← Chapters

အခန်း ၈၃

Vol. 6 Ch. 83

အခန်း ၈၃

Vol. 6 Ch. 83

အပိုင်း(၈၃)

သူတို့ စောင့်ဆိုင်းနေစဉ်အတွင်း ဝင်တာသည် အပေါက်ကြီးနှင့် ခပ်ခွာခွာနေကာ စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်သည်ကို နစ်မြင်တွေ့လိုက်ရ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နစ်အတော်လေး အံ့သြသွားခဲ့သည်။

ခုလေးတင် ဝင်တာသည် အလွန်အမင်း ယုံကြည်မှုရှိကာ အခြေအနေကို ထိန်းချုပ်ထားနိုင်ပုံပေါ်နေခဲ့သည်။ သို့သော် ပါရာဆိုက် ၏ အာရုံခံနိုင်စွမ်း ပြင်ပသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ယုံကြည်မှုအားလုံး ပျောက်ဆုံးသွားခဲ့လေသည်။

"အလောင်းတွေကို အဆင်သင့် ပြင်ထားလိုက်တော့..."

ဝင်တာက အလောင်း သယ်ဆောင်ရေးယာဉ်ကို ယူလာရန် နစ်အား ပေါ့ပေါ့ပါးပါးပင် လက်ဟန်ပြရင်း ပြောလိုက်သည်။

"အင်း..."

နစ်က ပြန်ဖြေရင်း ယာဉ်ကို ဆွဲယူလာခဲ့သည်။

ထို့နောက် မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်သွားလေ၏။

"ငါ အဆင်သင့်ဖြစ်ပြီ..."

နစ်နှင့် ဝင်တာတို့သည် ထိုအပေါက်ထဲသို့ နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်ကြလေသည်။

ကြိုတင်ပြင်ဆင်ထားခဲ့ကြသော်လည်း ရေထဲမှ ပြူထွက်လာသော ကြွက်ကောင်ရေ တစ်ရာကျော်၏ ခေါင်းများကို မြင်လိုက်ရသောအခါ သူတို့၏ ကျောရိုးတစ်လျှောက် အေးစက်တုန်လှုပ်သွားခဲ့လေသည်။

"ကောင်းပြီ..."

နစ်က ပြန်ဖြေလိုက်သည်။

"တစ်လောင်းချင်းစီ လိုချင်တာလား... ဒါမှမဟုတ် တစ်ပြိုင်နက်တည်း အကုန်ချပေးရမလား..."

"တစ်လောင်းချင်းစီ ချပေးပါ..."

ကြွက်တစ်ကောင်က ပြောလိုက်သည်။ နစ်သည် မတ်တတ်ရပ်လိုက်ပြီး အလောင်းတစ်လောင်းကို ဆွဲယူလိုက်သည်။ ထို့နောက် ၎င်းကို အပေါက်ထဲသို့ ပစ်ချလိုက်၏။

ဗွမ်း…

အလောင်း ရေထဲသို့ ကျသွားချိန်တွင် ကြွက်များအားလုံး အငမ်းမရ ခုန်အုပ်သွားကြသည်ကို နစ်မြင်တွေ့လိုက်ရသည်။

နစ်သည် သတိမထားမိခဲ့သော်လည်း ထိုခဏတွင် ပါရာဆိုက် ၏ ဒေါသများမှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပေသည်။

ပါရာဆိုက်သည် အလောင်းများကိုသာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ နစ်အနေဖြင့် အာဟာရချို့တဲ့နေသော မိန်းကလေးငယ်တစ်ဦး၏ အလောင်းကိုလည်း ပစ်ချပေးနိုင်ခွင့် ရှိနေပေသည်။ သို့ရာတွင် ထိုသို့ဆိုလျှင်မူ ပါရာဆိုက် အတွက် စွမ်းအင်များစွာ ရရှိနိုင်မည် မဟုတ်ပေ။

သို့သော်လည်း နစ်ပစ်ချလိုက်သော အလောင်းမှာ ကြီးမားထွားကြိုင်းသည့် အမျိုးသားတစ်ဦး၏ အလောင်းပင် ဖြစ်နေသည်။

၎င်းသည် ပါရာဆိုက် အတွက် အရည်အသွေးမြင့်မားသော အလောင်းတစ်လောင်း ဖြစ်ပေသည်။

နစ်က အခြားအလောင်းများကို ထပ်မံပစ်ချပေးသောအခါ ပါရာဆိုက် သည် သူ ကံကောင်းသည်ဟုပင် တကယ်တမ်း ခံစားလိုက်ရလေသည်။

ဤအလောင်းများ အားလုံးသည် အရည်အသွေးမြင့်မားသော အလောင်းများပင် ဖြစ်ကြပေသည်။

အလောင်းများမှာ အလွန် ကြီးမားနေသောကြောင့် ပါရာဆိုက် သည် အခြားကြွက်များကိုပင် ထပ်မံခေါ်ယူခဲ့ရသေး၏။

နောက်ဆုံးတွင် ကြွက်တစ်ကောင်တည်းမှလွဲ၍ ကျန်ကြွက်များအားလုံး ထွက်ခွာသွားကြလေသည်။

"ဘယ်လိုလဲ..."

