အခန်း ၄၉
Vol. 6 Ch. 49
အခန်း ၄၉။သေချာပေါက် အောင်နိုင်ရမည့် ပြိုင်ပွဲကြီးတစ်ခု
အရှေ့ဘက် ဆိပ်ကမ်းမြို့တော်၏ မဟာပြိုင်ပွဲကြီးသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေပြီ။ အချိန်ကာလ၏ ကုန်လွန်မြန်ဆန်လွန်းပုံမှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ရကား... အနည်းဆုံးတော့ လူငယ်လေး လျူကျင်းအတွက်မူ ထိုအတိုင်းပင် အသည်းထဲအထိ ခံစားလိုက်ရချေသည်။
ထိုလူငယ်လေးသည် မှန်သားပြင်ထက်၌ ထင်ဟပ်နေသော မိမိ၏ ပုံရိပ်ကို စိုက်ကြည့်ရင်း၊ မငြိမ်မသက်ဖြစ်နေသော စိတ်အစဉ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ရန်အလို့ငှာ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။
သူ၏ အရပ်အမောင်းမှာ သူ၏ အသက်အရွယ်နှင့် ယှဉ်လိုက်ပါကသာမာန် မျှသာ ရှိချေရာ... သူနှင့် အနီးစပ်ဆုံး ရင်းနှီးကြသော သူများအားလုံးမှာ သူ့ထက် အရပ်မြင့်မားကြသည်ချည်း ဖြစ်ပေသည်။ လျူကျင်း၏ မျက်နှာသွင်ပြင်သည် ကလေးဘဝ၏ လက္ခဏာများ လွင့်ပြယ်ပြီး... လူပျိုပေါက်အရွယ် သွင်ပြင်သို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်စ ပြုလာခဲ့ပြီ ဖြစ်သည်။
ထူးခြားသည်မှာ... သူ၏ အသားအရေသည် "ကိုးခေါင်းမြွေနတ်ဘုရား" ၏ လျှို့ဝှက်ဆန်းကြယ်လှသော စမ်းသပ်ချက် ကို ကျော်ဖြတ်အောင်မြင်ခဲ့ပြီးကတည်းက အနည်းငယ် ဖြူဖျော့ သွေးဆုတ်သွားခဲ့ရခြင်းပင် ဖြစ်သည်။သူသည် ဆေးဝါးများ သွားရောက် ပို့ဆောင်ပေးရန်အတွက် တောက်လောင်နေသော နေပူရှိန်အောက်၌ မကြာခဏ အပူတပြင်း သွားလာလှုပ်ရှားရလေ့ရှိသော်လည်း... ဆန်းကြယ်သော ထိုဆေးဝါးအစွမ်းကြောင့် သူ၏အသားအရေမှာ နေလောင်ညိုမည်းသွားမည့် အရိပ်အယောင် စိုးစဉ်းမျှပင် ရှိမနေခဲ့ချေ။
ဤဆန်းပြားလှသော အချက်ကပင် သူ၏ အကြည့်တို့၌ ရဲရဲတောက် လောင်မြုံနေသော နီမြန်းသည့် မျက်ဝန်းအစုံကို ပိုမို၍ ထင်ရှားပေါ်လွင်စေတော့သည်။
အတွင်းစည်းတပည့်ဝတ်ရုံမှာ သူ၏ ကိုယ်ခန္ဓာနှင့် ကွက်တိအံကိုက် ဖြစ်နေပြီး... ၎င်းမှာ သူ၏ ကိုယ်တိုင်းအတိုင်းအတာအတိုင်း အတိအကျ ယူကာ ချုပ်လုပ်ထားသကဲ့သို့ပင် ရှိနေတော့သည်။ အမှန်တကယ်လည်း ထိုသို့ ဖြစ်နိုင်ချေ ရှိပေသည်။ သူ၏ အပြင်စည်းတပည့်ဝတ်ရုံနှင့် နှိုင်းယှဉ်လျှင် ဤဝတ်ရုံမှာ အဆင့်အတန်း အများကြီး ပိုမိုမြင့်မားလှပြီး ထိခိုက်ပျက်စီးမှုဒဏ်ကိုလည်း ပိုမိုခံနိုင်ရည်ရှိပုံရသည်။
ယနေ့တွင်မူ... ထိုဝတ်ရုံက မည်မျှအထိ ခိုင်ခံ့မှုရှိသနည်းဆိုသည်ကို သူကိုယ်တိုင် လက်တွေ့ စမ်းသပ်သိရှိရတော့မည် ဖြစ်၏။
လျူကျင်းသည် လှေကားထစ်များဆီသို့ လျှောက်လှမ်းသွားသည့် လမ်းခုလတ်တွင် ကျန်းအဘိုးကြီး၏ အခန်းတံခါးရှေ့မှ ဖြတ်သန်းသွားခဲ့သည်။ ထိုသို့ ဖြတ်သန်းသွားစဉ် သူ၏ မျက်မှောင်က ရုတ်တရက် ကြုတ်သွားရ၏။ ပုံမှန်အတိုင်းပင် သူ၏ ဆရာကြီးက ဤပြိုင်ပွဲသို့ လိုက်ပါလာလိမ့်မည် မဟုတ်ချေ။ ဆရာကြီးကဲ့သို့သော အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဤမျှလောက် သေးငယ်စုတ်ချာလှသော ပွဲသဘင်မျိုးအပေါ် စိတ်ဝင်စားမှု ရှိလိမ့်မည် မဟုတ်ဟု ပြောခဲ့ဖူးသည်။ အမှန်စင်စစ်အားဖြင့်လည်း ဆရာသခင်အနေဖြင့် ထိုသို့မှတစ်ပါး အခြားစကားလုံးများ ပြောဆိုလိမ့်မည်ဟု လျူကျင်း တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
သို့သော်ငြားလည်း... သူ၏ ဆရာကြီးသည် ယနေ့တွင်မူ ပုံမှန်ထက် ပိုမို၍ နှစ်ခြိုက်စွာ အိပ်စက်နေခဲ့လေသည်။
ယခင်ကဆိုလျှင် ဆရာကြီးသည် ဤကဲ့သို့ ဘယ်သောအခါမျှ ပြုလုပ်လေ့မရှိခဲ့ချေ။ သူ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ကျင့်ကြံအားထုတ်ခဲ့သည့် အစွမ်းကြောင့် ဖြစ်ပေလိမ့်မည်... ဘယ်တော့မှ ကုန်ခမ်းသွားခြင်း မရှိနိုင်သော ဆန်းကြယ်သည့် စွမ်းအင်များကို အစဉ်အမြဲ ပိုင်ဆိုင်ထားပုံရသူ ဖြစ်၏။
သို့သော်လည်း ယခုအခါတွင်မူ...
