အခန်း ၅၁
Vol. 6 Ch. 51
အခန်း ၅၁ ။ ဝမ်ရုံ နှင့် ချန်ဝေ
လျူကျင်း တစ်ယောက် တကယ်ကြီး အရှုံးပေးလိုက်လေပြီ။
သူ၏ နှုတ်ထွက်စကားလုံးများသည် ကိုက်အနည်းငယ်အကွာအဝေးသို့ပင် ကောင်းမွန်စွာ မရောက်ရှိနိုင်ခဲ့သော်လည်း... ထိုစကားကို ကြားလိုက်ရသော ပုဂ္ဂိုလ်များအတွက်မူ တစ်ကမ္ဘာလုံး ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။ လျူကျင်း၏ ဆုံးဖြတ်ချက်မှာ ထိုမျှလောက်အထိပင် မထင်မှတ်ထားလောက်အောင် ထူးဆန်းလွန်းလှပေသည်။
ချွေထျန်း ကိုယ်တိုင်ပင်လျှင် လျူကျင်းအား မှင်တက်မိလျက် ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိတော့သည်။ သူ ယခုလေးတင် ကြားလိုက်ရသည့်အရာကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရရှာ၏။
သေချာသည်မှာ... ချွေထျန်းသည် လျူကျင်းအား အရှုံးပေးရန် ပြောခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ နာမ်ဝိညာဉ်သန္ဓေတည်ပထမအဆင့်သို့ ရောက်ရှိထားသည့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ ထိုသို့ ပြောဆိုခြင်းမှာ လွန်စွာ သဘာဝကျလှပေသည်။
အတွင်းအားစုစည်းခြင်း နဝမမြောက်အဆင့် သို့ ရောက်ရှိထားသူပင်လျှင် ချွေထျန်းကဲ့သို့သော ပြိုင်ဘက်နှင့် ဆုံတွေ့ပါက သေချာပေါက် ရှုံးနိမ့်ရမည်ဖြစ်ရာ... လျူကျင်းမှာမူ သတ္တမမြောက်အဆင့် မျှသာ ရှိသေးသူ ဖြစ်၏။ ကျင့်ကြံခြင်းအဆင့်အတန်း တစ်ခုနှင့်တစ်ခုကြားရှိ ကွာဟချက် ကွဲပြားမှုမှာ ထိုမျှလောက်အထိပင် ကြီးမားနက်ရှိုင်းလှပေသည်။
သို့သော်ငြားလည်း... ချွေထျန်းအနေဖြင့် လျူကျင်းက ထိုစကားအတိုင်း တကယ်ကြီး လိုက်နာပြီး ချက်ချင်း အရှုံးပေးလိမ့်မည်ဟုတော့ တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
ဤပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာ ကိုယ်စားပြုနေကြခြင်း မဟုတ်ပါချေ။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက်တင်မကဘဲ... မိမိတို့ နောက်ခံအသီးသီးရှိ အဖွဲ့အစည်းများ၏ သိက္ခာတရားအတွက်ပါ ပူပန်ကြရသူများ ဖြစ်ကြသည်။
ထို့ကြောင့်ပင် သူတို့သည် မိမိတို့ကိုယ်ကိုယ် အရှက်ကင်းမဲ့သော အပြုအမူမျိုး ပြုလုပ်ရန် ဘယ်သောအခါမျှ ခွင့်မပြုနိုင်ကြချေ။ ထိုကဲ့သို့သော အပြုအမူများသည် မိမိတို့၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများ အပေါ်တွင် အမည်းစက် ထင်ကျန်ရစ်စေမည် ဖြစ်သောကြောင့် ဖြစ်၏။
ရှောင်ဂိုဏ်း ကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရသူတစ်ဦးအနေဖြင့်မူ... လျူကျင်း၏ ပုခုံးပေါ်တွင် တင်ရှိနေသော ဝန်ထုပ်ဝန်ပိုးမှာ အခြားသူများထက် အဆပေါင်းများစွာ ပိုမိုလေးလံလှပေသည်။ အထူးသဖြင့် သူသည် ရှောင်ကျန်း၏ သမက်လောင်း ဖြစ်နေသောကြောင့် ဖြစ်၏။
သူ့အပေါ်တွင် သက်ရောက်နေသော ဖိအားစက်များအရ... သူ အရှုံးပေးနှုတ်ထွက်လိမ့်မည်ဟူသည်မှာ မည်သို့မျှ တွေးတော၍မရနိုင်သော အရာဖြစ်သင့်သလို၊ အထူးသဖြင့် ပြိုင်ပွဲကြီး၏ ပထမဦးဆုံးသော တိုက်ပွဲတွင်ပင် ဤသို့ ပြုလုပ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
အကယ်၍သာ လျူကျင်းသည် ပွဲစဉ်အနည်းငယ်ခန့်တွင် ပါဝင်ဆင်နွှဲပြီးနောက်မှ အရှုံးပေးခဲ့မည်ဆိုပါက... ၎င်းကို ယုတ္တိတန်သော လက်ခံနိုင်ဖွယ်ရာ အခြေအနေတစ်ခုအဖြစ် သတ်မှတ်ပေးကြပေလိမ့်မည်။
