အခန်း ၂
Vol. 1 Ch. 2
အပိုင်း(၂)
အရာရာက တိတ်ဆိတ်နေ၏။ နစ် လက်သီးကို ဖြည်လိုက်ပြီး ချေမွခံလိုက်ရသော ကြွက်ကို ဆုပ်ကိုင်လိုက်လေသည်။
ထို့နောက် သူသည် ညစ်ပတ်ပြီး ဟောင်းနွမ်းနေသော ရွံရှာဖွယ်ရာ အညိုရောင် အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုကြွက်ကို အိတ်ထဲသို့ ထည့်လိုက်လေသည်။
ခဏအကြာတွင် နစ်သည် သူ၏ ခါးကို မတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
သာမန် ယောကျားများထက် အနည်းငယ် ပို၍ဩသော အသံဖြင့် သူက ပြောလိုက်လေသည်။
"ဒါ သောက်ရမ်း ဆိုးရွားတာပဲ..."
သို့သော်ငြားလည်း ညစ်ပတ်နေသော အညိုရောင် အိတ်ကို မတင်လိုက်ချိန်တွင် သူ၏ နှုတ်ခမ်းများပေါ်၌ အပြုံးငယ်တစ်ခု ပေါ်လာခဲ့သည်။
"ဒါပေမဲ့ အနည်းဆုံးတော့ ညစာအတွက် သေချာသွားပြီပဲ..."
ရုတ်တရက်... နစ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်လေသည်။ သူသည် လမ်းကြား၏ ထွက်ပေါက်တစ်ခုဆီသို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ထိုထွက်ပေါက်အနီးတွင် အနက်ရောင် ကုတ်အင်္ကျီနှင့် အနက်ရောင် ဦးထုပ်ကို ဆောင်းထားသော ကြွက်သားအထစ်ထစ်နှင့် အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ထိုအမျိုးသားသည် နစ်ကို သဘောကျစွာ ကြည့်နေခဲ့သည်။ ထိုသူ၏ နှုတ်ခမ်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ခိုတွဲနေသည်ကို နစ် မြင်တွေ့လိုက်ရလေသည်။
နစ်က ကြမ်းတမ်းပြီး ခြိမ်းခြောက်မှု ဆန်သော အသံဖြင့် မေးလိုက်လေသည်။
"ခင်ဗျား ဘာလိုချင်တာလဲ..."
နစ်သည် လူအမြောက်အမြားနှင့် ကြုံတွေ့ဖူးသည်။ ထို့ကြောင့် ဤကဲ့သို့ ပြုမူနေသူ တစ်ယောက်သည် ကောင်းသည့် ရည်ရွယ်ချက် ရှိမည်မဟုတ်ကြောင်း သူ သိရှိထားလေသည်။
နစ်က ဆက်ပြောလိုက်သည်။
"မူးယစ်ဆေးတွေ၊ အံ့ဖွယ် ကုသဆေးတွေ၊ စပက်တာတွေ၊ ဇီဖစ်စွမ်းအင်တွေ... ခင်ဗျားဆီမှာ ရောင်းစရာရှိတဲ့ ဘာကိုမှ ကျုပ်မဝယ်ဘူး..."
ခဏအကြာတွင် နစ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ ထို့နောက် အညိုရောင် အိတ်ကို သူ၏ ကျောဘက်သို့ ပို့လိုက်လေသည်။
"ဒီကြွက်ကိုလည်း ခင်ဗျားကို မရောင်းပေးနိုင်ဘူး..."
ထိုအမျိုးသားသည် အနည်းငယ် အံ့ဩသွားပုံရသည်။ သို့သော်ငြားလည်း သူသည် သဘောကျစွာဖြင့် ရယ်မောလာလေတော့သည်။
"မင်းရဲ့ ကြွက် ဟုတ်လား... ငါက မင်းရဲ့ ကြွက်ကို လိုချင်နေတယ်လို့ မင်းထင်နေတာလား…”
သူက ပြုံးစစဖြင့် မေးလိုက်လေသည်။
နစ်သည် ထိုအမျိုးသားကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
"ကျုပ် ဘာမှမဝယ်ဘူး... ပြီးတော့ သူများအိမ်ကို အသိမပေးဘဲ ဝင်လာတာက ရိုင်းပျရာကျတယ်..."
"အိမ် ဟုတ်လား..."