လျူကျင်းသည် စိုးရိမ်စိတ်ကြောင့် တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်ရင်း ခြေလှမ်းများကို ဆက်လက် လျှောက်လှမ်းခဲ့သည်။ ဖခင်ဖြစ်သူ ပြောခဲ့သည့်အတိုင်းပင် ဖြစ်၏။ အကယ်၍ သူသည် ထိုအကြောင်းအရာကိုသာ စဉ်းစားပြီး မိမိကိုယ်ကိုယ် စိတ်သောကရောက်အောင် နှိပ်စက်နေမည်ဆိုပါက အချိန်ဖြုန်းနေခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။ ဆရာကြီးကလည်း ထိုသို့ဖြစ်သည်ကို သဘောကျလိမ့်မည် မဟုတ်ချေ။
ယခုအချိန်၌ သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဤပြိုင်ပွဲကြီးအပေါ်၌သာ အာရုံအပြည့်အဝ စူးစိုက်ထားရန် ဖြစ်ပေသည်။ ဆရာကြီး၏ တဖြည်းဖြည်း ချုပ်ငြိမ်းကွယ်လွန်တော့မည့် ကံကြမ္မာဆိုးနှင့် နှိုင်းယှဉ်လျှင် ဤပြိုင်ပွဲမှာ ပြောပလောက်သည့်အရာ မဟုတ်သော်လည်း... အနည်းဆုံးတော့ ၎င်းက သူ ကိုယ်တိုင် လက်တွေ့တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်မည့် ကိစ္စတစ်ခု ဖြစ်ပေသည်။
သူ့အဖေသည် လှေကားအောက်တွင် သူ့ကို စောင့်ဆိုင်းနေသည်။ ထူးဆန်းသည်မှာ ထိုနေရာတွင် မည်သည့် လူနာတစ်ဦးတစ်ယောက်မျှ ရှိမနေခြင်းပင် ဖြစ်၏။
“ဝတ်စုံက မင်းနဲ့ အတော်လေး လိုက်ဖက်တာပဲ…” ဟု လျူကျန့်ကော်က သဘောကျနှစ်ခြိုက်သော အပြုံးဖြင့် ဆိုလိုက်သည်။
လျူကျင်းမှာ ထိုချီးကျူးစကားကြောင့် နေရထိုင်ရခက်သလို ဖြစ်ကာ အမူအရာ ပျက်သွားခဲ့ရသည်။ သူ၏ ရှက်ရွံ့နေသော မျက်နှာအမူအရာကို ဖုံးကွယ်ပေးထားသည့် လည်စည်းပဝါလေး ရှိနေသည့်အတွက် သူ တကယ်ပင် ကျေးဇူးတင်မိပေသည်။ ၎င်းက လဆန်းမြို့ငယ် တွင် ဓားပြများထံမှ သူ ရယူခဲ့သည့် လည်စည်းပဝါလေး ဖြစ်သည်။ထိုလည်စည်းပဝါမှာ သူ၏ အဆင့်မြင့် အရည်အသွေးကောင်းမွန်လှသော ဝတ်ရုံသစ်ကြီးနှင့် လိုက်ဖက်မှုမရှိဘဲ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း လျူကျင်းအနေဖြင့် ၎င်းကို အတော်လေး သံယောဇဉ်တွဲကာ နှစ်သက်နေမိပြီ ဖြစ်သည်။
ထို့ပြင်... သူ၏ ဝတ်ရုံသစ်ကြီးတွင် သူ နှစ်သက်သလောက် ရဲရဲတောက်နီသော အရောင်အသွေးများ အလုံအလောက် ပါဝင်ခြင်း မရှိသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။
“အ ဖေ့ကို ခဏလောက် စောင့်ဦး။ အလုပ်နဲနဲ ရှိသေးလို့။ အဲဒါပြီးရင်တော့ ငါတို့ အတူတူ ထွက်ကြတာပေါ့။”
လျူကျင်း မျက်တောင်ခတ်လိုက်မိသည်။
“အဖေက ကျွန်တော်နဲ့အတူ ပြိုင်ပွဲကို လိုက်လာမလို့လားဟင်။”
“မင်းကိုယ်တိုင် ဝင်ပြိုင်မှာပဲဥစ္စာ၊ မဟုတ်ဘူးလား။”
သူ၏ဖခင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း—
“ကိုယ့်သား ဝင်ပြိုင်တာကို အဖေ မကြည့်ချင်ဘူးလို့ မင်း ထင်နေတာလား။ ဆေးခန်းကိုတော့ တစ်ရက်နှစ်ရက်လောက် ပိတ်ထားလို့ ရပါတယ်လေ။”
“ကျွန်တော်... အဲဒါက...”
