← Chapters

အခန်း ၇၄

Vol. 5 Ch. 74

အခန်း ၇၄

Vol. 5 Ch. 74

အပိုင်း(၇၄)

နစ်၏ တံတောင်ဆစ်က ထိုလူကို ထိမှန်သွားချိန်တွင် သူ့အရိုးများစွာ ကျိုးသွားသည်ကို သူ ခံစားလိုက်ရ၏။ ထိုအရာက သူ့ကို အချက်တစ်ချက် သတိပေးလိုက်သည်။

'ဒါ လူတစ်ယောက်ပဲ...'

နစ် တွေးလိုက်၏။သေချာသည်မှာတော့ နစ်သည် ထိုလူ့ထံသို့ အတော်လေး ပြင်းထန်သော ခွန်အားဖြင့် ပြေးဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စပက်တာ တစ်ကောင်သာဆိုလျှင် အစပိုင်း သားပေါက်အဆင့် မဟုတ်သရွေ့ ဤမျှလောက် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည် မဟုတ်ပေ။

နစ်သည် တကယ်ကို အသက်အန္တရာယ် စိုးရိမ်ရလောက်သော ဒဏ်ရာကို ရရှိစေခဲ့ပြီ ဖြစ်၏။ အကယ်၍ ဒါသာ စပက်တာ တစ်ကောင်ဆိုလျှင် ဤသို့ ဖြစ်လာမည် မဟုတ်ပေ။

နစ်သည် စိတ်ပျက်စွာဖြင့် အံကို ကြိတ်လိုက်သည်။

'မိုက်မဲလိုက်တဲ့ကောင်...'

ကျိုးပဲ့နေသော ငြမ်းစင်ပေါ်မှ ခုန်ထွက်လိုက်ရင်း နစ် တွေးလိုက်၏။

နစ်၏ စွမ်းရည် ရပ်တန့်မသွားခြင်းက ယခုအချိန်တွင် ထိုလူသည် အခြား မည်သူ့ကိုမျှ အာရုံမခံနိုင်တော့ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။

သူ၏ ရင်ဘတ် ချိုင့်ဝင်သွားပြီးနောက်တွင် ထိုလူသည် ပတ်ဝန်းကျင်ကို သေချာစွာ အာရုံခံနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို စုစည်းနိုင်တော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ နစ် ဘယ်မှာ ရှိနေသလဲဆိုသည်ကို သူ မသိနိုင်တော့ခြင်းပင် ဖြစ်၏။

နစ်သည် မကျိုးပဲ့ဘဲ ကျန်နေသေးသော ငြမ်းစင် အပိုင်းအစ တစ်ခုကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် အပေါ်ဘက်ရှိ အခန်းထဲသို့ သူ့ကိုယ်သူ ပြန်လွှင့်တင်လိုက်သည်။

သတ္တုပြားများ အားလုံး ပြိုကျသွားခြင်းတော့ မဟုတ်ပေ။ နစ် အောက်သို့ ပြန်ကျလာသည်နှင့် တစ်ပြိုင်နက် မိလ္လာပြွန်များထဲသို့ လှမ်းကြည့်လိုက်၏။

ဗွမ်း...

သတ္တုပြား အတော်များများသည် မိလ္လာပြွန်များထဲသို့ ပြုတ်ကျသွားခဲ့၏။ ထိုလူသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

'အင်း... အဲဒီလူ အသက်ရှင်တော့မှာ မဟုတ်ဘူး...'

နစ် တွေးလိုက်၏။

နောက်တစ်ခဏတွင် နစ်သည် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် နှာမှုတ်လိုက်သည်။

'အောက်မှာ သွားပြီး ဘာလုပ်နေတာလဲကွ... လူတိုင်းအတွက် လုံလောက်တဲ့ အိမ်တွေ ရှိနေသားပဲ... သူများအိမ်အောက်မှာ သွားပြီး ဘာလို့ နေရတာလဲ...'

ယခုအခါ ငြိမ်သက်သွားပြီဖြစ်သော မိလ္လာပြွန်များထဲသို့ နစ် ဆက်လက် ငေးကြည့်နေခဲ့၏။ဆယ်စက္ကန့်ခန့် ကုန်ဆုံးသွားသည်။

'သူ သတိလစ်သွားပြီ ထင်တယ်...'

'ငါက လူသတ်ရတာကို ဝါသနာပါတဲ့သူ မဟုတ်ပါဘူး... ဒါပေမယ့် ဒီလို အရူးမျိုးအတွက်တော့ ငါ ဝမ်းနည်းပေးနေမှာ မဟုတ်ဘူး…’

'သူ ဒီမှာ ဘာလုပ်နေတာလဲ။ ဒီမှာများ နေတာလား...'