သို့သော်ငြားလည်း... ယခုပွဲမှာ သူ၏ ပထမဦးဆုံးသော ပွဲစဉ် ဖြစ်နေခဲ့ချေသည်တကား။ လျူကျင်းသည် တိုက်ကွက်တစ်ခုမျှပင် အပြန်အလှန် လွှဲယမ်းခြင်း မရှိသေးခင်မှာတင် ချက်ချင်း လက်မြှောက်အရှုံးပေးလိုက်ခြင်းဖြစ်ပြီး၊ ထိုသို့ ပြုလုပ်ခဲ့သည်မှာလည်း အသစ်စက်စက် တည်ထောင်ထားသော အဖွဲ့အစည်းငယ်တစ်ခုမှ တိုက်ခိုက်ရေးသမားနှင့် ဆုံတွေ့ချိန်တွင် ဖြစ်၏။ မည်သည့်ရှုထောင့်ကနေပဲ ကြည့်ကြည့်... လျူကျင်းသည် တကယ့်ကို ဆိုးရွားလွန်းလှသော ကနဦးအထင်အမြင်မျိုး ကို ပေးစွမ်းလိုက်ခြင်းပင် ဖြစ်တော့သည်။
အမှန်စင်စစ်အားဖြင့်လည်း... လူတို့၏ အစဦး ထိတ်လန့်တုန်လှုပ်မှုများ တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့ပြီးနောက်၊ လျူကျင်းအား စိုက်ကြည့်နေကြသော ပွဲကြည့်ပရိသတ်များ၏ မျက်ဝန်းအစုံမှာ အထင်မြင်သေးမှုများနှင့်အတူ အေးစက်စက် အကြည့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင်... ထိုသူတို့၏ စိတ်ထဲ၌ သူ့အပေါ်ထားရှိသော အထင်အမြင်မှာ ယခင်ကထက်ပင် ပိုမို၍ နိမ့်ကျဆိုးရွားသွားခဲ့ရချေပြီ။
ရှောင်ဂိုဏ်းက လျူကျင်း ဆိုတာ... ဘာကောင်မှမဟုတ်တဲ့ သူရဲဘောကြောင် အောက်တန်းစားတစ်ယောက်ပဲ။
၎င်းကပင် ထိုအခိုက်အတန့်၌ အုပ်စု (၂၇) ရှိ လူအပေါင်းတို့ တညီတညွတ်တည်း သတ်မှတ် ဆုံးဖြတ်လိုက်ကြသည့် အချက်ပင် ဖြစ်တော့သည်။
သို့သော်လည်း... လျူကျင်းကတော့ ထိုအချက်အပေါ် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပါချေ။ သူသည် မိမိထံသို့ စူးစိုက်ကျရောက်နေသော အထင်သေးမျက်လုံးများအားလုံးကို အရေးမစိုက် လျစ်လျူရှုထားလိုက်ရင်း... သူ၏ခေါင်းကို မတ်မတ်မော့လျက် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှနေ၍ အေးဆေးတည်ငြိမ်စွာပင် လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။ ချွေထျန်းမှာမူ သူ၏ ရုတ်တရက် ရရှိလိုက်သော လွယ်ကူလွန်းလှသည့် အောင်ပွဲကြောင့် မှင်တက်မိနေဆဲဖြစ်ရာ နေရာမှ ရွေ့လျားနိုင်ဖို့အတွက် နောက်ထပ် အချိန်အနည်းငယ် ယူလိုက်ရရှာသည်။ အတန်ကြာမှသာ... တိုက်ခိုက်ရေးသမားအသစ်များကို ထပ်မံခေါ်ယူလိုက်ပြီးနောက် ပွဲစဉ်အသစ်တစ်ခု ပြန်လည်စတင်သွားခဲ့လေတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးဖြင့်ပင်... အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ပြိုင်ပွဲကြီး၏ ပထမဦးဆုံးသော တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ရလေပြီ။
လျူကျင်းသည် တိုက်ခိုက်ရေးစင်မြင့်ထက်၌ ယှဉ်ပြိုင်နေကြသော တိုက်ပွဲအပေါ်သို့ သူ၏အာရုံများကို အတတ်နိုင်ဆုံး စုစည်းထားရန် ကြိုးစားနေရှာသည်။ သို့သော်ငြားလည်း... သူ၏နောက်ကျောဆီသို့ စူးစိုက်ကျရောက်နေသည့် ချွေထျန်း ၏ စူးရှလှသော အကဲခတ်မျက်လုံးများကြောင့် ထိုသို့ အာရုံစိုက်ရန် ခဲယဉ်းလှပေသည်။ ထိုအကြည့်များမှာ အလွန်ပင် ပြင်းထန်လှသဖြင့် လျူကျင်းအား သက်ပြင်းတစ်ချက်ပင် အသာချချင်စိတ် ပေါက်သွားစေတော့သည်။
ဒီလိုပုံစံမျိုးနဲ့ ဒီလိုပြုမူတတ်တဲ့ လူတစ်ယောက်ဟာ ဗလသာရှိပြီး ဦးနှောက်မရှိတဲ့ လူစားမျိုး ဖြစ်ရမှာမဟုတ်ဘူးလား။