အမှန်စင်စစ်အားဖြင့်မူ ဖခင်ဖြစ်သူက သူ့ကို လာရောက်ကြည့်ရှုအားပေးလိမ့်မည်ဟူသော အချက်မှာ လျူကျင်း၏ စိတ်ထဲ၌ တစ်ကြိမ်တစ်ခါမျှပင် တွေးတောမိခြင်း မရှိခဲ့ချေ။ ဖခင်ဖြစ်သူသည် သူ့အား ရှောင်ဂိုဏ်း သို့ ဝင်ရောက်နိုင်ရန်အတွက် အစစအရာရာ စီစဉ်ပေးခဲ့သော ပုဂ္ဂိုလ်ဖြစ်သော်လည်း... ကိုယ်ခံပညာ စွမ်းရည်ထက်မြက်မှုဆိုင်ရာ ကိစ္စရပ်များအပေါ်တွင်မူ ဘယ်သောအခါမျှ စိတ်ဝင်စားမှု ပြသခဲ့ဖူးခြင်း မရှိချေ။ အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲကြီးများစွာ ကျင်းပခဲ့ပြီးဖြစ်သော်လည်း သူ၏ဖခင်မှာမူ ထိုပြိုင်ပွဲများအပေါ် အနည်းငယ်မျှပင် အာရုံစိုက် စိတ်ဝင်စားခဲ့ခြင်း မရှိခဲ့ ပေ။
ထို့ကြောင့်ပင် လျူကျင်းအနေဖြင့် ဖခင်ဖြစ်သူက သူ့ကို လာရောက်ကြည့်ရှုရန်အတွက် ဆေးခန်းကိုပင် ပိတ်ထားလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့မိခြင်း ဖြစ်၏။ ဖခင်ဖြစ်သူ၏ စကားလုံးများကို ကြားလိုက်ရသည့် အခိုက်အတန့်မှသာလျှင်... သူ့အဖေ ထိုနေရာတွင် မည်မျှအထိ ရှိနေစေချင်သနည်းဟူသော ရင်တွင်းဆန္ဒကို လျူကျင်း ကိုယ်တိုင် ပြန်လည်သတိပြုမိသွားခဲ့ရသည်။
“ဒါပေမဲ့ အဖေ... ဟိုကိစ္စကျတော့ ဘယ်လိုလုပ်မလဲ...။”
လျူကျင်း၏ မျက်ဝန်းအစုံမှာ လှေကားထစ်များဆီသို့ ခပ်သွက်သွက် ဝေ့ဝိုက်ကြည့်လိုက်မိသည်။ သူ နှုတ်မှ ထုတ်ဖော်မပြောဆိုသော်လည်း သူ ဆိုလိုသည့် အဓိပ္ပာယ်မှာမူ လွန်စွာပင် ထင်ရှားလှပေသည်။
သူတို့နှစ်ယောက်လုံးသာ ထွက်သွားကြမယ်ဆိုရင် ဆရာကြီး အဆင်ပြေပါ့မလား...။ လျူကျင်း စိုးရိမ်စိတ်ဖြင့် တွေးတောနေမိသည်။
“ဆရာ့အခြေအနေက တည်ငြိမ်နေပါပြီ သားရဲ့” ဟု လျူကျန့် ကော်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“သူ့ဝေဒနာက ပိုကောင်းမွန်မလာနိုင်ပေမယ့်... ပိုပြီးတော့လည်း ဆိုးမသွားပါဘူး။ တကယ်လို့ ဒီနေ့သာ အရေးကြီးတဲ့ အန္တရာယ်တစ်ခုခု ကြုံရတော့မယ်ဆိုရင် ဆရာ့လိုလူက လအတော်ကြာကတည်းက ကြိုသိနေလိမ့်မယ်။ အဖေ့စကားကိုသာ ယုံလိုက်စမ်းပါ။”
“ကျွန်တော် နားလည်ပါပြီ အဖေ... ဒါဆိုရင် အဖေ ကျွန်တော်ပြိုင်မှာကို လာကြည့်ပေးတာဟာ တကယ့်ကို ဂုဏ်ယူစရာပဲဗျ။”
ထိုအခါ သူ့ အဖေက ပြုံးလိုက်ပြီး—
“ငါ့သားရဲ့ပွဲ ပဲ ၊ဘယ်လက်လွတ်ခံလို့ဖြစ်မှာလဲကွာ..”
အရှေ့ဘက် ဆိပ်ကမ်းမြို့တော်၏ မဟာပြိုင်ပွဲကြီးကို အမြဲတစေ ကုန်သည်ရပ်ကွက်၌သာ ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကြီး မစတင်မီ လအနည်းငယ်အလိုကတည်းကပင် လိုအပ်ချက်များအပေါ် မူတည်၍ တိုက်ခိုက်ရေးကွင်းပြင်ကြီးအား ပြုပြင်မွမ်းမံခြင်းနှင့် တိုးချဲ့ခြင်းများကို လုပ်ဆောင်ထားခဲ့ကြသည်။ ယခုအခါတွင်မူ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် လူအများအပြားမှာ အတန်းလိုက်ကြီး တန်းစီစောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“လူတွေ အများကြီးပါလား။”
လျူကျင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်ညပ်ခဲနေသဖြင့် တစ်စုံတစ်ယောက်နှင့် ပခုံးချင်းမတိုက်မိဘဲ လမ်းလျှောက်ရန်ပင် ခဲယဉ်းလှပေသည်။
လျူကျင်းအနေဖြင့် ကုန်သည်ရပ်ကွက်ကြီး ဤမျှလောက်အထိ လူစည်ကားရှုပ်ထွေးနေသည်ကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။ သူသည် အရှေ့ဘက် ဆိပ်ကမ်းမြို့တော်၌ပင် တစ်သက်လုံး နေထိုင်ကြီးပြင်းလာခဲ့သော်လည်း... ဤပြိုင်ပွဲကြီးအား တစ်ကြိမ်တစ်ခါမျှ လာရောက်ကြည့်ရှုဖူးခြင်း မရှိခဲ့ချေ။ သူ့ဖခင်က ဤပြိုင်ပွဲအပေါ် ဘယ်သောအခါမျှ စိတ်ဝင်စားမှု မပြသခဲ့သဖြင့် လျူကျင်းကိုယ်တိုင်လည်း အထူးတလည် အာရုံမစိုက်မိခဲ့ဘဲ... သူ၏ တာဝန်ဝတ္တရားများအပေါ်၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သောကြောင့် ဖြစ်ပေသည်။
