အခန်း ၄၆
Vol. 6 Ch. 46
အခန်း ၄၆။အတွင်းစည်းတပည့်
အတွင်းအားစုစည်းခြင်းအဆင့်၏ သတ္တမအဆင့်။
၎င်းသည် ယခုအချိန်တွင် လျူကျင်းထံမှ ဖြာထွက်နေသော ချီစွမ်းအင် ၏ ကျင့်ကြံခြင်းအဆင့် ဖြစ်ပေသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ကိုးခေါင်း မြွေနတ်ဘုရား၏ အဆိပ် ကို ဖယ်ရှားပြီးနောက်တွင် သူ ရောက်ရှိသွားခဲ့သော အဆင့်လည်း ဖြစ်သည်။
တစ်လတည်းသော အချိန်ကာလအတွင်းမှာပင် လျူကျင်းသည် အတွင်းအားစုစည်းခြင်းအဆင့်၏ ပထမအဆင့်မှနေ၍ သူ ယခုရောက်ရှိနေသော နေရာအထိ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ သေချာပေါက် အလွန်ကြီးမားလှသော ပြောင်းလဲမှုကြီးတစ်ခုပင် ဖြစ်သည်။
ခေတ္တမျှ လျူကျင်းသည် ရှောင်နန်၏ မျက်နှာကို လှမ်းကြည့်ချင်စိတ် ဖြစ်ပေါ်မိသည်။ သူ၏ တိုးတက်လာသော အခြေအနေအပေါ် သူ၏ အစ်ကိုကြီး ရှောင်နန်က မည်သို့ တုံ့ပြန်နေမည်ကို သူ မြင်တွေ့လိုသည်။
မတူသော အကြောင်းပြချက်များကြောင့် အကြီးအကဲဟွေ၏ မျက်နှာကိုလည်း သူ လှမ်းကြည့်ချင်မိသေးသည်။ သို့သော်လည်း လျူကျင်းသည် ထိုသို့မပြုလုပ်မိစေရန် မိမိကိုယ်ကို ပြင်းထန်သော စိတ်ဓာတ်ခွန်အားဖြင့် ထိန်းချုပ်လိုက်နိုင်ခဲ့သည်။
သူသည် ယခုတိုင် တိုက်ပွဲအလယ်တွင် ရှိနေဆဲ ဖြစ်၏။ သူ၏ အကြည့်များသည် ပြိုင်ဘက်ထံမှ လုံးဝ လွှဲဖယ်သွား၍ မဖြစ်ပေ။
ထို့ကြောင့်ပင် လျူကျင်း၏ မျက်ဝန်းထဲတွင် မြင်တွေ့နေရသည့် တစ်ခုတည်းသောအရာမှာ ရှောင်ဖန်း၏ မျက်နှာပေါ်မှ အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားမှု အရိပ်အယောင်များသာ ဖြစ်တော့သည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ…”
လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ကတည်းက တွေးတောနေခဲ့သော မေးခွန်းသည် နောက်ဆုံးတွင်တော့ နှုတ်မှ ထွက်ပေါ်လာသည်။ ရှောင်ဂိုဏ်း၏ သခင်လေးသည် သူ့မျက်စိရှေ့မှောက်တွင် မြင်နေရသော အရာကို မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေရ၏။
“မဖြစ်နိုင်တာ.. ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး..”
ရှောင်ဖန်း၏ လက်မောင်းသည် ဒေါသကြောင့် လေထဲတွင် ယမ်းခါသွားခဲ့သော်လည်း၊ သူ ရှိနေသည့်နေရာမှမူ လုံးဝ ရွေ့လျားခြင်း မရှိသေးပေ။ ရှောင်ဖန်းသည် သူ၏ စိတ်အာရုံများ ဤမျှအထိ ရှုပ်ထွေးနောက်ကျိနေစဉ်အတွင်း သွားရောက်တိုက်ခိုက်ခြင်း မပြုမိစေရန် ကောင်းစွာ သတိထားနိုင်စွမ်း ရှိသေးသည်။
ခြုံငုံ၍ တွေးကြည့်မည်ဆိုပါက အတွင်းအားစုစည်းခြင်းအဆင့်၏ သတ္တမအဆင့် ဟူသည်မှာ ပြောပလောက်သည့် အဆင့်မျိုးတော့ မဟုတ်ပေ။ ၎င်းသည် လူအများစုအနေဖြင့် မိမိတို့ဘဝသက်တမ်းတစ်လျှောက်တွင် တဖြည်းဖြည်းနှင့် ရောက်ရှိသွားနိုင်မည့် အဆင့်မျိုးသာ ဖြစ်သည်။ အထူးသဖြင့် အရှေ့ဘက် ဆိပ်ကမ်းမြို့တော်တွင် နေထိုင်ကြသူများအတွက် ဤအချက်က ပို၍ မှန်ကန်လှပေသည်။ လူအများစုသည် ၎င်းတို့၏ အရွယ်ရောက်ပြီးစ ကာလတစ်ခုခုတွင် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် သို့ ဝင်ရောက်နိုင်ကြစမြဲ ဖြစ်သည်။