လျူကျင်းအနေဖြင့် ထိုလူသည် လွယ်လွယ်ကူကူ အနိုင်ရရှိသွားပြီးနောက် မောက်မာဝင့်ကြွားလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့ဖြစ်မည့်အစား ဤအောင်ပွဲက ချွေထျန်းအား ပိုမို၍ သတိကြီးစွာ ထားတတ်လာစေပုံရသည်။ အခြားသူအားလုံးက လျူကျင်းအား သူရဲဘောကြောင်သူတစ်ဦးအဖြစ် သတ်မှတ်ကာ လျစ်လျူရှုလိုက်ကြသော်လည်း... ချွေထျန်းကမူ သူ့အား ယခုထက်ထိ အဖြေရှာရန် ကြိုးစားနေရဆဲဖြစ်သော ပုစ္ဆာတစ်ပုဒ်ကဲ့သို့ စူးစိုက်ကြည့်ရှုနေဆဲပင် ဖြစ်၏။
လျူကျင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒါမှမဟုတ်... ငါက ကြောက်လန့်တုန်လှုပ်နေတဲ့ ပုံစံမျိုး ဟန်ဆောင်ခဲ့ရမှာလား။
ထိုသို့ တွေးမိခြင်းကပင် သူ့အတွက်တော့ လွန်စွာ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်။ လျူကျင်းသည် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အထူးတလည် စိတ်ဝင်စားခြင်း မရှိပါသော်လည်း... မိမိကိုယ်ကိုယ် သိက္ခာကျအောင် လုပ်ရမည့် စိတ်ကူးမျိုးကိုမူ ဘယ်လိုမှ သဘောမကျနိုင်ပါချေ။ ထို့ပြင် ကြောက်လန့်နေသကဲ့သို့ ဟန်ဆောင်ပြခြင်းက သူ့အတွက် ဒုက္ခများစွာကိုသာ သေချာပေါက် ဖိတ်ခေါ်လာပေလိမ့်မည်။
ပထမဦးဆုံး ပွဲစဉ်ကို သူ အလွယ်တကူ အရှုံးပေးလိုက်ကြောင်း ကြားသိရမည့် အချိန်တွင် ပေါ်ပေါက်လာမည့် ရှောင်ဖန်း၏ ခက်ထန်လှသော မျက်နှာပေးကို သူ အခုကတည်းကပင် ကြိုတင်မြင်ယောင်နေမိပြီ ဖြစ်၏။
သူ သေချာပေါက် အကြီးအကျယ် ဆူပူကြိမ်းမောင်းခံရပေဦးမည်။
“ရှောင်ဂိုဏ်းက လျူကျင်းနဲ့ ဝမ်မိသားစုက ဝမ်ရုံ...။”
သူ့အမည်ကို ခေါ်ဆိုလိုက်သောအခါ လျူကျင်းသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ တည်ငြိမ်စွာ လှမ်းတက်လိုက်သည်။ ပထမအလှည့် ပွဲစဉ်များအားလုံးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သူ၏ပြိုင်ဘက်အမည်မှာ သတင်းအချက်အလက် မှတ်တမ်းများထဲတွင် သူ မြင်တွေ့မှတ်မိထားဖူးသော အမည်တစ်ခု ဖြစ်သည်။ ဝမ်ရုံ သည် ယွန်းဂိုဏ်း ၏ လက်အောက်ခံဖြစ်ပြီး အသင့်အတင့် ကြွယ်ဝချမ်းသာသော ဝမ်မျိုးနွယ်စု၏ မိသားစုခွဲတစ်ခုမှ ဖြစ်၏။
သူတို့မိသားစု၏ သားအကြီးဆုံးဖြစ်သူ ဝမ်ရှန်း မှာမူ ယွမ်ဂိုဏ်း၏ ဂိုဏ်းမွေခံတပည့်တစ်ဦး ဖြစ်ပေသည်။
“အာ... တကယ် ကံကောင်းတာပဲ။ ကံကောင်းလိုက်တာဗျာ ”
ဝမ်ရုံက လျူကျင်းအား မျက်နှာတစ်ခုလုံး အပြုံးကြီး ဆင်မြန်းလျက် စိုက်ကြည့်လိုက်ရင်း—
“လေးစားအပ်တဲ့ ရှောင်ဂိုဏ်းက လူတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့လည်း... ရှောင်ဂိုဏ်းက ဖြစ်နေပါစေဦးတော့... ဒီလောက်ငယ်ရွယ်တဲ့ ညီလေးဟာ ဒီ ဝမ်ရုံရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားရမယ်နော်။”
လျူကျင်း ဘာစကားမှ ပြန်မပြောချေ။ သူသည် တိုက်ခိုက်ရေး ကိုယ်ဟန်အနေအထားတစ်ခုကိုသာ အေးဆေးစွာ ယူလိုက်တော့သည်။
“ကဲပါဗျာ... ဒီ အစ်ကိုကြီးက ညီလေးကို စေတနာနဲ့ အကြံဉာဏ်ပေးဖို့ ကြိုးစားနေတာပါ” ဟု ဝမ်ရုံက ပိုမို၍ ဆွပေးလိုက်ပြန်သည်။
“ညီလေးအနေနဲ့ အကိုတို့ အချင်းချင်းကြားက ကျင့်ကြံခြင်းအဆင့်အတန်း ကွာဟချက်ကို သေချာပေါက် ခံစားမိမှာပါ။ တကယ်လို့ ညီလေးသာ ဉာဏ်ရှိမယ်ဆိုရင်တော့ အခုပဲ အရှုံးပေးနှုတ်ထွက်လိုက်တာ အကောင်းဆုံးပဲ။”