“ဒါကတော့ ဒီလိုပဲ ဖြစ်ရမှာပေါ့ သားရဲ့။”
သူ၏ ဖခင်မှာ လူအုပ်ကြီးကြားထဲမှနေ၍ လျူကျင်းထက် အဆပေါင်းများစွာ ပိုမိုသက်သောင့်သက်သာဖြင့် တိုးဝှေ့လျှောက်လှမ်းနေလေသည်။ ၎င်းမှာ အတွေ့အကြုံ ရင့်ကျက်မှု ပိုမိုသာလွန်ခြင်း၏ သက်သေပင် ဖြစ်ပေလိမ့်မည်။
“ပြိုင်ပွဲကြီးတွေဆိုတာ သာမန်လူထုကြားထဲမှာ အမြဲတစေ ရေပန်းစားလေ့ရှိတာပဲ။ နောက်ဆုံးမှာ ရှောင်ဂိုဏ်း နဲ့ ယွန်းဂိုဏ်း တို့ကပဲ ထိပ်ဆုံးနေရာတွေကို သိမ်းပိုက်သွားကြလိမ့်မယ်ဆိုတာ သေချာသလောက် ရှိနေရင်တောင်မှ... ဒါဟာ လူတွေ ပွဲစဉ်တွေကို လာရောက်ကြည့်ရှုချင်တဲ့ စိတ်ဆန္ဒကိုတော့ တားဆီးမထားနိုင်ပါဘူး။ ဒီမြို့တော်ရဲ့ အစွမ်းအထက်ဆုံး ဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်စု တွေက တပည့်တွေဟာ အချင်းချင်း သူတို့ရဲ့ စွမ်းအားတွေကို စမ်းသပ်ရင်ဆိုင်ကြတော့မှာလေ။ ဒါဟာ သာမန်လူတစ်ယောက်အနေနဲ့ နေ့တိုင်း မြင်တွေ့နိုင်တဲ့အရာမျိုးမှ မဟုတ်တာ။ ဤအချက်ကပဲ လူတွေကို အုပ်စုလိုက်ကြီး လာရောက်ဖို့ တွန်းအားပေးနေတာပေါ့... တစ်ဖက်က ကြည့်ပြန်ရင်လည်း လူတွေ စားသောက်ကြ၊ သောက်စားကြ၊ လောင်းကစားလုပ်ကြနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုလှုံ့ဆော် တက်ကြွလာစေတာပေါ့ကွာ။”
လျူကျင်း နှုတ်ခမ်းဖျားမှ ခပ်တိုးတက် အသံတစ်ချက် ထွက်ပေါ်သွားရ၏။
“ကျွန် တော်ဒါကို အဲဒီလိုမျိုး တစ်ခါမှ မတွေးမိခဲ့ဖူးဘူး အဖေ။”
“ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ မင်းက ဒီလိုအရာမျိုးတွေအပေါ် ဘယ်တုန်းကမှ စိတ်ဝင်စားမှု သိပ်မရှိခဲ့တာက အဖေ့ရဲ့ အပြစ်ကြောင့်လည်း အများကြီး ပါတာပေါ့။ ဒီပွဲဟာ မင်းအတွက်တော့ အဖက်ဖက်ကကြည့်ရင် ပထမဆုံးအကြိမ် ဝင်ပြိုင်ရမယ့် ပြိုင်ပွဲကြီး ဖြစ်ပေမယ့်... အဖေ့အတွက်ကတော့ ဤကဲ့သို့သော ပြိုင်ပွဲကြီးများစွာကို မြင်တွေ့ခဲ့ဖူးသလို ကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာပဲ။”
လျူကျင်း ခြေခေါက်ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ့ အဖေ ထံသို့ သူ လှည့်ကြည့်လိုက်သော်လည်း... ဖခင်ဖြစ်သူကမူ ပုံမှန်မဟုတ်သော ထူးဆန်းသည့် စကားလုံးများကို ပြောဆိုလိုက်သည့်အလား မဟုတ်ဘဲ အေးအေးလူလူပင် ဆက်လက်လမ်းလျှောက်နေခဲ့သည်။ လျူကျင်း တစ်စုံတစ်ရာသော လက္ခဏာကို စောင့်ဆိုင်းနေမိ၏။ အသားအရေ ဖြူဖျော့သွားခြင်းမျိုးလား။ သို့မဟုတ် မျက်ဝန်းအစုံ ဝိုင်းစက်သွားခြင်းမျိုးလား။ ဖခင်ဖြစ်သူအနေနှင့် ဤလျှို့ဝှက်ချက်ကို သူ့အား ထုတ်ဖော်မပြောကြားမိစေရန် တားဆီးချင်သည့် အရိပ်အယောင်မျိုး တစ်ခုခုကို စောင့်စားနေမိခြင်းပင်။
သို့သော်ငြားလည်း... ထိုကဲ့သို့သော အမူအရာမျိုး ဘယ်သောအခါမျှ ပေါ်ပေါက်လာခြင်း မရှိခဲ့ချေ။
လျူကျင်း တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်မိပြီး... ဖခင်ဖြစ်သူ၏ ဘေးတွင် လျှောက်လှမ်းနေရင်း သူ၏ လက်သည်းများက လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့သည်။ သူ့အနေဖြင့် မေးမြန်းချင်သော မေးခွန်းပေါင်း ဒါဇင်ချီ၍ ရှိနေသဖြင့် ထိုမေးခွန်းများကို တစ်ပြိုင်နက်တည်း အလောတကြီး မဟမိစေရန်အတွက် သူ၏ စိတ်ထိန်းချုပ်နိုင်စွမ်း အစိပ်အပိုင်းတိုင်းကို အစွမ်းကုန် အသုံးချကာ အောင့်အီးထားရရှာသည်။ သူ နှုတ်ထွက်စကား ဆိုလိုက်သည်နှင့် ဘာများ ဖြစ်ပျက်သွားမလဲဟူသောအချက်ကို စိုးရံ့ထိတ်လန့်နေမိသောကြောင့် ဖြစ်၏။
အကယ်၍ သူ စကားပြောလိုက်ပါက... ဖခင်ဖြစ်သူအနေနှင့် မိမိ၏ အတိတ်ဇာတ်ကြောင်းမှာ ဘယ်သောအခါမျှ ထုတ်ဖော်မပြောဖူးသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည်ကို ရုတ်တရက် သတိရသွားပြီး နှုတ်ဆိတ်သွားပေလိမ့်မည်။
