← Chapters

အခန်း ၄၇

Vol. 6 Ch. 47

အခန်း ၄၇

Vol. 6 Ch. 47

အခန်း ၄၇။အဓိပ္ပာယ်မရှိသော အောင်မြင်မှု

“ကျွန်မ ခုထိကို စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေတုန်းပဲ… အစ်ကိုလျူ။”

“တိုက်ဆိုင်လိုက်တာ… ငါလည်း စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေတာ ဒါဆိုလည်း တို့နှစ်ယောက် တူတူပဲ ဝေခွဲမရ ဖြစ်ကြတာပေါ့..”

လျူကျင်းနှင့် ဇူအန်တို့နှစ်ဦး ရှောင်ဂိုဏ်းဝင်းအတွင်းမှ ထွက်ခွာလာခဲ့ကြသော်လည်း ထိုသို့ လွတ်မြောက်လာနိုင်ရန်မှာ သူတို့မျှော်လင့်ထားသည်ထက် များစွာ ပိုမိုခက်ခဲခဲ့ရပေသည်။ တိုက်ပွဲ၏ ရလဒ်ကို သိလိုဇောဖြင့် အသည်းအသန် စောင့်ဆိုင်းနေကြသည့် ပြင်ပတပည့်များနှင့် အတွင်းစည်းတပည့်အများအပြားမှာ လျူကျင်းကို လမ်းတွင် ပိတ်ဆို့ထားကြသောကြောင့် ဖြစ်သည်။ သို့သော် လျူကျင်းအတွက် ကံကောင်းသည်မှာ သူ၏ဘေးတွင် ဇူအန် ရှိနေခြင်းပင် ဖြစ်သည်။ သူမ၏ ကျယ်လောင်ပြတ်သားပြီး ခပ်ရိုင်းရိုင်းဆန်သော အမူအရာများသည် ပိတ်ဆို့နေသူများကို ခြောက်လှန့်မောင်းထုတ်ရာတွင် အလွန်ပင် ထိရောက်လှပေသည်။

ယခုအခါတွင်မူ ၎င်းတို့နှစ်ဦးသည် အရှေ့ဆိပ်ကမ်းမြို့၏ ဈေးရပ်ကွက်ထဲမှ စားသောက်ဆိုင်တန်းလေးတစ်ခုသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤနေရာသို့ ၎င်းတို့ လာရောက်ကြခြင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဇူအန်ကိုယ်တိုင် ဤနေရာကို လျူကျင်းနှင့် စတင်မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် အပြင်စည်းတပည့်ဘဝကတည်းက ဤဆိုင်လေးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ဆိုင်၏ ဟင်းလျာလက်ရာများကို အလွန်နှစ်သက်ခဲ့ရာ ယခုအခါ လျူကျင်းမှာလည်း သူမနှင့် အရသာချင်း တူညီသွားခဲ့ရပြီ ဖြစ်သည်။ အထူးသဖြင့် ဆိုင်၏ လက်ရာဖြစ်သော စွပ်ပြုတ်မှာမူ မည်သူမဆို စွဲမက်လောက်အောင်ပင် ထူးခြားကောင်းမွန်လှပေသည်။

လျူကျင်းသည် စားပွဲခုံကို လက်ချောင်းဖြင့် အသာအယာ ခေါက်ရင်း စိတ်ထဲတွင် အတွေးများ လွန်နေသည်။ သူ၏ရှေ့တွင် ပျစ်ပျစ်ခဲခဲနှင့် အနံ့အရသာနှင့် ပြည့်စုံလှသော စွပ်ပြုတ်ပန်းကန်မှ အငွေ့များ တထောင်းထောင်း ထွက်ပေါ်နေသည်။ စွပ်ပြုတ်ရည်၏ နွေးထွေးမှုက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း သူ၏ စိတ်အာရုံကိုမူ မည်သို့မျှ လျော့ပါးသက်သာစေခြင်း မရှိချေ။

အကြောင်းမူ သူ၏ လက်မောင်းတွင် ပတ်ထားသော လက်ပတ်တံဆိပ်က သူ၏ အဆင့်အတန်းအသစ်ကို တရစပ် သတိပေး နှိုးဆော်နေသောကြောင့်ပင် ဖြစ်သည်။ ယခုအခါ လျူကျင်းသည် သာမန်ပြင်ပတပည့်တစ်ဦး မဟုတ်တော့ဘဲ ဂုဏ်သိက္ခာကြီးမားသည့် အတွင်းစည်းတပည့်တစ်ဦး ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလော။

သူ၏ တရားဝင်ဝတ်ရုံများကို နောက်ပိုင်းတွင်မှ ပေးအပ်လိမ့်မည်ဟု ရှောင်နန်က ပြောကြားခဲ့သည်။ လောလောဆယ်တွင်တော့ ဤလက်မောင်းစည်းလေးကပင် သူ၏ အဆင့်အတန်းကို ဖော်ညွှန်းရန် လုံလောက်လှပေသည်။ လျူကျင်းအနေဖြင့် လက်မောင်းစည်းအား အဝတ်အစားများဖြင့် ဖုံးကွယ်ထားလိုက်ပါက သူ၏ဘဝမှာ ပိုမိုအေးချမ်းသွားနိုင်သည်ဟု ခံစားရသော်လည်း ထိုသို့ပြုလုပ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာရာရောက်ပြီး မရိုးသားမှုဖြစ်လိမ့်မည်ဟု သူတွေးမိသည်။

