← Chapters

အခန်း ၄၈

Vol. 6 Ch. 48

အခန်း ၄၈

Vol. 6 Ch. 48

အခန်း ၄၈ ။ သမားတော်ဝူ တို့သားအဖ

နေ့ရက်များ ကုန်လွန်၍ ညတာများ ရောက်ရှိလာစမြဲ၊ ညတာများ ကုန်ဆုံး၍လည်း နေ့ရက်သစ်များ ပြန်လည်ကူးပြောင်းလာစမြဲပင်ဖြစ်သည်။

မနားတမ်း ရွေ့လျားနေသော အချိန်ကာလ၏ ခြေလှမ်းများသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ရပ်တန့်မနေ။ ကျင့်ကြံခြင်းလောက၏ အမြင့်ဆုံးတောင်ထွတ်များပေါ်တွင် မောက်မာစွာ ရပ်တည်နေနိုင်သည့် အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ထိုအချိန်ကာလ၏ နိယာမကို လျစ်လျူရှုနိုင်ကြပေသည်။ အဆုံးသတ်၌မူ… အရာခပ်သိမ်းတို့သည် ပျက်သုဉ်းခြင်းဆီသို့သာ ဦးတည်သွားကြရမည်သာ ဖြစ်သည်။

လျူကျင်းသည် ရှောင်ဖန်းကို အနိုင်ယူနိုင်ခဲ့စဉ်က အတိုင်းထက်အလွန် ဂုဏ်ယူဝင့်ကြွားမှုနှင့် စိတ်သက်သာရာရမှုတို့ကို ခံစားခဲ့ရသည်။ သို့သော် ထိုကောင်းမွန်သော စိတ်ခံစားချက်များသည် သူ၏ဆရာသခင် ကျန်းမာရေး ချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရသည့်အချိန်အထိသာ ခံခဲ့ပေသည်။ ထိုသို့ ဖြစ်ပျက်သွားခဲ့သည့် အခိုက်အတန့်မှစ၍ ဝမ်းမြောက်မှုများနေရာတွင် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် ခံစားချက်များက အစားထိုး ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း… ယခုအခါတွင်မူ ထိုစိတ်သောကများကလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ဆရာကြီးကျန်းသည် နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် မျက်ဝန်းများကို ပြန်လည်ဖွင့်ဟ နိုးထလာခဲ့သည်။ နောက်တစ်ရက်အကြာတွင်မူ သူသည် ပုံမှန်အတိုင်း ပြန်လည်မတ်တတ်ရပ် သွားလာနိုင်ပြီဖြစ်သည်။

ဆရာကြီးသည် ယခင်ကအတိုင်း သန်မာစွမ်းအင်ပြည့်ဝနေဆဲဖြစ်ကြောင်း ဟန်ဆောင်လျက် ကျယ်လောင်စွာ ရယ်မောနေသည်။ သို့သော် လျူကျင်းကမူ ထူးခြားဆန်းပြားသော ပြောင်းလဲမှုများကို အကဲခတ်မိနေဆဲပင် ဖြစ်သည်။ ဆရာကြီး၏ ခြေလှမ်းများမှာ အနည်းငယ် နှေးကွေးလေးလံနေသည်။ စက္ကန့်ပိုင်းအတွင်း၌ပင် သူ၏မျက်နှာထက်တွင် မသက်မသာဖြစ်မှု အရိပ်အယောင်များ ရံဖန်ရံခါ ဖြတ်ပြေးသွားတတ်သည်။

ယခင်က သဘာဝအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ခဲ့သော အမှုကိစ္စရပ်များသည်ပင် ယခုအခါ၌ သူ့ကို အားစိုက်ထုတ်လုပ်ဆောင်ရစေရန် ဖိအားပေးနေသကဲ့သို့ ရှိနေသည်။ သာမန်လူများအနေဖြင့် ဤအသေးအဖွဲ အပြောင်းအလဲများကို သတိပြုမိနိုင်မည် မဟုတ်သော်လည်း လျူကျင်းကမူ အကွက်စေ့စေ့ မြင်တွေ့နေရသည်။

သူ၏ဆရာကြီးသည် အမှန်တကယ်ပင် ကျန်းမာသန်စွမ်းခြင်း မရှိတော့ပေ။

ဆရာကြီး ကျန်းမာရေးချို့တဲ့နေသည်ကို သိသော်လည်း ဤအခြေအနေအတွက် လျူကျင်း ဘာတစ်ခုမှ တတ်နိုင်ခြင်း မရှိချေ။

“မင်း ဒီထက်ပိုပြီး ပျော်နေလိမ့်မယ်လို့ ငါ မျှော်လင့်ထားတာ။”

“ဗျာ…”

လျူကျင်း ထိတ်လန့်သွားပြီး မော့ကြည့်လိုက်မိသည်။ ရှောင်နန်က သူ့ကို စိုးရိမ်တကြီး မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