လမ်းကြားလေးထဲသို့ ဝေ့ဝဲကြည့်ရှုရင်း ထိုအမျိုးသားက နားမလည်နိုင်စွာဖြင့် ထပ်မေးလိုက်လေသည်။ ခေတ္တမျှ ကြည့်ရှုပြီးနောက်တွင်မူ စွန့်ပစ်ထားသော သံချေးတက်နေသည့် သတ္တုအပိုင်းအစများဖြင့် ပြုလုပ်ထားသော တဲငယ်လေး တစ်လုံးကို သူ မြင်တွေ့သွားခဲ့သည်။
အမျိုးသားသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူ၏ အနက်ရောင် ဦးထုပ်ကို ဖယ်ရှားလိုက်ရာ ခန့်ညားသော မျက်နှာသွင်ပြင် ပေါ်လွင်လာခဲ့လေသည်။
သူ၏ နဖူးထက်၌ မထင်မရှား ရှိနေသော အရေးအကြောင်း အနည်းငယ်ကို တွေ့မြင်နိုင်သည်။ ထို့ပြင် သာမန် အနက်ရောင် ဆံပင်များကြား၌လည်း ဆံပင်ဖြူ အနည်းငယ် ရောနှောနေသည်ကို နစ် မြင်တွေ့လိုက်ရလေသည်။
ထိုအမျိုးသားက ရယ်မောလိုက်သည်။
"ငါ ဘာလိုချင်တာလဲလို့ မင်းမေးခဲ့တယ်နော်..."
"အင်း... မင်းက ငါ့ကို ပညာရှင်တစ်ယောက်လို့ ခေါ်လို့ရပါတယ်..."
ထိုအမျိုးသားသည် နစ်ကို ကြည့်ရင်း အပြုံးဖြင့် ပြောလိုက်လေသည်။
"ငါက စပက်တာ တွေအကြောင်းကို လေ့လာနေတာ... ပိုပြီး တိတိကျကျ ပြောရရင်တော့ လူသားတွေကို စပက်တာတွေ ပေးအပ်နိုင်တဲ့ စွမ်းအားတွေအကြောင်းပေါ့..."
"ကျုပ် ဘာမှမဝယ်ဘူးလို့ ပြောနေတယ်လေ..."
နစ်က အော်ဟစ်လိုက်လေသည်။ ထိုအမျိုးသားသည် အသက်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှူသွင်းကာ သက်ပြင်းချလိုက်ပြန်သည်။
"ငါက ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ အများအပြားရဲ့ အတိုင်ပင်ခံ တစ်ယောက်ပါ... ဂိုတီ ဓာတ်ခွဲခန်းကလည်း အဲဒီထဲက တစ်ခုအပါအဝင်ပဲ..."
ညာဘက် လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်တင်ရင်း ထိုအမျိုးသားက ပြောလိုက်လေသည်။
နောက်တစ်ခဏ၌ပင် သတ္တုဖြင့် ပြုလုပ်ထားသော သွေးစွန်းနေသည့် ကိရိယာအစုအဝေး တစ်ခုသည် သူ၏ လက်ချောင်းအထက်၌ ပေါ်လာခဲ့သည်။ ထိုကိရိယာများသည် အမျိုးသား၏ လက်ချောင်းအပေါ်တွင် လျင်မြန်စွာ လည်ပတ်နေကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နစ်သည် မေးရိုးများ ပြုတ်ကျမတတ် အံ့ဩသွားခဲ့သည်။ သူ၏ မျက်လုံးများလည်း အရောင်လက်သွားခဲ့လေသည်။
"ခင်ဗျားက ဇီဖစ်စွမ်းအင် ထုတ်ယူသူ လား..."
သူက တုန်လှုပ်စွာဖြင့် မေးလိုက်လေသည်။
ထိုအမျိုးသားက ရယ်မောလိုက်သည်။
"အတိတ်ကာလကပေါ့..."
ကိရိယာများ ပြန်လည် ပျောက်ကွယ်သွားချိန်တွင် သူက ဆက်ပြောလိုက်သည်။
"အခုခေတ်မှာတော့ ငါက သုတေသီတစ်ယောက် သက်သက်ပါပဲ..."
နစ်သည် ထိုအမျိုးသားကို အံ့ဩတကြီးဖြင့် စိုက်ကြည့်နေဆဲပင် ဖြစ်သည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်တဲ့လော…။
နစ်သည် တံတွေးမြိုချလိုက်လေသည်။
"ကောင်းပြီလေ..."
သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒါဆို ခင်ဗျားဆီမှာ ရောင်းစရာ ဘာရှိလို့လဲ..."
အမျိုးသားသည် သဘောကျစွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
"ငါက ဘာမှ လာရောင်းတာ မဟုတ်ဘူး..."
