← Chapters

အခန်း ၄၆.၁

Vol. 6 Ch. 46.1

အခန်း ၄၆.၁

Vol. 6 Ch. 46.1

အခန်း ၄၆.၁ ။ အမြင်ကတ်စရာကောင်းလှသည့် ကောင်စုတ်ကလေး

ဝင်လေ…ထွက်လေ…။

ဝင်လေ..ထွက်လေ…။

လျူကျင်း ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ဖန်းသည် အခန်းထဲမှ ဒေါသတကြီး ဝုန်းဒိုင်းကြဲကာ ထွက်လာခဲ့တော့သည်။ ရှောင်နန် ဖြစ်စေ၊ အကြီးအကဲ ဟွေ ဖြစ်စေ သူ့အား စကားတစ်ခွန်းမျှပင် ပြောခွင့်မရလိုက်ကြချေ။ ရှောင်ဖန်းသည် တရားကျင့်ကြံရာ အခန်းဆောင်တစ်ခုဆီသို့သာ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။ အခန်းထောင့်တစ်ခုတွင် အမွှေးတိုင်များ ထွန်းညှိထားသော်လည်း သူ့စိတ်ကို တည်ငြိမ်အောင် မကူညီနိုင်ခဲ့ပေ။

ရှောင်ဖန်၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ချက်မျှပင် မရှိချေ။ လျူကျင်းနှင့်မတူသည်မှာ တိုက်ပွဲအပြီးအထိ သူ ချွေးတစက်မှ မထွက်ခဲ့ခြင်းပင် ဖြစ်သည်။ တရားမ ကျင့်ကြံမီ သူ၏ အသက်ရှူသံများ ပြင်းထန်နေခဲ့သည်ဆိုပါက သူ၏ မတည်ငြိမ်သော စိတ်လှုပ်ရှားမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူ့ကို ကြည့်ရုံမျှဖြင့် သူလက်ရည်စမ်းပွဲတစ်ခု ဆင်နွှဲခဲ့သည်ဟု မည်သူမျှ ရိပ်မိနိုင်မည်မဟုတ်ချေ။

သို့သော်လည်း... အမှန်တကယ် ရှုံးနိမ့်ခဲ့ရသူမှာ သူသာ ဖြစ်နေခဲ့သည်။

သူ ဒဏ်ရာတစ်ချက်မျှပင် မရခဲ့ သည့်အပြင် သူ့ ကျင့်ကြံခြင်းအဆင့်က ပြိုင်ဘက်ထက် သာလွန်နေခဲ့သည်။ ထို့အပြင် မွေးဖွားလာကတည်းက ရှောင်ဂိုဏ်း၏ အကောင်းဆုံးသော အထောက်အပံ့များကို ရရှိခဲ့သော်လည်း...

နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသူမှာ သူကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။

“မျက်မှောင်ကြီးကို ဒီလောက်အထိ ကြုတ်မထားပါနဲ့လား … ငါ့ညီရုပ်ကဒီလောက်ချောတာကို မျက်နှာကမဲ့မဲ့ကြီးဖြစ်နေရင် ဘယ်လိုက်မလဲ”

“ကျွန်တော့်ကို တစ်ယောက်တည်းပဲ လွှတ်ထားပေးပါ..၊ ကျွန်တော် အရမ်းဒေါသထွက်နေတယ် အကိုနန်..”

ရှောင်နန် အခန်းထဲသို့ ဝင်လာသောအခါ ရှောင်ဖန်းသည် သူ၏အသံကို တည်ငြိမ်နေစေရန် အတင်းအကျပ် ထိန်းချုပ်ထားရသော်လည်း၊ သူ့စိတ်ထဲတွင်မူ ဒေါသတကြီး အော်ဟစ်ပစ်လိုက်ချင်နေမိသည်။ မြင်သမျှအရာအားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်ချင်စိတ်များလည်း တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။

သူ့စိတ်ထဲတွင် မေးခွန်းတခုတည်းကိုသာ အကြိမ်ပေါင်းများစွာ မေးနေမိသည်။

“ငါ ဘာဖြစ်လို့ လျူကျင်းလိုကောင်ကို ရှုံးရတာလဲ..”

ထိုအခိုက်အတန့်တွင် ရှောင်ဖန်သည် သူ၏ရင်ထဲရှိ ဒေါသအာဃာတများကို ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးအပေါ် ပေါက်ကွဲပစ်လိုက်ချင်စိတ်မှတစ်ပါး အခြားဘာမျှမရှိတော့ချေ။ သို့သော်လည်း ထိုကဲ့သို့ ပြုမူခြင်းသည် အကျည်းတန်လွန်းလှပေလိမ့်မည်။ သူသည် ရှောင်ဂိုဏ်း၏ သခင်လေး မဟုတ်ပါလော။

မည်မျှပင် ပြုလုပ်ချင်နေပါစေဦးတော့၊ သူသည် ကလေးကလားဆန်သော အပြုအမူမျိုး ပြုမူရန် မတတ်နိုင်ပေ။

“မင်း အဲ့ဒီလို ပြောခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းကငယ်သေး တယ်ကွ..၊ မင်းအမိန့်ကို ငါနာခံရမယ့် အချိန်က အခုထိ ရောက်မလာသေးဘူးလေ၊ ငါ့ညီရဲ့”

ရှောင်ဖန် စိတ်တိုသွားသဖြင့် အံကြိတ်လိုက်မိသည်။

သူ့ဝမ်းကွဲအကို ရှောင်နန်၏ အသံတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် စိုးစဉ်းမျှပင် မရှိချေ။

ထုံးစံအတိုင်းပင်ဖြစ်သည်။

စိုးရိမ်ပူပန်မှုဟူသော စကားလုံးသည် ရှောင်နန်နှင့် အလှမ်းဝေးလွန်းလှပေသည်။ ရှောင်နန်သည် မည်သည့်အခါမှ မမှားနိုင်သည့် လူစားမျိုး ဖြစ်သည်။

အကြောင်းမူ ရှောင်နန်သည် ဤမြို့လေး၏ ပါရမီရှင်များထဲမှ ထိပ်သီးပါရမီရှင်တစ်ဦးဖြစ်နေသည်မဟုတ်ပါလား..။