သူသည် ပူနွေးလှသော စွပ်ပြုတ်ရည်တစ်ဇွန်းကို ခပ်ယူ၍ လည်ချောင်းထဲသို့ ဖြည်းညင်းစွာ မျိုချလိုက်ပြီးနောက်—

“ငါလည်း ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားမိဘူး…”

“ဟင် အမှန်ပဲလား... ကျွန်မကတော့ အနည်းဆုံးတော့ အချို့အချက်တွေကို နားလည်နိုင်သေးတယ်လေ။”

လျူကျင်းသည် ဇူအန်ကို အံ့အားသင့်သည့်အကြည့်ဖြင့် ငေးကြည့်လိုက်ပြီး ဆက်လက်ပြောဆိုရန် အမူအရာဖြင့် တိုက်တွန်းလိုက်သည်။

“အစ်ကိုလျူက သခင်လေးကို အနိုင်ယူနိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။ အထင်သေးတယ်တော့မထင်ပါနဲ့ ပြောရရင်… ဒါဟာ သာမန်အပြင်စည်းတပည့်တစ်ယောက်ဆီကနေ မျှော်လင့်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ တရားဝင် ဆိုရင်တော့… လွန်ခဲ့တဲ့ မိနစ်ပိုင်းအထိ အစ်ကိုလျူဟာ အပြင်စည်းတပည့်တစ်ယောက်ပဲ ဖြစ်ခဲ့တာလေ။”

လျူကျင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး နေရထိုင်ရခက်သည့်ဟန်ဖြင့် နေရာရွှေ့လိုက်သည်။ စွပ်ပြုတ်တစ်ဇွန်းကို ပါးစပ်ထဲသို့ ထပ်မံ ပို့ဆောင်လိုက်သော်လည်း သူ၏လက်ချောင်းဖြင့် စားပွဲကို ခေါက်နေသည့်အသံများမှာမူ ပိုမိုမြန်ဆန်သွက်လက်လာသည်။

“ငါက ရှောင်ဖန်းကို အပြတ်အသတ် အနိုင်ယူလိုက်တာမှ မဟုတ်တာ။”

ထိုသို့ ပြောလိုက်သော်လည်း ဤဆင်ခြေမှာ အလွန်ပင် အားနည်းလွန်းကြောင်း သူကိုယ်တိုင် ကောင်းကောင်း သိနေသည်။

“ငါက သူ့ရဲ့တိုက်ကွက်သုံးကွက်ကို တောင့်ခံနိုင်ခဲ့ရုံသက်သက်ပါပဲ။”

“အမ‌လေး အစ်ကိုလျူ… အခုအချိန်မှာ သခင်လေးရဲ့ တိုက်ကွက်သုံးကွက်ကို တောင့်ခံနိုင်တဲ့ အပြင်စည်းတပည့် တစ်ယောက်လောက်ပဲဖြစ်ဖြစ် ရှိမယ်လို့ ထင်လို့လား။ အပြင်စည်းတပည့် မပြောနဲ့… အတွင်းစည်းတပည့် အချို့တောင်မှ အဲဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး။ သခင်လေး ရှောင်ဖန်းက အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးပေမဲ့ နာမ်ဝိညာဉ်သန္ဓေတည်အဆင့်ရဲ့ နောက်ဆုံးပိုင်းကို ရောက်ဖို့ နီးစပ်နေတဲ့ ပါရမီရှင်တစ်ယောက်လေ။ အစ်ကိုလျူ ဒါကို တောင့်ခံနိုင်ခဲ့တယ်ဆိုတာနဲ့တင် အားလုံးက ရှင်းနေပါပြီ။”

ဇူအန်သည် သူမ၏ စကားလုံးများကို ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်အတည်ပြုလိုက်ရင်း—

“တကယ်လို့ အံ့ဩစရာတစ်ခုခု ရှိတယ်ဆိုရင်… ဒါဟာ အစ်ကိုလျူ ရာထူးတိုးမြှင့်ခံရတာကြောင့် မဟုတ်ဘူး။ ဒီလို ရာထူးတိုးမြှင့်တာက ဘာလို့ ဒီလောက်တောင် မြန်ဆန်ပြီး ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ ဆိုတဲ့အချက်ကသာ အဓိကပဲ။”

သူမပြောသည်မှာ အမှန်ပင်။

လျူကျင်းသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ရင်း အသားတစ်ဖတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထိုတိုက်ပွဲအတွက် သူ ပြင်ဆင်မှုများဖြင့် အချိန်ကုန်ခဲ့ရလွန်းသဖြင့် အကယ်၍ သူသာ အနိုင်ရရှိခဲ့ပါက ဘာဆက်ဖြစ်မည်နည်းဟူသော အချက်ကို လုံးဝ ထည့်သွင်းစဉ်းစားမိခြင်း မရှိခဲ့ပေ။ လျူကျင်းအနေဖြင့် သူသည် အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာရန် အရည်အချင်းမပြည့်မီသေးကြောင်း ငြင်းဆန်ကာ ဤရလဒ်ကို ကန့်ကွက်၍လည်း မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော်…