ရှောင်နန်သည် သူ့အတွက် ဝတ်ရုံသစ်တွေ လာပေးရန် အိမ် တံခါးဝထိ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ခြင်းဖြစ်သည်။ ရှောင်နန်ကဲ့သို့ အဆင့်အတန်းမြင့်သူတစ်ဦးအနေဖြင့် ဤမျှသာမန်ကျသော ကိစ္စမျိုးကို ကိုယ်တိုင်လုပ်ပေးလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ကြပေ။ သို့သော် လျူကျင်း အကဲခတ်မိသည့်အတိုင်း ရှောင်နန်က ဤကိစ္စကို အကြောင်းပြကာ သူ့ထံသို့ လာရောက်လည်ပတ်ပြီး အတူအချိန်ဖြုန်းချင်ရုံသက်သက်သာ ဖြစ်သည်။ လျူကျင်း တံခါးဖွင့်လိုက်သည့် အခိုက်အတန့်တွင်ပင် ရှောင်နန်က ဝတ်စုံများ ကမ်းပေးကာ အပြင်သို့ အတူထွက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ သူတို့နှစ်ဦးစလုံးသည် အရှေ့ဘက် ဆိပ်ကမ်းမြို့တော်၏ အတွင်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ခု၌ ရောက်ရှိနေကြပြီဖြစ်သည်။ ဆိုင်၏တည်နေရာက သက်သေပြနေသည့်အတိုင်း ဤနေရာမှာ အလွန်တရာ ဆန်းပြားခမ်းနားလှသည်။ နံရံများကို နူးညံ့သည့် အစိမ်းရောင်လွင်လွင်များနှင့် ရွှေရောင်အဆင်တန်ဆာများဖြင့် မွမ်းမံခြယ်သထားသည်။ မီးဆိုင်းများနှင့် ပြတင်းပေါက်များကိုလည်း နေရာတကျ ပြီးပြည့်စုံစွာ တပ်ဆင်ထားသဖြင့် စားပွဲတစ်လုံးချင်းစီတိုင်းသည် လုံလောက်မျှတသည့် အလင်းရောင်ကို အချိုးကျကျ ရရှိနေကြသည်။

အကယ်၍သာ လျူကျင်းအနေဖြင့် အတွင်းစည်းတပည့်ဝတ်ရုံကို ဝတ်ဆင်မထားခဲ့လျှင်... သူသည် ဤနေရာနှင့် လုံးဝ လိုက်ဖက်မှုမရှိဘဲ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ လူစိမ်းတစ်ယောက်ကဲ့သို့ ခံစားနေရမည်မှာ အမှန်ပင် ဖြစ်တော့သည်။

“ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီး ရှောင်နန်”ဟု လျူကျင်းက အားနာစွာ ပြောလိုက်သည်။

“အတွင်းစည်းတပည့် ဖြစ်လာရတဲ့အတွက် ဝမ်းသာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော့်စိတ်တွေက တခြားနေရာ ရောက်နေလို့ပါ။ ဆရာကြီးက ကျွန်တော့်ကို ဖြေရှင်းရခက်တဲ့ ဆေးပညာဆိုင်ရာ ပုစ္ဆာတစ်ပုဒ် ပေးထားခဲ့တာ… အခုထိလည်း ကျွန်တော် မဖြေရှင်းနိုင်သေးလို့ပါပဲ။”

ဤသည်မှာ လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။

လျူကျင်း သည် သူ့စိတ်ထဲတွင် ဤစကားကို အကြိမ်ကြိမ် ပြန်လည်ရေရွတ်နေမိသည်။ ၎င်းက လိမ်ညာခြင်း မဟုတ်သည့်အတွက် ရှောင်နန်ကို မုသာဝါဒ သုံးနေခြင်းလည်း မဟုတ်ချေ။ အကယ်၍ သူသည် ရှောင်နန်ကို အမှန်တရားအားလုံး အပြည့်အစုံ မပြောပြခဲ့လျှင်ပင်… ထိုသို့ ပြောပြရန် စိတ်ထဲ၌ သက်သောင့်သက်သာ မရှိသောကြောင့်သာ ဖြစ်၏။ ဤသူမှာ ရှောင်နန် ဖြစ်နေပါစေဦးတော့… ဆရာကြီးကျန်း၏ ဝေဒနာမှာ သူ အလွယ်တကူ ထုတ်ဖော်ပြောဆိုချင်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။

အချို့သော ကိစ္စရပ်များမှာ လျှို့ဝှက်ချက်အဖြစ်သာ ထားရှိခြင်းက အကောင်းဆုံးပင်ဖြစ်သည်။

ရှောင်နန်သည် သူ၏အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်၏။

သူ၏ အကောင်းဆုံး ရဲဘော်ရဲဘက် မိတ်ဆွေတစ်ဦးလည်းဖြစ်သည်။

သို့ရာတွင် ဆရာကြီးကျန်းကမူ သူ၏ ဆရာသခင် ဖြစ်ပေသည်။

“အာ… ဆက်မပြောပါနဲ့တော့ ညီလေးရာ။”

ရှောင်နန်၏ မျက်ဝန်းတို့မှာ နားလည်စာနာမှုများဖြင့် ပြည့်လျှံနေသည်။

“ငါ လုံးဝ နားလည်တာပေါ့။ ဦးလေး ရှောင်ကျန်းဆိုရင်လည်း တပည့်တွေကို ဒုက္ခပေးရတာ၊ စမ်းသပ်ရတာကို ပျော်မွေ့တတ်တဲ့ စည်းကမ်းကြီးလွန်းတဲ့ ဆရာတစ်ယောက်ပဲလေ။ ငါကိုယ်တိုင်လည်း သူ့သွန်သင်မှုအောက်မှာ အတော်လေး ဒုက္ခရောက်ခဲ့ဖူးတာပဲ။”

လျူကျင်း၏ နှုတ်ခမ်းဖျားမှ ရယ်သံခပ်တိုးတိုးတစ်ချက် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ရှောင်နန်၏မျက်နှာထက်၌ မချိပြုံးဖြင့် ကြောက်ရွံ့သွားဟန် အရိပ်အယောင် ဖြတ်ပြေးသွားပုံမှာ တကယ့်ကို ရယ်စရာကောင်းလှသည်။