သူ့လို အရှုံးသမားနှင့်တော့ လားလားမျှမတူချေ။

“ငါ့ညီက ဒီစိန်ခေါ်ပွဲလေးရှုံးတာနဲ့ ဒီလောက်တောင် ဒေါသထွက်နေတာလား။”

“ဒေါသထွက်တာပေါ့ဗျ..သေချာပေါက် ဒေါသထွက်တာပေါ့။”

ရှောင်ဖန် အတင်းအကျပ် ထိန်းချုပ်ထားရသော တည်ငြိမ်မှုများမှာ တစ်ခဏချင်းအတွင်း ပြိုကွဲပျက်စီးသွားခဲ့ရသည်။

“ဒုန်း”

ရုတ်တရက် ရှောင်ဖန်း ကြမ်းပြင်ကို အားပြင်းပြင်းဖြင့် ထိုးချလိုက်သည်။ သူ၏ လက်သီးချက်က ကြမ်းပြင်ကို အပေါက်ကြီးဖြစ်သွားစေသည်အထိ အားပါလှပေသည်။ ထို့နောက် သုန်မှုန် ခက်ထန် နေသောမျက်နှာဖြင့် ရှောင်နန်ကို စိုက်ကြည့်လိုက်သည်။

“ကျွန်‌တော်က မရှုံးသင့်တဲ့ပွဲကို ရှုံးခဲ့တာဗျ။ ကျွန်တော်က ဟိုကောင် လျူကျင်းထက် ပိုသန်မာတယ်၊ ပိုမြန်တယ်၊ ပြီးတော့ တိုက်ခိုက်ရေးပညာမှာလည်း ပိုပြီး ကျွမ်းကျင်တယ်ဗျာ..အဲ့တာကို ဘယ်လိုဖြစ်ပီး…”

ရှောင်ဖန်၏ ရင်ထဲမှ ဒေါသမီးလျှံများက လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အခန်းတစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အလား သူ၏ ချီစွမ်းအင် များက တဟုန်းဟုန်း တောက်လောင်ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရှောင်နန်ကမူ နူးညံ့သော လေပြေလေညင်းတစ်ခုကို ခံစားနေရသကဲ့သို့ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ကြံ့ကြံ့ခံနေလေသည်။ ရှောင်နန်သည် သက်ပြင်းတိုးတိုးလေးချလိုက်ပြီး ရှောင်ဖန်း ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဒါက ဒေါသထွက်သင့်ပါတယ် အကိုလဲနားလည်တာပေါ့ကွာ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲ့ဒီစိန်‌ ခေါ်ပွဲရဲ့ စည်းကမ်းချက်တွေက မင်းအတွက် အသာစီးရမယ့် အနေအထားမျိုး မဟုတ်ဘူးလေ။ ပြိုင်ဘက်ကို ကွက်တိ သုံးကွက်တည်းနဲ့ အနိုင်ယူဖို့ဆိုတာ ပြောသလောက် မလွယ်ကူဘူးကွ.,.။ မင်းဘက်က အဲ့ဒီလို စည်းကမ်းချက်ကို သတ်မှတ်လိုက်တာနဲ့တင် ကိုယ့်ကိုယ်ကို တော်တော်အထင်ကြီးရာ ရောက်နေဘီ…”

“ငါ... တကယ်ပဲ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတာလား..”

ရှောင်ဖန်သည် ထိုအတွေးကို ဒေါသတကြီးဖြင့် အတင်းအကျပ် မောင်းထုတ်ပစ်လိုက်တော့သည်။

သူ၏ ပြိုင်ဘက်သည် အဆင့်နိမ့် ထဲတွင် တစ်နှစ်ခွဲကျော်ကျော်မျှသာ အချိန်ကုန်ဆုံးထားရသေးသူ ဖြစ်သည်။ ထိုအချက်ကို ထည့်တွက်ကြည့်မည်ဆိုပါက၊ ထိုပြိုင်ပွဲ၏အနိူင်အရှုံးစည်းကမ်းချက်များသည် ရှောင်ဖန်အတွက် အပြတ်အသတ် အသာစီးရစေမည့် အခွင့်အရေးများသာ ဖြစ်ပေသည်။

နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ၏ အလယ်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးအနေဖြင့်၊ အဆင့်နိမ့် ထဲသို့ မနည်းခြေလှမ်းလှမ်းဝင်ထားရုံမျှသာ ရှိသေးသည့် သူအား ရင်ဆိုင်ရာတွင် အခက်အခဲ ဖြစ်စရာ အကြောင်း ဘာများရှိမည်နည်း။

“မင်း ခေါင်းထဲမှာ အခုပေါက်ကရတွေ လျှောက်တွေးနေတာမလား…”

ထိုစကားကြောင့် ရှောင်ဖန် က မီးပွင့်မတတ် ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း၊ ရှောင်နန်ကမူ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“ ဟုတ်တယ်မလား။ ဒါဆိုရင်တော့... ငါ့ ချစ်ညီလေးကို အကိုပြောပြမယ် .. ဒီနေ့ မင်း ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းက သုံးချက် ရှိတယ်ကွ”

“ဘာ အကြောင်းရင်း သုံးချက် ဟုတ်လား..”

“ပထမဆုံး အချက်ကတော့...” ရှောင်နန်က လက်ညှိုးတစ်ချောင်းကို မြှောက်ပြရင်း ပြောလိုက်သည်။

“မင်းက ပြိုင်ဘက်ကိုလျှော့တွက်တာပဲ…၊သူ ပိုပြီး သန်မာလာမှာမဟုတ်ဘူးလို့ လူမိုက်တစ်ယောက်လို တစ်ထစ်ချ တွေးခဲ့တာပဲကွ၊

"ဒီကောင်က အောက်ခြေအဆင့်မှာတင် တစ်နှစ်ခွဲလောက် အချိန်ဖြုန်းနေတာဆိုတော့ နောက်ထပ် တစ်နှစ်ခွဲ အချိန်ထပ်ရလည်း သူ ဒီထက် ပိုတော်လာမှာ မဟုတ်ဘူးလို့ တွေးနေတာမလား။"

ရှောင်ဖန်၏ ဆိတ်ဆိတ်နေခြင်းကပင် လုံလောက်သော အဖြေဖြစ်နေခဲ့ပေသည်။

““ညံ့လိုက်တာကွာ…”

