ်ခါမျှ ထည့်သွင်းစဉ်းစားခဲ့ဖူးသည့် အရာမျိုး မဟုတ်ပေ။ ယခုအချိန်ကျမှ သူ ဘာကြောင့် ဤကဲ့သို့သောအရာများကို တွေးတောနေမိသည်ကိုပင် သူကိုယ်တိုင် မသိတော့ ပေ။
လျူကျင်း သိထားသည်မှာ ထိုအချက်များကို နောက်နောင် သူ လုံးဝဂရုမစိုက်တော့ ဟူသည်သာ ဖြစ်သည်။
ထိုတွေးဆချက်သည် လျူကျင်း၏ အသိစိတ်ထဲတွင် မည်သည့် လှိုင်းဂယက်မျှ မထစေဘဲ လွင့်မျောဖြတ်သန်းသွားရုံမျှသာ ရှိတော့၏။
ဤအရာအားလုံးကို တစ်နည်းနည်းဖြင့် ရှောင်လွှဲ၍ ရနိုင်ခဲ့မည်လား။
သူသာ ရှောင်ဖန်းနှင့် သူငယ်ချင်းဖြစ်အောင် ပို၍ ကြိုးစားသင့်သည်လား..။
ရှောင်ဖန်းကကော ထိုမျှလောက် ဂျစ်မကန်ဘဲ နေပေးဖို့ ကြိုးစားသင့်သည်လား..။
လူကြီးမိဘများက သူတို့နှစ်ဦး ပိုမိုအဆင်ပြေအောင် သေချာ စောင့်ရှောက်ပေးခဲ့ သင့်သည်လား..။
သို့ဆိုပါက သူတို့နှဦး၏ ဆက်ဆံရေးသည် တနည်းတဖုံ ပြောင်းလဲ နိူင် ကောင်း ပြောင်းလဲ နိူင်ခဲ့ ပေလိမ့်မည် ..။
သို့သော်လည်း ထိုအရာများသည် ယခုမူအရေးမပါတော့ချေ။
ယခုအချိန်တွင် လျူကျင်းသည် ရောက်ရှိလာတော့မည့် စိန်ခေါ်ပွဲအတွက် ကြောက်ရွံ့တုန်လှုပ်ခြင်း သို့မဟုတ် ထိုကဲ့သို့သော ခံစားချက်မျိုး လုံးဝမရှိပေ။
နောက်ဆက်တွဲ ဖြစ်လာနိုင်မည့် အကျိုးဆက်များကိုလည်း သူ တွေးမနေတော့ ပေ။
သူသည် ဤစိန်ခေါ်ပွဲကို ဖြစ်မြောက်သွားစေချင်ရုံ သက်သက်သာ ဖြစ်သည်။
ဤ အကြံမှာ သိမ်ဖျင်းလွန်းလှသည်ဟု လျူကျင်း သတိပြုမိလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လက်သီးဆုပ်အဖြစ် တင်းတင်းဆုပ်လိုက်မိသည်။ သူသည် သိမ်ဖျင်းစွာ ပြုမူနေမိခြင်း ဖြစ်သည်။ ယခင်ကထက်ပင် ပို၍ သိမ်ဖျင်းနေမိခြင်း ဖြစ်သည်။
မှန်ပေ သည်၊ ဤအရာသည် ကလေးကလား ရန်ပွဲတစ်ခုမျှသာ ဖြစ်သည်။
သို့သော်လည်း သူ့အပြစ်ဟု ဆို၍မရပေ။
“ငါက ငယ်သေးတာပဲ ဒီလိုစိတ်လိုက်မာန်ပါ တခါတလေတော့ လုပ်မိမှာပဲလေ…”
ဤ တခေါက်တော့ သူ ကလေးတစ်ယောက်လို ပြုမူတော့မည်ဟု လက်ခံဆုံးဖြတ်လိုက်သည်။
“အကိုလျူ ရေ ....”
ဇူအန် ၏ အသံကြောင့် လျူကျင်း ဘေးဘီသို့ လှည့်ကြည့်လိုက်မိသည်။ ဇူအန်သည် အံ့အားသင့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောပြွမ်းနေသော မျက်နှာပေးဖြင့် သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာ၏။ လျူကျင်းက လက်ပြရန် သူ၏ လက်ကို မြှောက်လိုက်သည်။
“ဇူအန် မတွေ့တာကြာဘီနော် ”
“မတွေ့တာကြာဘီ ဟုတ်လား..”