ဝင်တာက မေးလိုက်သည်။ ကြွက်သည် ဝင်တာအား ပြုံးဖြီးဖြီးဖြင့် ကြည့်လိုက်သည်။

"ငါ ကတိတည်ပါ့မယ်..."

"မင်းကို ငါ ပြောပြပါ့မယ်... ဒီတစ်ကောင်ကိုတော့ မင်းတို့ သေချာပေါက် သဘောကျသွားလိမ့်မယ်…”

နစ်နှင့် ဝင်တာတို့သည် ပါရာဆိုက်၏စကားကို အာရုံစိုက်၍ နားထောင်နေကြ၏။

"မင်းတို့ သဘောကျသွားမှာ သေချာတယ်..."

ပါရာဆိုက်က ပြောလိုက်သည်။

"ဒီ စပက်တာကို ဖမ်းရတာလွယ်သလို ရှာရတာလည်း လွယ်တယ်၊ ပြီးတော့ အလုပ်လုပ်ရတာလည်း သိပ်အဆင်ပြေတာပဲ..."

ဝင်တာသည် ပါရာဆိုက်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။

"အဲဒီလောက်ကြီး ကောင်းနေတာကတော့ ယုံစရာတောင် မရှိဘူး..."

"ဟုတ်ချင်လည်း ဟုတ်မှာပေါ့..."

ကြွက်က အော်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ကောင်တွေ ကံကောင်းနေတာပါ..."

"ငါအခု ပြောပြမယ့် စပက်တာက ငါ့ရဲ့ ပြိုင်ဘက်ပဲ၊ အဲဒါကြောင့် သူ့ကို ရှင်းထုတ်ပစ်ချင်နေတာ... သူသာ ငါစားမယ့် အလောင်းတွေကို အများကြီး လုမစားဘူးဆိုရင် အလောင်းဆယ်လောင်းတည်းနဲ့တော့ သူ့နေရာကို ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး..."

ဝင်တာသည် ဆက်ပြောရန်အတွက် ပါရာဆိုက်ကို လက်ဟန်ခြေဟန်ဖြင့်သာ ပြလိုက်၏။

"သူ့ကို အော်ဟစ်နေတဲ့ ခေါင်းတလားလို့ ငါခေါ်တယ်..."

ပါရာဆိုက်က ပြောသည်။

"အော်ဟစ်နေတဲ့ ခေါင်းတလား..."

ဝင်တာက ထပ်မံရွတ်ဆိုလိုက်၏။

"ဒါက ငါထင်တဲ့ အဓိပ္ပာယ်မျိုးလား..."

"ဒါပေါ့..."

ကြွက်က ပြုံး၍ ပြောလိုက်သည်။

"အဲဒါက ပူးကပ်တတ်တဲ့ စပက်တာ တစ်ကောင်ပဲ၊ မင်းတို့ ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေ အကုန်လုံး အလိုချင်ဆုံး အရာပေါ့..."

ဝင်တာသည် ကြွက်အား သံသယဖြစ်ဖွယ် အမူအရာဖြင့် ကြည့်လိုက်၏။

"ဒီလိုမျိုး စပက်တာကို ငါတို့ကို ဒီတိုင်းကြီး ပေးလိုက်တော့မလို့လား..."

"အင်းလေ..."

ပါရာဆိုက်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"နောင်တစ်ချိန် ငါတို့ စျေးဆွေးနွေးတဲ့အခါ အဆင်ပြေအောင် ငါ့ဘက်ကနေ ကူညီပေးလိုက်တယ်လို့ သဘောထားလိုက်ပါလား..."

"ကောင်းပြီလေ..."

ဝင်တာက မသေချာသော လေသံဖြင့် တဖြည်းဖြည်း ပြောလိုက်၏။

"ဒါနဲ့ အဲဒီ အော်ဟစ်နေတဲ့ ခေါင်းတလားက ဘယ်မှာလဲ၊ ပြီးတော့ သူက ဘာလုပ်တတ်လဲ..."

"ဒီမှာတင်ပဲ..."

ကြွက်က ပြောသည်။

"တကယ်တော့ မင်းတို့နဲ့ အဲဒီကောင်ကြားမှာ မီတာ ၃၀ တောင် မကွာဘူး..."