ရှောင်နန်၏ ဒေါသသံပါသော ငေါက်ငမ်းမှုကြောင့် ရှောင်ဖန်တစ်ယောက် အံ့အားသင့်ကာ ဆွံ့အသွားရသည်။

“မင်း ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတွေက ဒီအတိုင်း ငြိမ်ရပ်နေမှာမဟုတ်ဘူး။ တီကောင်ကနေ နဂါးဖြစ်လာနိုင်သလို၊ နဂါးကလည်း တီကောင်အဆင့်အထိ နိမ့်ကျသွားနိုင်တာပဲ။ အနှစ်သာရမရှိတဲ့ အစွဲအလမ်းတွေနဲ့ မင်းကိုယ်မင်း အချုပ်အနှောင်မခံစမ်းနဲ့”

ရှောင်ဖန်သည် မိမိကိုယ်မိမိ ပြန်လည်ကာကွယ်ပြောဆိုချင်သော်လည်း၊ အစ်ကိုဝမ်းကွဲဖြစ်သူ၏ မျက်လုံးများထဲက တည်ကြည်လေးနက်မှုများကြောင့် စကားတစ်လုံးမျှ ထွက်မလာခဲ့ချေ။

ယခု စကားပြောနေသည်မှာ ပေါ့ပေါ့ပါးပါး နေတတ်သည့် သူ၏ အစ်ကိုဝမ်းကွဲ မဟုတ်တော့။ သူသည် ရှောင်ဂိုဏ်း၏ ‘ရှောင်နန်’ ဖြစ်သည်။ ပါရမီရှင်များထဲမှ ထိပ်သီးပါရမီရှင်တစ်ဦး။ မြောက်မြားစွာသော အောင်မြင်မှုများဖြင့် မိမိကိုယ်မိမိ သက်သေပြခဲ့ပြီး၊ ဖခင်ဖြစ်သူကိုယ်တိုင် လုံးဝဥဿုံ ယုံကြည်အားကိုးရသည့် လက်ချိုးရေတွက်ရုံမျှသာရှိသော လူနည်းစုထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။

“မင်း ရှုံးနိမ့်ခဲ့ရတဲ့ ဒုတိယမြောက် အကြောင်းရင်းကတော့ မင်း စိတ်လိုက်မာန်ပါ ဖြစ်တတ်တဲ့ လုပ်တတ်တဲ့အကျင့်ကြောင့်ပဲ”

ရှောင်နန်က နောက်ထပ် လက်ချောင်းတစ်ချောင်းကို ထပ် ထောင်ပြလိုက်ပြန်သည်။

“အခြေအနေတွေက မင်းထင်သလို ဖြစ်မလာတဲ့အဆုံး မင်း ချက်ချင်း စိတ်ပျက်ပြာယာခတ်သွားခဲ့တယ်”

“ကျွန်တော် မဖြစ်—”

“မင်း ပြာယာခတ်သွားခဲ့တာ အမှန်ပဲကွ”

ရှောင်နန်က စကားကို ဖြတ်ပြောလိုက်သည်။ သူ၏ အသံနေအထားမှာ ငြင်းခုံခွင့်မရှိလောက်အောင် ပြတ်သားလွန်းလှပေသည်။

“မင်း အာရုံမစုစည်းနိူင်တော့ဘူးလေ ဘယ်လောက်ပဲ ဟန်ဆောင်ဖို့ ကြိုးစားပါစေဦးတော့ စိတ်ကို ပြန်မစုစည်းနိုင်တော့ဘူး။ မင်းမှာ အသုံးပြုခွင့်ကျန်သေးတဲ့ သိုင်းကွက်နှစ်ကွက်နဲ့ ပြိုင်ဘက်ရဲ့ အင်အားကို တဖြည်းဖြည်း ချည့်နဲ့အောင် မလုပ်ဘဲ၊ တိုက်ပွဲကို တစ်ခဏချင်းအတွင်း အဆုံးသတ်ပစ်ဖို့ပဲ မင်း တဇွတ်ထိုး ကြိုးစားခဲ့တာ”

ငါက… တကယ်ပဲ အဲ့ဒီလို လုပ်ခဲ့မိတာလား…

မဟုတ်ဘူး… ဒုတိယမြောက် သိုင်းကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့တာက အမှားမဟုတ်ဘူး။ ‘‘လေဟာနယ် လက်သီး နဲ့သာဆိုရင်…

“မင်း ‘လေဟာနယ် လက်သီး ကို သုံးဖို့ ကြံစည်လိုက်တဲ့ အခိုက်အတန့်ကစပြီး အဲဒီတိုက်ပွဲမှာ ရှုံးသွားခဲ့တာပဲ”

ရှောင်နန်၏ အသံက သူ၏ အတွေးစများကို ဓားဖြင့်မွှန်းသကဲ့သို့ ဖြတ်တောက်လိုက်သည်။ သူ၏ အစ်ကိုဝမ်းကွဲက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း—

“ပြိုင်ဘက်ကို အလစ်အငိုက်တိုက်ဖို့ ‘ကိုယ်ဖော့သိုင်း ကို သုံးခဲ့တာက အဲဒီအချိန်တုန်းကတော့ အကြံကောင်းတစ်ခုလို့ ထင်ရလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ တကယ်တော့ မိုက်မဲတဲ့ လှုပ်ရှားမှုတစ်ခုပဲကွ ..၊ မင်းက ရှောင်ဂိုဏ်းရဲ့ ‘ရှောင်ဖန်’ လေ… ရှောင်ဂိုဏ်းတစ်ခုလုံးမှာ မင်း အဲဒီသိုင်းကွက်ကို တတ်ထားတယ်ဆိုတာ မသိတဲ့လူ တစ်ယောက်မှ မရှိဘူး”

“အဲဒါက ဘာဖြစ်လို့လဲ..”

ရှောင်ဖန်း သည် ဒေါသတကြီး ပြန်အော်လိုက်သည်။

“အဲ့ကောင် လျူကျင်း ကြိုသိနေရင်တောင် ကျွန်တော့်သိုင်းကွက်က အားကောင်းပြီး အပြစ်ဆိုဖွယ်မရှိနေသရွေ့ ဘာမှရှုံးစရာအကြောင်းမရှိဘူး..”