ဝမ်ရုံက ထိုသို့ပြောဆိုရင်း သူ၏ ချီ စွမ်းအင်များကို ရုတ်တရက် ပေါက်ကွဲထွက်ပေါ်စေကာ တိုက်ခိုက်ရေးစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံအုပ်မိုးသွားစေခဲ့သည်။ ထိုအပြုအမူမှာ လျူကျင်းအတွက်တော့ အဓိပ္ပာယ်မဲ့လွန်းလှပေသည်။ ဤပွဲစဉ်ကို တရားဝင်မကြေညာမီကတည်းကပင် လျူကျင်းသည် ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြိုတင်သိရှိထားပြီးသား ဖြစ်သောကြောင့် ဖြစ်၏။
အတွင်းအားစုစည်းခြင်း အဋ္ဌမမြောက်အဆင့် ...။
ကျင့်ကြံခြင်းအဆင့် တစ်ဆင့်မျှသာ ကွဲပြားခြားနားသည်ကို ထိုမျှလောက်အထိ ပြုမူဝံ့သည်မှာ တကယ့်ကို အံ့ဩစရာပင် ဖြစ်သည်။မိမိအနေဖြင့် ပထမပွဲစဉ်တွင် တကယ့်ကို ဆိုးရွားလှသော အထင်အမြင်မျိုး ပေးစွမ်းခဲ့မိ၍လား... ဝမ်ရုံက ထိုမျှလောက်သော အဆင့်ဖြင့်ပင် မိမိအား ခြိမ်းခြောက်တုန်လှုပ်သွားစေနိုင်လိမ့်မည်ဟု ထင်မှတ်နေခဲ့ပုံရသည်။
“အိုး... ရှောင်ဂိုဏ်းကလူတွေဟာ စကားပြောခံရတဲ့အချိန်မှာ ကိုယ့်ထက်အသက်ကြီးတဲ့သူကို ပြန်မထူးရလောက်အောင်အထိကို ဒီလောက်တောင် ရိုင်းစိုင်းကြတာလား။”
လျူကျင်း နောက်တစ်ကြိမ် ဘာစကားမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဝမ်ရုံ ကို တမင်သက်သက် ဒေါသထွက် စိတ်အနှောင့်အယှက်ဖြစ်စေရန်အတွက် ဤသို့ ပြုလုပ်လိုက်ခြင်း ဖြစ်၏။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ရုံ၏ နဖူးထက်တွင် ဒေါသကြောင့် သွေးကြောများ တဖျပ်ဖျပ် တုန်ခါလာခဲ့ရလေတော့သည်။ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်နှင့်အမျှ သူ၏ သန်မာလှသော ကြွက်သားကြီးများမှာလည်း ဖောင်းကြွလာခဲ့ကြ၏။ ချွေထျန်း လောက် ကိုယ်လုံးကိုယ်ထည် မကြီးမားသော်ငြားလည်း ဝမ်ရုံ၏ ကိုယ်ခန္ဓာမှာ လျူကျင်းထက်စာလျှင် အဆပေါင်းများစွာ ပိုမိုကြီးမားနေဆဲပင် ဖြစ်သည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း ဒီအစ်ကိုကြီးက မင်းကို မှန်ကန်တဲ့ သွန်သင်ဆုံးမမှုမျိုး သေချာပေါက် ပေးရတော့မှာပေါ့။”
“စတင်စေ...”
ပြိုင်ပွဲတာဝန်ခံ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် ဝမ်ရုံသည် အချိန်ဆိုင်းမနေဘဲ ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်တိုက်ခိုက်လာခဲ့တော့သည်။
အကယ်၍ လျူကျင်းအနေနှင့် ထိုလူအား လဆန်းမြို့ငယ်တုန်းက သူ ရင်ဆိုင်ခဲ့ရသည့် ဓားပြများနှင့် နှိုင်းယှဉ်ရမည်ဆိုပါက... ဝမ်ရုံသည် ခွန်အား၊ အရှိန်နှင့် တိုက်ခိုက်ရေးအတတ်ပညာပိုင်းတွင် သံသယဖြစ်စရာမလိုဘဲ အပြတ်အသတ် သာလွန်လှပေသည်။ အကယ်၍ ‘ဝက်ဝံနက်အဖွဲ့’ ဓားပြများနှင့် ဤပြိုင်ပွဲ အားအခြေအနေ ချင်း နှိုင်းယှဉ်ရမည်ဆိုပါက.. (လျူကျင်း၏ခွန်အားနှင့်အရှိန်အဟုန်က အတူတူလောက်ပဲ ရှိသော်လည်း)သူ၏ တိုက်ခိုက်ရေးဗျူဟာအတတ်ပညာသည် ပိုကောင်းသော သီးခြားအဆင့်အတန်းတစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... အကယ်၍ သူ့အား ရှောင်ဖန်းနှင့်သာ နှိုင်းယှဉ်ရမည်ဆိုလျှင်မူ...
ထိုသို့ နှိုင်းယှဉ်နေခြင်းကပင် လုံးဝ အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