"ဂိုတီ ဓာတ်ခွဲခန်းက ငါ့သူငယ်ချင်း ဆက်သွယ်လာလို့ ငါဒီကို ရောက်လာတာ... မင်း ဘယ်လို စွမ်းအားမျိုး ရရှိထားတယ်၊ အဲဒီစွမ်းအားက ဘယ်စပက်တာ ဆီကလာတယ် ဆိုတာကို သူတို့ မသိကြဘူးလေ... ဒီလိုကိစ္စတွေကို ငါက စိတ်ဝင်စားတယ်ဆိုတာ ငါ့သူငယ်ချင်း သိနေလို့ မင်းအကြောင်း ငါ့ကို ပြောပြခဲ့တာပဲ..."
ထိုစကားကို ကြားသောအခါ နစ်သည် စိုးရိမ်ထိတ်လန့် လာခဲ့လေသည်။ ၎င်းမှာ မကောင်းဆိုးဝါး ဆန်သော စမ်းသပ်မှု တစ်ခုခုလုပ်မည့် အသံမျိုး ပေါက်နေသောကြောင့် ဖြစ်သည်။
နစ်၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရသောအခါ ထိုအမျိုးသားသည် ညည်းတွားမိမတတ် ဖြစ်သွားခဲ့သည်။
"ငါက မင်းကို ဒုက္ခပေးဖို့ လာတာ မဟုတ်ဘူး..."
သူသည် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် အော်ဟစ်လိုက်လေသည်။
"မင်းရဲ့ စွမ်းအားတွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို လေ့လာဖို့ပဲ လာခဲ့တာ... တကယ်လို့ မင်းရဲ့ စွမ်းအားက အသုံးဝင်တယ်လို့ သက်သေပြနိုင်ရင် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တချို့ဆီကိုတောင် မင်းကို ထောက်ခံပေးလိုက်ဦးမယ်..."
"ဒါက မင်းအတွက် ကောင်းတဲ့ကိစ္စပဲလေ..."
နစ်သည် အံ့ဩသွားခဲ့သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ သံသယဝင်နေသော ပုံစံသို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။
ကူညီပေးမယ် ဟုတ်သလော…။
ကောင်းတဲ့ကိစ္စတဲ့လော…။
ယခုလို ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာလော။
ကလေးတွေတောင် သည်စကားကို ယုံကြလိမ့်မည် မဟုတ်ပေ။
"ဒါဆို အလဲအလှယ် အနေနဲ့ ခင်ဗျား ဘာလိုချင်လို့လဲ..."
နစ်က မေးလိုက်လေသည်။
"အလဲအလှယ် ဟုတ်လား..."
ထိုအမျိုးသားက ထပ်မေးလိုက်လေသည်။
"ငါ့ကို စိတ်ဝင်စားစေနိုင်တဲ့ အရာတစ်ခုခု မင်းဆီမှာ ရှိလို့လား..."
နစ်သည် တစ်စုံတစ်ခုကို စဉ်းစားနိုင်ရန် ရုန်းကန်နေရလေသည်။
"ဒီလောကကြီးမှာ ဘာမှ အလကား မရဘူး..."
သူက သံသယဖြင့် ပြောလိုက်လေသည်။
"အလကားရမယ်လို့ ကြော်ငြာထားတဲ့ အရာတွေက အချိန်နည်းနည်း ကြာလာတာနဲ့ အလကားမဟုတ်တဲ့ အရာတစ်ခုအဖြစ်ကို အရမ်းမြန်မြန် ပြောင်းလဲသွားတတ်တယ်..."
အမျိုးသား၏ အမူအရာသည် ခံစားချက် ကင်းမဲ့သွားလေသည်။
"အို... ဘုရားရေ..."
သူက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်လေသည်။ ရုတ်တရက်ပင် ထိုအမျိုးသားသည် နစ်၏ အရှေ့သို့ ရောက်လာခဲ့သည်။
ဘုတ်…
သူက နစ်၏ ခေါင်းကို ရိုက်လိုက်လေသည်။ ထို့နောက် နစ်သည် ဘေးဘက်သို့ လဲကျသွားပြီး သတိလစ်သွားလေတော့သည်။
"လူတစ်ယောက်က မင်းကို ကူညီချင်ရုံ သက်သက်ဆိုတာကို လက်ခံဖို့က အဲဒီလောက်တောင် ခက်ခဲနေတာလား..."
အရာရာက တိတ်ဆိတ်သွားလေသည်။
အမျိုးသားသည် အသက်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှူသွင်းကာ သက်ပြင်းချလိုက်ပြန်သည်။
ရွှမ်း…
စောစောက သွေးစွန်းနေသော ကိရိယာများသည် သူ၏ အရှေ့၌ ပေါ်လာခဲ့လေသည်။
"ကဲ... မင်းဆီမှာ ဘယ်လို စွမ်းအားမျိုး ရှိနေလဲ ဆိုတာကို ကြည့်လိုက်ကြတာပေါ့…”
***