“ဒါဆို မင်း ဘာလို့ ရှုံးခဲ့ရတာလဲ”

“...”

“ပြိုင်ဘက်က မင်း ‘ကိုယ်ဖော့သိုင်း သုံးမယ်ဆိုတာကို ကြိုတွက်ထားရုံတင်မကဘူး၊ မင်းဘက်က လုံးဝသတိမထားမိတဲ့ လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာ သူဟာ အဲဒီသိုင်းပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်သွားခဲ့တာ။ မင်းက ပြိုင်ဘက်အကြောင်းကို နည်းနည်းလေးတောင် စုံစမ်းဖို့ စိတ်မကူးခဲ့ဘူး။ သူက မင်းရဲ့သိုင်းကွက်ကို အပိုင်ဖမ်းပီး ခုခံဖို့ စောင့်နေချိန်မှာ မင်းကတော့ သူ့လှုပ်ရှားမှုအတွက် ဘာပြင်ဆင်မှုမှ မရှိခဲ့ဘူး။ အဲဒီလို ပြာယာခတ်နေတဲ့ အခြေအနေမျိုးထဲမှာမှ မင်းက ‘လေဟာနယ် လက်သီး ကို ထုတ်သုံးဖို့အထိ သွေးရူးသွန်းတန်း လုပ်ဝံ့သေးတယ်ပေါ့လေ”

“ကျွန်တော့်ရဲ့ လက်သီးချက်က အပြစ်ဆိုစရာမရှိဘူးဗျ ..”

စင်စစ်မူ ထိုအချိန်က ‘လေဟာနယ် လက်သီး’ ကို ထုတ်သုံးရန် အကောင်းဆုံး အနေအထားမျိုး မဟုတ်ခဲ့သည်မှာ မှန်သော်လည်း၊ သူကတော့ ဇွတ်အတင်း ထုတ်သုံးနိုင်ခဲ့သည်။ သူ၏ လက်သီးချက်က လျူကျင်းထံသို့ အရှိန်အဟုန်အပြည့်ဖြင့် တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။ လျူကျင်းသည် ဤမျှပြင်းထန်လှသည့် တိုက်ခိုက်မှုကို ခံရပြီးနောက်ပိုင်းတွင် ဤမျှလောက် အကောင်းပကတိအတိုင်း ကျန်ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သူ လုံးဝ သတိလစ်သွားရမှာ။ ဟုတ်တယ်… တကယ်ကို သတိလစ်သွားရမှာ..

ရှောင်နန်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ဆံပင်များကို လက်ဖြင့် သပ်တင်လိုက်ကာ—

“ထင်ထားတဲ့အတိုင်းပဲ… မင်း အခုထိ မရိပ်မိသေးဘူးပဲ”

“ဘာ… ဘာကိုလဲ”

“မင်းလက်မောင်းကို ကြည့်စမ်း”

ရှောင်ဖန် ချက်ချင်းပင် ဝတ်ရုံလက်စကို ဆွဲတင်လိုက်သည်။ ထိုအခါ မြင်လိုက်ရသည့် အရာကြောင့် သူ ကြက်သေ သေသွားရတော့သည်။

“ဒါ… ဒါက ဘာလဲ..”

အစိမ်းရောင်။

သူ၏ လက်ဖျံပေါ်တွင် စိမ်းဖန့်ဖန့် အမှတ်အသားများ ထင်ကျန်နေသည်။ ကြည့်ရသည်မှာ ပွန်းပဲ့ညိုမည်းဒဏ်ရာများနှင့် ဆင်တူလှသော်လည်း ရှောင်ဖန်သည် ၎င်းတို့ထံမှ မည်သည့်နာကျင်မှုကိုမျှ မခံစားရချေ။

မည်သည့်ခံစားချက်မျှ လုံးဝမရှိခြင်းကပင် ထူးဆန်းနေတော့သည်။

“နောက်ဆုံးတော့ သဘောပေါက်ပြီလား”

ရှောင်နန်က မေးလိုက်သည်။ သူက တံတောင်ဆဆကို ဒူးတစ်ဖက်ပေါ် တင်ထားပြီး ခေါင်းကို လက်ဖဝါးဖြင့် အသာအယာ ထောက်ထားရင်း ဆက်ပြောသည်။

“မင်းက တိုက်ပွဲထဲမှာ စိတ်လှုပ်ရှားလွန်းနေတော့ ဒီအချက်ကို လုံးဝလွတ်သွားခဲ့တာ။ တကယ်လို့မင်းသာ စိတ်ကို အေးအေးဆေးဆေး တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ရင် မင်းလက်မောင်းတွေ ထုံကျင်နေတာကို အစောကြီးကတည်းက ရိပ်မိမှာ သေချာတယ်”

ရှောင်နန် စကားပြောနေသည့်တိုင် ရှောင်ဖန်မှာမူ သူ၏လက်မောင်းများကိုသာ မင်သက်စွာ စိုက်ကြည့်နေမိသည်။ ထူးဆန်းသော ထုံကျင်မှုတစ်ခုက လက်မောင်းတစ်လျှောက် ပျံ့နှံ့လာနေပြီ ဖြစ်သည်။ သို့ဆိုပါက …

“မင်း ထုတ်သုံးနေတယ်လို့ ထင်ထားတဲ့ အင်အားနဲ့ မင်းတကယ်တမ်း ထုတ်သုံးလိုက်နိုင်တဲ့ အင်အားက မတူဘူးကွ ..၊ အမှန်အတိုင်း ပြောရရင်တော့ကွာ… အဲဒီလို လက်မောင်းထုံနေရင်းနဲ့ ‘လေဟာနယ် လက်သီး ကို ဖြစ်အောင် ထုတ်သုံးနိုင်ခဲ့တာကတင် ချီးကျူးဖို့ တော့ကောင်းပါတယ် ”

“အစ်ကို နန်…” ရှောင်ဖန်သည် စကားသံ တုန်ရင်မသွားစေရန် အပြင်းအထန် ကြိုးစားထိန်းချုပ်ရင်း မေးလိုက်သည်။

“ဒါ… ဒါက ဘာလို့လဲဟင်”

“ဒါကတော့ မင်း ရှုံးနိမ့်ခဲ့ရတဲ့ တတိယမြောက် အကြောင်းရင်းပဲပေါ့”

