← Chapters

အခန်း ၆၇

Vol. 5 Ch. 67

အခန်း ၆၇

Vol. 5 Ch. 67

အပိုင်း(၆၇)

"ရော့..."

နစ်က ပထမ သတ္တုပြားကို ဂျန်နီ့ထံ ကမ်းပေးရင်း ပြောလိုက်၏။

ဂျန်နီက ၎င်းကို ဇဝေဇဝါဖြင့် ကြည့်နေခဲ့သည်။

"ဒါကို ဒီဘဏ်ဆီ ပေးလိုက်ပါ..."

နစ်က သတ္တုပြား ထောင့်ရှိ သင်္ကေတ တစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"သူတို့က ဒီပြားကို သိမ်းထားပြီး အစားထိုးအနေနဲ့ မင်းကို ငွေကြေး ၄၀၀ ပေးလိမ့်မယ်..."

ဂျန်နီသည် ထိုပြားလေးကို အံ့သြတကြီးဖြင့် ငေးကြည့်နေခဲ့၏။

"ဒါနဲ့..."

တစ်ခုခုကို သတိရသွားဟန်ဖြင့် နစ်က ပြောလိုက်သည်။

"အခုဆို မင်းမှာ စွမ်းရည်တစ်ခု ရနေလောက်ပြီ..."

ဂျန်နီသည် နစ်ကို အနည်းငယ် နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။

"မင်း သိတဲ့အတိုင်း စပက်တာ တစ်ကောင်ဆီက ရတဲ့ စွမ်းရည်လေ..."

နစ်က ပြောသည်။

"ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေကို ဇီဖစ်စွမ်းအင် ထုတ်ယူသူ အစစ် ဖြစ်လာစေတဲ့ အရာပေါ့..."

နစ် ဘာကို ဆိုလိုသလဲ ဆိုသည်ကို ဂျန်နီ သဘောပေါက်သွား၏။ သူမ၏ လက်များကို အံ့ဩတကြီးဖြင့် ငုံ့ကြည့်လိုက်သည်။

"ဘယ်လို စွမ်းရည်မျိုးလဲ..."

သူမက မေးလိုက်၏။

"ငါလည်း မသိဘူး…”

ဂျန်နီသည် နစ်ကို နားမလည်နိုင်စွာဖြင့် ဆွံ့အလျက် ကြည့်နေခဲ့၏။

"ငါ တကယ် မသိတာ..."

နစ်က ထပ်ပြောလိုက်သည်။

"ငါ ဒရီမာနဲ့ စတင် ထိတွေ့ချိန်မှာတင် ငါ့ရဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက်က အသားကျနေပြီလေ... ဒါကြောင့် ငါ သူ့ရဲ့ စွမ်းရည်ကို မရခဲ့တာ... ပြီးတော့ မင်းရယ် ငါရယ်က လွဲပြီး သူနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ တခြား တစ်ယောက်တည်းသောသူကလည်း ကိုမာဝင်သလိုမျိုး ဖြစ်နေတယ်..."

"ကိုမာ..."

ဂျန်နီက တုန်လှုပ်စွာဖြင့် မေးလိုက်၏။

"ဟုတ်တယ်... မင်းကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ပိုပြီး စိတ်လှုပ်ရှားသွားစေမှာစိုးလို့ ဒရီမာနဲ့ အလုပ်မလုပ်ခင်က မပြောပြခဲ့တာ..."

နစ်က ရှင်းပြလိုက်သည်။

"အရင်လူတုန်းက ငါ အမှားလုပ်ခဲ့မိတယ်လို့ပဲ ဆိုကြပါစို့... စပက်တာ တစ်ကောင်နဲ့ အလုပ်လုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မရှိတဲ့သူကို ငါ ရွေးချယ်မိခဲ့တယ်..."

"ဒါပေမယ့် ငါ မင်းကို ယုံကြည်ခဲ့တယ်... ပြီးတော့ ငါ့ယုံကြည်မှု အလဟဿ မဖြစ်ခဲ့ဘူး..."

ဒရီမာကြောင့် တစ်စုံတစ်ယောက် ကိုမာဝင်သွားခဲ့သည်ဟု ကြားလိုက်ရသောအခါ ဂျန်နီသည် အနည်းငယ် ပို၍ စိုးရိမ်လာခဲ့၏။

"ဘာဖြစ်ခဲ့တာလဲ..."

ဂျန်နီက မေးလိုက်သည်။

နစ်က သက်ပြင်းချလိုက်၏။

"ငါးနာရီကြာတော့ ဒရီမာက သူ့ဆီကနေ ထွက်သွားတယ်... အဲဒီအခါမှာ သူ တက်လာတော့တာပဲ... အဲဒီအချိန်ကစပြီး သူ သတိမရတော့ဘူး... အခုဆို နှစ်ပတ်လောက် ရှိသွားပြီ..."