ထိုစကားသည် ပြောရန် အဆင်ပြေဆုံးစကား မဟုတ်ခဲ့သည်မှာ ရှင်းလင်းလှပေသည်။အကြောင်းမူ ဇူအန်၏ မျက်နှာသည် ဒေါသကြောင့် ချက်ချင်း နီမြန်းသွားသည်ကို သူတွေ့လိုက်ရသည်။
“ မတွေ့တာကြာဘီ ဟုတ်လား” သူမက ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။
အခြားသူများ ကြားသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ အသံကို တိုးတိုးလေးသာ ထွက်ပေါ်စေခဲ့သော်လည်း၊ သူမ၏ မကျေနပ်မှုကမူ အထင်အရှားပင် ဖြစ်သည်။
“အကိုလျူ... ကျွန်မ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲ သိရဲ့လား။ သီတင်းပတ်တွေတောင် ကြာသွားခဲ့ပြီလေ…။”
စင်စင်မူ တစ်လနီးပါးပင် ရှိတော့မည်။
အတိအကျဆိုပါက တစ်လပင် ပြည့်သွားခဲ့ချေပြီ။
“ဂိုဏ်းကလူတိုင်းကက အကိုလျူ ကြောက်ချီးပါပီး ထွက်ပြေးသွားပြီလို့ ပြောနေကြတာ။ ဘယ်ရမလဲ ကျွန်မက အဲဒီလူတွေကို ဖင်ပိတ်ပြေးအောင် ဆုံးမပေးခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ်တွေ ကြာတလာတာနဲ့အမျှ ကောလာဟလတွေက ပို ပိုဆိုးလာတယ်..၊ လူတွေက ကျွန်မဆီကို ခဏခဏ လာမေးကြတယ်၊ ကျွန်မလည်း ဘာပြန်ပြောရမှန်း မသိဘူး…။ အကိုလျူ့ အဖေကို သွားမေးတော့လည်း အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ပဲ ပြောတယ်။ သခင်လေး ရှောင်နန် ကို သွားရှာတော့လဲ သူကအမြဲတမ်း အလုပ်ရှုပ်နေတယ်၊ ပြီးတော့ သိတဲ့အတိုင်း ကျွန်မက သာမန် အတွင်းစည်းတပည့် တစ်ယောက်ပဲလေ..၊ သခင်လေးက ဘယ်အဖတ်လုပ်ပါ့မလဲ..၊ ကျွန်မကတော့ တနေ့တနေ့ စိုးရိမ်ရလွန်းလို့ အသက်တိုတော့မှာပဲ..၊ နောက်တစ်ခါ အကိုလျူ ဒီလိုမျိုး ထပ် ပျောက်သွားဦးမယ်ဆိုရင် ကျေးဇူးပြုပြီး ကြိုပြောပေးပါဦးရှင် ရှိကြီးခိုးပါရဲ့..”
ဇူအန်သည် တရစပ်မနားတမ်းပြောနေရင် မောသွားသဖြင့် အသက်ပင် မနဲရှူနေရသည်။ ထိုအချိန်ကျမှသာ လျူကျင်းသည် သူမ၏ နီရဲနေသော မျက်ဝန်းများနှင့် မွဲခြောက်နေသော အသားအရေကို သတိပြုမိလိုက်တော့သည်။
ပုံမှန်အားဖြင့် ကပိုကရို မြင်းမြီးကျစ်ဆံမြီး ကျစ်ထားလေ့ရှိသော သူမ၏ ဆံပင်များသည် ယခုအခါတွင်မူ ကပ်စေးစေးဖြစ်ကာ ခြောက်သွေ့နေသယောင် ရှိသည်။
သူ ပျောက်ကွယ်သွားခြင်းက သူမအပေါ် ဤမျှအထိ ထိခိုက်ပင်ပန်းစေခဲ့ခြင်း ဖြစ်သည်။
အော်... ဆရာကြီးကျန်း ပြောခဲ့တာက ဒါကို ဆိုလိုတာပဲ ဖြစ်ရမယ်။
တစ်နည်းနည်းဖြင့် ဇူအန်၏ ပင်ပန်းနွမ်းနယ်ပြီး စိုးရိမ်ပူပန်နေသော မျက်နှာကို ကြည့်လိုက်ရုံမျှဖြင့် လျူကျင်း၏ အသိစိတ်ထဲတွင် တစ်ချက်တည်းနှင့် ကွင်းကွင်းကွက်ကွက် သဘောပေါက်သွားခဲ့သည်။
သူ ဤအကြောင်းကို အထပ်ထပ်အခါခါ တွေးတောခဲ့ဖူးသော်လည်း၊ လက်ရှိအခိုက်အတန့်ကျမှသာ အမှန်တရားကို အစစ်အမှန် သဘောပေါက်နားလည်သွားခဲ့ရသည်။
“ဇူအန်က ငါ့ဘက်တော်သား ..၊ ငါ စောင့်ရှောက်ပေး ရမယ့်သူပဲ။