သို့သော်လည်း လျူကျင်းသည် ယခုမှ အသက် ဆယ့်နှစ်နှစ်သာ ရှိသေးသည်။
လျူကျင်းသည် အသက် ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်မျှသာ ရှိသေးသည်။
သူသည် လူပျိုဖော်ဝင်စ အရွယ်သို့ပင် မရောက်သေးချေ။ ယခုကဲ့သို့ ငယ်ရွယ်သော အသက်အရွယ်နှင့် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် သို့ ရောက်ရှိရန် ခြေလှမ်းအနည်းငယ်သာ လိုတော့ခြင်းမှာ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်တွင် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ပြသသည့် သက်သေပင် ဖြစ်သည်။ ရှောင်ဂိုဏ်းအတွင်းမှာပင် ဤမျှ စောစီးစွာ ထိုကဲ့သို့သော အဆင့်အတန်းများသို့ ရောက်ရှိခြင်းမှာ ချီးမွမ်းဂုဏ်ပြုထိုက်လှပေသည်။
အမှန်အတိုင်း ပြောရပါက လက်ရှိတွင် လျူကျင်း၏ အဆင့်သည် သာမန် အပြင်စည်းတပည့်တစ်ဦး၏ အဆင့်ထက် ကျော်လွန်သွားပြီဟု ဆိုနိူင်ပေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင်
“ဘာပဲဖြစ်ဖြစ်ကွာ ”
ရှောင်ဖန်း၏ အသံသည် အခန်းထဲတွင် ဟိန်းထွက်သွားခဲ့သည်။ သူသည် ဒေါသထွက်နေဆဲ ဖြစ်သော်လည်း အစောပိုင်းက ရရှိသွားသော ထိတ်လန့်တုန်လှုပ်မှုများမှာမူ ပြယ်လွင့်သွားခဲ့ပြီ ဖြစ်သည်။
နှမြောစရာကောင်းလှသော်လည်း လျူကျင်းအနေဖြင့် ထိုခဏတာ ထိတ်လန့်သွားမှုကို အရသာခံကြည့်နိူင်မည့် အခြေအနေတွင် မရှိပေ။ သူသည် ရှောင်ဖန်း၏ တိုက်ကွက် သုံးကြိမ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် လျူကျင်း အောင်ပွဲခံနိုင်မည့် စည်းကမ်းချက်များ ဖြစ်၏။ ရှောင်ဖန်း ထိတ်လန့်နေစဉ်အတွင်း သူ သွားရောက် တိုက်ခိုက်ရန် ကြိုးစားခဲ့လျှင်ပင် ထိုတိုက်ကွက်က အောင်မြင်လိမ့်မည်ဟု မည်သို့မျှ အာမခံချက် မရှိချေ။
အဆိုးရွားဆုံး အခြေအနေတစ်ခုအနေဖြင့် လျူကျင်းက ရုတ်တရက် သွားရောက်တိုက်ခိုက်လိုက်ပါက ရှောင်ဖန်းကို မျှော်လင့်ထားသည်ထက် ပို၍ စောစီးစွာ သတိပြန်လည်လာစေနိုင်ပေသည်။
ထို့ကြောင့် လျူကျင်းအတွက် ရှောင်ဖန်း ပေးလိုက်သော ခေတ္တရပ်တန့်သွားသည့် အချိန်ကို အသုံးချကာ သူ၏ နောက်ထပ်လုပ်ဆောင်မည့် အစီအစဉ်ကို ရေးဆွဲပြီး ငြိမ်ငြိမ်သက်သက် အားအင်ပြန်ပြည့်အောင် လုပ်ဆောင်ခြင်းက ပို၍ ကောင်းမွန်လှပေသည်။ တိုက်ခိုက်မှု အပြန်အလှန် ဖြစ်ပွားချိန်တွင် အချိန်ကိုက် တုံ့ပြန်နိုင်ရန်မှာ သူ ပြသခဲ့သလောက် လွယ်ကူလှသည် မဟုတ်ပေ။ ရှောင်နန်နှင့် အကြီးအကဲဟွေတို့မှာမူ ဘာဖြစ်သွားသည်ကို ရိပ်မိနိုင်ကြသော်လည်း အရေးကြီးဆုံးအချက်မှာ ရှောင်ဖန်းတစ်ယောက် ဘာမှ မရိပ်မိသေးခြင်း ဖြစ်သည်။
“အတွင်းအားစုစည်းခြင်းအဆင့်ရဲ့ သတ္တမအဆင့်ဆိုတာ တချို့လူတွေအတွက်တော့ အထင်ကြီးစရာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အေးပါ... မင်း နောက်ဆုံးတော့ ဘိတ်ချီးအဆင့်ကတက်လာလို့ ငါ ချီးကျူးပေးလိုက်ပါ့မယ်..”