ဤစကားကြောင့် နစ်နှင့် ဝင်တာတို့သည် အံ့သြသွားကြ၏။ ထို့နောက် သူတို့သည် ဘေးပတ်ဝန်းကျင်သို့ ဝေ့ဝဲ၍ ကြည့်လိုက်ကြသည်။

ဝမ်းနည်းစရာကောင်းသည်မှာ မိလ္လာပြွန်ကြီးထဲ၌ အလွန်မှောင်မိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သိပ်များများစားစား မမြင်ရပေ။

"အဲဒီကောင်က ငါစားသလို လူသေအလောင်းတွေကိုပဲ စားတယ်..."

ကြွက်က ပြော၏။

"ဒါပေမဲ့ သူက အစာချေဖို့ အချိန်ပိုကြာသလို သိပ်လည်း မမြန်ဘူး..."

"အဲဒီ အော်ဟစ်နေတဲ့ ခေါင်းတလားက မိလ္လာပြွန်တွေရဲ့ အောက်ခြေမှာ သွားလာနေတာ... အလောင်းတစ်လောင်း တွေ့တိုင်း အဲဒီဆီကို ကူးသွားပြီး စားသောက်တတ်တယ်..."

"ဒီကောင်က သားပေါက်အဆင့် လေးပဲ ရှိသေးပေမယ့်၊ ငါ့ရဲ့ လက်အောက်ငယ်သားတွေလောက်နဲ့တော့ သူ့ကို မနိုင်ဘူး... ဒါကြောင့်လည်း တစ်ခါတလေကျရင် သူ့ကို အလောင်းတွေ ပေးရတယ်၊ တကယ်တော့ မင်းတို့ခုလေးတင် ပေးလိုက်တဲ့ အလောင်းတွေကို သူက အရမ်းလိုချင်နေလို့ ငါ့ခမျာ အသေအလဲ ကာကွယ်လိုက်ရသေးတယ်..."

အော်ဟစ်နေသော ခေါင်းတလားအကြောင်းကို ကြားလိုက်ရသောအခါ နစ်သည် မျက်မှောင်ကြုတ်သွား၏။

ပူးကပ်တတ်သော စပက်တာတစ်ကောင်သည် ဇီဖစ်စွမ်းအင် ထုတ်ယူရန်အတွက် အကောင်းဆုံး စပက်တာ ဖြစ်သည်မှာ သေချာလှသည်။ ထိုကောင်များသည် ထွက်ပြေးလေ့မရှိပေ။ သူတို့သည် ပြန်လည်ခုခံခြင်းလည်း မပြုကြချေ။ ၎င်းတို့နှင့် အလုပ်လုပ်ရသည်မှာ အလွန်ပင် လွယ်ကူလှ၏။

ပူးကပ်တတ်သော စပက်တာ တစ်ကောင်သည် အခြေခံအားဖြင့် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုအတွက် အလကားရသော ငွေကြေးများနှင့်ပင် တူနေသည်။

သို့ရာတွင် ဆိုးရွားသော အချက်တစ်ချက် ရှိနေ၏။ လူတစ်ယောက်၏ ဇီဖစ်စွမ်းအင် ချိတ်ဆက် ကို ပူးကပ်တတ်သော စပက်တာ တစ်ကောင်နှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိ၍ မရနိုင်ခြင်းပင် ဖြစ်သည်။

ယင်းက နစ်၏ ပြဿနာသည် ယခုတိုင် မပြေလည်သေးကြောင်းကို ဆိုလိုနေပေသည်။ သူ၏ စွမ်းရည်နှင့် လိုက်လျောညီထွေမှု အလွန်မြင့်မားသော စပက်တာ တစ်ကောင်ကို သူ လိုအပ်နေဆဲ ဖြစ်၏။

နစ်သူ၏စွမ်းရည်နှင့် ပတ်သက်သော ပြဿနာကို စဉ်းစားနေစဉ် ဝင်တာက မေးလိုက်သည်။

"သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..."

"နည်းနည်းမှ မကြီးပါဘူး..."

ပါရာဆိုက်က ပေါ့ပျက်ပျက် လေသံဖြင့် ပြောလိုက်၏။

"သူ့ဆီမှာ ဖမ်းဆွဲလို့ရတဲ့ အမျှင်တချို့တော့ ရှိတယ်၊ ဒါပေမဲ့ နစ်က အဲဒါကို အေးဆေး ခုခံနိုင်လောက်အောင် သန်မာနေသင့်ပြီ... အထူးသဖြင့် သူက သက်မဲ့အရာဝတ္ထုတစ်ခု ဖြစ်နေလို့ သူ့မှာ အာရုံခံနိုင်စွမ်း မရှိဘူးလေ..."