ရှောင်နန်က နောက်ဆုံးလက်ညှိုးတစ်ချောင်းကိုပါ ထပ်မံမြှောက်ပြရင်း ပြောလိုက်သည်။ “ဒါဟာ တိုက်ပွဲစတင်လိုက်တဲ့ ပထမဆုံး အခိုက်အတန့်ကတည်းက ဖြစ်သွားခဲ့တာ”

အဲဒီတုန်းကတည်းက ဖြစ်သွားခဲ့တာ ဟုတ်လား…

“လျူကျင်းက မင်းရဲ့ ပထမဆုံး တိုက်ကွက်ကို ခုခံလိုက်တုန်းက ဒီအတိုင်း ကာကွယ်ရုံတင် လုပ်ခဲ့တာမဟုတ်ဘူး။ သူက မင်းရဲ့ လက်ဖျံနှစ်ဖက်လုံးကိုပါ ကွက်တိ ပြန်ရိုက် သွားတာကွ ”

ရှောင်နန်က ရှင်းပြပြီးနောက် ပုခုံးကို တစ်ချက်ပင့်ပြလိုက်ရင်း— “ကောင်းပြီလေ… တကယ်လို့ အစကတည်းက အရှိန်အဟုန်အပြည့်နဲ့ သေသေချာချာ တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ ဒီလိုအကွက်မျိုး အလုပ်ဖြစ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

“သူက ကျွန်တော့်ကို ထိအောင် တိုက်ခိုက်နိုင်ခဲ့တယ်ဆိုရင်တောင်မှ လျူကျင်းလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးကို လုပ်နိုင်ရတာလဲ..”

ရှောင်ဖန်သည် သူ၏ လက်မောင်းများကို မြှောက်ပြရင်း အော်ဟစ်လိုက်တော့သည်။

“အဆိပ်ပဲကွ… ပိုပြီး တိတိကျကျ ပြောရရင်တော့ လျူကျင်းက မင်းကို တိုက်ခိုက်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ချီစွမ်းအင်တွေကို အဆိပ်ဓာတ်အဖြစ် ပြောင်းလဲပစ်လိုက်တာ။ အဲဒီ အဆိပ်ဝိညာဉ်စွမ်းအင်တွေက မင်းရဲ့ လက်မောင်းနှစ်ဖက်ထဲကို စီးဝင်သွားပြီး အင်အားတွေကို တဖြည်းဖြည်းချင်း မသိမသာ စုပ်ယူပစ်လိုက်တာပဲ။ ဒါကြောင့်လည်း မင်း ‘လေဟာနယ် လက်သီး ကို ထုတ်သုံးလိုက်တဲ့အခါမှာ မူလရှိသင့်တဲ့ အားပြင်းမှုထက် အဆမတန် အားနည်းသွားခဲ့ရတာ။ အဲဒီအချိန်မှာ တိုက်ကွက်က နောက်ဆုံးတစ်ကွက်တည်းပဲ ကျန်တော့တာလေ… မင်းရဲ့ တဇွတ်ထိုး အတင်းတိုးဝင် တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ဆိုတာ သူ့အတွက် အလွန်ပဲ လွယ်ကူသွားခဲ့တာပေါ့”

အဆိပ်ဓာတ်စီးဝင်နေတဲ့ ဝိညာဉ်စွမ်းအင် ဟုတ်လား…

စင်စစ်မူ ကျင့်ကြံသူတစ်ဦးက မိမိ၏ ချီစွမ်းအင် ကို သဘာဝလောက၏ ဒြပ်စင်သဘောသဘာဝများအဖြစ် ပြောင်းလဲနိုင်ရန် လေ့ကျင့်ခြင်းမှာ အထူးအဆန်းတော့ မဟုတ်ချေ။ ချီစွမ်းအင် ကို ရေကဲ့သို့ နူးညံ့အောင် ပြုလုပ်နိုင်သလို၊ မီးကဲ့သို့ ပြင်းထန်အောင်လည်း ပြောင်းလဲနိုင်သည်။

သို့သော်လည်း ချီစွမ်းအင် အား ထိုကဲ့သို့ ဒြပ်စင်သဘောသဘာဝများအဖြစ် ပြောင်းလဲနိုင်ရန်အတွက်မူ ကြီးမားလှသော အားထုတ်ကြိုးပမ်းမှုများ လိုအပ်ပေသည်။ ယင်းမှာ အဆင့်နိမ့်တွင်သာ ရှိသေးသည့် ကျင့်ကြံသူတစ်ဦး တတ်မြောက်နိုင်မည့် အရာမျိုး လုံးဝမဟုတ်ချေ။

လျူကျင်းက… သူက ဘယ်လိုလုပ်ပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အဆိပ်ဓာတ်အဖြစ် ပြောင်းလဲနိုင်ခဲ့တာလဲ…

ရှောင်ဖန်၏ မျက်မှောင်များ ကြုတ်မိသွားရသည်။

အဆိပ်တစ်ခုတည်းတင် မကသေး။ လျူကျင်း နောက်ဆုံးပိတ် ထုတ်သုံးသွားသည့် ထိုခြေလှမ်းရွှေ့ပြောင်းခြင်း သိုင်းအတတ်ပညာမှာလည်း ‘ကိုယ်ဖော့သိုင်း မဟုတ်ခဲ့ပေ။ အကွာအဝေးတစ်ခုကို ဖြတ်ကျော်သည့် သာမန်ခြေလှမ်းသိုင်းထက်၊ ရန်သူ၏ တိုက်ကွက်ကို တန်ပြန်ချေဖျက်ရန် သီးသန့်ပုံစံထုတ်ထားသည့် ခြေလှမ်းသိုင်းတစ်ခုနှင့် ပို၍ တူညီနေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် လျူကျင်းသည် အစကတည်းက တတိယမြောက် တိုက်ကွက်ကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ရန်အတွက် ထိုလျှို့ဝှက်ခြေလှမ်းသိုင်းကိုသာ လုံးဝဥဿုံ အားကိုးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဒုတိယမြောက် သိုင်းကွက်က အရာမထင်ခဲ့သည့် ထိုအခိုက်အတန့်ကတည်းက သူသည် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်ပေတော့သည်။

မဟုတ်သေးချေ… ထိုထက်ပင် ပို၍ စောပါသေးသည်။ အဆိပ်၏ အာနိသင်ကို သူ သတိမထားမိခဲ့သည့် ထိုအစောပိုင်းအချိန်ကတည်းက…

“တောက်… သေစမ်း..”