ရှောင်ဖန်း၏ ပြင်းထန်လှသော စကားလုံးများသည် လျူကျင်းကို စကားနာထိုး တိုက်ခိုက်ရန် ဖြစ်သလို၊ သူ့ကိုယ်သူ ယုံကြည်မှု ပြန်လည် တည်ဆောက်ရန်အတွက်လည်း ဖြစ်သည်။
လျူကျင်း အနေဖြင့် ဤအချက်ကို နားလည်သော်လည်း…
ရှောင်ဖန်းစကား ကြားရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။
“ဒါပေမဲ့လည်း သတ္တမအဆင့်ဆိုရင်တောင် အတွင်းအားစုစည်းခြင်းအဆင့်ပါပဲကွာ အထင်ကြီးလောက်စရာတော့မရှိပါဘူး ”
ရှောင်ဖန်းက သူ၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ခပ်ပြင်းပြင်း ထိုးပြလိုက်သည်။
“အထူးသဖြင့် ငါ့အတွက်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူးကွ ”
ထိုသို့ပြောပြီးနောက် ရှောင်ဖန်း၏ ချီစွမ်းအင် များသည် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူသည် ဤတိုက်ပွဲထဲသို့ စွမ်းအားများကို ထိန်းချန်ထားရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။
သူ၏ ပထမဆုံး တိုက်ကွက်တွင် ရှောင်ဖန်းသည် အတွင်းအားစုစည်းခြင်းအဆင့်၏ ပထမအဆင့်တွင် ရှိနေသူတစ်ဦးကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ရုံမျှ စွမ်းအားကိုသာ အသုံးပြုခဲ့ပြီး ထိုထက် ပိုမသုံးခဲ့ပေ။
သို့သော်လည်း ယခုအခါတွင်မူ ရှောင်ဖန်း အမှန်တရားကို သိရှိသွားခဲ့ပြီ ဖြစ်သည်။
သူ့အနေဖြင့် စွမ်းအားများကို ထိန်းချန်ထားရမည့် အကြောင်းပြချက် မရှိတော့ချေ။
ရှောင်ဖန်း ချီစွမ်းအင်၏ အစွမ်းကုန် ခွန်အားကို အာရုံခံမိလိုက်သည်နှင့်တစ်ပြိုင်နက် လျူကျင်း၏ ကြွက်သားများသည် အလိုအလျောက် တင်းမာသွားခဲ့ရတော့သည်။
နာမ်ဝိညာဉ်သန္ဓေတည်အဆင့်၊ ပဉ္စမအဆင့် ..။
“ နာမ်ဝိညာဉ်သန္ဓေတည်ပဉ္စမအဆင့် တဲ့လား ..ဒီကောင်က တကယ့် မိစ္ဆာကောင်ပဲ..”
လျူကျင်း စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
ထို့နောက် သူအဆင့်သူပြန်တွေးမိရင်း ရယ်ပင်ရယ်ချင်မိသွားသည်။
“ဒီကောင်က ငါ့ထက် တစ်နှစ်ပဲ ပိုကြီးတာ မဟုတ်ဘူးလား..”
သို့ရာတွင် သူ ပြန်တွေးကြည့်မိသည်မှာ ဤသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်ဟူသည့်အတွေးဖြစ်သည်။ ရှောင်ကျန်း၏ အမွေခံသားတစ်ဦးအနေဖြင့် ရှောင်ဖန်းသည် ရှောင်ဂိုဏ်းက ပေးစွမ်းနိုင်သမျှ အကောင်းဆုံး သင်ကြားပြသမှုများနှင့် အရင်းအမြစ်များကို ရရှိထားသူ ဖြစ်သည်။ သူ ဤမျှလောက် သန်မာနေသည်မှာ သဘာဝကျလှပေသည်။
မည်သို့ပင်ဖြစ်စေ လျူကျင်းအနေဖြင့် သူသည် ထိုထက်ပိုသော မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်မနေသည့်အတွက်ပင် ကျေးဇူးတင်ရပေလိမ့်မည်။ ရှောင်နန်သည် အသက် တစ်ဆယ့်ငါးနှစ်မပြည့်မီမှာတင် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ကို ကျော်လွန်သွားခဲ့သည်ဟု ကြားဖူးခဲ့သည်ကို သူ ခပ်ရေးရေး မှတ်မိနေသည်။ ထိုကဲ့သို့သောသူမျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက မည်သို့မျှ နိုင်လိမ့်မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ ယခုအခြေအနေသည် ဒုက္ခများရုံသက်သက် အဆင့်သို့သာ ရောက်ရှိသေးသည်။
လျူကျင်းသည် ရှောင်ဖန်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် သူ့ကိုယ်သူ ပြင်ဆင်လိုက်တော့သည်။