“ငါ အတည်ပြောနေတာ၊ စနောက်နေတာမဟုတ်ဘူး ညီလေးရဲ့။ ဦးလေး ရှောင်ကျန်း ငါ့ကို ဟိုပြေးဒီပြေးနဲ့ ဘယ်လောက်တောင် ပျင်းစရာကောင်းပြီး စိတ်ရှုပ်စရာကောင်းတဲ့ ကိစ္စတွေကို ခိုင်းစေခဲ့လဲဆိုတာ မင်း သိမှာမဟုတ်ဘူး။” ရှောင်နန်က စကားကို လေးနက်စေရန် ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။

“ငါက တိုက်ခိုက်ရေးသမားတစ်ယောက်လေ။ ငါ့ဘဝက နောက်ထပ် ဘယ်သူ့ကို သွားပြီး အနိုင်ယူရမလဲဆိုတာ သိရုံလောက်နဲ့တင် ရိုးရှင်းနေမယ်ဆိုရင် ငါ ဘယ်လောက်ပျော်လိုက်မလဲ။ အခုတော့ အရှုပ်အထွေးတွေ ပြည့်နှက်နေတဲ့ အလုပ်မျိုးစုံကို ငါ့ပုခုံးပေါ် ပုံချထားတာ ခံနေရတယ်။ သက်ကြီးရွယ်အိုတွေဟာ လူငယ်သဘာဝအတိုင်း ပျော်ပျော်ပါးပါး နေချင်တဲ့သူတွေကို တကယ်ကို စာနာမှု မရှိကြပါဘူး။”

ရှောင်နန်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါယမ်းပြလိုက်သော်လည်း… သူ့ကို စိတ်သက်သာရာရစေရန်အတွက် အစ်ကိုကြီးရှောင်နန် ပုံကြီးချဲ့ကာ စနောက်နေခြင်းသာဖြစ်ကြောင်း လျူကျင်း ကောင်းကောင်းကြီး ရိပ်မိနေသည်။

“အဲဒါကြောင့်ပဲ… ငါ မင်းကို ဒီနေရာကို ခေါ်လာတာပေါ့ကွာ။”

လျူကျင်း မျက်တောင်တစ်ချက် ခတ်လိုက်မိ၏။ ရှောင်နန်က သူ့ကို ရာထူးတိုးသည့်အတွက် ဂုဏ်ပြုဆင်နွှဲရန် အပြင်သို့ ခေါ်ထုတ်လာခြင်း သက်သက်သာဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။ သို့သော် သေချာပြန်လည်စဉ်းစားကြည့်သည့်အခါ ဤနေရာမှာ ရှောင်နန်၏ စရိုက်သဘာဝနှင့်ယှဉ်လျှင် အလွန်အမင်း ရှေးရိုးဆန်နေသည်။

“ငါ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်ကနေ ထွက်သွားရတော့မယ်။”

ဤစကားကို ဆိုလိုက်ချိန်တွင် ရှောင်နန်၏ မျက်နှာထက်၌ မသက်မသာဖြစ်နေသည့် အရိပ်အယောင်တစ်ခု ယှက်သန်းနေ၏။ ဤသည်ကား သူ့ထံတွင် တွေ့ရခဲလှသော မျက်နှာထားမျိုးပင်။ သူ၏ အစ်ကိုကြီးသည် များသောအားဖြင့် အရာရာကို အေးအေးလူလူ၊ ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းလေ့ရှိပြီး သူ့ကို တုန်လှုပ်ခြောက်ခြားစေမည့်အရာဟူ၍ လောက၌ ဘာတစ်ခုမျှ ရှိမနေသည့်အလား နေထိုင်တတ်သူ ဖြစ်သည်။

ရှောင်နန်တစ်ယောက် အပြည့်အဝ တည်ကြည်လေးနက်နေသည်ကို လျူကျင်း မှတ်မှတ်ရရ မြင်တွေ့ဖူးခဲ့သည့် တစ်ခုတည်းသော အချိန်မှာ “လဆန်းမြို့ငယ် ၌သာ ဖြစ်၏။ ယခုအခါ သူ၏မျက်နှာထက်တွင် ပေါ်ပေါက်နေသော အမူအရာမှာ ထိုအချိန်ကလောက် မပြင်းထန်သေးသော်ငြား… လျူကျင်းကိုတော့ စိုးရိမ်ပူပန်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

“ဘယ်လောက်တောင် ကြာမှာလဲဟင်။”

သူက ဤမေးခွန်းကို မေးမြန်းလိုက်သော်ငြားလည်း... မည်ကဲ့သို့သော အဖြေမျိုးကို ရရှိလိမ့်မည်ဆိုသည်ကို သူ၏ စိတ်ထဲ၌ အတော်အတန် ကြိုတင်ခန့်မှန်းမိနေပြီးသား ဖြစ်၏။

“မင်းနဲ့ ရှောင်ဖန်းတို့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာကို ငါ ကိုယ်တိုင် အားပေးနိုင်မှာ မဟုတ်ဘူး ထင်တယ် ညီလေးရာ။”

၎င်းက သူ မျှော်လင့်ထားသည့် အဖြေပင် ဖြစ်သော်လည်း... ရှောင်နန် တစ်ယောက် ထိုနေရာတွင် ရှိမနေနိုင်တော့ဟူသော အချက်က သူ့ကို မည်မျှအထိ စိတ်ပျက်အားငယ်သွားစေသနည်းဆိုသည်ကို လျူကျင်း ကိုယ်တိုင်ပင် အံ့သြမိသွားရသည်။