ရှောင်ဖန်သည် သူ၏ဘေးရှိ ကြမ်းပြင်ကို နောက်တစ်ကြိမ် ထပ်မံ ရိုက်ချလိုက်ပြန်သည်။ သစ်သားစများမှာ အခန်းတစ်ခုလုံး လွင့်စင်ထွက်သွားခဲ့ပြီး သစ်စတစ်ခုက သူ၏ပါးပြင်ကို လာထိမှန်သွားခဲ့သည်။

“အဆိပ်ရဲ့ အာနိသင်ကတော့ အချိန်တန်ရင် သူ့အလိုလို ပျယ်ပျက်သွားမှာပါ ညီလေး ”

ရှောင်နန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“လျူကျင်း ထုတ်သုံးခဲ့တဲ့ ချီစွမ်းအင်က အသက်အန္တရာယ်ဖြစ်စေမယ့် အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါ့အပြင် မင်းက နာမ်ဝိညာဉ်သန္ဓေတည်အဆင့် မှာ ရှိနေတာပဲ။ မင်းရဲ့ခန္ဓာကိုယ်က ဒီလောက်အလွယ်တကူနဲ့ ပြိုလဲသွားမှာ မဟုတ်ပါဘူးကွာ”

“ကျွန်တော်က အဲဒီအချက်ကို စိုးရိမ်နေတာ မဟုတ်ဘူးဗျ..”

ရှောင်ဖန်က သူ၏ အစ်ကိုဝမ်းကွဲကို အော်ဟစ်ပေါက်ကွဲလိုက်သည်။ သို့သော်လည်း ထိုသို့ ပြောလိုက်ရင်းဖြင့်ပင် သူသည် ထိုအချက်ကို တကယ်တမ်း စိုးရိမ်သင့်မှန်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် သတိပြုမိသွားခဲ့သည်။

ငါက… တကယ်ပဲ ဒီလောက်အထိ အမြော်အမြင်နည်းပြီး အမြင်ကျဉ်းမြောင်းခဲ့တာလား…

“ကျွန်တော် ရှုံးသွားပြီ…”

ရှောင်ဖန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ခွေယိုင်ကျသွားသည့်အလား အားမလိုအားမရ ညည်းတွားလိုက်သည်။

“ကျွန်တော် အပြတ်အသတ် ရှုံးနိမ့်သွားဘီဗျ…”

ရှောင်နန်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“မင်း ရှုံးခဲ့တာအမှန်ပဲ… ဒါပေမဲ့ မင်းဘာလို့ဒီလောက်ခံပြင်းနေရတာလဲ..၊ ဘာလဲ မင်းထက်အဆင့်နိမ့်တဲ့ လူတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရလို့လား… ဒါမှမဟုတ် လျူကျင်းဆိုတဲ့လူကို ရှုံးနိမ့်ခဲ့ရလို့လား”

အဖြေကတော့ ရှောင်ဖန်၏ ခေါင်းထဲတွင် ချက်ချင်းပင် ပေါ်ပေါက်လာခဲ့သည်။

“နှစ်ခုစလုံးပေါ့ဗျာ ..”

မိမိထက် အဆင့်အတန်းနိမ့်ကျပြီး အားနည်းသူကို ရှုံးရခြင်းက အရှက်ရစရာ ကောင်းလှသည်။ သို့သော် လျူကျင်းကို ရှုံးနိမ့်ခဲ့ရခြင်းကတော့ ထိုအရှက်ရမှုထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှပေသည်။

“မင်း ဘာဖြစ်လို့ သူ့ကို ဒီလောက်တောင် မုန်းတီးနေရတာလဲ”

“အစ်ကို နမ်က ဒါကို မေးနေဖို့ လိုသေးလို့လား..”

ဒါတွေက ဘယ်အချိန်ကတည်းက စတင်ခဲ့တာလဲ…

ရှောင်ဖန်တစ်ယောက် ဘယ်လိုပင် အသည်းအသန် ကြိုးစား၍ စဉ်းစားပါစေဦးတော့၊ ထိုမုန်းတီးမှုများ ဘယ်ကနေ ဘယ်လို စတင်ခဲ့သလဲဆိုသည်ကို ပြန်လည်မှတ်မိဖို့ရာ မလွယ်ကူခဲ့ချေ။

သူ မှတ်မိသမျှ အတိတ်ကာလကတည်းက သူသည် ရှောင်ဂိုဏ်း၏ ‘ရှောင်ဖန်း’ ဖြစ်ခဲ့သည်။ လူအများက သူ့ကို ရိုသေလေးစားကြခြင်းမှာ သူ၏ ဖခင်ဖြစ်သူ၏ အရှိန်အဝါကြောင့်သာ ဖြစ်ပေသည်။ အကြောင်းပြချက်ကတော့ ဒီမျှသာဖြစ်သည်။ သူသည် မွေးဖွားလာကတည်းက ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရသည့် ရှောင်ဂိုဏ်း၏ ‘သခင်လေး’ မဟုတ်ပါလော။

သူသည် သူ၏ အစ်ကိုဝမ်းကွဲလောက် ပါရမီမထူးချွန်ခဲ့သော်လည်း…

သူသည် သူ့ညီမဖြစ်သူလောက် မွေးရာပါ ပါရမီ မကောင်းခဲ့သော်လည်း…

လူအများက သူ့ကို ဆက်တိုက်ဆိုသလို ချီးမွမ်းဂုဏ်ပြုနေကြဆဲပင်။

သို့သော်လည်း ရှောင်ဖန်အတွက်မူ ထိုသူများနှင့် နှိုင်းယှဉ်ပါက မိမိကိုယ်မိမိ သာမန်အဆင့်မျှသာ ရှိသည်ဆိုသည်မှာ ထင်ရှားလွန်းလှပေသည်။ မျက်မှောက်တွင် အထင်အရှား မြင်တွေ့နေရသည့် သက်သေအထောက်အထားများ ရှိနေပါလျက်နှင့် သူတို့က အဘယ်ကြောင့် သူ့ကို ပါရမီရှင်တစ်ဦးပါဟု ပြောနေနိုင်ကြသနည်း။