သို့သော်ငြားလည်း... အကယ်၍ လျူကျင်းသာ ဆိတ်ဆိတ်နေမည်ဆိုပါကလည်း အသစ်အဆန်းဖြစ်သော အချက်အလက်များကို ဘာတစ်ခုမျှ သိရှိရတော့မည် မဟုတ်ချေ။
“အဖေက... အဖေက အရင်တုန်းက ဒီလိုပြိုင်ပွဲကြီးတွေမှာ တကယ်ပဲ ဝင်ပြိုင်ခဲ့ဖူးတာလားဟင်။”
လျူကျင်း မိမိ၏ လေသံကို သာမန်ကာလျှံကာ ပေါ့ပေါ့ပါးပါး အရှိဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ကာ မေးမြန်းလိုက်သည်။ သူ၏ လည်ချောင်းဝမှာ ထူးဆန်းစွာပင် တစ်ဆို့တင်းကြပ်နေ၏။ သူ၏ နှုတ်ထွက်စကားလုံးများသည် သူကိုယ်တိုင် နားထောင်လျှင်ပင် လွန်စွာ ထောင့်ထောင့်အိအိနှင့် မသဘာဝဘဲ ရှိနေသဖြင့် မိမိကိုယ်ကိုယ်ပင် စိတ်မသက်မသာ ဖြစ်မိသွားရသည်။ သို့သော်လည်း ဖခင်ဖြစ်သူကမူ ထိုအချက်ကို သတိပြုမိပုံမရချေ။
“အကြိမ်ပေါင်းများစွာပေါ့ကွာ..” သူ၏ ဖခင်က အတိတ်ကို ပြန်လည်တွေးတောရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အဖေ ပထမဆုံးအကြိမ် ပြိုင်ပွဲတစ်ခုမှာ ဝင်ယှဉ်ပြိုင်ခဲ့တုန်းက အသက်တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ် ထင်တာပဲ။ အဲဒီတုန်းက အဖေက တကယ့်ကို မိုက်ရူးရဲဆန်ပြီး မောက်မာရိုင်းစိုင်းခဲ့တာလေ။”
ဖခင်ဖြစ်သူကမူ အတိတ်ဇာတ်ကြောင်းကို ဆက်လက်ပြောပြနေခဲ့ပြီ ဖြစ်၏။
လျူကျင်းတစ်ယောက် မယုံနိုင်လောက်အောင်ပင် ဖြစ်သွားခဲ့ရသည်။ သူ၏ ဖခင်က မိမိ၏ လျှို့ဝှက်ဆန်းကြယ်လှသော အတိတ်အကြောင်းကို တကယ်ကြီး ထုတ်ဖော်ပြောဆိုနေခဲ့ပြီ မဟုတ်ပါလား။
မည်ကဲ့သို့သော အခြေအနေများနှင့် တိုက်ဆိုင်မှုများက ဤသို့ ဖြစ်ပျက်လာစေရန် ဖန်တီးပေးခဲ့သလဲဆိုသည်ကို လျူကျင်း မသိရှိသော်လည်း... ယခုအချိန်၌မူ သူ့အား ဤကဲ့သို့သော လက်ဆောင်မွန်တစ်ခု ပေးသနားခဲ့သည့် ကောင်းကင်ဘုံကိုသာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိနေတော့သည်။
“အဲဒီတုန်းက ဘာတွေ ဆက်ဖြစ်ခဲ့လဲဟင် အဖေ။”
“အဖေ နိုင်ခဲ့တာပေါ့။”
သူ၏ဖခင်က ထိုအကြောင်းအရာမှာ အထူးတလည် ထည့်ပြောနေရန်ပင် မလိုလောက်အောင် သေးငယ်လှသည့်အလား စိတ်မဝင်စားသောလေသံဖြင့် ဆိုလိုက်သည်။
“အခု မင်းဝင်ပြိုင်မယ့် ပွဲလိုမျိုးပဲ... အဲဒီတုန်းကလည်း ဒါဟာ ပြိုင်ပွဲ အသေးစားတစ်ခုသက်သက်ပါပဲ။ အဲဒီအချိန်တုန်းကတော့ ဒါဟာ ငါ့ရဲ့စွမ်းအားတွေကို စမ်းသပ်ဖို့အတွက် အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုလို့ ထင်မှတ်ခဲ့တာပေါ့။”
ဖခင်ဖြစ်သူ ပြောကြားနေသည့် အကြောင်းအရာများကို အကယ်၍ တခြားသူများသာ ကြားသွားခဲ့လျှင် သံသယဖြစ်ဖွယ်ရာ မျက်ခုံးပင့်မိကြမည်မှာ သေချာသလောက် ရှိနေသော်လည်း... သူ၏ဖခင်ကမူ သူ၏လေသံကို လျှော့ချပြောဆိုရန်ပင် အားမစိုက်ချေ။ ဤကဲ့သို့သော လူအုပ်ကြီးကြားထဲတွင်မူ သူ၏လေသံကို လျှော့ချနေစရာ အကြောင်းရင်းလည်း မရှိပါချေ။ လူတိုင်းက စကားတွေ ပြောနေကြသည်၊ လူတိုင်းက ရယ်မောနေကြသည်၊ လူတိုင်းက အငြင်းပွားနေကြသည်။ သူ၏ဖခင်ဖြစ်သူ၏ စကားလုံးများသည် သူတို့ပတ်ဝန်းကျင်ရှိ ဆူညံသံများကြားထဲ၌ နစ်မြုပ်မသွားခင်မှာပင် သူတို့နှင့် တစ်ပေအကွာအဝေးသို့ပင် ရောက်ရှိရန် ခဲယဉ်းလှပေသည်။
သို့သော်ငြားလည်း... လျူကျင်းအတွက်မူ အခြေအနေက ထိုသို့မဟုတ်ချေ။ သူ့အတွက်တော့ ဤလူအုပ်ကြီးက ဘေးနားတွင် တည်ရှိမနေသကဲ့သို့ပင်။ ဖခင်ဖြစ်သူ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော စကားလုံးများသာလျှင် သူ၏ကမ္ဘာထဲ၌ တည်ရှိနေတော့သည်။ လူအုပ်ကြီး၏ ဆူညံသံများသည် ထိုစကားလုံးများနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ချေ။
“အဲဒီနောက်ပိုင်းမှာကော... တခြားပြိုင်ပွဲတွေ ရှိသေးလား အဖေ။”
“အများကြီးပေါ့။” ဟု သူ၏ ဖခင်က ဝန်ခံလိုက်သည်။