သို့သော်ငြားလည်း... ထိုအချက်က အမှန်တကယ် အရေးကြီးဆုံးအရာတော့ မဟုတ်ချေ။

ရှောင်နန်၏ တည်ရှိမှုသည် လျူကျင်းအတွက် အမြဲတစေ ဘေးကင်းလုံခြုံမှုနှင့် အားကိုးရာ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ရှောင်ဖန်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း အကြီးအကဲဟွေ ရုတ်တရက် ပေါ်ပေါက်လာခဲ့စဉ်က... သူသည် ရှောင်နန်၏ အကူအညီအပေါ် မည်မျှအထိ မှီခိုအားထားနေရသလဲဆိုသည်ကို လျူကျင်း ကိုယ်တိုင် ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ရှောင်နန် ရောက်ရှိမလာခဲ့လျှင် ဘာတွေ ဆက်ဖြစ်သွားနိုင်မည်နည်း။

သေချာသည်မှာ... အကြီးအကဲဟွေအနေဖြင့် သူ့ကို အတိအလင်း ဝင်ရောက်တိုက်ခိုက်ဝံ့လောက်အောင်အထိတော့ သတ္တိရှိလိမ့်မည် မဟုတ်ချေ။ ရှောင်ဖန်းက သူ့ကို မည်မျှပင် မုန်းတီးနေပါစေဦးတော့... ထိုကဲ့သို့သော မတရားမှုကို မြင်တွေ့ရလျှင် ဆိတ်ဆိတ်နေမည့်သူမျိုး မဟုတ်သည်ကို လျူကျင်း သိသည်။ သို့သော်လည်း အကြီးအကဲဟွေသည် ရှောင်ဖန်း လုံးဝရိပ်မိခြင်း မရှိစေဘဲ ကွယ်ရာ၌ မကောင်းမှုကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်စွမ်း အပြည့်ရှိကြောင်း လျူကျင်း အနည်းငယ်မျှ သံသယဖြစ်စရာမလိုဘဲ ယုံကြည်နေမိသည်။

ထိုလူယုတ်မာကြီးသည် ဘာတွေကို ကြံစည်နေသနည်း။

ရှောင်ဖန်း သူ့ကို လာရောက်စိန်ခေါ်စဉ်အခါကလည်း အကြီးအကဲဟွေ ရှိနေခဲ့သည်။ စင်စစ်အားဖြင့်မူ ထိုသို့ စိန်ခေါ်ရန် စိတ်ကူးမှာ အကြီးအကဲဟွေထံမှ မြစ်ဖျားခံလာခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... ထိုလူက ဘာဖြစ်လို့ ဤကဲ့သို့ ပြုလုပ်ရသနည်း။ အကြီးအကဲဟွေက သူ့ကို အလိုမကျဖြစ်နေ၍လား။ အကယ်၍ ထိုသို့ဆိုလျှင်... လွန်ခဲ့သော တိုက်ပွဲက ထိုလူ၏စိတ်ကို ပြောင်းလဲစေခဲ့သလား၊ သို့တည်းမဟုတ် အကြီးအကဲဟွေ၏ အမြင်ကို ပိုမိုခိုင်မာသွားစေရုံသက်သက်ပဲလား။

မရေရာမသေချာသော အချက်အလက်များက အလွန်ပင် များပြားလှသည်။ ကောင်းကင်ဘုံ နတ်ဘုရားအဆင့် သို့ ရောက်ရှိထားသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို လျူကျင်းအနေဖြင့် မည်သို့မျှ ရန်သူအဖြစ် ပတ်သက်မိစေရန် အလိုမရှိချေ။

“မင်းအနေနဲ့ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။”

ရှောင်နန်က ပြောလိုက်သည်။ လျူကျင်း၏ စိတ်လှုပ်ရှားမှု အရိပ်အယောင်များက မျက်နှာပေါ်တွင် ပေါ်လွင်နေ၍ ဖြစ်ကောင်းဖြစ်နိုင်သလို… သို့မဟုတ်လျှင်လည်း ရှောင်နန်က သူ၏စိတ်ကို အကဲခတ်ရာတွင် အလွန်ထက်မြက်လွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။

ထိုနှစ်ခုစလုံး ဖြစ်နိုင်ချေရှိသည်။

“မင်းက ဦးလေးရဲ့သမက်ပဲလေ.. တိုက်ခိုက်ခံရမှာကို စိုးရိမ်နေရမယ့်သူမျိုး မဟုတ်ဘူး။ မင်း ကိုယ်တိုင်တောင် သတိမထားမိခင်မှာတင် မင်းကို ကာကွယ်ပေးထားတဲ့ အစောင့်အရှောက်တွေက အများကြီး ရှိနေပြီးသားပါ။”

‘မင်း အကြီးအကဲဟွေကို စိုးရိမ်နေစရာ မလိုပါဘူး။’

ရှောင်နန်၏ မျက်ဝန်းများက သူ့ကို ထိုသို့သာ ဖော်ပြပြောဆိုနေသကဲ့သို့ ရှိတော့သည်။

“တကယ်လို့ မင်းကို တကယ်ပဲ စိုးရိမ်စေတဲ့ အရာတစ်ခုခု ရှိလာခဲ့ရင်... ဦးလေးကျန်းဆီကို သွားဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေပါနဲ့။ တကယ်လို့ သူ အလုပ်ရှုပ်နေခဲ့ရင်တောင်မှ အကြီးအကဲဂန်း ဆီကို သွားတာကလည်း ရွေးချယ်စရာ နည်းလမ်းတစ်ခုပဲ။”

“အကိုကြီး‌ ပြောတာ အတွင်းစည်းတပည့်တွေကို တာဝန်ယူအုပ်ချုပ်ရတဲ့ အကြီးအကဲလား။”