အဖြေကတော့ ရှင်းလှပါသည်။ လူတွေက သူသည် ရှောင်ဂိုဏ်း၏ ‘ရှောင်ဖန်း’ ဖြစ်နေ၍သာ ဤကဲ့သို့ ဟန်ဆောင်ပြုမူနေကြခြင်း ဖြစ်သည်။ အကြောင်းပြချက်က ထိုမျှသာဖြစ်သည်။

လူတိုင်းက တစ်ခုခုကို လိုချင်တောင့်တနေကြခြင်း ဖြစ်သည်။

လူတိုင်းက သူ့အနားသို့ ချဉ်းကပ်ပြီး အကျိုးအမြတ်တစ်ခုခုကို ရယူချင်နေကြခြင်း ဖြစ်ပေသည်။ ထိုအချက်ကို သူ လက်ခံနိုင်ပါသည်။ သူသည် ထိုသူများ၏ ဟန်ဆောင်ကောင်းမှုများကို ရယူပြီး သူ့ကိုယ်သူပိုမိုတိုးတက်အောင် ပြုလုပ်မည့် ခြေနင်းခုံအဖြစ်သာ အသုံးချသွားမည် ဖြစ်သည်။

လျူသားအဖ သည်လည်း အခြားလူများနှင့် ထူးခြား၍ ကွဲပြားနေလိမ့်မည် မဟုတ်ချေ။

သူတို့သည်လည်း ရှောင်ဂိုဏ်း၏ အရှိန်အဝါနှင့် ဩဇာအာဏာကိုသာ မက်မောပြီး လာရောက်ကပ်ငြိနေကြသူများ ဖြစ်သည်မှာ ထင်ရှားလှပေသည်။ ထိုသို့တွေးမှသာ အရာအားလုံးက အဓိပ္ပာယ်ရှိပေလိမ့်မည်။ သူတို့သည်လည်း အခြားသော လူများနည်းတူပင် ဖြစ်သည်။

ထိုအချက်မှလွဲ၍ အခြားသောအရာများက မည်ကဲ့သြို အမှန်တရား ဖြစ်နိုင်ပါ့မည်နည်း။

“ချီစွမ်းအင်တောင် မရှိတော့တဲ့ ဒုက္ခိတတစ်ယောက်က… ဘယ်လိုလုပ်ပြီး ငါ့အဖေကို ကယ်နိုင်ခဲ့မှာလဲ…”

သို့ရာတွင် အခြားလူများနှင့်မတူသည်က လျူကျင်းသည် သူ့ကို မျက်နှာလိုမျက်နှာရ မျက်နှာချိုသွေးရန် ဘယ်တုန်းကမှ မကြိုးစားခဲ့ချေ။ လျူကျင်းသည် သူ့အပေါ် ဘာတစ်ခုမျှ ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိဘဲ၊ အရာအားလုံးကို စိတ်ဝင်စားမှုမရှိသည့်အလား အမြဲတမ်း အေးစက်တည်ငြိမ်နေခဲ့သည်။

ရှောင်ဖန်းဘက်က လျူကျင်းထံမှ တုံ့ပြန်မှုတစ်ခုခု ရလာစေရန် ဘယ်လောက်ပင် အသည်းအသန် ကြိုးစားပါစေဦးတော့၊ သူကတော့ ထိုကျိန်စာသင့်စမ်းဆိုသည့် မျက်နှာသေကြီးနှင့်သာ အမြဲစိုက်ကြည့်နေတတ်သည်။ အရာအားလုံးနှင့် ဘာမဆိုအပေါ်တွင် အမြဲတမ်း စိတ်မဝင်စားသည့် ထိုပုံစံမျိုးသည် ဘယ်လိုနည်းနှင့်မျှ အမှန်တရား ဖြစ်မလာနိုင်ဟုသာ ရှောင်ဖန် တွေးတောနေမိတော့သည်။"

သူ့ကို စိုက်ကြည့်နေသည့် လျူကျင်း၏ ပုံစံမှာ ရှောင်ဖန်ဟူသည် ဘာကောင်မျှ မဟုတ်ကြောင်း အကဲခတ်မိနေသလိုမျိုး အမြဲတမ်း ဖြစ်နေခဲ့ရသည်။ သို့ရာတွင် ထိုကဲ့သို့ ဘာမျှ ထူးခြားမှုမရှိသည့် လူစားမျိုးက နောက်ဆုံး၌ ရှောင်ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။

ထိုသို့ ဖြစ်လာသည့် အခိုက်အတန့်တွင်မူ ရှောင်ဖန် ယုံကြည်ထားခဲ့သည့် အရာအားလုံးသည် အထင်အရှား သက်သေပြလိုက်သလို ဖြစ်သွားခဲ့ရပြီ။ လျူသားအဖသည် ရှောင်ဂိုဏ်းနှင့် ပတ်သက်ဆက်နွှယ်၍ အကျိုးအမြတ် ရယူချင်ကြခြင်း သက်သက်သာ ဖြစ်ပြီး၊ အကြောင်းပြချက်မှာ ထိုမျှသာ ဖြစ်ကာ ၎င်းတို့၌ ထိုထက်ပိုသော ရည်ရွယ်ချက် ဘာမျှမရှိချေ။

ထိုနောက်တွင်မှ ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ် ဧကရာဇ် တဦး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရှောင်ဖန်သည် အစပိုင်းတွင် ထိုအရာကို လုံးဝ မယုံကြည်နိုင်ခဲ့ပါချေ။ အဘယ်ကြောင့် ထိုကဲ့သို့သော ဧကရာဇ်တစ်ပါးက ထိုမျှလောက် ဆင်းရဲနွမ်းပါးလှသည့် မိသားစုနှင့် လာရောက်ပတ်သက်ရသနည်း၊ အဘယ်ကြောင့် ဧကရာဇ်တစ်ပါးက လျူကျင်းလို လူစားမျိုးကို သူ၏ တပည့်အရင်းအဖြစ် လက်ခံစောင့်ရှောက်ပေးရသနည်းဟူ၍ ရှောင်ဖန် မည်မျှပင် အသည်းအသန် စဉ်းစားပါစေဦးတော့၊ ယင်းမှာ ဘယ်လိုနည်းနှင့်မျှ အဓိပ္ပာယ်မရှိခဲ့ပေ။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်က သူ့ကို ဒါဟာ ပြက်လုံးတစ်ခုပါဟု လာရောက်ပြောပြပေးစေချင်မိတော့သည်။"