ဇူအန်သည် မည်သည့်အကြောင်းပြချက်ဖြင့် သူ့ထံ ချဉ်းကပ်လာခဲ့သည်ဖြစ်စေ၊ သူမ၏ အကူအညီများကို လက်ခံခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ သူမ၏ ကိုယ်ကျိုးစီးပွားအတွက်သာ သူ့ထံ လာရောက်ခဲ့ခြင်း ဖြစ်သောကြောင့်၊ သူမအပေါ် မည်သို့သက်ရောက်မည်ကို ဂရုမစိုက်ဘဲ သူလုပ်ချင်ရာကိုသာ လုပ်သင့်သည်ဟု လျူကျင်း ဆင်ခြေပေး၍ ရနိုင်သည်မှာ မှန်ပါသည်။
သို့သော်လည်း ထိုသို့သော ပြုမူပုံမျိုးသည် သူ့အဖေသာဆိုပါက ပြုမူမည့် ပုံစံမျိုး မဟုတ်ပေ။
၎င်းသည် လျူကျင်း၏ စိတ်နေသဘောထားမျိုးလည်း မဟုတ် ပေ။
“ငါ မှားသွားပါတယ်”
ထိုစကားလုံးများသည် သူ၏ နှုတ်ဖျားမှ အလွယ်တကူ ထွက်ပေါ်လာခဲ့သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် ရှိနေသော စစ်မှန်သည့် စိတ်ရင်းစေတနာကိုမူ သံသယဝင်စရာ မရှိခဲ့ချေ။
“ငါ ထွက်သွားကတည်းက အချိန်အတော်ကြာအောင် ပြန်မလာနိုင်ဘဲ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ရှိတယ်ဆိုတာကို ငါ သိခဲ့တယ်”
ဟု လျူကျင်းက ဇူအန်၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ဖြစ်နိူင်ခြေရှိတဲ့ အဲဒီလို အခြေအနေမျိုးအတွက် မင်းကို ငါ သေချာ ကြိုရှင်းပြသင့်တာ..၊ ငါ တောင်းပန်ပါတယ်..၊ နောက်တစ်ခါ ဘယ်တော့မှ ဒီလိုထပ်မဖြစ်စေရဘူး။”
“အာ... မဟုတ်တာ။ အကိုလျူ လိုလူမျိုးက အဲဒီလိုမျိုး မတောင်းပန်သင့်ပါဘူး”
ဇူအန်က ရုတ်တရက် အတည်ပေါက်ကြီး ထပြောသော သူ့ စကားများနှင့်သူ့အမူအရာ ကြောင့် အံ့အားသင့်ကာ ပြောလိုက်မိသည်။
သူမ စိုးရိမ်တကြီးဖြင့် မျက်နှာလွှဲလိုက်ရင်း
“ဒီ..ဒီလို. အကိုလျူ မတောင်းပန်သင့်ပါဘူး”
“မဟုတ်ဘူး၊ ငါကတော့ တောင်းပန်သင့်တယ်လို့ထင်တယ်” လျူကျင်းက သူ့ဘာသာ ခေါင်းငြိမ့်လိုက်ရင်း
“နောင်ကျရင် ငါ ပိုအားကိုးလို့ရတဲ့ လူဖြစ်အောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ငါ့မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးတယ်..၊ မင်း ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်။”
“တခြားကိစ္စတွေ ဟုတ်လား”
ဇူအန်က မျက်တောင်တခတ်ခတ် လုပ်နေပြီးမှ ရုတ်တရက် သဘောပေါက်သွားသည်။
“အကိုလျူက သခင်လေး ရှောင်ဖန်းဆီ သွားမလို့လား။ ဟုတ်သားပဲ၊ အကိုလျူ သွားမှ ရမှာပေါ့။ ဒါပေမဲ့ တကယ်ပဲ အဆင်ပြေပါ့မလား။ အကိုလျူ ပုံစံက…ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါဦးရှင် ..”
သူမသည် ပြောစရာစကားလုံး ရှာမရသကဲ့သို့ လျူကျင်း ရှိရာဘက်သို့ ကြွက်စုတ်တကောင်အား မြင်ရသည့်အလား စိတ်မကောင်းဟန်ဖြင့်ကြည့်လိုက်သည်။
အမှန်ပင် လက်ရှိတွင် သူ၏ ပုံစံမှာ ကြည့်ကောင်းသည့် သွင်ပြင်လက္ခဏာမျိုး မရှိသည်ကို လျူကျင်း ကိုယ်တိုင်လည်း သိသည်။ သို့သော်ငြားလည်း သူ့မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်မျိုး မရှိပေ။
“အဆင်ပြေသွားမှာပါ။”
“တကယ်ပဲ အဆင်ပြေမှာတဲ့လားရှင်..”