ကောင်းပြီလေ… ထိုသို့ငြင်းဆန်ခြင်းသည်လည်း အမှန်တရားမှ မဟုတ် ပေ။

သူသည် အစပိုင်းတွင် အဆိပ်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားရင်း အလုပ်ရှုပ်နေခဲ့ရသည်။ ထို့နောက် ရှောင်ဖန်းနှင့် ရင်ဆိုင်ရမည့် တိုက်ပွဲအတွက် စိုးရိမ်ပူပန်မှုများဖြင့် အချိန်ကုန်ခဲ့ရပြန်သည်။ သို့သော် ယခုအခါ လျူကျင်း ပြန်လည်ဆင်ခြင်ကြည့်သည့်အခါတွင်မူ… သူသည် အတွင်းအားစုစည်းခြင်းအဆင့် ၏ ပထမအဆင့်တွင် လုံးဝ ရပ်တန့်နေတော့ခြင်း မရှိတော့ချေ။ သုံးနှစ်တိုင်တိုင် တိုးတက်မှုမရှိဘဲ တစ်ဆို့နေခဲ့သည့် ထိုအဆင့်မှာ အတိတ်တစ်ခုသာ ဖြစ်သွားခဲ့လေပြီ။

ယခုတွင်မူ သူသည် အတွင်းအားစုစည်းခြင်းအဆင့် ၏ သတ္တမမြောက်အဆင့်သို့ ခုန်ပျံကျော်လွှား ရောက်ရှိနေပြီဖြစ်ပြီး၊ ထိုအဆင့်သည်ပင် သူ၏ စွမ်းအားတိုးတက်မှုအတွက် ယာယီအခြေအနေတစ်ခုသာ ဖြစ်သည်။ လျူကျင်းသည် မိမိ၏ခန္ဓာကိုယ်က ဤအခြေအနေတွင် ကြာရှည်စွာ တည်ရှိနေရန် စိတ်ကျေနပ်လိမ့်မည်မဟုတ်ကြောင်း ကောင်းကောင်း သိနေသည်။ သူ၏ သွေးကြောများထဲမှပင် ထိုအရာကို ထူးဆန်းစွာ ခံစားနေရသည်။ သူသည် မကြာမီအတွင်းမှာပင် အဋ္ဌမမြောက်အဆင့်သို့ ထပ်မံ၍ အရှိန်အဟုန်ဖြင့် ရောက်ရှိတော့မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ… အတွင်းအားစုစည်းခြင်းအဆင့် ၏ သတ္တမမြောက်အဆင့်ပဲဖြစ်ဖြစ်၊ အဋ္ဌမမြောက်အဆင့်ပဲဖြစ်ဖြစ်—သူ့အတွက်တော့ ဘာမျှ ထူးခြားမှု ရှိတော့မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ… ဤအရာသည် သာမန်အပြင်စည်းတပည့်တစ်ယောက် ရရှိနိုင်သည့် အဆင့်အတန်းမျိုး မဟုတ်သလို၊ အထူးသဖြင့် မိမိကဲ့သို့ အရွယ်နုနယ်သူတစ်ယောက်အတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။

၎င်းသည် သံသယဖြစ်ဖွယ်မလိုဘဲ အတွင်းစည်းတပည့်တစ်ယောက်၏ ရပိုင်ခွင့်အဆင့်အတန်းမျိုးသာ ဖြစ်ပေသည်။

“အကိုကြီး ရှောင်နန်…”

လျူကျင်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် စားပွဲပေါ်ရှိ ဟင်းရည်ပန်းကန်ကို လှမ်းယူကာ နှုတ်ခမ်းနားသို့ ကပ်လိုက်သည်။ သူသည် ပန်းကန်ထဲမှ အသားများ၊ ခေါက်ဆွဲများနှင့် ဟင်းသီးဟင်းရွက်များကို စားသောက်ပြီးပြီဖြစ်ရာ ယခုအခါ ဟင်းရည်အနည်းငယ်သာ ကျန်ရှိတော့သည်။

“သူကတော့ ဒါကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်မှာပါ။”

သူသာ ထိုတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင်… သူ၏ ထူးခြားစွာ တိုးတက်လာသော ကျင့်ကြံခြင်းအဆင့် က ဤ ရာထူးအပြောင်းအလဲကို ဖြစ်ပေါ်လာစေရန် လုံလောက်သည်ထက် ပိုနေပေလိမ့်မည်။

အကိုကြီး ရှောင်နန်သည်လည်း ထိုသို့သာ တွေးတောခဲ့ပုံရသည်။ မဟုတ်သေး… ဤအချက်သည် သူတစ်ယောက်တည်း၏ အတွေးမဟုတ်နိုင်။ ၎င်းသည် ယောက္ခမကြီး ရှောင်ကျန်း၏ စိတ်ကူးလည်း ဖြစ်နိုင်ပေသည်။