"မင်းကတော့ ရှစ်နာရီ အပြည့် ပြီးဆုံးသွားပြီဆိုတော့ အန္တရာယ် မရှိတော့ဘူးဆိုတဲ့ သဘောပဲ..."

နစ်က ဆက်ပြောလိုက်သည်။

ဂျန်နီသည် အနည်းငယ် မသေချာမရေရာ ဖြစ်နေဆဲ ဖြစ်၏။ သို့သော် သူမ မည်သို့မျှ ညည်းညူခြင်း မပြုခဲ့ပေ။ သူမသည် ငွေကြေး ၄၀၀ ရရှိခဲ့ပြီ ဖြစ်သည်။ ယင်းမှာ ရူးသွပ်ချင်စရာကောင်းလောက်အောင် များပြားလှ၏။

"ထားပါတော့..."

နစ်က ပြောလိုက်၏။

"မင်းမှာ ဘယ်လို စွမ်းရည်မျိုး ပွင့်လာပြီလဲ ဆိုတာကို သေချာပေါက် ရှာဖွေကြည့်သင့်တယ်... တစ်ယောက်တည်း စမ်းသပ်ရတာ အဆင်မပြေဘူးဆိုရင် မနက်ဖြန်ကျမှ ငါတို့ စမ်းကြည့်ကြတာပေါ့..."

"မနက်ဖြန် မွန်းလွဲ နှစ်နာရီတိတိမှာ မင်း ဒီကို ရောက်နေဖို့ လိုမယ်... နှစ်နာရီတိတိမှာ ထိန်းသိမ်းရေးခန်းထဲ ဝင်ပြီး အလုပ်လုပ်ရမယ် ဆိုပါတော့... ပြီးရင် ဒီစက်ကို ဘယ်လို မောင်းနှင်ရမလဲဆိုတာ မင်းကို ငါ ပြပေးမယ်..."

နစ်က ထိန်းသိမ်းရေးခန်း၏ ထိန်းချုပ်ခုံကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

နောက်ထပ် ဆယ်မိနစ်ခန့် အတောအတွင်း နစ်သည် ဂျန်နီအား ထိန်းချုပ်ခုံကို မည်သို့မောင်းနှင်ရမည်ကို ပြသပေးခဲ့၏။ နောက်ဆုံးတွင်တော့ ဂျန်နီသည် ဘဏ်သို့သွားရန်နှင့် အိမ်ပြန်ရန် ထွက်ခွာသွားခဲ့လေသည်။

ဂျန်နီ ထွက်သွားပြီးနောက် နစ်သည် ထိန်းသိမ်းရေးခန်း၏ နေရာတစ်ခုဆီသို့ သွားခဲ့၏။ ထို့နောက် သော့တစ်ချောင်းဖြင့် ဖွင့်လိုက်သည်။

အထဲတွင်တော့ နစ်သည် အဖြူရောင် အမှုန့်များနှင့် တူသော အရာများပါသည့် ပြွန်ငယ်တစ်ခုကို တွေ့လိုက်ရ၏။ ၎င်းမှာ ဇီဖစ်စွမ်းအင် ပင် ဖြစ်သည်။

နစ်သည် ထိုပြွန်ကို ဂရုတစိုက် ထုတ်ယူလိုက်၏။ ထို့နောက် ပြွန်အလွတ်တစ်ခုကို အစားထိုး ထည့်လိုက်ပြီး သတ္တုပြားကို ပြန်ပိတ်လိုက်သည်။

ထို့နောက်... နစ်သည် ဝင်တာ၏ ရုံးခန်းထဲသို့ ဝင်သွားခဲ့၏။ ဇီဖစ်စွမ်းအင် ပြွန်ကို ဂျန်နီ၏ ငွေပေးချေမှု မှတ်တမ်း မိတ္တူပေါ်တွင် တင်ထားလိုက်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ နစ်သည် ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။

နစ်သည် ဟိုရူဝါကို သွားရောက် ကြည့်ရှုခဲ့၏။ ထို့နောက် လေးနာရီကြာ အိပ်စက်ခဲ့သည်။ နိုးလာသောအခါ ဟိုရူဝါကို ထပ်မံကြည့်ရှုပြီး နောက်ထပ် သုံးနာရီ ထပ်အိပ်ခဲ့ပြန်သည်။

နစ်သည် အမြန်အဆန်ပင် အစားတစ်ခုခု စားလိုက်၏။ ထို့နောက် ဂိုဒေါင်ထဲသို့ ဝင်လာခဲ့သည်။ ပေတာသည် ထိုနေရာသို့ ရောက်နှင့်နေပြီ ဖြစ်၏။

ထိုအချိန်များတွင် နစ်က ဒရီမာနှင့် အလုပ်လုပ်နေရသောကြောင့် ပေတာသည် အမြဲတမ်း စောစောလာရခြင်း ဖြစ်သည်။

အနည်းငယ် စကားစမြည် ပြောပြီးနောက် နစ်သည် ဒရီမာ၏ ထိန်းသိမ်းရေးခန်းထဲသို့ ဝင်ကာ အိပ်ပျော်သွားခဲ့၏။

ရှစ်နာရီခန့် ကြာပြီးနောက် နစ်သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူ့ဘေးတွင် ရပ်နေသော ဂျန်နီကို တွေ့လိုက်ရသည်။

"ထရမယ့် အချိန်တောင် ရောက်ပြီလား..."