လျူကျင်းတစ်ယောက် အဆင့်နိမ့် မှာတင် တုံ့ဆိုင်း၍ ပိတ်မိနေခဲ့စဉ်က၊ ရှောင်ဖန်သည် မိမိ၏ အမြင်မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ကျေနပ်မိသလို၊ တစ်ဖက်တွင်လည်း အလိုမကျမှုများဖြင့် ခံပြင်းနေခဲ့ရသည်။ ယင်းက လျူကျင်းသည် ဘာမျှ ထူးခြားထူးချွန်သည့် လူစားမျိုး မဟုတ်ကြောင်း အထင်အရှား သက်သေပြလိုက်ခြင်းပင် ဖြစ်သော်လည်း၊ ဧကရာဇ်တစ်ပါး၏ ကူညီစောင့်ရှောက်မှုကို ရရှိထားပါလျက်နှင့် ဘာအောင်မြင်မှုမျှ မရရှိခဲ့သည့် ထိုလူအပေါ် သူ အလွန်အမင်း ဒေါသထွက်မိသည်။

ယင်းမှာ မိမိ၏ မိသားစုက ပေးအပ်ခဲ့သည့် ကြင်နာမှုများသည် လျူကျင်းအတွက်မူ အလကားသက်သက် ဖြုန်းတီးပစ်လိုက်ခြင်း ဖြစ်ကြောင်း ပိုမိုထင်ရှားစေသည့် သက်သေပင် ဖြစ်ကာ၊ ၎င်းတို့အတွက်တော့ မည်သည့်အခါမျှ အသီးအပွင့် ခံစားရလိမ့်မည် မဟုတ်သည့် အချည်းနှီးသောအရာတစ်ခု ဖြစ်ခဲ့ရသည်။ သို့ရာတွင် ထိုသို့သော လျူကျင်းက နောက်ဆုံး၌ သူ၏ ညီမဖြစ်သူကို လက်ထပ်ယူခဲ့လေတော့သည်။

ရှောင်ဖန်းသည် ထိုမင်္ဂလာပွဲကို အစွမ်းကုန် တားဆီးပိတ်ပင်ချင်ခဲ့သော်လည်း သူ မတတ်နိုင်ခဲ့ချေ။ ထိုကဲ့သို့သောအရာကို တားဆီးရန်အတွက် ဂိုဏ်းအတွင်း၌ သူ၏ အာဏာနှင့် စွမ်းအားမှာ အဝေးကြီး လိုအပ်နေသေးသဖြင့် သူ ပြုလုပ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ လျူကျင်းကို တရားဝင် စိန်ခေါ်တိုက်ခိုက်ပွဲ ကမ်းလှမ်းခဲ့ခြင်းသာ ဖြစ်သည်။ ယင်းမှာ သူ အသည်းအသန် ကြိုးစားပြီး ရယူနိုင်ခဲ့သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကာ မိမိ၏ ရင်ထဲရှိ ဒေါသအာဃာတများကို ပေါက်ကွဲပစ်လိုက်ခွင့်ရမည့် အခွင့်အရေးလည်း ဖြစ်ပေသည်။

ထိုမျှလောက်အထိပင် သူသည် မည်သည့်အရာကိုမျှ မတတ်နိုင်ဘဲ အသုံးမကျဖြစ်ခဲ့ရသည်။ သို့ရာတွင် နောက်ဆုံး၌ အမှန်တကယ် ဖြစ်ပျက်သွားခဲ့သည်မှာမူ…

“သမားတော်ကြီးလျူက မင်းအဖေကိုကယ်တင်ခဲ့တယ်ဆိုတာ ကောလာဟလသက်သက် မဟုတ်ဘူးဆိုတာ မင်းလည်း သေချာပေါက် သဘောပေါက်ပြီးသားဖြစ်မှာပါ။ ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ် ဧကရာဇ်တစ်ပါး သူတို့နဲ့အတူ လာရောက်နေထိုင်ကတည်းက မင်း အမှန်တရားကို ရိပ်မိခဲ့ပြီးသား ဖြစ်လိမ့်မယ်”

ရှောင်နန်က ပြောပြီးနောက် ခေတ္တမျှ ဆိုင်းငံ့လိုက်ကာ ဆက်လက်၍—

“ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ကြည့်ပြီးတဲ့နောက်မှာတော့ လျူကျင်းကို ငါတို့ဘက်တော်သားတစ်ယောက်အနေနဲ့ ဆွဲဆောင်သိမ်းသွင်းထားတာဟာ ဘယ်လောက်အထိ အကျိုးအမြတ်ရှိလဲဆိုတာ မင်း မမြင်ဘဲ မနေနိုင်တော့ဘူးလို့ ငါထင်တယ်”

သေချာပါသည်၊ ရှောင်နန်ပြောသည့် စကားများက လုံးဝမှန်ကန်လှပေသည်။ ရှောင်ဖန်သည် အရူးတစ်ယောက် မဟုတ်သဖြင့် ထိုသို့ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သူ ကောင်းကောင်းနားလည်သည်။ အမှန်တကယ်တော့ သူသည် ထိုအချက်ကို ကြိုတင်သိရှိနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပေလိမ့်မည်။

လျူကျင်းသည် နောက်တစ်ချိန်တွင် အသုံးဝင်လာမည့်သူတစ်ယောက် ဖြစ်ကြောင်း ယနေ့တိုက်ပွဲတွင်ပင် အထင်အရှား သက်သေပြသသွားခဲ့ပြီးပြီ မဟုတ်ပါလော။ သို့ရာတွင် ထိုလျူကျင်းဆိုသည့်ကောင်မှာ တကယ့်ကို မျက်နှာပြောင်တိုက်လွန်းပြီး အမြင်ကတ်စရာကောင်းလှသည့် ကောင်စုတ်ကလေး ဖြစ်နေခြင်းကသာ သူ၏ရင်ထဲ၌ ခံရခက်စေသည့် အမှန်တရား ဖြစ်နေတော့သည်။"

All Chapters