ဇူအန်က မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။ ထိုအချိန်ကျမှသာ သူမသည် လျူကျင်း၏ ချီစွမ်းအင်ကို အာရုံခံလိုက်မိတော့သည်။ ထို ချီစွမ်းအင်ကို လျူကျင်းသည် အဆိပ်စွယ်ချိုင့်ဝှမ်းမှ ထွက်လာကတည်းက နှိမ့်ချလျက် မျှတအောင် ထိန်းထားခဲ့ခြင်း ဖြစ်သည်။ ဇူအန်သည် သူနှင့် အတော်လေး နီးကပ်စွာ ရှိနေသဖြင့် ၎င်းစွမ်းအင်၏ ပမာဏအတိုင်းအဆကို အလွယ်တကူပင် ခွဲခြားသိမြင်နိုင်ခဲ့သည်။
“အာ…”
တစ်စက္ကန့်မျှ ကုန်လွန်သွားပြီးနောက် သူမ၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရသည်။
“အိုးးး…”
လျူကျင်း၏ နှုတ်ခမ်းညာဘက်ထောင့်စွန်းက အနည်းငယ် ကွေးညွတ်ပြုံးယောင်သန်းသွားပြီး
“ခဏ တော့ မသိချင်ယောင်ဆောင်ထား ကြားလား” ဟု ပြောလိုက်သည်။
“ဟာ ဒါတော့ စိတ်သာချ ဆရာလျူ၊ နေဦး ကျွန်မ အကိုလျူနဲ့အတူ သခင်လေး ရှောင်ဖန်း ရှိတဲ့နေရာထိ လိုက်ခဲ့မယ်။”
ဇူအန်သည် သူ၏ ညာဘက်ဘေးတွင် ချက်ချင်းပင် နေရာယူလိုက်သည်။ လူအများအပြား၏ အကြည့်များသည် ၎င်းတို့နှစ်ဦးနောက်သို့ လိုက်ပါလာကြပြီး အများစုမှာ လျူကျင်းထံသို့ ဦးတည်နေကြသည်။
သူတို့အားလုံးသည် ဘာဆက်ဖြစ်တော့မည်ကို သိကြသဖြင့် စိတ်ဝင်တစား မစူးစမ်းဘဲ မနေနိုင်ကြချေ။ ရှောင်ဂိုဏ်း၏ သခင်လေးသည် သူ့ယောက်ဖတော်စပ်သူနှင့် ယှဉ်ပြိုင်ထိုးသတ်တော့မည် မဟုတ်ပါလား။
၎င်းတို့၏ ယှဉ်ပြိုင်ပွဲက မည်မျှအထိ ပြင်းထန်မည်နည်း၊ သို့မဟုတ် ဤပွဲက ဘာကြောင့် ဖြစ်ပွားရသနည်းဟူသော အချက်များနှင့် ပတ်သက်၍ ကောလာဟလများစွာ ရှိနေမည်မှာ သံသယဝင်စရာ မလိုပေ။
အချို့သော ကောလာဟလများသည် အမှန်တရားနှင့် တော်တော်လေး နီးစပ်လိမ့်မည်ဟု လျူကျင်း တွေးမိသည်။
သို့သော်လည်း အရေးမပါတော့ပေ။ သူတို့နှစ်ဦး စစ်ဆေးရေးဂိတ်တံခါးတစ်ခုကို ဖြတ်ကျော်ပြီးနောက်တွင်မူ လိုက်ပါလာသူအုပ်စုကြီး အတော်များများ လျော့ပါးသွားခဲ့သည်။ အကြောင်းမှာ အပြင်စည်းတပည့် များကို သတ်မှတ်ထားသော စည်းထက် ကျော်လွန်၍ ဝင်ရောက်ခွင့် မပြုသောကြောင့် ဖြစ်သည်။ ထို့နောက်တွင်မူ ၎င်းတို့နောက်၌ အတွင်းစည်းတပည့် များသာ ကျန်ရှိတော့သည်။
ဂိုဏ်းမွေခံတပည့်များ အနေဖြင့်မူ ဤကဲ့သို့သောအရာမျိုးကို စိတ်ဝင်စားမှု ရှိလိမ့်မည်မဟုတ်ချေ။
ရှောင်ဖန်းနှင့် လျူကျင်းတို့သည် ဂိုဏ်းချုပ်ကြီး၏ သားနှင့် သမက်တော်စပ်သူများ ဖြစ်ကြသော်လည်း၊ ဂိုဏ်းမွေခံတပည့်ကြီးများ ဟူသည်မှာ ဂိုဏ်းအတွင်း ခိုင်မာသော ရာထူးနေရာများ ရှိပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေရသူများ ဖြစ်သည်။
“အမ်..ကျွန်မကို အတွင်းထဲ ပေးမဝင်ဘူးဆိုတာ ဘာသဘောလဲ…”
အစောင့်သည် ဇူအန်ကို ပြန်လည်ဖြေကြားရာတွင် သူ၏ မျက်နှာအမူအရာက ပြတ်သားလှပေသည်။
“ဒီနေရာက ဂိုဏ်းမွေခံတပည့်ကြီးတွေကိုပဲ ဝင်ခွင့်ပြုတာပါဗျ။”
အမှန်ပင် အစောင့် ပြောသည်မှာ မမှားပေ။ လျူကျင်းနှင့် ရှောင်ဖန်းတို့၏ ယှဉ်ပြိုင်ပွဲသည် ပင်မအဆောက်အအုံအနီးရှိ အိမ်တော်တွင်း လေ့ကျင့်ရေးကွင်းများထဲမှ တစ်ခုတွင် ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဂိုဏ်းမွေခံတပည့်ကြီးများကိုသာ ဝင်ရောက်ခွင့်ပြုထားသော နေရာတွင် တည်ရှိနေ၏။ ထိုဒေသသို့ ရောက်ရှိလာပါက ၎င်းတို့နောက်သို့ လိုက်ပါလာကြသော အခြား အတွင်းစည်းတပည့်များကို ချန်ထားခဲ့ရလိမ့်မည်ဟု လျူကျင်းက အပြည့်အဝ တွေးဆထားပြီးသား ဖြစ်သည်။
သို့သော်လည်း ဇူအန်ကိုမူ သူနှင့်အတူ ခေါ်ဆောင်သွားခွင့် ပြုသင့်သည်မဟုတ်ပါလား။
လျူကျင်းသည် ဇူအန်နှင့် အငြင်းပွားနေသော အစောင့်၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဟေ့ ဇူအန် ထားလိုက်တော့..”