လျူကျင်းအနေဖြင့် မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့စဉ်ကာလအတွင်း ထိုပုဂ္ဂိုလ်နှင့် တစ်ကြိမ်နှစ်ကြိမ်ခန့် စကားပြောဆိုဖူးခဲ့သည်ကို ခပ်ရေးရေး ပြန်လည်မှတ်မိလိုက်သည်။

“အင်း..သူက ယုံကြည် စိတ်ချရတဲ့သူတစ်ယောက်ပဲကွ”

အကြီးအကဲဟွေနှင့်မူ လုံးဝ လားလားမျှ မတူညီချေ။ ရှောင်နန်က ထိုသို့ ထုတ်ဖော်မပြောဆိုသော်လည်း ဤအချက်ကို အထူးတလည် ပြောနေရန်ပင် မလိုတော့ပါ။ လျူကျင်းအနေဖြင့် မိမိအား ယခုကဲ့သို့ ရာထူးတိုးမြှင့်ပေးလိုက်ခြင်းမှာ အကြီးအကဲဟွေ၏ သြဇာရိပ်နှင့် ဝေးကွာရာအရပ်သို့ ပို့ဆောင်ရန်အတွက်များ ဖြစ်နေမလားဟု တွေးတောမိနေတော့သည်။

“ကဲ... ဒါတွေ ထားလိုက်ပါတော့။”

ဟု‌ဆိုကာရှောင်နန်က လက်ဝါးနှစ်ဖက်ကို ရိုက်ပုတ်ကာ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်ရင်း..

“မင်းတို့နှစ်ယောက် ပြိုင်ပွဲမှာ တိုက်ခိုက်ကြတာကို ငါ ကိုယ်တိုင် မမြင်တွေ့ရမှာကတော့ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ ငါ ပြန်ရောက်လာတဲ့အခါကျရင် မင်းတို့ကို သေချာပေါက် ဂုဏ်ပြုပေးပါ့မယ်။ အခု... ငါ မင်းကို ပြစရာ နောက်ထပ်တစ်ခု ရှိသေးတယ်။”

လျူကျင်း နောက်တစ်ကြိမ် မျက်တောင်ခတ်လိုက်မိပြန်သည်။ နောက်ထပ် အရာတစ်ခု ရှိသေးတယ် ဟုတ်လား...။

ရှောင်နန်က သူ၏ ဝတ်ရုံလက်အင်္ကျီအတွင်းထဲသို့ လက်နှိုက်ကာ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။

“ရော့... ဒီမှာ” ဟု ဆိုကာ စာရွက်ကို လျူကျင်းထံသို့ ကမ်းပေးလိုက်ရာ၊ လျူကျင်းလည်း ထိုစာရွက်အား ခပ်သွက်သွက်ပင် ဖတ်ရှုလိုက်တော့သည်။

“မင်း မြင်တဲ့အတိုင်းပဲ... ဒါက အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲမှာ ငါတို့ ရှောင်ဂိုဏ်းကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့သူတွေရဲ့ အမည်စာရင်းပဲ။”

လျူကျင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရပေသည်။ ထိုနေရာတွင် ရှောင်ဖန်း၏အမည် ရှိနေသကဲ့သို့ သူ၏အမည်ကလည်း ပါဝင်နေခဲ့သည်။ ထို့ပြင် မျှော်လင့်ထားသည့်အတိုင်းပင် ဇူအန်နှင့် နှာခေါင်းကြီး လီတို့၏ အမည်များလည်း ထိုစာရင်းထဲ၌ ပါဝင်နေကြ၏။

“နောက်ဆုံး ဆုံးဖြတ်ချက်ကို မနက်ဖြန်ကျမှ ချမှတ်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာ။”

ဤအချက်ကပင် ယနေ့တွင် ဇူအန် တစ်ယောက် သူ့ထံသို့ လာရောက်လည်ပတ်ခြင်း မရှိခဲ့သည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ သူမသည် အကြီးအကဲများ၏ ရှေ့မှောက်တွင် ကောင်းမွန်သော အထင်အမြင်မျိုး ကျန်ရစ်ခဲ့စေရန်အတွက် နောက်ဆုံးအချိန်အထိ အစွမ်းကုန် ကြိုးစားအားထုတ်နေခြင်း ဖြစ်သည်။ သူမအတွက်တော့ တကယ့်ကို နှမြောစရာကောင်းလှပေသည်။ အကယ်၍ သူမသာ ပုံမှန်အတိုင်း နံနက်ခင်းအချိန်၌ သူ့ထံသို့ လာရောက်ခဲ့မည်ဆိုလျှင်... ရှောင်နန်နှင့် ဆုံတွေ့ခွင့် ရရှိသွားခဲ့မည် ဖြစ်ပေသည်။

“ အဲဒီလိုသာ ပြောနေကြတာ... တကယ်တော့ ဆုံးဖြတ်ချက်ကို လအတော်ကြာကတည်းက ကြိုတင်ချမှတ်ထားပြီးသားပါ။ ကဲ... ဘယ်လိုလဲ ညီလေး၊ မင်း ဘာများ တွေးမိလဲ။”

လျူကျင်း၏ မျက်ဝန်းအစုံမှာ ရှောင်နန်ထံမှသည် အမည်စာရင်း စာရွက်ပေါ်သို့ ရွေ့လျားသွားခဲ့သည်။

ဒီစာရင်းက...

“အစ်ကိုကြီး... ဒီလူတွေက...”