ရှောင်နန်သည် မည်မျှပင် အစွမ်းထက်ပါစေဦးတော့… သူ့မှာ တစ်စုံတစ်ယောက်ကို အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ပေးပိုင်ခွင့် အာဏာမျိုးတော့ မရှိချေ။

“အင်းလေ ဟုတ်မှာပေါ့… အကိုလျူက အချိန်အတော်ကြာအောင် အတွင်းအဆင့် ရဲ့ ပထမအဆင့်မှာပဲ ရှိနေခဲ့တာပါဆိုပြီး တစ်ချိန်လုံး လိမ်ပြောနေခဲ့တာကိုး။”

လျူကျင်း ဘေးဘက်သို့ ခပ်သွက်သွက် လှမ်းကြည့်လိုက်ရာ ဇူအန်က နှုတ်ခမ်းဆူထားလျက် စားစရာကို ဇွန်းဖြင့် ထိုးဆွရင်း စားသောက်နေသည်ကို တွေ့လိုက်ရသည်။

“ငါ အဲလိုတော့ မလုပ်ခဲ့ပါဘူး။”

လျူကျင်းက ဟင်းရည်တစ်ပန်းကန် ထပ်မှာရင်း ပြန်လည်ရှင်းပြလိုက်သည်။ သူသည် တစ်လလုံးလုံး အစာမစားဘဲ နေခဲ့ရသည်။ ယခုအခါ သူ၏ခန္ဓာကိုယ်က အစားအစာများကို ထိုမျှလောက် မလိုအပ်တော့သော်လည်း အစားအသောက် စားသောက်ရသည့် ခံစားချက်ကတော့ နှစ်သက်ဖွယ် ကောင်းနေဆဲပင်။

“မင်း မေးခဲ့တဲ့ အချိန်တုန်းက ငါ အတွင်းအဆင့်ရဲ့ ပထမအဆင့်မှာပဲ ရှိနေတယ်လို့ ပြောခဲ့တာက… အဲဒီအချိန်တုန်းက တကယ် ဖြစ်ခဲ့လို့ပဲ။ ငါ အဲဒီ အတွင်းအဆင့်ရဲ့ ပထမအဆင့်မှာ သုံးနှစ်တိုင်တိုင် တစ်ဆို့နေခဲ့တာ။ အခုတော့ အဲဒီအဆင့်မှာ ရှိမနေတော့ဘူး။”

“ဒါ… ဒါပေမဲ့ ဒါက မဖြစ်နိုင်တာကြီးပဲလေ။”

ဇူအန်က ကန့်ကွက်ပြောဆိုလိုက်သည်။ လျူကျင်း၏ ပန်းကန်နှင့်မတူဘဲ သူမ၏ ပန်းကန်ပြားထဲတွင်မူ စားစရာများက တစ်ဝက်ခန့် ကျန်နေသေးသည်။ ဆက်မစားဘဲ နေပါက အစားအစာများ အေးစက်သွားပေလိမ့်မည်။

“ဒါဆိုရင် အကိုလျူက တစ်လတည်းနဲ့တင် အဆင့်ခြောက်ဆင့်တောင် ခုန်ပျံကျော်လွှားသွားခဲ့တာပေါ့။”

အမှန်တကယ်တွင် ထိုမျှလောက်ပင် အချိန်မကြာခဲ့ချေ။ အလွန်ဆုံးရှိမှ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ တိုးတက်ပြောင်းလဲလာသော သူ၏ ချီစွမ်းအင်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းကသာ သူ၏အချိန်အများစုကို ကုန်ဆုံးစေခဲ့ခြင်းဖြစ်သည်။

“ငါက သုံးနှစ်တာ ရှည်လျားခဲ့တဲ့ ကျင့်စဉ်တစ်ခုရဲ့ အကျိုးကျေးဇူးတွေကို တစ်ပြိုင်နက်တည်း ရရှိခဲ့တာလည်း ဖြစ်နိုင်တာပဲလေ။”

အသေးစိတ်အချက်အလက်တွေထဲအထိ အလွန်အကျွံ မနှိုက်နှိုက်ချွတ်ချွတ်ဘဲ သူ အရှင်းလင်းဆုံး ရှင်းပြနိုင်သလောက်ကတော့ ဤမျှသာဖြစ်သည်။ "ကိုး‌ ခေါင်း မြွေနတ်ဘုရား" ကဲ့သို့သော အရာတစ်ခု တည်ရှိနေကြောင်း ရှင်းပြဖို့ကတော့ အလွန်ပင် ခေါင်းခဲစရာကောင်းလှပေသည်။ လျူကျင်းအနေဖြင့် မည်သည့်နေရာမှ စပြောရမည်ကိုပင် သိလိမ့်မည်မဟုတ်ချေ။

“ဒါဆိုရင် သခင်လေး ရှောင်နန် က ကြိုသိနေခဲ့တာပေါ့၊ ဟုတ်လား။”

မျှော်လင့်ထားသည့်အတိုင်းပင် ဇူအန်က အခြေအနေအရပ်ရပ်ကို အကွက်စေ့စေ့ဖြင့် ချက်ချင်း ဆက်စပ်မိသွားသည်။ သူ့ကို အတွင်းစည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ပေးရန် အစီအစဉ်များ ကြိုတင်လုပ်ဆောင်ထားပြီးဖြစ်ခြင်းက… ရှောင်နန်အနေဖြင့် သူ၏ ရုတ်တရက် အစွမ်းထက်လာမှုကို သိသိသာသာကြီး မျှော်လင့်ထားခဲ့ကြောင်း သက်သေပြနေသည်။