နစ် တွေးလိုက်၏။

'ဖြစ်နိုင်ချေ မရှိပါဘူး။ အဲဒီ ငြမ်းစင်က တော်တော်လေး ယိုင်နဲ့နဲ့ ဖြစ်နေပြီး သိပ်လည်း မကြီးဘူးလေ...'

'ဒါဆို အဲဒီကောင်က ဒီအိမ်အောက်မှာ သောက်ကျိုးနည်း ဘာလုပ်နေတာလဲ...'

'အိမ်ပိုင်ရှင်တွေက သူတို့အိမ်မှာ ခြောက်ခြားစရာတွေ ဖြစ်နေတယ်လို့ ပြောကြတယ်... အဲဒါက သူ့လက်ချက် ဖြစ်ဖို့ အလားအလာ အများဆုံးပဲ...'

'ဒါပေမယ့် ဘာလို့လဲ... သူ တမင်သက်သက် လုပ်ခဲ့တာလား... အိမ်ရှင်တွေ ပြောတဲ့စကားတွေအရဆိုရင်တော့ ဒါဟာ တမင်သက်သက် လုပ်ခဲ့တာ သေချာတယ်...'

'ဆိုလိုတာက ဒီကောင် အောက်ကိုရောက်နေတာ အကြောင်းရင်း တစ်ခုခု ရှိလို့ပဲ... ပြီးတော့ အဲဒါက ရိုးသားဖြူစင်တဲ့ အကြောင်းပြချက် ဖြစ်မယ်လို့ ငါ မထင်ဘူး...'

နောက်ဆုံးတွင်တော့ နစ်သည် သက်ပြင်းသာ ချနိုင်တော့၏။

'အဖြေကတော့ သူနဲ့အတူ သေဆုံးသွားပြီ ထင်ပါတယ်...'

ဗွမ်း... ဗွမ်း... ဗွမ်း...

နောက်တစ်ခဏတွင် အရာဝတ္ထု အတော်များများ ရေထဲသို့ ကျသွားသည့် အသံကို နစ် ကြားလိုက်ရသလို မျက်စိဖြင့်လည်း မြင်လိုက်ရသည်။

ထိုလူ မိလ္လာပြွန်ထဲ ပြုတ်ကျသွားသည့် နေရာဆီသို့ ကြွက်အကောင်ရေ အနည်းငယ် ရေကူးသွားနေသည်ကို မြင်လိုက်ရသောအခါ နစ်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။

"ကျေးဇူးပဲ နစ်..."

အသံတစ်ခု ထွက်ပေါ်လာ၏။ နစ် ခေါင်းလှည့်ပါ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။

ကြွက်တစ်ကောင်သည် မျက်နှာကြက်တွင် တွယ်ကပ်နေ၏။ ၎င်းသည် သူ့ကို နှစ်မီတာခန့် အကွာမှနေ၍ လှမ်းကြည့်နေခဲ့သည်။

"ဒီလိုမျိုး နောက်ထပ် ကိုးကောင်လောက်ဆိုရင် မင်း အားနည်းတဲ့ စပက်တာ တစ်ကောင်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲဆိုတာ ငါ ပြောပြမယ်..."

ထိုကြွက်က တွန့်တိုတို ပြုံးရင်း ပြောလိုက်၏။

နစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ပြန်မဖြေခဲ့ပေ။

"အို... လုပ်ပါကွာ..."

ကြွက်က ပြောလိုက်၏။

"မင်း ဒီထက်မကတာတွေတောင် သတ်ခဲ့ဖူးတာပဲ..."

နစ်၏ စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု ဖြတ်ပြေးသွား၏။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ပုံမှန် အခြေအနေများအောက်တွင် ဆိုရလျှင် ကပ်ပါးကောင် ၏ ကမ်းလှမ်းချက်ကို လုံးဝ စဉ်းစားမည် မဟုတ်ကြောင်း နစ် ပြောပေလိမ့်မည်။

သို့သော်လည်း သူသည် စပက်တာ တစ်ကောင်ကို ရှာဖွေနေခဲ့သည်မှာ ယခုဆိုလျှင် သုံးပတ်တိုင်တိုင် ရှိနေခဲ့ပြီ ဖြစ်၏။ နောက်ဆုံး ရရှိခဲ့သော သဲလွန်စကလည်း သာမန် လူတစ်ယောက်သာ ဖြစ်နေခဲ့သည်။

နစ်သည် အတော်လေး စိတ်ပျက်ကာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။

ဆယ်စက္ကန့်ခန့် ကြာသည်အထိ သူ ဘာမျှ မပြောခဲ့ပေ။

တစ်ချိန်တည်းမှာပင် နစ်၏ အောက်ဘက်ရှိ မိလ္လာရေများ၏ အရောင်မှာ အနည်းငယ် ပို၍ နီရဲလာခဲ့၏။

"ငါ စဉ်းစားကြည့်မယ်..."