လျူကျင်းသည် အမြင်အာရုံကို အစွမ်းကုန် အသုံးချကာ ရှောင်ဖန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း၊ ကြွက်သားများ တုန်ခါသွားမှုတိုင်းနှင့် အသက်ရှူနှုန်းတိုင်းကိုပါမကျန် သေချာစွာ အာရုံစိုက် စောင့်ကြည့်နေခဲ့သည်။
ရှောင်ဖန်း၏ ညာခြေထောက်က နှစ်မီလီမီတာမျှ ရွေ့လျားသွားသည်။
၎င်းသည် လျူကျင်းအတွက် သတိပေးချက်ပင် ဖြစ်သည်။ရှောင်ဖန်း သူ့မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လျူကျင်းသည် သူ၏ ချီစွမ်းအင် ကို စုစည်းထားပြီးသား ဖြစ်သည်။
အခန်း၏ အလျားအကွာအဝေးနှင့် ရှောင်ဖန်း လာရောက်တိုက်ခိုက်နိုင်မည့် ထောင့်ချိုးကို တွက်ဆပြီးနောက် ယခုအချိန်တွင် ရှောင်ဖန်းအတွက် အကောင်းဆုံး လှုပ်ရှားမှုမှာ…
ကိုယ်ဖော့သိုင်းပင် ဖြစ်သည်။
ရှောင်ဖန်းသည် လျူကျင်း၏ ရှေ့မှောက် လက်မအနည်းငယ်အကွာတွင် ရုတ်တရက် ပေါ်လာခဲ့သည်။ သို့သော်လည်း လျူကျင်းက ထိုနေရာတွင် မရှိတော့ချေ။ ရှောင်ဖန်း ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် လျူကျင်းသည်လည်း ကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်ပြီး ဖြစ်သောကြောင့် ရှောင်ဖန်းအနေဖြင့် ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်ကိုသာ တိုက်ခိုက်မိသလို ဖြစ်သွားခဲ့ရသည်။
ရှောင်ဖန်း၏ ညာလက်သီးချက်သည် ဘာကိုမျှ မထိမှန်ခဲ့ ပေ။ နောက်တစ်ကြိမ်တွင်လည်း ရှောင်ဖန်း၏ မျက်လုံး များမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရပြန်သည်။
အကယ်၍ ရှောင်ဖန်းသာ ကိုယ်ဖော့သိုင်း ကို အသုံးမပြုခဲ့လျှင် လျူကျင်း၏ ဤနည်းဗျူဟာက အောင်မြင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမူ ဤ သိုင်းအတတ်၏ ရုတ်တရက် အရှိန်မြှင့်တင်လိုက်ရမှုသည် အဓိကအနှစ်သာရ ဖြစ်နေသောကြောင့် ဖြစ်၏။
ဤအချက်မှာ လျူကျင်း လေ့ကျင့်နေစဉ်အတွင်း ဇူအန်က သူ့ စိတ်ထဲ စွဲထင်သွားစေရန် အစွမ်းကုန် ကြိုးစားသင်ကြားပေးခဲ့သည့် အရာဖြစ်သည်။ ကိုယ်ဖော့သိုင်းကို အသုံးပြုခြင်းသည် မိမိကိုယ်ကို တိုက်ခိုက်မှုတစ်ခုအတွင်းသို့ အလုံးစုံ ပုံအောလိုက်ခြင်းကို ဆိုလိုသည်။
တစ်နည်းအားဖြင့်ဆိုသော် ရှောင်ဖန်းသည် လျူကျင်းအနေဖြင့် အချိန်မီ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ဟု အပိုင်တွက်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် လျူကျင်းကလည်း ကိုယ်ဖော့သိုင်းကို အသုံးပြုနိုင်လိမ့်မည်ဟု လုံးဝ ထည့်မတွက်ခဲ့သည့်အပြင်၊ ဤမျှအထိ တိကျသေချာသော အချိန်ကိုက်မှုမျိုးဖြင့် အသုံးပြုနိုင်လိမ့်မည်ဟုလည်း ပို၍ပင် မတွေးမိခဲ့ချေ။ သို့သော်ငြားလည်း ရှောင်ဖန်းသည်အံ့အားသင့်မှုကို စက္ကန့်၏ ထောင်ဂဏန်းပုံ တစ်ပုံမျှထက် ပို၍ ကြာအောင် အဖြစ်မခံခဲ့ပါ။ သူ၏ ချီစွမ်းအင် များ စုစည်းလာသည်နှင့်အမျှ နောက်တိုက်ကွက်ကို ချက်ချင်းပြင်လိုက်တော့သည်။
လျူကျင်းသည် ကိုက် ဆယ်ဂဏန်းခန့် (၁၀ ကိုက်ခန့်) ကွာဝေးသော နေရာတွင် ရှိနေသော်လည်း ရှောင်ဖန်းက တဟုန်ထိုး လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