“သူ သိတာပေါ့။”

“အကိုလျူက သခင်လေး ရှောင်နန်ကို ပြောပြထားလိုက်တာလား။”

“အင်း ပေါ့၊ ငါ ပြောပြထားတာ။”

“အကိုလျူက ကျွန်မကိုကျတော့ တစ်ခါမှ မပြောပြဘူးနော်။”

“ငါသာ ဒါတွေ ပြောပြလိုက်ရင်… မင်းက ငါ့နာမည်ကိုသုံးပြီး လျှောက်ကြွားချင်တဲ့စိတ်ကို ထိန်းနိုင်ပါ့မလား။”

လျူကျင်းက ဟင်းရည်ပန်းကန်အသစ်ကို ယူရင်း စနောက်သလို မေးလိုက်သည်။ ထို့နောက် ဆိုင်ရှင်ကို ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

“...အကိုလျူကတော့ ပညာရှိကြီးပါပဲလေ၊ လက်ခံရုံပဲပေါ့။”

သူမက နှုတ်ခမ်းဆူထားလျက်ပင် လျူကျင်းပြောတာ မကြိုက်သလိုလိုနဲ့ ပွစိပွစိ ရေရွတ်လိုက်သည်။

“ဒါပေမဲ့… သခင်လေး ရှောင်နန်က အဲဒီ သိုင်းပြိုင်ပွဲအကြောင်းကို ထည့်ပြောခဲ့တာ သေချာလို့လား အကိုလျူ။”

“ အင်းလေ၊ သူ ငါ့ကို ဒီလက်ပတ်ပေးတဲ့အချိန်မှာ ပြောသွားတာ။”

လျူကျင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ သို့သော် ခဏအကြာမှာပင် ခေါင်းခဲစရာကောင်းအောင် ခေါက်ဆွဲတွေကို တပြတ်ပြတ်မြည်အောင် စုပ်ဝါးစားလိုက်သဖြင့် ထိုတည်ငြိမ်မှုမှာ ပျက်ပြယ်သွားတော့သည်။

“ငါ အဲဒီပြိုင်ပွဲအတွက် ရွေးချယ်ခံရလိမ့်မယ်လို့ သူက အရိပ်အမြွက် ပြောခဲ့တာ။”

အရှေ့ဘက်ဆိပ်ကမ်းမြို့တော် သိုင်းပြိုင်ပွဲကြီး။

ထိုပြိုင်ပွဲသည် နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော်လည်း အတိအကျ ကျင်းပမည့်ရက်စွဲမှာမူ အမျိုးမျိုးသော အခြေအနေများအပေါ် မူတည်ပြီး ကွဲပြားလေ့ရှိသည်။ ဥပမာအားဖြင့်… အကယ်၍ အရှေ့ဘက်ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲကျင်းပမည့်ရက်သည် ရှောင်ဂိုဏ်း ၏ အခမ်းအနားတခုခုနှင့် နီးကပ်နေပါက ထိုပြိုင်ပွဲကို လအနည်းငယ်ခန့် နောက်ဆုတ်ပေးရန် စီစဉ်ပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။

ယခုနှစ်တွင်မူ… ထုံးစံထက် ပိုမိုနောက်ကျပြီးမှ ကျင်းပပေးရန် တောင်းဆိုခဲ့သည်မှာ ယွန်းဂိုဏ်း ပင်ဖြစ်သည်။

“ဒီလောက်ငယ်ရွယ်တဲ့သူတစ်ယောက် ဝင်ပြိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူးနော်..”

ဇူအန်က အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်သည်။

“ဒါပေမဲ့လည်း… အကိုလျူရဲ့ အဆင့်က မဆိုးပါဘူး။ အတွင်းအားစုစည်းခြင်းအဆင့် ရဲ့ သတ္တမမြောက်အဆင့် ဆိုတာ ဒီပြိုင်ပွဲမှာတော့ အထူးအဆန်းကြီး မဟုတ်ပေမယ့်… အကိုလျူ ဝင်ပြိုင်ဖို့အတွက် အန္တရာယ်ရှိလောက်အောင်အထိတော့ မနိမ့်ကျပါဘူး။ အနည်းဆုံးတော့… အကိုလျူအနေနဲ့ အရွေးချယ်ခံ ပဏာမပွဲစဉ်တွေကို ဖြတ်ကျော်နိုင်ဖို့အတွက်တော့ လုံလောက်ပါတယ်လေ။”

“ဟုတ်လား၊ ဒါဆိုရင်တော်သေးတာပေါ့..”