"တကယ်တော့ နစ်သာ သတိမထားဘူးဆိုရင် အဲဒီ သနားစရာကောင်လေးကို မတော်တဆ နှစ်ပိုင်း ဆွဲဖြဲမိသွားနိုင်တယ်..."

ဤအရာအားလုံးသည် ယုံနိုင်စရာမရှိလောက်အောင် အလွန်ကောင်းမွန်နေခဲ့သည်။ ထို့ကြောင့် နစ်သည် သံသယဖြစ်နေဆဲပင်။

ပါရာဆိုက်သည် တစ်ခုခုကို ကြံစည်နေလေသလော။

"ကျေးဇူးပဲ..."

ဘေးဘက်မှနေ၍ ဝင်တာက ပြောလိုက်၏။

"ငါတို့ နောက်ရက်ပိုင်းလောက် နေရင် အဲဒီ အော်ဟစ်နေတဲ့ ခေါင်းတလားကို ဖမ်းတော့မယ်..."

"နောက်ရက်ပိုင်း..."

ပါရာဆိုက်က အနည်းငယ် မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။

"ဘာလို့ အခု မဖမ်းတာလဲ... အဲဒီကောင်က ငါ့အောက်မှာတင် ရှိနေတာလေ..."

"မင်းပြောတော့ အဲဒီ အော်ဟစ်နေတဲ့ ခေါင်းတလားက အလောင်းတွေကို စားတယ်ဆို၊ ဟုတ်လား..."

ဝင်တာက မေးလိုက်၏။

ကြွက်က ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့ ခုလေးတင်ပဲ အလောင်း ကိုးလောင်း ရထားခဲ့တယ်... ဒါပေမဲ့ အခု ငါတို့ဆီမှာ အဲဒီအလောင်းတွေ မရှိတော့ဘူးလေ..."

"ငါတို့ အခုချက်ချင်း အဲဒီ အော်ဟစ်နေတဲ့ ခေါင်းတလားကို သွားဖမ်းလိုက်ရင် သူ့ကို ငြိမ်နေအောင် အလောင်းတွေ ပေးဖို့ လိုလိမ့်မယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ အလောင်းတွေ အများကြီး ရထားပြီးတော့ အခုချက်ချင်း နောက်ထပ် အလောင်းတွေ ထပ်သွားရှာရင် အစောင့်တွေက ငါတို့ကို သံသယဝင်သွားနိုင်တယ်..."

"ဒါကြောင့် ငါတို့ဆီမှာ အော်ဟစ်နေတဲ့ ခေါင်းတလား ရှိနေပြီးသားလို ဟန်ဆောင်ရမယ်... ပြီးတော့ အဲဒီ အလောင်းကိုးလောင်းကို သူ့ကို ကျွေးလိုက်တယ်လို့ ပုံဖမ်းရမယ်..."

"အဲဒါကြောင့် ငါက အဲဒီကောင်ကို မဖမ်းခင် သုံးရက်ကနေ ငါးရက်လောက်အထိ စောင့်ချင်တာ..."

ကြွက်သည် ပျော်ရွှင်ပုံ မပေါ်သော်လည်း ပါရာဆိုက်သည် ဝင်တာ၏ ဆုံးဖြတ်ချက်ကို နားလည်သဘောပေါက်သွား၏။

"ကောင်းပြီလေ..."

ပါရာဆိုက်က ပြန်ဖြေလိုက်သည်။

"သူ့နေရာကို လိုချင်တဲ့အခါမှသာ ငါ့ကို ခေါ်ပါ၊ စကားပြောချင်ရုံ သက်သက်နဲ့တော့ လာမခေါ်နဲ့... ငါ့ရဲ့ လက်အောက်ငယ်သား တစ်ကောင်ကို ဒီလို သီးခြားဖြစ်နေတဲ့ နေရာဆီ လွှတ်ရတာက စွမ်းအင်တွေ အရမ်းကုန်တယ်၊ ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ငါ့ကို ခေါ်မယ်ဆိုရင် ငါ့ရဲ့ အကြံဉာဏ်ပေးမှုတွေအတွက် မင်းတို့ဆီက အခကြေးငွေ စတင်တောင်းခံရလိမ့်မယ်..."

"ဒါပေါ့..."

ဝင်တာက ပြော၏။

"အရောင်းအဝယ်အတွက် ကျေးဇူးပါပဲ၊ အော်ဟစ်နေတဲ့ ခေါင်းတလားကို ဖမ်းဖို့ အချိန်ကျရင် မင်းကို ခေါ်လိုက်ပါ့မယ်..."

"အေးဆေးပါ..."

ကြွက်က ပြောကာ ရေထဲသို့ ငုပ်ဆင်း၍ ပျောက်ကွယ်သွားတော့သည်။

***

All Chapters