သူက အငြင်းပွားမှုကို ရပ်တန့်ရန် လက်မြှောက်ပြရင်း ပြောလိုက်၏။
“မဖြစ်ဘူးလေ အကိုလျူရဲ့..”
“ဖြစ်ပါတယ်..”
လျူကျင်းက သူမကို ကြည့်ရင်း
“ငါ တစ်ယောက်တည်းပဲ ဝင်သွားလိုက်မယ်။ ဘာပြဿနာမှ မရှိဘူး။ မင်း ငါ့ကို အားပေးနေတယ် ဆိုတာ သိရရုံနဲ့တင် ငါ့အတွက် လုံလောက်ပါပြီ” ဟု ဆိုလိုက်သည်။
ဤသည်မှာ ရှောင်ဖန်း၏ လက်ချက်ပင် ဖြစ်ရမည်။ လျူကျင်း တစ်ယောက်တည်းကိုသာ အတွင်းသို့ ပေးဝင်ရန် အစောင့်ကို သူက ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်မှာ သံသယဝင်စရာ မလိုပေ။ လျူကျင်းအနေဖြင့် ပြဿနာအကြီးအကျယ် ရှာမည်ဆိုပါက ဇူအန်ကို အတွင်းသို့ ပေးဝင်ရန် အစောင့်ကို အတင်းအကျပ် ဖိအားပေးနိုင်မည်ဟု အသေအချာ ယုံကြည်သော်လည်း၊ ထိုသို့ ပြုမူခြင်းက သူ့အတွက်ရော ဇူအန်အတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာနိုင်ပေသည်။ သူ အကောင်းဆုံး လုပ်နိုင်သည်မှာ လက်ရှိ အခြေအနေအတိုင်းသာ ဆက်လက်ရင်ဆိုင်သွားရန် ဖြစ်သည်။
ဇူအန်က မျက်မှောင်ကုတ်လိုက်ပြီး သူ့ ဆုံးဖြတ်ချက်အပေါ် သိသိသာသာ မကျေမနပ် ဖြစ်သွားသော်လည်း၊ လျူကျင်း၏ တည်ကြည်လေးနက်လှသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် သူမ ခေတ္တ တုံ့ဆိုင်းသွားခဲ့သည်။
“ရတယ်လေ အကိုလျူ”
လျူကျင်း အံ့အားသင့်သွားစေသည်မှာ သူမသည် အစောင့်များ၏ ဘေးတွင်ပင် ဘုန်းခနဲ ချက်ချင်း ထိုင်ချလိုက်ပြီး သူ့ လက်မောင်းများကို ပိုက်လိုက်ကာ
“ဒါဆိုရင် ကျွန်မက အကိုလျူ အောင်ပွဲခံပြီး ပြန်လာမယ့်အချိန်အထိ ဒီနေရာတင်ပဲ တဖဝါးမှမခွာပဲ စောင့်နေပါ့မယ်” ဟု ဆိုလေသည်။
လျူကျင်းက ပြုံးလိုက်ပြီး
“ပီးရောလေ… မင်း စိတ်ပျက်ရမှာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လျူကျင်းက အစောင့်များကို ခေါင်းငြိမ့်ပြလိုက်ရာ သူ့အတွက် တံခါးမကြီးကို ဖွင့်ပေးကြသည်။
လျူကျင်း ထိုတံခါးကို ဖြတ်သန်းဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ တစ်ဦးတည်းသာ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
အပြင်စည်းတပည့်များ မရှိတော့။
အတွင်းစည်းတပည့်များလည်း မရှိတော့ ပေ။ ဂိုဏ်းမွေခံတပည့်ကြီးများကိုပင်လျှင် မည်သည့်နေရာ၌မျှ မတွေ့ရတော့ဘဲ ၎င်းတို့သည် သူတို့တာဝန်များဖြင့် အလုပ်ရှုပ်နေကြပုံရသည်။
ကျောက်ခင်းလမ်းပေါ်တွင် လျှောက်လှမ်းနေသော သူ၏ ခြေသံများသည် သူ၏ နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်နေသော်လည်း၊ လျူကျင်းအတွက် စိတ်အနှောင့်အယှက် မဖြစ် ပေ။
ဤသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ တကယ့်အချိန်ကျလာလျှင် သူ ပို၍ စိတ်လှုပ်ရှားနေလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သူ နိုင်မလား၊ ရှုံးမလား ဆိုသည်ကို ယခုထိပင် သူ သေချာမသိသေး ပေ။