လျူကျင်း၏ မျက်နှာထက်တွင် ပြုံးယောင်သန်းလာပြီး ထိုနေ့နှောင်းပိုင်း အိမ်သို့ပြန်သည့် လမ်းတစ်လျှောက်လုံးတွင်ပင် ထိုအပြုံးက ပျောက်ကွယ်မသွားခဲ့ချေ။ သူ့ပုခုံးပေါ်မှ ကြီးမားလှသော အလေးအပင်ကြီးတစ်ခု ပြုတ်ကျသွားသလိုမျိုး ခံစားလိုက်ရသည်။ ဤသည်မှာ "ကိုးခေါင်းမြွေနတ်ဘုရား ၏ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ကို ဆက်လက်ထိန်းချုပ်စရာမလိုတော့သည့် လွတ်လပ်မှုကြောင့်သာ မဟုတ်ပေ။ ၎င်းက သူ့စိတ်ခံစားချက်ကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စေသည်မှာ မှန်သော်လည်း၊ အားလုံးတော့ မဟုတ်သေးချေ။

သူသည် ယခုအခါ အတွင်းအားစုစည်းခြင်းအဆင့် ၏ ပထမအဆင့်တွင် ပိတ်မိနေသူ မဟုတ်တော့သလို၊ ရှောင်ဖန်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင်လည်း အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ...ထို့အပြင် သူက အတွင်းစည်းတပည့်တစ်ယောက်လည်း ဖြစ်နေခဲ့ပြန်သည်။

လျူကျင်းအနေဖြင့် နောက်ဆုံးအချက်နှင့် ပတ်သက်ပြီး အစပိုင်းတွင် မည်သို့ခံစားရမည်ကို သေချာမသိခဲ့သော်လည်း… ယခုအခါ ပြန်လည်စဉ်းစားရန် အချိန်ရသွားပြီဖြစ်ရာ သူ၏ အောင်မြင်မှုအတွက် အနည်းငယ်မျှ ဂုဏ်ယူဝင့်ကြွားခွင့် ပေးလိုက်တော့သည်။ သူသည် အိမ်သို့ အမြန်ဆုံးပြန်ရောက်ပြီး ဖခင်ဖြစ်သူကို ဤလက်ပတ်အား ပြသချင်စိတ်ဖြင့် စိတ်လှုပ်ရှားနေမိသည်။

လျူကျင်းသည် အိမ်တံခါးကို ဖွင့်လိုက်ချိန်တွင် မျက်နှာ၌ အပြုံးတစ်ပွင့်နှင့် ဖြစ်သည်။

“အဖေ…ကျွန်တော်…”

လျူကျင်း၏ စကားသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာပေါ်မှ အပြုံးမှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားရသည်။ သူ၏ဖခင်မှာ အလွန်တရာ တည်ကြည်လေးနက်ပြီး စိုးရိမ်ပူပန်ဖွယ်ကောင်းသော မျက်နှာပေးဖြင့် သူ့ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုကဲ့သို့သော မျက်နှာပေးမျိုးကို လျူကျင်းအနေဖြင့် အလွန်ခဲယဉ်းစွာသာ မြင်တွေ့ဖူးပြီး… များသောအားဖြင့် သူတို့၏ လူနာများထဲမှ တစ်စုံတစ်ယောက် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ဖျားနာနေသည့် အချိန်မျိုးတွင်သာ မြင်တွေ့ရတတ်သည်။

ထိုအခိုက်အတန့်တွင်… သူ၏ရင်ထဲ၌ ကြောက်ရွံ့မှုများမှာ ဒီလှိုင်းပမာ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။ သူ၏ သတိစိတ်က ရှေ့မှမြင်ကွင်းကို အပြည့်အဝ မသုံးသပ်နိုင်သေးခင်မှာပင် သူ၏နှုတ်ခမ်းများက မေးခွန်းကို အလိုအလျောက် မေးမြန်းလိုက်မိပြီးသား ဖြစ်နေခဲ့လေပြီ။

“ဆရာကြီးရော… ဘယ်မှာလဲ အဖေ။”

“အဖေ တောင်းပန်ပါတယ်။ မင်းကို လန့်သွားအောင် လုပ်မိလိုက်သလို ဖြစ်သွားတာပဲ။”

အတန်ကြာမှ သူ၏ဖခင်က ပြောလိုက်သည်။ သူတို့သားအဖနှစ်ဦးသည် ပထမထပ်ရှိ စားပွဲဝိုင်းလေးတစ်ခုတွင် အတူထိုင်နေကြသည်။ ထိုနေရာကား လူနာများက မိမိတို့ခံစားနေရသော ရောဂါဝေဒနာများကို ဖခင်ဖြစ်သူထံ လာရောက်တိုင်ပင်လေ့ရှိသည့် နေရာပင်။

“အဖေ မှားတာ မဟုတ်ပါဘူး။ သားကပဲ တုံ့ပြန်မှု လွန်ကဲသွားတာပါ။”

“မင်းက အသက်တစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလေ။” ဟု သူ့အဖေက ထောက်ပြလိုက်သည်။ စောစောက မြင်တွေ့ခဲ့ရသည့် အရေးတကြီး လေးနက်နေသော မျက်နှာပေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော်လည်း ထိုအမူအရာမှာ ဖခင်၏မျက်နှာထက်တွင် မည်သို့မျှ ဖုံးကွယ်၍မရနိုင်သော စိတ်မကောင်းခြင်း၊ လေးလံထိုင်းမှိုင်းခြင်းဟူသည့် အရိပ်အယောင်တစ်ခုကို ချန်ထားရစ်ခဲ့လေသည်။