လျူကျင်း၏ ဘေးပတ်ဝန်းကျင်ရှိ လေထုသည် လှိုင်းဂယက်ထသကဲ့သို့ စတင်တုန်ခါလာခဲ့သည်။ ဘာဖြစ်နေသည်ဆိုသည်ကို လျူကျင်း ချက်ချင်းပင် သဘောပေါက်လိုက်သည်။
လေဟာနယ် လက်သီးချက် ဖြစ်သည်။
ဤသည်မှာ လျူကျင်းအနေဖြင့် တိုးတိုးတိတ်တိတ် ကောလာဟလအဖြစ်သာ ကြားဖူးခဲ့သည့် သိုင်းပညာ ဖြစ်ပြီး၊ ဂိုဏ်းမွေခံတပည့်ကြီးများ ကိုသာ သီးသန့်သင်ကြားပေးသော အရာ ဖြစ်သည်။
အကယ်၍ သူသာ ရှောင်နန်ကို မေးမြန်းခဲ့လျှင် ဤ သိုင်းအတတ်နှင့် ပတ်သက်၍ တိကျသော ဖော်ပြချက်ကို ရရှိနိုင်မည် ဖြစ်သော်လည်း သူ ထိုသို့မလုပ်ခဲ့ပေ။
ထို့ကြောင့် ဤအတတ်ပညာနှင့် ပတ်သက်၍ သူသိထားသမျှမှာ ဇူအန်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သူမသည် အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် ဂိုဏ်းမွေခံတပည့်ကြီးများအကြား အပြန်အလှန် လေ့ကျင့်ထိုးသတ်ကြစဉ် ဤအတတ်ကို အသုံးပြုသည်ကို အကြိမ်အနည်းငယ် မြင်တွေ့ဖူးခဲ့ခြင်း ဖြစ်၏။
လေဟာနယ် လက်သီး ဆိုသည်မှာ အသုံးပြုသူက မိမိရှေ့ရှိ လေထုကို လက်သီးဖြင့် ထိုးနှက်ရသော အဝေးပစ်တိုက်ကွက် အမျိုးအစား ဖြစ်သည်။ ဤအတတ်ပညာသည် ပြိုင်ဘက်၏ ဘေးပတ်ဝန်းကျင်ရှိ ဟာလာဟင်းလင်း ပြင်ပနေရာလွတ်ကို ပုံပျက်ရှုပ်ထွေးသွားစေပြီး ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ ၎င်းသည် မည်သည့် အကွာအဝေးကိုမျှ ဖြတ်သန်းပျံသန်းလာရန် မလိုဘဲ မမြင်ကွယ်ရာမှ တိုက်ခိုက်သော တိုက်ကွက်တစ်ခု ဖြစ်၏။ ပြိုင်ဘက် ရှိနေသည့် နေရာတွင်ပင် ရုတ်တရက် တိုက်ရိုက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
၎င်းကပင် ရှောင်ဂိုဏ်း၏ လေဟာနယ် လက်သီး ၏ အားသာချက်ဖြစ်သည်။
ပုံပျက်ရှုပ်ထွေးသွားသော လေထုက လျူကျင်းအား ဝါးမြိုလိုက်စဉ် လျူကျင်းသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်မိသည်။ သူ လုပ်နိုင်သည်မှာ မိမိကိုယ်ကို ကာကွယ်ရန် သူ၏ ချီစွမ်းအင် ကို အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်သည်။ သူ၏ ခြေဖဝါးအောက်ရှိ သစ်သားကြမ်းပြင်သည် ရှောင်ဖန်း၏ လေဟာနယ် လက်သီး စွမ်းအားကြောင့် အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး သစ်စများ နေရာအနှံ့ လွင့်စင်သွားခဲ့သည်။
“ဟမ် မဖြစ်နိုင်တာ…”
ထိုသို့ ရေရွတ်လိုက်သူမှာ လျူကျင်း မဟုတ်ပေ။
ရှောင်ဖန်း ဖြစ်သည်။
ဒဏ်ရာရသွားခဲ့သော်လည်း လျူကျင်းသည် လဲကျမသွားဘဲ ကြံ့ကြံ့ခံ မတ်တတ်ရပ်နေဆဲ ဖြစ်သည်။
“သခင်လေး…” လျူကျင်းက နာကျင်မှုကြားမှ ခက်ခဲစွာ ပြုံးလိုက်ရင်း “ဒါကို ဒုတိယမြောက် တိုက်ကွက်လို့ ကျွန်တော် သတ်မှတ်ပေးလိုက်မယ်နော်” ဟု ဆိုလိုက်သည်။
ရှောင်ဖန်း ပြန်မဖြေနိုင်ပေ။
သူသည် အံ့အားသင့်လွန်းသဖြင့် ဆွံ့အ နေသည်။
လျူကျင်းသည် အတွင်းအားစုစည်းခြင်းအဆင့်၏ သတ္တမအဆင့်မှာသာ ရှိသေးသော်လည်း၊ သူ လက်ရှိ ခုခံလိုက်ရသော တိုက်ကွက်မှာ နာဆန့် အလယ်အလတ်အဆင့်တွင် ရှိနေသူတစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လျူကျင်းနှင့် ရှောင်ဖန်းအကြားရှိ ကွာခြားချက်မှာ ကျင့်ကြံခြင်း အဆင့် တစ်ခုလုံးနီးပါးစာမျှ ရှိပေသည်။ စင်စစ်မူ အတွင်းအားစုစည်းခြင်းပထမအဆင့်နှင့် နဝမအဆင့်အကြား ကွာခြားချက်ကို လျူကျင်းနှင့် ရှောင်ဖန်းအကြားရှိ ကွာခြားချက်နှင့် နှိုင်းယှဉ်မည်ဆိုပါက လျူကျင်းနှင့် ရှောင်ဖန်းအကြားရှိ ကွာခြားချက်က ကျိန်းသေပေါက်ပို၍ပင် ကြီးမားပေလိမ့်မည်။