သို့သော်ငြားလည်း ယခုအခိုက်အတန့်တွင် လျူကျင်း ခံစားနေရသည်မှာ ထူးခြားသော တည်ငြိမ်အေးချမ်းမှု အာရုံတစ်ခုသာ ဖြစ်သည်။
“မင်း ရောက်လာဘီကိုး…”
လျူကျင်း အိမ်တော်တွင်း လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ဖန်းက စတင်စကားပြောလိုက်သည်။ လေ့ကျင့်ရေးကွင်းဟုသာ ဆိုရသော်လည်း စင်စစ်မူ မြင့်မားသော မျက်နှာကျက်ရှိပြီး ပြတင်းပေါက်များမပါရှိသော ကျယ်ဝန်းသည့် အခန်းတစ်ခန်း ဖြစ်၏။
ကြမ်းခင်းသည် သစ်သားကြမ်းပြင်ဖြစ်ပြီး မည်သည့် အတားအဆီးမျှ ရှိမနေပေ။ လေ့ကျင့်ရေး သတ်ကွင်း၏ စည်းဝိုင်းဘောင်များကို ကြမ်းပြင်ပေါ်တွင် ဆေးသုတ်၍ မှတ်သားထားသည်။ မြောက်မြားစွာသော ဖယောင်းတိုင်မီးများက အခန်းကို လင်းထိန်စေလျက် ရှိသည်။
“ငါတောင် အံ့ဩသွားတယ်ကွ…” ဟု ရှောင်ဖန်းက ပြောလိုက်သည်။
သူသည် လေ့ကျင့်ရေးကွင်း၏ စည်းဝိုင်းအတွင်း၌ နေရာယူထားပြီးသား ဖြစ်သည်။
“မင်း ထွက်ပြေးသွား ဘီလို့ ငါ ထင်နေတာ။”
“ကဲ... တော်ပါတော့ ဖန်းငယ်လေးရယ်..၊ လူငယ်တွေဆိုတာ တိုက်ပွဲမစခင်မှာ အပြန်အလှန် စကားနာထိုးရတာကို သဘောကျတတ်ကြမှန်း ငါသိပါတယ်၊ ဒါပေမဲ့ အခုဒါတွေ မလိုပါဘူး။”
ထိုစကားပြောလိုက်သူမှာ အကြီးအကဲဟွေ ဖြစ်သည်။
သူ့ကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသော်လည်း စင်စစ်မူ အံ့သြစရာ မရှိသင့်ပေ။ အကြီးအကဲဟွေသည် အခန်း၏ ဘေးတစ်ဖက်တွင် ရပ်နေပြီး သူ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။ သို့သော်လည်း လျူကျင်းအနေဖြင့် ထိုအပြုံးကြောင့် စိတ်အေးမသွားပေ။
ရုတ်တရက်ဆိုသလို ရှောင်ဖန်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲထက် သူသတိထားရမည့်အချက်တခုကို တွေးဆလိုက်မိသည်။
သူ့အတွက် ကယ်တင်ရှင်သည်လည်း ကွက်တိ ထိုအခိုက်အတန့်တွင်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
“အိုး... အချိန်ကိုက်ပဲ။ အတော်ပဲဟေ့..၊ ငါ နောက်ကျသွားမှာကို စိုးရိမ်နေတာ”
“ဟင် အကိုနန် ပါလား…”
ထိုသို့ ရေရွတ်လိုက်သူမှာ ရှောင်ဖန်း ဖြစ်သော်လည်း၊ လျူကျင်း၏ စိတ်ထဲတွင်မူ ရှောင်နန်၏ နာမည်ကို ကြားလိုက်ရသဖြင့် တော်တော်ကြီး စိတ်သက်သာရာ ရသွားခဲ့ရသည်။
“မ တွေ့ရတာတောင်ကြာဘီ ငါ့ချစ်ညီလေးတွေ… အိုးး အကြီးအကဲဟွေ ရောက်နေတာကိုး.. အားလုံး ကျန်းကျန်းမာမာ ရှိနေကြတာကို မြင်ရလို့ ဝမ်းသာပါတယ်ဗျာ။”
အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ၏ သူတို့မျိုးဆက်တွင် နံပါတ်တစ် ပါရမီရှင်ကြီး ဖြစ်သော ရှောင်နန်သည် ပျော်ပျော်ရွှင်ရွှင်ပင် လက်ဝေ့ယမ်းပြရင်း အကြီးအကဲဟွေ၏ ဘေးတွင် သွားရပ်လိုက်သည်။
“မင်း ရောက်လာတာ အံ့သြဖို့ကောင်းတယ် နန်ငယ်လေး” အကြီးအကဲဟွေက သူ၏ အကြည့်များကို ရှောင်နန်ထံသို့ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မင်း ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူးကွဲ့..”