အတွင်းစည်းတပည့်တွေပဲ။

တစ်စုံတစ်ယောက်က ချောင်းမြောင်းနားထောင်နေမည်ကို စိုးရိမ်သဖြင့် သူ ဤစကားကို အပြင်သို့ ထုတ်မပြောမိချေ။ ရှောင်ဖန်းမှအပ ဤစာရင်းထဲတွင် ပါဝင်နေသော အမည်များ အားလုံးမှာ အတွင်းစည်းတပည့်များ၏ အမည်များသာ ဖြစ်ကြသည်။ ဂိုဏ်းမွေခံတပည့် အများစုမှာ အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ကြောင်း လျူကျင်း နားလည်ထားသော်လည်း... သူတို့ထဲတွင် အသက်တစ်ဆယ့်ရှစ်နှစ်အောက် လူငယ်များ လုံးဝမရှိသည်တော့ မဟုတ်ချေ။

သို့ဆိုလျှင်... အဘယ်ကြောင့် အတွင်းစည်းတပည့်တွေကိုသာ စေလွှတ်ရသနည်း။

ရှောင်နန်က သူ့ကို အားပေးသည့်အလား မျက်ဝန်းတို့ ရွှင်လန်းစွာဖြင့် ပြုံးလိုက်သည်။

“သတိထားမိတာ တော်တယ် ညီလေးရာ။ မင်းအနားမှာ အမြဲရှိနေတတ်တဲ့ ကောင်မလေးက အတွင်းစည်းတပည့်တွေအကြောင်း မင်းကို အသေးစိတ် ပြောပြပေးထားပုံရတယ်နော်။ ဒါပေမဲ့ အခုလောလောဆယ် ငါ ပြောပြနိုင်တာကတော့ ဒါဟာ ရှောင်ဂိုဏ်း နဲ့ ယွန်းဂိုဏ်း တို့ကြားက သဘောတူညီချက်တစ်ခု ဆိုတာပဲ။”

သဘောတူညီချက်တစ်ခု ဟုတ်လား…။ လျူကျင်း မျက်မှောင်ကြုတ်လျက် အတွေးနယ်ချဲ့လိုက်မိသည်။

သူသိထားသလောက်ဆိုလျှင် အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲအား ထုံးစံထက် ပိုမိုနောက်ကျ၍ ကျင်းပရခြင်းမှာ ယွန်းဂိုဏ်း၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ဂိုဏ်းနှစ်ခုစလုံးအနေဖြင့် အတွင်းစည်းတပည့်များကိုသာ စေလွှတ်ရန် တောင်းဆိုခဲ့သည်မှာလည်း ယွမ်ဂိုဏ်းပင်လော၊ သို့တည်းမဟုတ် ထိုတောင်းဆိုချက်ကို ရှောင်ဂိုဏ်းကပဲ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းလော။

“မင်း သိချင်နေမယ်ဆိုရင်တော့… ဒီလိုစည်းကမ်းသတ်မှတ်ချက်မျိုး ဖြစ်အောင် တောင်းဆိုခဲ့တာက ငါတို့ ရှောင်ဂိုဏ်း ပဲ ကွ”

“အော်… ဒါဆို အတွင်းစည်းတပည့်တွေပဲ ဝင်ပြိုင်ရမယ်ဆိုတာ ရှောင်ဂိုဏ်းရဲ့ အစီအစဉ်ပေါ့။ ပြိုင်ပွဲရက်ကို နောက်ဆုတ်ပေးလိုက်တဲ့ အစားအပြန်အလှန်အနေနဲ့ အတွင်းစည်းတပည့်တွေကိုပဲ စေလွှတ်ကြဖို့ သဘောတူလိုက်တာပေါ့လေ။ အဲဒီလိုမျိုးလား…”

ဒါပေမဲ့ ဘာဖြစ်လို့လဲ။

“ဒါက ရှောင်ဖန်းကို အခွင့်အရေးပေးချင်လို့လား အစ်ကိုကြီး။”

“အဲဒါလည်း အကြောင်းပြချက် တစ်ချက်ပါပဲကွာ။” ရှောင်နန်က ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်သည်။

“ငါ အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲဝင်ခဲ့တဲ့ ကာလတွေကတော့ ကုန်ဆုံးသွားပြီလေ။ အခုဆိုရင် ဒီလိုပြိုင်ပွဲမျိုးတွေအတွက် ငါက အသက်ကြီးသွားပြီ။ အခုအချိန်က လူငယ်တပည့်တွေကို နေရာပေးရမယ့် အချိန်ပေါ့ကွာ။”

တစ်နည်းအားဖြင့်ဆိုရသော် ရှောင်ဖန်းအနေဖြင့် မိမိ၏ စွမ်းရည်ကို လူသိရှင်ကြား သက်သေပြရမည့် အချိန်ပင် ဖြစ်သည်။ ထို့ပြင် ရှောင်ဖန်းသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ယွန်းဟန် လည်း သေချာပေါက် ပါဝင်လာမည်မှာ ငြင်းမရသည့် အမှန်တရားပင် ဖြစ်သည်။

အရှေ့ဘက် ဆိပ်ကမ်းမြို့တော်ရဲ့ ဩဇာအကြီးဆုံး ဂိုဏ်းကြီးနှစ်ခုက ပါရမီရှင်နှစ်ဦးသည် ဤပြိုင်ပွဲမှာတော့ ထိပ်တိုက်ဆုံတွေ့ကြရတော့မည်။

“‌ဟော… ဒီနေရာမှာ မင်းတို့နဲ့ ဆုံရတာ တိုက်ဆိုင်လိုက်တာကွယ်။”