ရှောင်ဖန်းသည် ဤအရာကို လုံးဝ လက်မခံနိုင်ပေ။
သူ့မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသော လက်တွေ့အရှိတရားသည် မည်သို့မျှ ယုတ္တိမရှိနိုင်အောင် ဖြစ်နေရသည်။ မိုးနှင့်မြေ နေရာချင်း ပြောင်းပြန်လှန်သွားသည်ဟူသော အချက်ကို လက်ခံရခြင်းကပင် ယခုအခြေအနေထက် ပို၍ လွယ်ကူပေလိမ့်ဦးမည်။
ထို့ကြောင့်ပင် သူသည် လျူကျင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
ယခုတစ်ကြိမ်တွင်မူ မည်သည့် ရွေ့လျားမှု သိုင်းအတတ်ပညာ ကိုမျှ သူ အသုံးမပြုပေ။
ဒေါသအဟုန် ပြင်းထန်နေသည့်ကြားမှပင် ရှောင်ဖန်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် တစ်ချိန်လုံး လျူကျင်းအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်ထားခဲ့သည်။ ယခုအခါတွင်မူ မည်သည့် လှည့်ကွက်မျှ ရှိလာနိုင်တော့မည် မဟုတ်ချေ။ သူ၏ တိုက်ကွက်သည် ရိုးရှင်းပြီး၊ တည့်တည့်မတ်မတ် ရှိလှကာ၊ သူ၏ ခွန်အားအားလုံးကို အပြည့်အဝ ပုံအောအသုံးပြုထားသည်။ အကယ်၍ လျူကျင်းအနေဖြင့် ကိုယ်ဖော့သိုင်း ကို ထပ်မံအသုံးပြုလာလျှင်ပင် ရှောင်ဖန်းက အခြေအနေအတိုင်း လိုက်လျောညီထွေ ပြောင်းလဲကာ အစွမ်းကုန် ခွန်အားဖြင့် ထိုးနှက်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အကယ်၍သာ ထိုတိုက်ကွက်ကို ထိမှန်သွားခဲ့ပါက လျူကျင်း ရှုံးနိမ့်သွားရပေလိမ့်မည်။
သို့သော်လည်း ကိစ္စမရှိပေ။
ဤအခြေအနေကို လျူကျင်း ကြိုတင် မျှော်လင့်ပြီးသား ဖြစ်သည်။
မဟုတ်သေး ပေ။
ဤတိုက်ကွက်သုံးလိမ့်မည်ဟု မျှော်လင့်ပြီးသားဟု ပြောခြင်းထက် ဤတိုက်ကွက်သည် သူ အောင်ပွဲခံနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်ကို လျူကျင်း သိရှိထားခဲ့ခြင်းဟု ပြောရခြင်းက ပို၍ တိကျပေလိမ့်မည်။
ထို သိုင်းကွက်မှာ လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း ပင်ဖြစ်သည်။
လျူကျင်းသည် ထိုသိုင်းအတတ်ကို အသုံးပြုရန်အတွက် စက္ကန့်၏ ထောင်ဂဏန်းပုံ တစ်ပုံမျှသာ လိုတော့သည့် နောက်ဆုံး အခိုက်အတန့်အထိ စောင့်ဆိုင်းခဲ့သည်။ ရှောင်ဖန်း၏ သာလွန်လှသော အရှိန်အဟုန်နှင့် ယှဉ်လျှင် ဤသို့လှုပ်ရှားခြင်းသည် အလွန်အမင်း အန္တရာယ်များလှသော်လည်း ဤနည်းလမ်းတစ်ခုတည်းသာ ရှိတော့၏။
လွန်ခဲ့သည့် သုံးနှစ်တာကာလပတ်လုံး လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း သည် သူ မတတ်လှမ်းနိုင်သော အဆင့်တစ်ခုအဖြစ်သာ ရှိနေခဲ့သည်။ သူသည် ၎င်းကို အကြိမ်အနည်းငယ် အသုံးပြုနိုင်ခဲ့ဖူးသော်လည်း စိတ်ချရသည့် အခြေအနေမျိုး မရှိခဲ့ချေ။ အကြောင်းမှာ ပြောင်းလဲပြင်ဆင်ထားသော သူ၏ ချီစွမ်းအင် စီးဆင်းမှုပုံစံက လေးလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း သိုင်းအတတ်ကဲ့သို့ ရှုပ်ထွေးနက်နဲလှသည့် အတတ်ပညာမျိုးကို အသုံးပြုနိုင်ရန် ခွင့်မပြုခဲ့သောကြောင့် ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ သူ၏ ချီစွမ်းအင် စီးဆင်းမှုက ယခင်ကကဲ့သို့ မဟုတ်တော့ချေ။