ရှောင်နန်က ရယ်မောလိုက်ပြီး
“ဟာ... အကြီးအကဲဟွေရာ၊ ဒီလိုပွဲမျိုးကို ကျွန်တော် ဘယ်လက်လွတ်ခံမှာလဲ..၊ ဒီပွဲက သူတို့နှစ်ယောက်လုံးအတွက် အရေးပါတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ဆိုလိုက်သည်။။
“အော်... ဒီလိုကိုး…”
“ကဲ... မင်းတို့က ဘာကို စောင့်နေကြတာလဲ”
ရှောင်နန်က လူငယ်နှစ်ဦးကို လက်ဟန်ပြရင်း မေးလိုက်သည်။
“စလိုက်ကြတော့လေ။ အကြီးအကဲဟွေက ဒီပွဲကို ကြီးကြပ်ပေးဖို့ ရောက်နေတာ မဟုတ်လား။ ကျွန်တော့်ကို အားမနာပါနဲ့ဗျာ။ ကျွန်တော် ဒီနေရာမှာ မရှိသလိုမျိုးပဲ သဘောထားပြီး ဆက်လုပ်ကြပါ။”
ရှောင်ဖန်းသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း လျူကျင်းထံသို့ ပြန်အာရုံစိုက်လိုက်သည်။ ထို့အတူပင် လျူကျင်းသည်လည်း အကြီးအကဲဟွေနှင့် ရှောင်နန်တို့ထံမှ သူ၏ အကြည့်များကို လွှဲဖယ်လိုက်သည်။ အကြီးအကဲဟွေက စည်းဝိုင်း၏ ဘေးတွင် သွားရောက် ရပ်လိုက်ချိန်၌ လျူကျင်းသည် ရှောင်ဖန်း၏ မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်တော့သည်။
“ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင်တော့ ငါပဲ ဒီ လက်ရည်စမ်းပွဲကို ကြီးကြပ်ပေး လိုက်ပါမယ်ကွယ်…ကဲ ဘယ်လိုလဲ ကလေးတို့”
“ကျွန်တော့်ဘက်က ကန့်ကွက်စရာ မရှိပါဘူး” ဟု ရှောင်ဖန်းက ချက်ချင်းပင် ဖြေကြားလိုက်သည်
“ကျွန်တော့်ဘက်ကလည်း မရှိပါဘူး။”
အကယ်၍ ရှောင်နန်သာ ဤနေရာတွင် ရှိမနေပါက လျူကျင်းအနေဖြင့် ဘာတွေးရမှန်း သိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူ ဤနေရာတွင် ရှိနေသဖြင့် လျူကျင်းသည် သူ့ကို စောင့်ရှောက်ပေးမည့် သူ့အကိုကြီးရှောင်နန်အား အပြည့်အဝ ယုံကြည်ကိုးစားနိုင်ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ သူ စိုးရိမ်ပူပန်ရမည့် တစ်ခုတည်းသော အရာမှာ ရှောင်ဖန်းသာ ဖြစ်တော့သည်။
“ဒါဆိုရင်လည်း… စလို့ရဘီ”
ရှောင်ဖန်းသည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လျူကျင်း ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာပြီး၊ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် သူ၏ လက်သီးချက်သည် စက္ကန့်ပိုင်းအတွင်း လျူကျင်း၏ မျက်နှာထံသို့ တဖြည်းဖြည်း နီးကပ်လာသည်။
ဤသည်မှာ လျူကျင်း အတိအကျ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သို့ရာတွင် ဤလက်သီးချက်သည် ရှောင်ဖန်း၏ အမြင့်ဆုံး အရှိန်အဟုန် မဟုတ်သည်ကို သူ သိသည်။ ရှောင်ဖန်းသည် သူ၏ အစွမ်းကုန် ခွန်အားကိုလည်း အသုံးပြုထားခြင်း မရှိသေးပေ။ ရှောင်ဖန်း၏ ချီစွမ်းအင်ကို အာရုံခံလိုက်ရုံမျှဖြင့် ထိုအချက်ကို ခွဲခြားသိမြင်ရန် လုံလောက်လှသော်လည်း၊ ဇူအန်နှင့် ယှဉ်ပြိုင်လေ့ကျင့်ခဲ့ရခြင်းကလည်း သူ့ထက် မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိသူများ၏ ခွန်အားအတိုင်းအဆကို ပိုမိုနားလည်သဘောပေါက်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်။