ထိုအသံ…။

အသံကို ကြားလိုက်ရတဲ့အခိုက်မှာပင် လျူကျင်း၏ လက်ချောင်းများက စားပွဲခုံပေါ်သို့ အားကုန်စိုက်ဝင်သွားသည်။ သူ၏ ထူးကဲလှသော စိတ်ထိန်းချုပ်မှုကြောင့်သာ သစ်သားစားပွဲကြီး အက်ကွဲမသွားဘဲ ရှိနေခဲ့သည်။

“သမားတော်ဝူ ပါလား။”

ရှောင်နန်က အေးဆေးတည်ငြိမ်စွာပင် ဆိုလိုက်သည်။ စိတ်ထဲတွင် အနှောင့်အယှက် ဖြစ်နေသော်လည်း အပြင်ပန်းတွင်မူ မျက်နှာပေါ်၌ အပြုံးတစ်ခုကိုသာ ဆင်မြန်းထားသည်။

“တကယ့်ကို ဝမ်းသာစရာကောင်းတဲ့ တိုက်ဆိုင်မှုပဲဗျာ။”

“ဟုတ်ပဗျာ။”

ထိုလူဝကြီးက ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ဩဇာပြည့်ဝစွာ ရယ်မောလိုက်ပြီး လျူကျင်းနှင့် မျက်လုံးချင်း ဆုံလိုက်သည်။

“လူငယ်လေး လျူကျင်း… မင်းနဲ့ ပြန်ဆုံရတာ ဝမ်းသာပါတယ်။ မင်းကိုလည်း သေချာပေါက် ဂုဏ်ပြုရမှာပေါ့။ မင်း ခေါင်းခဲနေခဲ့ရတဲ့ ကျင့်ကြံခြင်း အဟန့်အတားကို နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ငါ ကြားသိထားတယ် ။”

“ကျွန်တော်လည်း သမားတော်ဝူနဲ့ ပြန်ဆုံရတာ ဝမ်းသာပါတယ်ဗျာ။” ဟုပြောရင်း လျူကျင်းက အပြုံးတစ်ခုကို အတင်းဆွဲယူပြုံးလိုက်သည်။

“ကျွန်တော် နာလန်ထူလာတဲ့သတင်းက သမားတော်ဝူရဲ့ နားထဲကို ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။”

“ဘာဖြစ်လို့ မရောက်ရမှာလဲကွ။” ဟု နောက်ထပ် အသံတစ်ခုက ဝင်ပြောလိုက်သည်။

“မင်းက အခုရက်ပိုင်းအတွင်းမှာ နာမည်ကြီးနေတဲ့သူပဲဥစ္စာ။ အချို့ဆိုရင် မင်းတစ်ယောက် အတွင်းအဆင့်မှာတင် ထာဝရ တစ်ဆို့နေတော့မယ်လို့တောင် ထင်မှတ်ထားခဲ့ကြတာ။ ဒါပေမဲ့ မင်း အဲဒီ အဖြစ် ဆိုးကြီးကနေ လွတ်သွားပြီဆိုတာ သိရတော့ ငါတို့ တကယ်ပဲ ဝမ်းသာမိပါတယ်။ မင်းကို ကိုယ်တိုင် ကုသပေးခွင့် မရခဲ့တာတော့ တကယ့်ကို နှမြောစရာပဲ၊ မင်းကိုသာ ငါကုသပေးခွင့်ရခဲ့မယ်ဆိုရင်… ငါ့ရဲ့ ဆေးပညာစွမ်းရည်ကို အကောင်းဆုံး သက်သေပြနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ခဲ့မှာ။”

ဝူယန် ။

သမားတော်ဝူ၏ သားဖြစ်သည်။

ငယ်စဉ်ကလေးဘဝတုန်းက လျူကျင်းကို အကြိမ်ပေါင်းများစွာ ရိုက်နှက်နှိပ်စက်ခဲ့ဖူးသည့် လူတစ်ယောက်။

ထိုလူကို မြင်လိုက်ရသည့်အခါ လျူကျင်း၏ စိတ်ထဲတွင် လှိုင်းထန်သွားရသည်။ ထို့ပြင် ထိုလူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးများကလည်း အခြေအနေကို ပို၍ပင် ဆိုးရွားစေတော့သည်။

ဝူယန်၏ စကားက လျူကျင်းအား ကုသပေးနိုင်သည်ဟု ဆိုခြင်းမှာ သူ့၏ ဆေးပညာစွမ်းရည်မှာ လျူကျင်းထက် သာလွန်ကြောင်း အရိပ်အမြွက် ပြသလိုက်ခြင်းပင်။ မဟုတ်သေး... ထိုမျှနှင့် မပြီးသေး။ သူသည် အရွယ်မရောက်သေးသော ကလေးတစ်ယောက်သာ ဖြစ်ပါလျက်နှင့် လျူကျင်း၏ အဖေထက်ပင် ပိုမိုထက်မြက်ကြောင်း စော်ကားပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တကယ့်ကို အံ့ဩစရာ စကားပါလား။”

လျူကျင်းက စိတ်ထဲ၌ တွေးတောရင်း တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ သူ၏ လေသံထဲ၌ ဒေါသ၏ အရိပ်အယောင် လုံးဝ မပါဝင်ချေ။