“အမှန်အတိုင်း ပြောရရင်... အဖေ ကိုယ်တိုင် ဘယ်နှကြိမ်လောက်တောင် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ဖူးလဲဆိုတာ ရေတွက်လို့တောင် မရတော့တာ ကြာပါပြီ။ အစပိုင်းတုန်းကတော့ အဖေက ကိုယ့်အစွမ်းတွေကို ပိုထက်မြက်လာအောင် သွေးချင်ရုံ သက်သက်ပါပဲ။ တကယ့် တိုက်ပွဲအတွေ့အကြုံဆိုတာကို ဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်သလို... ပြိုင်ပွဲကြီးတွေဟာလည်း ကိုယ်နဲ့ သင့်တော်မယ့် ပြိုင်ဘက်ကောင်းတွေကို ရှာဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲလေ။”
သူ၏ ဖခင်ဖြစ်သူထံမှ ဤကဲ့သို့သော တိုက်ခိုက်ရေးဆိုင်ရာ အကြောင်းအရာများကို ကြားရသည်မှာ လွန်စွာ ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။ သူ၏ ဖခင်သည် တိုက်ခိုက်ခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များအပေါ် ဘယ်သောအခါမျှ စိတ်ဝင်စားမှု မပြခဲ့ဖူးချေ။ အဲဒီအစား... သူသည် သမားတော်တစ်ယောက် ဖြစ်လာစေရန်အတွက်သာ အမြဲတစေ အာရုံစိုက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အတိတ်ကာလတစ်ခုတုန်းက ဤအချက်မှာ အမှန်တရား မဟုတ်ခဲ့ဖူးကြောင်း သိရှိလိုက်ရခြင်းက လွန်စွာ ဆန်းကြယ်လှပေသည်။
“ဒါပေမဲ့လည်း... ပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ခြင်းအားဖြင့် တခြားသော အကျိုးကျေးဇူးတွေလည်း ရှိမှန်း အဖေ မကြာခင်မှာပဲ သိလာရတယ် ဆိုပါတော့။”
“ဘယ်လို အကျိုးကျေးဇူးမျိုးတွေလဲဟင် အဖေ။”
“ပထမဆုံး တစ်ချက်ကတော့ ဆုလာဘ်တွေပေါ့။ ပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်တာဟာ ငွေကြေးနဲ့ တခြားသော ကျင့်ကြံခြင်းဆိုင်ရာ အထောက်အပံ့တွေကို ရဖို့အတွက် အလွန်ကောင်းတဲ့ နည်းလမ်းတစ်ခုပဲ။ ဒါ့အပြင် ပြိုင်ပွဲကြီးတွေဆီကို အစွမ်းထက်တဲ့ ပါရမီရှင်တွေ စုစည်းရောက်လာတတ်ကြတာမို့လို့... ကိုယ့်အတွက် အလားအလာရှိမယ့် မဟာမိတ်တွေကို ရှာဖို့လည်း အလွန်သင့်တော်တဲ့ နေရာတစ်ခု ဖြစ်တာပေါ့။”
“အော်... ဆရာသခင်လည်း ဒီအကြောင်းကို ပြောဖူးတယ် မဟုတ်လား။”
သူ၏ ဖခင်သည် အတိတ်ကာလတစ်ခုတုန်းက မိမိ၏ အောက်တွင် လူအများအပြားကို စေခိုင်းအုပ်ချုပ်ခဲ့ဖူးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သို့ဆိုလျှင်... ဖခင်ဖြစ်သူသည် အတိတ်တုန်းက ထိုသို့ ပြုလုပ်ခဲ့ခြင်းများလား။ မိမိနှင့် ပူးပေါင်းမည့်သူများကို ရှာဖွေရန်အတွက် တစ်ပြိုင်ပွဲပြီးတစ်ပြိုင်ပွဲ လှည့်လည်သွားလာခဲ့ခြင်းများလား။ လျူကျင်း မေးမြန်းချင်သော်လည်း... ဖခင်ဖြစ်သူ၏ စကားအရှိန်ကို ဝင်ရောက်ဖြတ်တောက်ရန် မဝံ့မရဲ ဖြစ်နေမိသည်။
“ပွဲကြီးကြီးမားမားတွေမှာ နိုင်ရင်တော့ ကိုယ့်နာမည်နဲ့ ဂုဏ်သတင်းက ပိုပြီးတော့ လူသိများလာတာပေါ့။ တချို့ကိစ္စတွေအတွက်တော့ နာမည်ကြီးဖို့ဆိုတာ မရှိမဖြစ် လိုအပ်တာကိုး။ ဒါပေမဲ့ ကံဆိုးတာက... နာမည်ကြီးလာရင် မနာလိုတာတွေက ကပ်ပါလာတတ်တယ်။ ပြိုင်ပွဲရလဒ်တစ်ခုတည်းနဲ့တင် ရန်ငြိုးတွေ ဖြစ်ဖို့က တကယ်ကို လွယ်လွန်းတယ်။ ဒါကြောင့် ဒါကို သေချာသတိထားနော် သား။ မင်းနာမည်က ဒီမြို့ထဲမှာ ကျော်ကြားနေပြီးသား ဖြစ်ပေမယ့်... ဒီနေ့ပွဲပြီးသွားရင်တော့ လူတွေက မင်းမျက်နှာကိုပါ မှတ်မိသွားကြလိမ့်မယ်။ ဒါကြောင့် မလိုအပ်ဘဲနဲ့ ရန်ပွဲတွေ မဖြစ်အောင် နေပါ။”
လျူကျင်း ဖခင်ဖြစ်သူ၏ အဖိုးတန်လှသော ဆုံးမစကားများကို နှလုံးသွင်းရင်း ခေါင်းညိတ်လိုက်မိသည်။
ယခုအချိန်တွင် အရှေ့ဘက် ဆိပ်ကမ်းမြို့တော်ရှိ လူအများစုမှာ သူ၏အမည်ကို သိရှိနေကြပြီ ဖြစ်သော်လည်း... သူတို့က သူ့အား ဒုက္ခိတသမားတော်တစ်ဦး၏ သားအဖြစ် သို့မဟုတ် မကြာသေးမီကမှ သိလာခဲ့သည့် ရှောင်ရွှမ်း ၏ ခင်ပွန်းအဖြစ်သာ သိရှိထားကြခြင်း ဖြစ်သည်။ သို့သော်လည်း ယနေ့ပြီးဆုံးသွားပါက မြို့တစ်ဝန်းလုံးမှ လူအပေါင်းတို့သည် သူ၏မျက်နှာကို မြင်တွေ့ခွင့်ရမည့်အပြင် သူ၏ လက်တွေ့တိုက်ခိုက်ရေး စွမ်းရည်များကိုပါ မျက်ဝါးထင်ထင် စောင့်ကြည့်ခွင့် ရရှိကြတော့မည် ဖြစ်ပေသည်။