သူသည် အထင်သေးခြင်းကို ခံနေရခြင်း ဖြစ်သည်။
သို့ရာတွင် ဤအချက်မှာ လုံးဝကို ယုတ္တိရှိလှပေသည်။ ရှောင်ဖန်းအနေဖြင့် သူ ရင်ဆိုင်နေရသောသူမှာ အတွင်းအားစုစည်းခြင်း ပထမအဆင့် သာ ရှိသေးသူတစ်ဦးဟု ထင်မှတ်ထားသောကြောင့် ဖြစ်သည်။ဤသည်မှာ ရှောင်ဖန်း၏ ကြင်နာမှုကြောင့်ဟုပင် ပြော၍ရနိုင် ပေသည်။ အကြောင်းမူ သူ၏ အစွမ်းကုန်ခွန်အားသည် အတွင်းအားစုစည်းခြင်းပထမအဆင့်တွင် ရှိနေသူတစ်ဦးကို အသက်အန္တရာယ်ပင် စိုးရိမ်ရစေနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် ဤတစ်ကြိမ် အပြန်အလှန် ထိုးနှက်ချက်သည် လျူကျင်း၏ အောင်ပွဲအတွက် သော့ချက်ပင် ဖြစ်လာတော့သည်။
ရှောင်ဖန်း၏ လက်သီးချက်သည် တဖြည်းဖြည်း ပိုမိုနီးကပ်လာသည်နှင့်အမျှ လျူကျင်း၏ လက်များက အရှိန်အဟုန်ဖြင့် လှုပ်ရှားထွက်ပေါ်သွားပြီး၊ သူ၏ မျက်နှာပေါ်တွင်မူ အပြင်းအထန် အာရုံစိုက်ထားသည့် အမူအရာမှတစ်ပါး အခြားဘာကိုမျှ မပြသခဲ့ချေ။
သူ့အတွက် ဤအခွင့်အရေးက တစ်ကြိမ်တည်းသာ ရရှိမည် ဖြစ်သည်။
ထို့နောက် ရှောင်ဖန်း၏ လက်သီးချက်က ထိမှန်သွားတော့သည်။
သို့သော်လည်း ၎င်း လက်သီးချက်က လျူကျင်း၏ မျက်နှာကို ထိမှန်သွားခြင်း မဟုတ်ပေ။ သူ၏ လက်မောင်းများက ထိုတိုက်ကွက်ကို ကျွမ်းကျင်စွာ ခုခံကာကွယ်လိုက်နိုင်ပြီး ရှောင်ဖန်း၏ ခြေလှမ်းကို တန့်သွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရှောင်ဖန်းအနေဖြင့် ဆက်တိုက် တိုက်ခိုက်ရမည် ဖြစ်သော်လည်း သူ မလုပ်နိုင်ခဲ့ ပေ။ အကြောင်းမူ တိုက်ပွဲကို အဆုံးသတ်ပစ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသော လက်သီးချက်သည် ဤမျှလောက် လွယ်လွယ်ကူကူ ခုခံခြင်းခံလိုက်ရသဖြင့် သူ အလွန်အမင်း အံ့အားသင့်သွားသောကြောင့် ဖြစ်သည်။
ရှောင်ဖန်း ချက်ချင်းပင် နောက်သို့ ခုန်လိုက်ပြီး လျူကျင်းအားသတိကြီးစွာဖြင့် စိုက်ကြည့်နေတော့သည်။ သူ့ မျက်နှာတစ်ခုလုံးတွင်လည်း မေးခွန်းထုတ်စရာများ ပြည့်နှက်နေသည်။
“ဟမ် ဘယ်လိုလုပ်ပြီး ခုခံသွားတာလဲ..”
“သခင်လေး... ဒါက ပထမဆုံး တိုက်ကွက်လို့ သတ်မှတ်လို့ရမယ် ထင်ပါတယ်နော်”
သူ စကားပြောလိုက်သည်နှင့်အမျှ လျူကျင်းသည် သူ၏ ချီစွမ်းအင် ကို မြှင့်တင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး အာရုံခံမိစေရန် ထုတ်ဖော်လိုက်တော့သည်။
အတွင်းအားစုစည်းခြင်းအဆင့်၊ သတ္တမအဆင့်