ကမ္ဘာပျက်ကပ်ကြီး ကျရောက်ပြီးနောက် နှစ်ထောင်ပေါင်းများစွာ အကြာ ကမ္ဘာမြေ…။ ကြောက်မက်ဖွယ် စွမ်းအားများ ပိုင်ဆိုင်ထားသော ထိတ်လန့်ဖွယ် သတ္တဝါဆိုးကြီးများ ရောက်ရှိလာခဲ့သည်။ ထိုမိစ္ဆာသတ္တဝါကြီးများကို စပက်တာများဟု ခေါ်သည်။ စပက်တာများသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ထို့ကြောင့် လူသားတို့ ဖန်တီးခဲ့သည့် မရေမတွက်နိုင်သော နည်းပညာများနှင့် တိုးတက်မှု များသည် အချိန်ကာလနှင့်အတူ ပျောက်ကွယ်သွားခဲ့ရလေသည်။ နောက်ထပ် နှစ်ထောင်ပေါင်းများစွာ တစ်လျှောက်တွင် လူသားမျိုးနွယ်သည် မိမိတို့ကိုယ်ကို ပြန်လည် ထူထောင်ခဲ့ကြသည်။ သို့သော်လည်း အဆုံးတွင်မူ ပျက်သုဉ်းခြင်းသို့သာ အကြိမ်ကြိမ် ပြန်လည် ရောက်ရှိသွားခဲ့ရသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ အတိတ်ကာလကို မမှတ်မိကြတော့ပေ။ လူသားမျိုးနွယ်တို့ တစ်ခေတ်တစ်ခါက မည်မျှအထိ အောင်မြင် တိုးတက်ခဲ့သည်ဆိုသည်ကိုလည်း မည်သူကမျှ မသိရှိကြတော့ချေ။ ယခုအခါတွင်မူကား လူသားအားလုံးသည် စပက်တာများ လွှမ်းမိုးကြီးစိုးထားသော ကမ္ဘာကြီးထဲ၌သာ ရှင်သန် နေထိုင်နေကြရလေတော့သည်။ … မှတ်ဉာဏ်များ ပျောက်ဆုံးနေသော ကောင်လေးတစ်ယောက်သည် သွေးမှိုမြို့တော်၏ အဆိုးရွားဆုံးသော ဆင်ခြေဖုံးရပ်ကွက်ကြီး အလယ်၌ သတိလည်လာခဲ့သည်။ ထိုကောင်လေး ကြီးပြင်းလာသောအခါတွင် အလွန် ဂုဏ်သတင်းကြီးမားလှသော အလုပ်အကိုင်တစ်ခုအတွက် စစ်ဆေးမှုကို အောင်မြင်ခဲ့သည်။ ထိုအလုပ်မှာ စပက်တာများထံမှ ဇီဖစ်ဟု ခေါ်သော မှော်စွမ်းအားများကို ထုတ်ယူနိုင်သည့် “ဇီဖစ်စွမ်းအင် ထုတ်ယူသူ” နေရာပင် ဖြစ်သည်။ ကံမကောင်းစွာပင် သူသည် အတိတ်ကာလကတည်းက စပက်တာ တစ်ကောင်ထံမှ စွမ်းအားတစ်ခုကို ရရှိထားပြီး ဖြစ်နေသည်။ ထို့ကြောင့် သူသည် ထိုရာထူးနေရာအတွက် အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိတော့ချေ။ သို့သော်ငြားလည်း ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦးက သူ့ထံသို့ လာရောက်တွေ့ဆုံခဲ့လေသည်။ အဆုံးတွင်တော့ သူ၏ ကံကြမ္မာသည်လည်း ကောင်းသောဘက်သို့ အလှည့်အပြောင်း ဖြစ်သွားခဲ့လေတော့သည်။