လျူကျင်းအနေဖြင့် အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများကျော်ကြားရန်အတွက် အမှန်တကယ်ပင် စိတ်ဝင်စားမှု မရှိပါချေ။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက... လျူကျင်းသည် သမားတော်ကောင်းတစ်ဦးအဖြစ်သာ လူသိများချင်မိသည်။ သို့သော်ငြားလည်း... သူသည် ဤပြိုင်ပွဲကြီးတွင် ညံ့ဖျင်းစုတ်ချာလှသော စွမ်းဆောင်ရည်မျိုး ပြသရန်တော့ လုံးဝ ရည်ရွယ်ချက်မရှိချေ။
သူသည် ဤပြိုင်ပွဲကြီးတွင် ဗိုလ်စွဲရန် သူ့အတွက် မဖြစ်နိုင်ကြောင်းကိုလည်း ကြိုတင်သိရှိထားပြီးသား ဖြစ်၏။ ရှောင်နန်၏ တောင်းဆိုချက်ကို ထည့်မတွက်ထားလျှင်ပင်... သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်မှာ ထိုသို့သော အောင်မြင်မှုမျိုး ရရှိရန်အတွက် လုံလောက်ခြင်း မရှိသေးချေ။
သို့သော်လည်း... ထိုအခိုက်အတန့်တွင် လျူကျင်းသည် အုပ်စုအဆင့်ပွဲစဉ် ကို ကျော်ဖြတ်ရန်သာမက... အနည်းဆုံးတော့ သူ၏ ပထမဆုံး ပွဲစဉ်နှစ်ခုကိုပါ အပြတ်အသတ် အနိုင်ယူပြရန်အတွက် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“ကျွန် တော် အစွမ်းကုန် ကြိုးစားပါ့မယ် အဖေ။ —”
“ဒီဘက်မှာ..အကိုလျူရေ...”
ဇူအန်၏ အသံကြီးက သူ၏စကားကို ဖြတ်တောက်ကာ ထွက်ပေါ်လာသဖြင့် လျူကျင်း တစ်ကိုယ်လုံး တုန်တက်သွားပြီး မျက်နှာပူသွားခဲ့ရသည်။ ဇူအန်သည်ပြုံးဖြီးဖြီးနှင့် ကိုက်အနည်းငယ်အကွာအဝေးမှနေ၍ လက်လှမ်းပြလျက် လူအုပ်ကြီးကြားထဲမှ တိုးဝှေ့ကာ လာနေခဲ့ပြီ ဖြစ်၏။
“အိုး သမားတော်ကြီးလျူ... ဆုံရတာ ဝမ်းသာလိုက်တာ။”
ဇူအန်သည် သူတို့အနားသို့ ရောက်ရှိလာသည့်အချိန်တွင် အတိုင်းထက်အလွန် ဝမ်းမြောက်လှသဖြင့် ဝမ်းသာအားရ ခုန်ပေါက်လုနီးပါး ဖြစ်နေရှာသည်။ သူမအနေဖြင့် ဤပြိုင်ပွဲအတွက် ရွေးချယ်ခံရသည့်အပေါ် မည်သည့်အတွက်ကြောင့် ဤမျှလောက်အထိ အံ့အားသင့်နေရသလဲဆိုသည်ကို လျူကျင်း ကိုယ်တိုင်မူ နားမလည်နိုင်ချေ။
သူမက နာမ်ဝိညာဉ်သ န္ဓေတည်အဆင့်သို့ ရောက်ရှိထားသည့် အတွင်းစည်းတပည့်တစ်ယောက်ပဲကိုး။
“ဇူအန့် ကို မြင်ရတာ ဝမ်းသာပါတယ်ကွယ်။ လျူကျင်း ဂိုဏ်းကိုယ်စားလှယ်အဖွဲ့တွေ စုဝေးနေတဲ့နေရာဆီ ခေါ်သွားဖို့ စောင့်နေတာ ထင်တယ်၊ ဟုတ်လား။”
ဇူအန်က ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်တော့သည်။
“ပြိုင်ပွဲဝင်တွေက တခြားဂိတ်တံခါးကနေ ဝင်ရမှာ အကိုလျူ၊ ပြီးတော့ တို့တွေက တခြားဂိုဏ်းသားတွေနဲ့လည်း အရင်ဦးဆုံး သွားပူးပေါင်းဖို့ လိုသေးတယ်လေ။”
လျူကျင်း တစ်ယောက် ငိုတောင်ငိုချင်လာမိတော့သည်။ သူ ဤကိစ္စအတွက် ဇူအန်ကို အပြစ်မတင်လိုသော်လည်း... အမှန်အတိုင်းဆိုလျှင် ထိုနေရာသို့ မသွားချင်တော့လောက်အောင်အထိပင် ဖြစ်သွားရရှာသည်။
ဤပြိုင်ပွဲကြီး ပြီးဆုံးသွားသည့် အချိန်ကျလျှင် သူ၏ဖခင်ဖြစ်သူမှာ ယခုကဲ့သို့ စကားပြောကောင်းသည့် စိတ်အခြေအနေမျိုး ရှိနေဦးမည်လားဟူသည်ကို မည်သူသိနိုင်ပါအံ့နည်း။ ယနေ့ပြောခဲ့သည့် စကားများသည် နှစ်ပေါင်းများစွာအတွင်း ဖခင်ဖြစ်သူအနေနှင့် မိမိ၏ အတိတ်အကြောင်းကို အများဆုံး ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့သော အဖိုးတန်လှသည့် အခွင့်အရေးမျိုး နောက်တစ်ကြိမ် ဘယ်သောအခါမှ ပြန်လည်ပေါ်ပေါက်လာဦးမည်နည်းဆိုသည်ကို အတတ်မပြောနိုင်ချေ။
“ဒါဆိုရင်လည်း... အဖေ့ကြောင့်နဲ့ အချိန်မဆွဲပါနဲ့တော့ကွယ်။ ဂရုစိုက်သွားကြနော်။ ပျော်ပျော်ပါးပါး ဝင်ပြိုင်ကြ”