နစ်က သမ်းဝေရင်း မေးလိုက်၏။

ဂျန်နီက ပြုံးလျက် ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်..."

နစ်က ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်လိုက်၏။ ထို့နောက် ထိန်းသိမ်းရေးခန်းထဲမှ ထွက်လာခဲ့သည်။ ဂျန်နီက သူ့နောက်မှ လိုက်လာခဲ့၏။

"ကျွန်မမှာ ဘယ်လို စွမ်းရည်မျိုး ရှိလဲဆိုတာ သိပြီ..."

ဂျန်နီက ပြောလိုက်သည်။

"အိုး..."

နစ်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။

"ပြောပြပါဦး..."

"ပြမယ်..."

ဂျန်နီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ မနာပါဘူး..."

နစ်က ခေါင်းညိတ်ပြလိုက်၏။ ဂျန်နီသည် အနားသို့ လျှောက်သွားပြီး နစ်၏ ခေါင်းပေါ်သို့ သူမ၏ လက်များကို တင်လိုက်သည်။

နစ်ကတော့ သူမကို နားမလည်နိုင်စွာဖြင့်သာ ကြည့်နေခဲ့၏။ ထို့နောက် နစ်သည် ထပ်မံ၍ သမ်းဝေလိုက်ပြီး ငိုက်မျဉ်းလာခဲ့သည်။

နစ်၏ မျက်လုံးများက သူ့အလိုလို မှိတ်ကျသွား၏။ ခြေလက်များ၌ အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

ဂျန်နီသည် နစ်၏ ခေါင်းပေါ်မှ လက်များကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်၏။ ထိုအခါ ငိုက်မျဉ်းနေမှုသည်လည်း လျော့ပါးသွားခဲ့သည်။ နစ်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ဘာဖြစ်သွားသည်ကို သဘောပေါက်သွားခဲ့၏။

"မင်းက လူတွေကို အိပ်ပျော်သွားအောင် လုပ်နိုင်တာလား..."

နစ်က မေးလိုက်သည်။

ဂျန်နီက ခေါင်းညိတ်ပြ၏။

"ဒရီမာ လိုမျိုးပေါ့..."

နစ်သည် ထိုအချက်ကို သိလိုက်ရ၍ စိတ်လှုပ်ရှားသွားခဲ့၏။ သို့သော်လည်း သူ မျက်မှောင်များကိုလည်း ကြုတ်လိုက်ရသည်။

"ဒါက တိုက်ခိုက်ရေးအတွက် သိပ်တော့ အသုံးမဝင်လှဘူး..."

သူက ပြောလိုက်၏။

"ကျွန်မလည်း အစကတော့ အဲဒီလိုပဲ ထင်ခဲ့တာ... ဒါပေမယ့် အခုတော့ သိပ်မသေချာတော့ဘူး..."

ဂျန်နီက ဆိုသည်။ နစ် မျက်ခုံးတစ်ဖက်ကို ပင့်ကာ သူမကို ကြည့်လိုက်၏။

"ကျွန်မ ပြိုင်ဘက်က ကျွန်မဟာ သူ့ရဲ့ ပြိုင်ဘက်မှန်း မသိဘူးဆိုရင် ကျွန်မ သူ့အနားကို ကပ်သွားပြီးတော့... အင်း..."

ဂျန်နီက အနည်းငယ် နေရခက်လာဟန်ဖြင့် ရပ်လိုက်၏။

နစ်ကတော့ နားမလည်နိုင်စွာဖြင့် သူ၏ ဂုတ်ကိုသာ ကုတ်နေခဲ့သည်။

"ပြီးတော့ ဘာဖြစ်လဲ..."

သူက မေးလိုက်၏။

"အင်း... ရှင် သိပါတယ်..."

ဂျန်နီက ပြောလိုက်၏။

"သူတို့ကို ကျွန်မဆီလာဖို့ ခေါ်မယ်၊ ဖက်ထားမယ်၊ ပြီးတော့... ရှင် သိတဲ့အတိုင်းပဲ..."

"ဪ၊ ဒီလိုလား..."

နစ်က ပြောလိုက်၏။

"မင်းက သူတို့ကို သွေးဆောင်ဖြားယောင်းပြီး သူတို့ခေါင်းကို ဖက်ထားတုန်း မင်းရဲ့စွမ်းရည်ကို တိတ်တဆိတ် သုံးမယ်လို့ ဆိုလိုတာ မဟုတ်လား..."

***

All Chapters