“ဒီလိုအခြေအနေမျိုးမှာ မင်း အခုလို တုံ့ပြန်မိတာမျိုးက သဘာဝပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့စိတ်ခံစားချက်ကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတာက မိုက်မဲရာကျလိမ့်မယ်။ မင်းထက် အသက်ရာစုနှစ်ချီပြီး ကြီးရင့်သူတွေတောင်မှ ဒီလိုအရာမျိုးတွေကို ထိန်းချုပ်ဖို့ ရုန်းကန်နေရတာပဲ။ မင်းက ဘာလို့ သူတို့ထက် ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်ရမှာလဲ။”

သူတို့နှစ်ဦးစလုံး စကားဆက်မပြောကြတော့ချေ။ တစ်နည်းအားဖြင့်ဆိုရသော် ဆရာကြီး ကျန်း၏ အခြေအနေသည် သူ့ကျန်းမာရေး မည်မျှအထိ ဆိုးရွားနေပြီလဲဆိုသည်ကို ဖော်ပြနေသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ လျူကျန့်ကော်ရော သူ၏သားဖြစ်သူပါ စကားအများကြီး ပြောတတ်သူများ မဟုတ်ကြ။ တစ်ခါတစ်ရံတွင် သူတို့နှစ်ဦးစလုံး ဘာစကားမှမဆိုဘဲ နာရီပေါင်းများစွာ ကုန်ဆုံးသွားတတ်ကြသည်။ သို့သော်လည်း ယခု သူတို့ခေါင်းပေါ်တွင် လွှမ်းမိုးထားသည့် တိတ်ဆိတ်မှုမှာ ထုံးစံထက် ပိုမိုထူးခြားနေပြီး အနည်းငယ်မျှပင် စိတ်သက်သာရာ မရစေချေ။

၎င်းမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် အပြည့်အဝ လွှမ်းမိုးထားသော တိတ်ဆိတ်ခြင်းမျိုးပင် ဖြစ်သည်။

“ဆရာကြီး.. ဆရာကြီး အဆင်ပြေသွားမှာလားဟင်။”

သူ၏ ဆရာကြီး ကျန်း အသက်ရှင်နေသေးသည်ကို လျူကျင်း သေချာပေါက် သိနေသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော မိနစ်ပိုင်းအနည်းငယ်ခန့်ကပင် ဖခင်ဖြစ်သူသည် သူ့ကို ဆရာသခင်၏ အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သောကြောင့် ဖြစ်သည်။ ထိုနေရာတွင် လျူကျင်းသည် ဆရာသခင် ကုတင်ပေါ်တွင် မှောက်လျက်လဲနေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်ကို တွေ့ခဲ့ရသည်။

သို့ရာတွင် သူ၏ ဆရာကြီး အခြေအနေမကောင်းမှန်း သူ မြင်ခဲ့ရသည်။

“သူ နောက်ဆုံးတော့ ပြန်ကောင်းလာမှာပါ။ အခုလောလောဆယ်တော့ သူ အနားယူဖို့ လိုအပ်တယ်”

ဖခင်ဖြစ်သူက လျူကျင်းကို လှည့်မကြည့်ဘဲ ပြန်လည်ဖြေကြားလိုက်သည်။ ဖခင်၏ မျက်ဝန်းတို့မှာမူ အပေါ်ထပ်မျက်နှာကျက်ကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ တစ်ချက်တစ်ချက် အပေါ်သို့ ဝေ့ဝိုက်ကြည့်ရှုနေမိသည်။

အဖိုးကြီးကျန်းသည် သေဆုံးသွားခြင်း မဟုတ်ချေ။

သူသည် ရုတ်တရက် သတိလစ်မေ့မြောသွားခဲ့ခြင်းသာ ဖြစ်သည်။

ဤအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း လျူကျင်းအတွက်ကား ရယ်စရာပြက်လုံးတစ်ခုပမာ ခံစားရသည်။ သူ၏ဆရာမှာ ဧကရာဇ်အဆင့် သို့ အရောက်လှမ်းနိုင်ထားသည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်မျိုးက ခြေချော်ခြင်းမရှိသလို၊ လဲကျသွားခြင်းမျိုးလည်း မဖြစ်နိုင်ပေ။ ထို့ပြင် သူသည် လျူကျင်း မေးခွန်းများ မထုတ်ခင်ကပင် အဖြေအားလုံးကို ကြိုတင်သိရှိနေသည့်အလား… သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှုရှိသော၊ အရာရာကို ကြိုတင်မြော်မြင်နိုင်သည့် အပြုံးမျိုးကို အမြဲတစေ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုသူကား လျူကျင်း၏ ဆရာသခင်ပင်တည်း။

သို့သော်လည်း… ထိုပုံရိပ်မျိုးမှာ အမှားတစ်ခုသက်သက်သာ ဖြစ်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မြို့ပြင်၌ အဖိုးကြီး ကျန်း သတိလစ်မေ့မြောနေသည်ကို စတင်တွေ့ရှိခဲ့သည့် အချိန်ကတည်းက လျူကျင်း ဤအမှန်တရားကို သိရှိထားခဲ့ပြီးဖြစ်သည်။