လျူကျင်းသည် အနည်းဆုံးသော ကိုယ်ခန္ဓာလှုပ်ရှားမှုကိုသာ အသုံးပြုလျက် ဘေးဘက်သို့ ဖျတ်ခနဲ ရှောင်တိမ်းလိုက်သည်။ ပွဲကြည့်နေကြသော ပရိသတ်များ၏ အမြင်တွင်မူ... သူသည် ဒဏ်ရာရမည့်ဘေးမှ သီသီလေးသာ ရှောင်ကွင်းနိုင်ခဲ့သည့်အလား ထင်မှတ်ရပေလိမ့်မည်။ ဝမ်ရုံကမူ မိမိကိုယ်ကိုယ် သာလွန်သည်ဟူသော အထင်အမြင်ဖြင့် စိတ်ဓာတ် ပိုမိုတက်ကြွလာကာ ခပ်ပြုံးပြုံး ပြုလုပ်လိုက်ရင်း... သူ၏ တိုက်ကွက်အရှိန်အဟုန်ကို မြှင့်တင်ကာ လျူကျင်းထံသို့ ပြင်းထန်လှသော လက်သီးချက်၊ ခြေကန်ချက်ပေါင်းများစွာကို တရစပ် ဦးတည်ပစ်လွှတ်လိုက်တော့သည်။
သို့သော်လည်း... လျူကျင်းကတော့ လျင်မြန်စွာဖြင့် ဆက်လက်ရှောင်တိမ်းနေခဲ့မြဲ ဖြစ်ပေသည်။
သူ၏ တိုက်ကွက်တစ်ခုချင်းစီတိုင်းမှာ လျူကျင်းအား သီသီလေးသာ လွဲချော်သွားခဲ့ရသည်။ တစ်ခါတရံတွင် လက်မဝက်ခန့်သာ လိုတော့သလို၊ တစ်ခါတရံတွင် ထိုထက်ပင် ပိုမိုနီးကပ်လှပေသည်။
မိမိ၏ ပစ်မှတ်နှင့် ဤမျှလောက်အထိ နီးကပ်နေပါလျက် နောက်ဆုံး၌ အမြဲတစေ ရှုံးနိမ့်လွဲချော်နေရသည်ဟူသော ခံစားချက်ကြီးက ဝမ်ရုံ အား တဖြည်းဖြည်းချင်း စိတ်ဓာတ်ကျဆင်းလာစေတော့သည်။ သူ၏ မျက်နှာထက်တွင် စိတ်ပျက်ဒေါသထွက်မှု အရိပ်အယောင်များကို အထင်အသား မြင်တွေ့လာရ၏။ င်
သူ၏ လှုပ်ရှားမှုများမှာလည်း ပိုမိုရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ရပြီး တိုက်ကွက်များထဲသို့ ခွန်အားများကို တရစပ် ပိုမိုထည့်သွင်းလာခဲ့တော့သည်။ နောက်ထပ်ပွဲစဉ်များအတွက် ခွန်အားများကို အချိုးကျကျ ချွေတာသုံးစွဲရမည်ဟူသော အတွေးများကိုလည်း လောကြီးနေသည့် စိတ်ကြောင့် လုံးဝ စွန့်လွှတ်ပစ်လိုက်တော့သည်။
သူ၏ စိတ်ပျက်ဒေါသထွက်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်မူ... တိုက်ကွက်၌ ကြီးမားလှသော ဟာကွက် တစ်ခု ပေါ်ပေါက် လေသည်။
လျူကျင်းသည် ရှေ့သို့ ဖျတ်ခနဲ တိုးဝင်လိုက်ရင်း၊ သူ၏ ကိုယ်ခန္ဓာကို အောက်သို့ ခပ်နိမ့်နိမ့် ကိုင်းညွတ်လျက် ဝမ်ရုံ၏ ခုခံကာကွယ်မှု မျက်နှာစာများကို စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်ဝင်ရောက်သွားခဲ့တော့သည်။
သူ၏ လက်ဝါးချက်က ဝမ်ရုံ၏ ကိုယ်ခန္ဓာပေါ်သို့ အားပြင်းစွာ သက်ရောက်သွားသည့် ရိုက်ခတ်သံကြီးတစ်ခုမှာ တိုက်ခိုက်ရေးကွင်းပြင်ကြီးတစ်ခုလုံးသို့ ဟိန်းထွက်သွားခဲ့ရလေသည်။ ဝမ်ရုံ၏ ကိုယ်ခန္ဓာကြီးမှာ တိုက်ခိုက်ရေးစင်မြင့် အပြင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် လွင့်စင်ထွက်ခွာသွားခဲ့တော့၏။ စင်မြင့်ဘေးတွင် ရပ်ကြည့်နေကြသော သူများသည်လည်း ထိုလူသား လောက်စာလုံးကြီး၏ အရှိန်အဟုန်နှင့် မငြိစွန်းစေရန်အတွက် ဘေးဘက်သို့ ခပ်သွက်သွက် ရှောင်ကွင်းလိုက်ကြသဖြင့် ဝမ်ရုံ၏ ခန္ဓာကိုယ်ကြီးမှာ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားခဲ့ရလေတော့သည်။
သူ နောက်တစ်ကြိမ် ပြန်လည်မတ်တတ်မရပ်နိုင်တော့ချေ။
ပြိုင်ပွဲတာဝန်ခံ အရာရှိသည် သူ၏ လက်ကို အထက်သို့ ပင့်မြှောက်လိုက်ရင်း—
“အနိုင်ရရှိသူ... ရှောင်ဂိုဏ်း က လျူကျင်း...”
အောင်ပွဲကို အတိအလင်း ကြေညာလိုက်ပြီးနောက်၊ လျူကျင်းသည် သူ့ထံသို စူးစိုက်ကျရောက်နေသော မျက်ဝန်းအစုံအားလုံးကို အပြည့်အဝ သတိပြုမိလျက် တိတ်ဆိတ်စွာပင် စင်မြင့်ပေါ်မှ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။ ထုံးစံအတိုင်းပင်... လူတို့၏ ရင်တွင်းအတွေးအမြင်များမှာ သူတို့၏ မျက်နှာထက်၌ မည်သို့ ကူးပြောင်းပေါ်လွင်နေသနည်းဟူသည်ကို စောင့်ကြည့်ရခြင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းလှသော အတွေ့အကြုံတစ်ခု ဖြစ်ပေသည်။ သူသည် ဤတစ်ကြိမ်တွင်မူ လုံးဝ ထူးခြားဆန်းပြားသော အကြောင်းပြချက်တစ်ခုဖြင့် ထိုလူအုပ်ကြီးအား နောက်ထပ်တစ်ကြိမ် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေရန် စွမ်းဆောင်နိုင်ခဲ့ပုံရပေသည်။