“စိတ်ချပါ သမားတော်ကြီးလျူ။ ကျွန်မ သူ့ကို ပျော်အောင် ထားပါ့မယ်။ အစ်ကိုလျူကတော့ ဒီပြိုင်ပွဲကြီးတစ်ခုလုံးကို အပြတ်အသတ် လွှမ်းမိုးချုပ်ကိုင်ပစ်မှာ သေချာတယ်ရှင့်”
ဇူအန်သည် ထိုသို့ ပြောဆိုနေရင်းမှာပင် လျူကျင်းကို လူအုပ်ကြီးကြားထဲမှ ဆွဲခေါ်သွားခဲ့လေပြီ။ လျူကျင်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိရင်း... လွဲချော်သွားခဲ့ရသည့် အဖိုးတန်အခွင့်အရေးကြီးအတွက် ရင်ထဲ၌ နှမြောတသစွာ ဝမ်းနည်းမိနေတော့သည်။
“အစ်ကိုလျူ... အဆင်ပြေရဲ့လားဟင်။”
ဇူအန်က သူ၏ စိတ်မကောင်းဖြစ်နေသော အမူအရာကို နောက်ဆုံးတွင် သတိပြုမိသွားကာ မေးမြန်းလိုက်ခြင်း ဖြစ်၏။
“အင်း...” အတန်ကြာမှ လျူကျင်းက ဆိုလိုက်သည်။
“အဆင်ပြေပါတယ်။”
လျူကျင်း စက္ကန့်အနည်းငယ်ခန့် နှမြောတသ ဝမ်းနည်းစိတ်ဖြစ်ပွားပြီးနောက်... ခေါင်းကို ခါယမ်းလိုက်ရင်း သူ၏ အာရုံများကို ပြန်လည်စုစည်းကာ စိတ်ထဲမှ အရှုပ်အထွေးများကို ရှင်းလင်းပစ်လိုက်တော့သည်။
“ဒါနဲ့... ငါတို့က တခြားသူတွေနဲ့ ဘယ်နေရာမှာ ဆုံရမှာလဲ။”
သူက ဤမေးခွန်းကို ဇူအန်ထံသို့ မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း... သူ့ကို ပြန်လည်ဖြေကြားခဲ့သူမှာမူ ဇူအန် မဟုတ်ခဲ့ချေ။
“နောက်ဆုံးတော့ ရောက်လာကြပြီလားဗျာ။ ကျွန်တော် ဒီမှာ စောင့်နေရတာ နာရီပေါင်းများစွာ ကြာနေပြီ။”
အော်... ဒါဆိုရင် ဒီနေရာပေါ့။
လျူကျင်းသည် သူ၏ မျက်နှာအမူအရာကို တည်ကြည်အေးစက်နိုင်သမျှ အအေးစက်ဆုံး ဖြစ်အောင် ထိန်းချုပ်လိုက်ရင်း နှာခေါင်းကြီး လီ ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ထိုအတွင်းစည်းတပည့်မှာ ယခင်ကထက် အရပ်မောင်း ပိုမိုမြင့်မားလာခဲ့သလို၊ ကျင့်ကြံခြင်းအဆင့်နှင့် နှာခေါင်းအရွယ်အစားကလည်း ပိုမိုကြီးမားထင်ရှားလာခဲ့ချေပြီ။
“နာရီပေါင်းများစွာ ဟုတ်လား...။ ငါ့အမြင်မှာတော့ အခုအချိန်က တော်တော်လေး စောပါသေးတယ်လို့ ထင်မိတာပဲ။”
နှာခေါင်းကြီး လီသည် သူ၏ လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ပေါ်၌ ပိုက်လိုက်ပြီးနောက်... သူ၏ ကြီးမားလှသော နှာခေါင်းကြီးကို ကောင်းကင်ဘုံဆီသို့ ပင့်မြှောက်လျက် မောက်မာသောအမူအရာဖြင့် သူ၏ အရပ်အမောင်းကို အစွမ်းကုန် ဆန့်ထုတ်ကာ ရပ်တည်လိုက်ရင်း—
“သခင်လေးက... ကျွန်တော်တို့ ရှောင်ဂိုဏ်းအနေနဲ့ တခြားသူတွေ အတုယူလိုက်နာရမယ့် စံနမူနာကောင်းတစ်ခု ဖြစ်အောင် ပြသရမယ်လို့ မှာထားလို့ဗျ..”
နှာခေါင်းကြီး လီက ထိုသို့ ကြုံးဝါးပြောဆိုလိုက်သော်လည်း... လျူကျင်းကမူ ရှောင်ဖန်းကိုယ်တိုင် ဤနေရာ၌ နာရီပေါင်းများစွာ ကြိုတင်စောင့်ဆိုင်းနေခဲ့လိမ့်မည် မဟုတ်ကြောင်း သေချာပေါက် သိနေသည်။ အမှန်စင်စစ်အားဖြင့်မူ သူသည် ထိုကဲ့သို့ စောင့်ဆိုင်းခြင်း အမှုကိစ္စကို နှာခေါင်းကြီး လီအား သူ့ကိုယ်စား ခိုင်းစေခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
“ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ... သခင်လေး ရှောင်ဖန်းက စောင့်ဆိုင်းနေပါတယ်။”
နှာခေါင်းကြီး လီက သူတို့အား ကျောခိုင်းလျက် ရှေ့မှဦးဆောင်ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက်... ဇူအန်သည် သူ၏နောက်ကျောကို ကြည့်ကာ မျက်နှာအမူအရာအမျိုးမျိုး ပျက်ပြက်လျက် သရော်ကျီစယ်ရင်း လိုက်ပါသွားခဲ့လေသည်။ လျူကျင်း ရယ်မောချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်အီးထိန်းချုပ်လိုက်ရ၏။ ထိုအပြုအမူမှာ လွန်စွာ ပျော်စရာကောင်းလှသော်လည်း... ယခုအချိန်မှာ နှာခေါင်းကြီး လီနှင့် ရန်ငြိုးရန်စအသစ်များ ဖြစ်ပေါ်အောင် ဆွပေးရမည့် အချိန်မဟုတ်ပါချေ။
အကြောင်းမူ သူတို့တွင်... သေချာပေါက် အောင်နိုင်ရမည့် ပြိုင်ပွဲကြီးတစ်ခု ရှိနေသောကြောင့် ဖြစ်ပေသည်။