“ငါ့ရဲ့ ကျင့်ကြံဆင့်ပြဿနာကို ငါ့အဖေကိုယ်တိုင်တောင် မကုသနိုင်ခဲ့တာလေ… အဲဒါကို မင်းက ကုသနိုင်လိမ့်မယ်လို့ ထင်နေတာလား။ မင်းအဖေ မကုနိူင်တဲ့ရောဂါကို အောင်မြင်အောင် ကုသနိုင်ခဲ့တာက တခြားသူမဟုတ်ဘူး၊ ငါလေးစားရတဲ့ ငါ့အဖေပဲ။ မင်းစကားအရ… မင်းက ငါ့အဖေရဲ့ ဆေးပညာစွမ်းရည်ကိုတောင် ကျော်လွန်နေပြီလို့ ပြောချင်တာလား။”

ဝူယန်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားကာ ယုတ်မာရိုင်းစိုင်းသော စကားလုံးများက သူ၏ နှုတ်ခမ်းဖျားတွင် အဆင်သင့် ဖြစ်နေပြီ။ သို့သော်လည်း သူ ထိုစကားများကို မဟလိုက်ရသေးခင်မှာပင် သမားတော်ဝူ၏ လက်ဖဝါးက သူ၏ ပုခုံးပေါ်သို့ ညင်သာစွာ ကျရောက်လာခဲ့သည်။ သမားတော်ကြီးက နောက်တစ်ကြိမ် ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။

“ကဲ… ငါ့သားရဲ့ တက်ကြွလွန်းတဲ့ စိတ်အားထက်သန်မှုကို ခွင့်လွှတ်ပေးပါဦးကွယ်။ သူက သူ့ စွမ်းရည်တွေကို သက်သေပြဖို့ အရမ်းကို စိတ်အားထက်သန်နေလို့ပါ။ သူ့ အဖေတစ်ယောက်အနေနဲ့… သူ မကြာခင်မှာ အဲဒီလို သက်သေပြခွင့်ရမယ့် အခွင့်အရေးကို ရတော့မယ်လို့ ပြောရတာ ငါ တကယ်ပဲ ဝမ်းသာမိပါတယ်။ သူဟာ အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အဓိက တာဝန်ယူ စောင့်ကြပ်ကြည့်ရှုပေးရမယ့်သူအဖြစ် ရွေးချယ်ခံရတယ်ဆိုတာကို ငါ ဂုဏ်ယူစွာနဲ့ အသိပေးပါရစေ။”

ဘာတဲ့…။

လျူကျင်းနှင့် မတူဘဲ ရှောင်နန်ကမူ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်သွားဟန် မရှိချေ။

“ဒီလောက်ငယ်ရွယ်တဲ့သူတစ်ယောက်က ‌ဒီလိုကြီးမားတဲ့ တာဝန်အတွက် ရွေးချယ်ခံရတယ်ဆိုတာ တကယ့်ကို အထင်ကြီးစရာပဲဗျာ။ ဂုဏ်ယူပါတယ်… ဝူလေး။”

“ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးနန်။ သဘာဝအတိုင်းပဲ… ပြိုင်ပွဲအတွင်းမှာ အားလုံး ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ငါ အစွမ်းကုန် ကြိုးစားအားထုတ်သွားမှာပါ။”

“ဒါမှ ငါ့သားကွ။”

သမားတော်ဝူက သူ၏သားဖြစ်သူ ရင်ဘတ်ကို ပုတ်လျက် ဆိုလိုက်သည်။

“ကဲ… သွားကြစို့၊ ငါတို့ စားပွဲခုံဆီ သွားရအောင်။ ကောင်းသောနေ့လေး ဖြစ်ပါစေကွယ်..။”

ထိုလူနှစ်ဦး ထွက်ခွာသွားသည်အထိ လျူကျင်းသည် တိတ်ဆိတ်စွာပင် သည်းခံစောင့်ဆိုင်းနေလိုက်သည်။ ထို့နောက်မှသာ စကားဆိုလိုက်သည်။

“အစ်ကိုကြီး...”

“ဘာလဲ ညီလေး...”

“သူတို့နှစ်ယောက် ဒီနေရာကို ရောက်လာကြလိမ့်မယ်ဆိုတာ အစ်ကိုကြီး ကြိုသိနေခဲ့တာမလား။”

“ဟုတ်တယ်... ငါ သိနေခဲ့တာ။”

“ဝူယန်က ဒီပြိုင်ပွဲရဲ့ ဆေးဖက်ဆိုင်ရာ တာဝန်ခံသမားတော်အဖြစ် တာဝန်ယူရလိမ့်မယ်ဆိုတာကိုလည်း အစ်ကိုကြီး ကြိုသိနေခဲ့တာပဲပေါ့။”

“မှန်တယ်... ငါ ကြိုသိနေပီးသား‌လေ”

“ဒီလို ဖြစ်ပျက်လာရတဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ကောင်းတစ်ခု ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

“သေချာပေါက် ရှိတာပေါ့ ညီလေးရာ၊ မင်းစောင့်ကြည့်လိုက်ပါ”

“ကျွန်တော် နားလည်ပါပြီ။”

“ဒါဆိုရင် ညီလေးအနေနဲ့... မင်းဆီကနေ အားလုံးက ဘာတွေကို မျှော်လင့်တောင့်တနေကြလဲဆိုတာကို နားလည်လာပြီပေါ့၊ ဟုတ်တယ်မလား”

လွန်ခဲ့သော မိနစ်ပိုင်းအနည်းငယ်က သမားတော်ဝူနှင့် ဝူယန်တို့ ရပ်တန့်နေရာယူခဲ့သော နေရာလွတ်ဆီသို့ လျူကျင်းသည် စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းအိမ်တို့တွင် ခက်ထန်ပြင်းထန်သော ဒေါသမီးတောက်တို့ တောက်လောင်နေသည်။

“ကျွန်တော်... လုံးလုံး နားလည်သွားပါဘီ..”

All Chapters