သို့သော်ငြားလည်း... လူအများစုမှာ မိမိတို့ကိုယ်ကို ဆင်ခြေပေးကာ နှစ်သိမ့်ရန်အတွက် အကြောင်းပြချက်များကို ချက်ချင်းပင် ရှာဖွေလိုက်ကြတော့သည်။
ဝမ်ရုံက အလောတကြီးနဲ့ စိတ်မရှည်လွန်းသွားတာပဲ။
၎င်းက ထိုလူအုပ်ကြီး စိတ်ထဲ၌ တွေးတောလိုက်ကြသည့် အချက်ပင် ဖြစ်၏။ သူ၏ ပြိုင်ဘက်ဖြစ်သူမှာ ဝမ်ရုံ၏ တိုက်ကွက်များကို ဤမျှလောက်အထိ ကြာရှည်စွာ ရှောင်တိမ်းနိုင်ခဲ့ခြင်းမှာ ကံကောင်းလွန်း၍သာ ဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်ရပ်ကြောင့် ဝမ်ရုံ တစ်ယောက် စိတ်ရိုင်းဝင်ကာ မဆင်မခြင် ဖြစ်သွားခဲ့ရပြီး တိုက်ကွက်၌ ဟာကွက်တစ်ခု ပေါ်ပေါက်သွားစေခဲ့ခြင်း ဖြစ်သည်။ လျူကျင်းအနေဖြင့် ထိုဟာကွက်ကို အချိန်ကိုက် မြင်တွေ့သွားပြီး အခွင့်ကောင်း ယူနိုင်ခဲ့ခြင်းမှာ တကယ့်ကို ကံထူးသွားခြင်းသက်သက်သာ ဖြစ်၏။ တကယ်လို့သာ ထိုသို့ မဖြစ်ခဲ့ပါက လျူကျင်းအနေဖြင့် မည်သို့မျှ အနိုင်ရရှိနိုင်စရာ အကြောင်းမရှိပါချေ။
လျူကျင်းသည် အတွင်းအားစုစည်းခြင်းအဆင့် ၏သတ္တမမြောက်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်နေပါစေဦးတော့... သူသည် ထိုအဆင့်မတိုင်မီက ပထမအဆင့်မှာတင် သုံးနှစ်တိုင်တိုင် တစ်ဆို့နေခဲ့ရသည့် လူညံ့တစ်ဦး ဖြစ်သည်ဟူသော အမည်းစက် သမိုင်းဆိုးကြီး က သူ့ထံ၌ ကပ်ငြိနေဆဲပင် ဖြစ်၏။ သူသည် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်မှာ အချိန်အတိုင်းအတာအားဖြင့် အလွန်တရာ နည်းပါးလွန်းလှပေသည်။ ထို့ကြောင့်ပင် သူသည် အတွင်းအဆင့်၏ သတ္တမမြောက်အဆင့်မှာ ရှိနေခဲ့လျှင်ပင် ဝမ်ရုံကဲ့သို့သော ပြိုင်ဘက်မျိုးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိစရာ မလိုပါချေ။
ထိုအခိုက်အတန့်၌ ထိုသူတို့ အားလုံးက ထိုသို့သာ တစ်ထပ်တည်း တွေးတောနေကြခြင်း ဖြစ်၏။
သို့သော်လည်း... တစ်ဦးတည်းသော ပုဂ္ဂိုလ်ကမူ ထိုသို့ မဟုတ်ပါချေ။
လျူကျင်းသည် မိမိထံသို့ စူးစိုက်ကျရောက်နေဆဲဖြစ်သော ချွေထျန်း ၏ မျက်ဝန်းအစုံကို ခံစားမိလိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုမျက်ဝန်းများထဲ၌ အနည်းငယ်မျှပင် အထင်မြင်သေး လှောင်ပြောင်လိုသည့် အရိပ်အယောင်မျိုး ရှိမနေပါချေ။
၎င်းက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပေသည်။
သူ့အနေဖြင့် အခြားသူများ မိမိအား အထင်အမြင်သေးလာစေရန်အတွက် တမင်သက်သက် လှည့်စားဟန်ဆောင်ချင်သည့် ရည်ရွယ်ချက်မျိုး အစကတည်းကပင် မရှိခဲ့ပါချေ။ သူ ဆုံးဖြတ်ချက်ချမှတ်စဉ်အခါက ထိုကဲ့သို့သော လှည့်ကွက်မျိုးကို သူ၏ စိတ်ထဲ၌ တစ်ကြိမ်တစ်ခါမျှပင် တွေးတောမိခဲ့ခြင်း မရှိပါ။ မည်သို့ပင်ဆိုစေကာမူ... မိမိ၏ လျှို့ဝှက်ချက်ကို တစ်စုံတစ်ဦးက ဖောက်ထွင်းမြင်တွေ့နေရသည်ဟူသော အချက်ကတော့ မည်သို့ရှိစေ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေဆဲပင် ဖြစ်တော့သည်။