လျူကျင်းသည် ကိုးခေါင်း မြွေနတ်ဘုရား၏ အဆိပ်ဘေးမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူ၏ ချီစွမ်းအင်များသည် အပြစ်ပြောစရာမရှိအောင် တိကျသေချာလှသော စီးဆင်းမှုမျိုးဖြင့် ကိုးခေါင်း မြွေနတ်ဘုရား၏ သွေးကြောများကြားမှ ဖြတ်သန်းစီးဆင်းနေပြီး၊ ၎င်းက လျူကျင်းကို ယခင်ကထက်ပင် ပိုမိုမြင့်မားသော ထိန်းချုပ်နိုင်စွမ်း အတိုင်းအဆကို ရရှိစေခဲ့သည်။ သူ၏ ချီစွမ်းအင်များသည် သူ၏ ခေါ်ယူမှုကို တုံ့ပြန်ကြပြီး သူအလိုရှိသလို ပုံဖော်ပေးကြ၏။
ထို့နောက် အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားတော့သည်။
နောက်တစ်ကြိမ်တွင်လည်း ရှောင်ဖန်းသည် ဟာလာဟင်းလင်းဖြစ်နေသော လေထုကိုသာ ထိုးနှက်မိသွားပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ ရှေ့မှောက်၌ လျူကျင်း လုံးဝ ရှိမနေတော့ ပေ။ ရှောင်ဖန်းသည် သူ၏ ပြိုင်ဘက်ကို ရှာဖွေရန် ဘေးဘီဝဲယာသို့ အရူးအမူး လှည့်ပတ်ကြည့်ရှုတော့၏။
“ဒါဆို သုံးကြိမ်ပြည့်သွားပြီနော်... သခင်လေး ရှောင်ဖန်း။”
ရှောင်ဖန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ လေ့ကျင့်ရေး သတ်ကွင်း၏ အစွန်းဆုံးနေရာတွင် မတ်တတ်ရပ်နေသော လျူကျင်းကို မြင်တွေ့လိုက်ရသည်။
ရှောင်ဖန်းသည် ဘာစကားမျှ မပြောနိုင်တော့ချေ။ သူ၏ ခေါင်းထဲတွင်မူ ယခုလေးတင် ဘာဖြစ်သွားခဲ့သည်ကို နားလည်သဘောပေါက်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ သူသည် ဤအရာကို လက်ခံရန် ငြင်းဆန်နေသော်လည်း ငြင်းပယ်၍မရသော အမှန်တရားက ရှိနေခဲ့ပြီး ဖြစ်သည်၊
ရှောင်ဖန်း ရှုံးနိမ့်သွားခဲ့ပြီ။
လျူကျင်း အနိုင်ရရှိသွားခဲ့ပြီ။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က လက်ခုပ်တီးလိုက်လေသည်။
“ကောင်းတယ်ဟေ့… ငါတို့ ရှောင်ဂိုဏ်းရဲ့ လူငယ်တပည့်တွေအကြား လူပြောများနေတဲ့ စိန်ခေါ်ပွဲ က တယ်ကြည့်လို့ကောင်းတာပဲကိုး…”
ရှောင်နန်က သူတို့နှစ်ဦးကြားသို့ လျှောက်လှမ်းဝင်ရောက်လာရင်း ပြောလိုက်သည်။
“အကြီးအကဲဟွေကော အဲဒီလို မထင်ဘူးလားခင်ဗျာ။”
ထိုအချိန်ကျမှသာ လျူကျင်းသည် အကြီးအကဲဟွေထံသို့ ပြန်လှည့်လိုက်တော့သည်။ ထိုလူကြီး၏ မျက်နှာသည် ခေတ္တမျှ ခံစားချက်ကင်းမဲ့ နေသော်လည်း ခဏတာမျှသာ ဖြစ်သည်။ မကြာမီမှာပင်ထိုသူ့ မျက်နှာပေါ်တွင် အဖိုးတစ်ယောက်ကဲ့သို့ နူးညံ့လှသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ ထိုအပြုံးသည် ဆရာကြီးကျန်းက ဇူအန်အပေါ် ပြုံးပြခဲ့ဖူးသမျှ အပြုံးအားလုံးထက်ပင် ပို၍ အတုအယောင်ဆန်လှပေသည်။
“မှန်တာပေါ့ကွယ်.. နောက်ထပ် မျိုးဆက်သစ်လူငယ်တွေ ဒီလောက်အထိ ပါရမီပါတာကို မြင်ရတာ ဒီအဖိုးကြီးရဲ့ ရင်ထဲ စိတ်ချသွားရပါဘီ…”
“ဟုတ်တယ်ဗျ အမှန်ပဲ။ ညီလေးလျူကျင်း... မင်းထက် အများကြီးတော်တဲ့ ပြိုင်ဘက်တစ်ယောက်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တာ မင်း တကယ်တော်ပါတယ်။ မင်း တိုက်ကွက် ပြန်ခုခံတာ အချိန်ကိုက် တိကျတယ်ဆိုပေမဲ့ မင်းတကွက်မှာ အတော်ထိသွားတယ်မလား..၊ နောင်ကျရင် ဒီအတွေ့အကြုံကို သင်ခန်းစာယူပီး ကိုယ့်အရည်အချင်းကို ပိုတိုးတက်အောင်လုပ်ကွာ..””