သူ၏ဆရာကြီး ကျန်းသည် ကျန်းမာရေး သိပ်မကောင်းပေ။

သူ၏ဆရာကြီး ကျန်းသည် သေအံ့ဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။

ဤသည်မှာ သူ သိရှိထားသည်မှာ ကြာညောင်းလှပြီဖြစ်သော အမှန်တရားတစ်ခု ဖြစ်သော်ငြား… နေ့စဉ်နှင့်အမျှ အဖိုးအို ကျန်း၏ ဟန်ပန်ကို မြင်တွေ့နေရသည့်အခါတွင်မူ ၎င်းကို မေ့လျော့သွားဖို့က အလွန်ပင် လွယ်ကူလှသည်။ ဆရာကြီး၏ ဟန်ပန်မှာ သူကိုယ်တိုင်ထက်ပင် အသက်စွမ်းအားများ ပိုမိုပြည့်ဝနေသည့်အလား ထင်မှတ်မှားရလောက်အောင်ပင် ဖြစ်နေသည်။

“တကယ်လို့ ဆရာကြီး ကျန်းက အဆိပ်စွယ်ချိုင့်ဝှမ်း တုန်းက ငါ့ဘေးမှာတစ်လတိုင်တိုင် စောင့်ဆိုင်းမနေခဲ့ရရင်ရော။ တကယ်လို့သာ ငါ ဆရာကြီးရဲ့ ရှေ့မှာ ဆွဲသီးကို မချွတ်ခဲြရင် ဆရာကြီးအနေနဲ့ သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးဖို့အတွင်းအားစွမ်းအင်တွေကို သိပ် မသုံးခဲ့ရရင်ရော၊ ဒါတွေအားလုံးကြောင့်ပဲ အခုလို ဖြစ်သွားခဲ့ရတာလား။ ဒါဆို ငါပဲ—

“မင်းရဲ့ အတွေးတွေကို ရပ်လိုက်စမ်း။”

လျူကျင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကာ ဖမ်းမိသွားသည့်အလား မော့ကြည့်လိုက်မိသည်။ သူ၏မျက်ဝန်းအစုံတွင် မျက်ရည်စများ ဝဲတက်လာပြီး မျက်နှာတစ်ခုလုံးလည်း နီမြန်းသွားရ၏။ သူ ဘာလုပ်ရမည်ကို မသိတော့သလို၊ ဘာစကား ပြောရမည်ကိုလည်း နားမလည်နိုင်တော့ချေ။

“ဒါ မင်းအပြစ် မဟုတ်ဘူး။”

သူ့အဖေက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သို့သော် သူ့အသံထဲတွင် သားအပေါ်ထားသည့် နားလည်မှုနှင့် မေတ္တာတို့က အပြည့်အဝ စီးဆင်းနေသည်။

“ဆရာသခင်က မင်းနဲ့ မတွေ့ခင်ကတည်းက သူ့ခန္ဓာကိုယ်က အိုမင်းဟောင်းနွမ်းနေခဲ့တာ။ ဒါဟာ သဘာဝတရားပဲကွ။ မနေ့ကဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် ဘယ်အချိန်မဆို ဖြစ်လာနိုင်တဲ့ ကိစ္စပဲ။ အခု ဒီနေ့ ဖြစ်လာတော့လည်း ငါတို့က ကြံ့ကြံ့ခံပြီး ရင်ဆိုင်ရုံပေါ့။ အဖေတို့ လုပ်နိုင်တာက ဒါပဲ ရှိတာလေ။”

သူတို့ မည်မျှပင် ကြိုးစားကြိုးစား၊ ကျန်းအဘိုးကြီး၏ ရောဂါဝေဒနာမှာ သူတို့ အတတ်ပညာဖြင့် မကယ်တင်နိုင်သည့် နယ်ပယ်ကို ကျော်လွန်နေမှန်း လျူကျင်း သိပါသည်။ သိလည်း သိခဲ့တာ ကြာပြီ ဖြစ်သည်။ သို့သော်လည်း…

“ဒီအရာတွေကို မင်းရင်ထဲမှာ ဝန်ထုပ်ဝန်ပိုးလို မထားနဲ့။ ဆရာသခင်က မကြာခင် နိုးလာမှာပါ။ မင်း ဒီလောက် စိတ်သောကရောက်နေတာကို သူသာ သိရင် သဘောကျမှာ မဟုတ်ဘူး။”

သူ့အဖေပြောသည်မှာ မှန်သည်။ သူ့အဖေစကားများသည် အမှန်ဆုံးဆိုသည်ကို လျူကျင်း သိသည်။ သို့သော်လည်း သူ့ စိတ်ထဲမှာတွင် သက်သာရာမရပေ။

အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲ၊ အတွင်းစည်းတပည့် ဖြစ်လာခြင်း၊ ရှောင်ဖန်းအားအနိုင်ယူလိုက်နိုင်ခြင်း…။

ထိုအောင်မြင်မှုအားလုံးသည် ရုတ်တရက်ဆိုသလိုပင် သူ့အတွက် ဘာအဓိပ္ပာယ်မှ မရှိတော့သလို ဖြစ်သွားရတော့သည်။

All Chapters