ပွဲစဉ်များသည် တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် ကျင်းပနေခဲ့ကြသည်။ ချွေထျန်း ကမူ နောက်ထပ်တစ်ကြိမ် ထပ်မံအနိုင်ရရှိသွားခဲ့ပြန်လေပြီ။ အုပ်စု (၂၇) တွင် ပါဝင်သော လူဆယ်ယောက်ထဲ၌ ချွေထျန်းသည် ယခုထက်ထိ တစ်ပွဲမျှ ရှုံးနိမ့်ခြင်းမရှိသေးသော ထိပ်သီးလေးယောက်ထဲမှ တစ်ဦး ဖြစ်၏။ သူသည် သံသယဖြစ်စရာမလိုဘဲ ဤအုပ်စု၏ ထိပ်ဆုံးနေရာမှနေ၍ နောက်တစ်ဆင့်သို့ တက်လှမ်းသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
“ရှောင်ဂိုဏ်း က လျူကျင်း နဲ့ ရွက်သစ်ခုနစ်လွှာ ကျောင်းတော် က ချန်ဝေ ...။”
သူ၏အမည်ကို နောက်ထပ်တစ်ကြိမ် ထပ်မံခေါ်ဆိုလိုက်ပြန်သဖြင့် လျူကျင်းသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ တည်ငြိမ်စွာဖြင့် လှမ်းတက်လိုက်ပြန်တော့သည်။
အသက် တဆယ့်လေးနှစ်အရွယ်ရှိပြီဖြစ်သော သူ၏ပြိုင်ဘက်မှာ ဤအုပ်စုတစ်ခုလုံး၌ အသက်အငယ်ဆုံးစာရင်းဝင် ဒုတိယမြောက် ပုဂ္ဂိုလ်ဖြစ်၏။ သူသည် အတွင်းအားစုစည်းခြင်းအဆင့်၏ နဝမမြောက်အဆင့် သို့ ရောက်ရှိထားသူဖြစ်ရာ... သူ၏အသက်အရွယ်နှင့်ယှဉ်လျှင် လွန်စွာ အထင်ကြီးစရာကောင်းလှသည့် တိုးတက်မှုပင် ဖြစ်သည်။ အထူးသဖြင့် သူသည် အသစ်စက်စက် တည်ထောင်ထားသော အဖွဲ့အစည်းငယ်တစ်ခုမှ ဆင်းသက်လာသူဖြစ်ကြောင်း ထည့်သွင်းစဉ်းစားမည်ဆိုပါက ပို၍ပင် အံ့ဩစရာကောင်းလှပေသည်။
“ငါ တကယ်ကြီး ရှောင်ဂိုဏ်းကလူနဲ့ တိုက်ရတော့မယ်ဆိုတာ မယုံနိုင်လောက်အောင်ပဲဗျာ။”
ချန်ဝေသည် လူငယ်သဘာဝအတိုင်း တက်ကြွလှုပ်ရှားလွန်းလှသော ဇီဝအသက်စွမ်းအားများကြောင့် ဝမ်းသာအားရဖြင့် နေရာမှာတင် ခုန်ပေါက်လုနီးပါး ဖြစ်နေရှာသည်။ ဝမ်ရုံ သို့မဟုတ် ချွေထျန်းတို့နှင့်မတူဘဲ... သူ၏ ကိုယ်ခန္ဓာမှာ ကျစ်လျစ်သွယ်လျပြီး နုပျိုသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ ထိုမျက်နှာမျိုးမှာ မိန်းကလေးအများစုက သေချာပေါက် သဘောကျနှစ်သက်ကြမည့် ရုပ်ရည်မျိုးပင် ဖြစ်၏။
“စိတ်တော့မရှိပါနဲ့ဗျာ... ဒါပေမဲ့ ငါ ဒီပွဲမှာ အနိုင်ယူပြီး အစ်ကိုကြီးထျန်းနဲ့အတူ နောက်တစ်ဆင့် တက်သွားမှာမို့လို့ပါ။”
လျူကျင်း သူ၏ခေါင်းကို ဘေးဘက်သို့ အနည်းငယ် စောင်းငဲ့လိုက်ရင်း—
“အော်... အဲဒီလိုလား။”
ချန်ဝေက ခေါင်းကို အကြိမ်ကြိမ် ဆတ်ဆတ်ညိတ်ပြလိုက်ရင်း—
“မင်း ဝမ်ရုံကို နိုင်ခဲ့တာ ဟုတ်နိုင်ပေမယ့်... ငါက သူ့ထက် အများကြီး ပိုသာတယ်။ အစ်ကိုကြီးထျန်းနဲ့လည်း ခဏခဏ လက်ရည်စမ်းဖူးတယ်။ ငါတို့ တစ်အုပ်စုတည်း ကျနေတာ ကိစ္စမရှိဘူး။ မင်းကို ဒီမှာတင် အပြတ်ဖြတ်ပြီး... ဒုတိယနေရာရဖို့ ကျန်တဲ့ပွဲတွေအကုန် သိမ်းကျုံးနိုင်ပြမယ်။ အဲဒီလိုနဲ့ ငါနဲ့ အစ်ကိုကြီးက ‘ရွက်သစ်ခုနစ်လွှာ ကျောင်းတော်’ နာမည်ကို ဒီဆိပ်ကမ်းမြို့တစ်ခုလုံး ဟိုးဟိုးကျော်သွားစေရမယ်။”
အော်... ဒါဆိုရင် သူတို့ရဲ့ ရည်မှန်းချက်က ဒါပေါ့။
သေချာသည်မှာ... ဤပြိုင်ပွဲကြီးသည် သူတို့ ကျောင်းတော်အတွက် ကျော်စောလှသော နာမည်ဂုဏ်သတင်းကို ရယူနိုင်ရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ သူတို့ မည်မျှအထိ ခရီးပေါက်နိုင်မလဲဟူသော အချက်အပေါ် မူတည်၍ သူတို့ကျောင်းတော်ဆီသို့ မြောက်မြားစွာသော တပည့်သစ်များ စုပြုံရောက်ရှိလာအောင် ဆွဲဆောင်နိုင်ပေလိမ့်မည်။
တကယ့်ကို နှမြောစရာကောင်းလှသည်။
“စတင်စေ...”