“အစ်ကိုကြီးရဲ့ ဆုံးမတဲ့အတိုင်း ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်” ဟုလျူကျင်းက ခေါင်းငုံ့အရိုအသေပေးရင်း ပြောလိုက်သည်။
“ကောင်းပြီ။ ကဲ... ငါ့ညီရှောင်ဖန်းရေ မင်း ကိုယ်ဖော့သိုင်းနဲ့ လေဟာနယ် လက်သီး ကျွမ်းကျင်မှုကိုတော့ မချီးကျူးပဲမနေနိူင်ဘူး ကွာ၊ ကျင့်ကြံခြင်းအဆင့်ကလဲ မင်းအရွယ်နဲ့ယှဉ်ရင် အတော်မြင့်တဲ့အနေအထားပဲ..၊ မင်း သိုင်းကွက်မှာ စိတ်လိုက်မာန်ပါ ဖြစ်သွားတာလေးတချက်ပဲ ပြောစရာရှိတယ်၊ ဒီလက်ရည်စမ်းပွဲက မင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်ကွာ…။ ဘာပဲပြောပြော လေဟာနယ် လက်သီးကို မင်း အသုံးပြုနိုင်ခဲ့တာကတော့ တကယ်ချီးကျူးစရာပဲ။”
မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်နန်သည် ၎င်းကို သတိပြုမိသွားခဲ့သည်။
ဤသည်ကလည်း ဖြစ်သင့်ဖြစ်ထိုက်လှပေသည်။ ပုံမှန်အခြေအနေမျိုးတွင် လျူကျင်းအနေဖြင့် ရှောင်ဖန်း၏ လေဟာနယ် လက်သီးကို ကြံ့ကြံ့ခံနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ဖြစ်နိုင်သည်မှာ သူ့တွင် နောက်ထပ် လအနည်းငယ် သို့မဟုတ် တစ်နှစ်ခန့် အချိန်ပိုရခဲ့လျှင် ဖြစ်နိုင်သော်လည်း၊ ကိုးခေါင်း မြွေနတ်ဘုရား၏ စမ်းသပ်မှုကို အောင်မြင်ပြီးပြီးချင်း ယခုကဲ့သို့ စောစီးစွာတွင်မူ မဖြစ်နိုင်ပေ။
“—ကတော့ အသေအချာပဲ ကောင်းတဲ့အရာတစ်ခုပေါ့။”
လျူကျင်း မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။ ရှောင်နန် စကားပြောနေစဉ်အတွင်း သူ၏ အာရုံက အခြားသို့ လွင့်မျောသွားခဲ့ခြင်း ဖြစ်၏။
“နောက်လာမယ့် အရှေ့ဘက် ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲ ကတော့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲ။ ဒါပေမဲ့ ငါတို့ ဂိုဏ်းကို ကိုယ်စားပြုမယ့်သူက အပြင်စည်းတပည့်တစ်ယောက် တော့ဖြစ်နေဖိုတော့ မသင့်ဘူး…”
ထိုစကားကြောင့်လျူကျင်း မျက်တောင်တခတ်ခတ် ဖြစ်သွားရပြန်သည်။
မိနစ်သုံးဆယ်ခန့် ကုန်လွန်သွားပြီးနောက် နောက်ဆုံးတွင်လျူကျင်း တစ်ယောက် စစ်ဆေးရေးဂိတ်ကို ဖြတ်လာသည်။ ထိုအခိုက် ဇူအန်သည် ခေါင်းမော့ကြည့်လိုက်မိသည်။
“အကိုလျူ..”
ဇူအန် ချက်ချင်းပင် ထရပ်ပြီး သူ့ထံသို့ ပြေး လာသည်။
လျူကျင်း၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် ပင်ပန်းနွမ်းနယ်နေသော အခြေအနေကို ကြည့်ရှုစစ်ဆေးလိုက်ပြီး “ဘယ်လိုလဲ အကိုလျူ၊ အားလုံး အဆင်ပြေရဲ့လား။ အကိုလျူ နိုင်ခဲ့လား။ အာ ငါကလဲဘာတွေမေးနေပါလိမ့်... အကိုလျူ နိုင်မှာပါ၊ ဒါပေမဲ့—”
“ငါ ဂိုဏ်းထဲမှာ အဆင့်တက်သွားဘီ”
“ရှင်….”
လျူကျင်းသည် ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးဖြင့် ဇူအန်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမ မြင်တွေ့နိုင်ရန်အတွက် လက်မောင်းပတ်တစ်ခုကို မြှောက်ပြလိုက်၏။
“ဒီမှာ လေ..၊ ငါ အခု အတွင်းစည်းတပည့် ဖြစ်သွားဘီတဲ့..”