ချန်ဝေ ရှေ့သို့ လျင်မြန်စွာ စတင်တိုးဝင်လာခဲ့တော့သည်။ သူ၏ မျက်နှာထက်တွင် ရှိနေသော အပြုံးမှာ ဒေါသ သို့မဟုတ် မောက်မာမှုတို့ကြောင့် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ... အားတက်သရော ဖြစ်နေသည့် စိတ်အားထက်သန်မှုကြောင့်သာ ဖြစ်၏။ သူ၏ လှုပ်ရှားမှုများထဲတွင် အနည်းငယ်မျှသော တုံ့ဆိုင်းတွန့်ဆုတ်မှုကိုပင် ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိချေ။ သူသည် မိမိ၏ အောင်ပွဲအပေါ် အပြည့်အဝ ယုံကြည်ချက်ရှိနေပြီး ဤပွဲစဉ်ကို ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ရန်အတွက်သာ ရည်ရွယ်နေခြင်း ဖြစ်သည်။
လျူကျင်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိ၏။
ထို့နောက်... သူသည် ပထမဦးဆုံး ပစ်လွှတ်လာသော တိုက်ကွက်ကို အေးဆေးစွာပင် ခုခံပိတ်ဆို့ လိုက်တော့သည်။
သူ့အနေဖြင့် အရင်အတိုင်း ရှောင်တိမ်းလိုက်ပြီး မိမိအတွက် အလွန်ခက်ခဲနေရသည့် ပုံစံမျိုး ဟန်ဆောင်ပြ၍ ရနိုင်ပါလျက်နှင့်... လျူကျင်းသည် ထိုသို့မလုပ်ဘဲ တိုက်ရိုက်ခုခံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ ဤမျှလောက်အထိ ဖြူစင်ရိုးသားပြီး စိတ်အားထက်သန်နေသော လူငယ်တစ်ဦးအပေါ်တွင် ယခင်က အသုံးပြုခဲ့သည့် လှည့်စားခြင်းဗျူဟာမျိုးကို ဆက်လက်အသုံးချရန်မှာ သူ့အတွက် စိတ်ထဲ၌ မသင့်တော်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။
“ငါကတော့ တကယ်ကို စိတ်ပျော့လွန်းတာပဲ။”
မိမိ၏ ပထမဦးဆုံး တိုက်ကွက်မှာ အေးဆေးစွာ ပိတ်ဆို့ခြင်းခံလိုက်ရသည့်အခါ ချန်ဝေ ၏ မျက်ဝန်းအစုံမှာ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားခဲ့ရသည်။ လျူကျင်း၏ လက်ညှိုးချက်က သူ၏ လက်ဖျံရိုးပေါ်သို့ စူးစိုက်ကျရောက်သွားသည့် အခိုက်အတန့်တွင်မူ... သူ၏ နှုတ်ခမ်းဖျားမှ ပြင်းထန်လှသော နာကျင်မှုကြောင့် အော်ဟစ်သံတစ်ချက် ဝုန်းခနဲ ထွက်ပေါ်သွားရ၏။ နောက်ဆက်တွဲအဖြစ် တရစပ် တိုးဝင်လာသော လက်ဝါးချက်ကိုမူ သူ သီသီလေးသာ ခုခံကာကွယ်နိုင်ခဲ့ပြီး၊ လျူကျင်းနှင့် အကွာအဝေးတစ်ခု ရရှိစေရန်အတွက် ထိုရိုက်ခတ်မှုအရှိန်ကို အသုံးချကာ နောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာလိုက်တော့သည်။
ကနဦး တိုက်ကွက်အပြန်အလှန် လွှဲယမ်းမှု ပြီးဆုံးသွားသည့် အချိန်တွင်မူ... ချန်ဝေ၏ လက်မောင်းကြီးမှာ သူ၏ ဘေးဘက်၌ အသက်မဲ့စွာဖြင့် တွဲလောင်းကျနေခဲ့ချေပြီ။
“အားတော့နာတယ်ကွာ... ဒါပေမဲ့ ငါ့မင်းကို အလျော့ပေးဖို့ အစီအစဉ် လုံးဝမရှိဘူး။”
ချန်ဝေသည် အသက်မဲ့စွာ တွဲလောင်းကျနေသော မိမိ၏ လက်မောင်းကို စက္ကန့်ပိုင်းမျှ စိုက်ကြည့်နေမိသည်။ သူ ၎င်းကို လှုပ်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ကြည့်သော်လည်း ဘာမှ ထူးခြားမလာတော့ချေ။ သို့သော်လည်း သူ၏ နှုတ်ခမ်းဖျားမှ ချီးကျူးဂုဏ်ပြုလိုသော ရယ်မောသံတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာခဲ့ပြန်ရင်း—
“ဟားဟား..အံ့ဩဖို့ကောင်းလိုက်တာ။ ရှောင်ဂိုဏ်းကကောင်တွေ တကယ်အစွမ်းထက်တာပဲ။”
အော်... ဒီလိုအခြေအနေမျိုးမှာတောင်မှ သူက ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်သေးတာပဲ။ ဟု လျူကျင်း ကျိတ် ချီးကျူးလိုက်မိသည်။
ဤပွဲတွင် အနိုင်ရရှိခြင်းက သူ့အတွက်တော့ အနည်းငယ်မျှပင် စိတ်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပါချေ။
လျူကျင်းအနေဖြင့် ဤသို့ ပြုလုပ်လိုက်ခြင်းမှာ ထိုလူငယ်အတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု မိမိကိုယ်ကိုယ် နှစ်သိမ့်တွေးတော၍ ရနိုင်ပေသည်။ အခြေမခိုင်သေးသော အဖွဲ့အစည်းငယ်တစ်ခုကို အလွန်အမင်း ရှေ့တန်းရောက်ပြီး ထင်ပေါ်ကျော်ကြားစေခြင်းက သူတို့အတွက် ဘေးဒုက္ခများကိုသာ ဖိတ်ခေါ်လာပေလိမ့်မည်။ ချန်ဝေအား နောက်တစ်ဆင့်သို့ တက်လှမ်းခွင့်မရအောင် ဆီးတားလိုက်ခြင်းအားဖြင့် သူသည် ထိုလူငယ်အပေါ် ကျေးဇူးပြုလိုက်ခြင်းဖြစ်သည်ဟုပင် တွေးတော၍ ရနိုင်ပေသည်။
သေချာသည်မှာ... လျူကျင်းအနေဖြင့် မိမိကိုယ်ကိုယ် ထိုကဲ့သို့သော ဆင်ခြေများဖြင့် လှည့်စား၍ ရနိုင်ပါသော်လည်း၊ သူသည် ထိုကဲ့သို့ သူတော်ကောင်းယောင်ဆောင်တတ်သည့် လူစားမျိုး မဟုတ်ပါချေ။
လျူကျင်းသည် မိမိကိုယ်တိုင် အနိုင်ရရှိချင်သော စိတ်ဆန္ဒ ရှိနေသောကြောင့်သာ ဤပွဲတွင် အပြတ်အသတ် အနိုင်ယူပြမည် ဖြစ်၏။ သူ့အတွက်တော့ အခြား အကြောင်းပြချက်ဟူ၍ ထွေထွေထူးထူးမရှိပေ။