နစ်က ပြောလိုက်သည်။

"ကောင်းတာပေါ့..."

နောက်ခြေထောက်များဖြင့် မျက်နှာကြက်ကို တွယ်ကပ်ထားရင်း ကြွက်က ၎င်း၏ လက်သေးသေးလေးများကို စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလျက် ပြောလိုက်၏။

"ငါ မျှော်လင့်နေမယ်နော်... သူတို့ကို မိလ္လာပြွန်ထဲသာ ပစ်ချလိုက်..."

နစ်က နှာမှုတ်လိုက်သည်။

"အဲဒီလူက ဒီကို ဘာလို့ ရောက်နေခဲ့တာလဲ..."

နစ်က မေးလိုက်၏။

"သူက နောက်ယောင်ခံလိုက်တဲ့သူ တစ်ယောက်လေ..."

ကြွက်က ပြောလိုက်သည်။

"နောက်ယောင်ခံလိုက်တဲ့သူ ဟုတ်လား..."

နစ်က ထပ်မေးလိုက်၏။

"ဟုတ်တယ်... သူက သူ့ဘဝရဲ့ အချစ်အကြောင်းတွေရယ်၊ သူနဲ့အတူ ရှိနေနိုင်ဖို့အတွက် လူတိုင်းကို အိမ်ထဲကနေ ဘယ်လို ထွက်သွားအောင် လုပ်မယ်ဆိုတဲ့ အကြောင်းတွေကို ထပ်ခါတလဲလဲ ရေရွတ်နေခဲ့တာ..."

ကြွက်က ပြောလိုက်၏။

"လုံးဝကို အရူးပဲ..."

"ဟက်..."

အံ့ဩသလိုလို မအံ့ဩသလိုလိုဖြင့် နစ်က ရေရွတ်လိုက်သည်။

နောက်တစ်ခဏတွင် နစ်သည် မိလ္လာပြွန်များထဲမှ သူ၏ ခေါင်းကို ပြန်ဆွဲထုတ်ကာ မတ်တတ်ရပ်လိုက်၏။ သူ အခန်းထဲမှ ထွက်လာခဲ့ပြီး အိမ်အပြင်သို့ လျှောက်သွားခဲ့သည်။

အပြင်သို့ ရောက်သောအခါ သူ့ကို စောင့်နေသော လူနှစ်ယောက်ကို နစ် မြင်လိုက်ရ၏။ သူတို့ထဲမှ တစ်ယောက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ယောက် ဖြစ်သည်။

ထိုအမျိုးသားသည် တော်တော်လေး ကြွက်သားထု ကြီးမားပြီး တောင့်တင်းခိုင်မာ၏။ သူ ဝတ်ဆင်ထားသော အရာများကို ကြည့်ခြင်းအားဖြင့် ဂိုဏ်းကြီးလေးခုထဲမှ တစ်ခုဖြစ်သော ပက်ဒလာဂိုဏ်း အတွက် အလုပ်လုပ်ပေးနေသူ တစ်ယောက်ဖြစ်ကြောင်း နစ် သိလိုက်သည်။

ထိုသူ နှစ်ယောက်မှာ အိမ်၏ နေထိုင်သူများ ဖြစ်ကြ၏။

နစ်၏ အကြည့်များက ငယ်ရွယ်သော မိန်းကလေးထံသို့ ကျရောက်သွားခဲ့သည်။

'အဲဒါက သူ့ရဲ့ ပစ်မှတ်ပဲ ဖြစ်ရမယ်...'

နစ် တွေးလိုက်၏။

နောက်တစ်ခဏတွင် နစ်သည် ထိုအမျိုးသားကို ကြည့်လိုက်သည်။

'ပြီးတော့ သူမရဲ့ အဖေ ရှိနေလို့ နောက်ယောင်ခံလိုက်တဲ့သူက ဒီကောင်မလေးကို တိုက်ရိုက် ဘာမှမလုပ်ရဲခဲ့တာပဲ…’

'လူတစ်ယောက်ကို သတ်လိုက်ရတာ အမြဲတမ်းတော့ ဆိုးရွားနေတာမျိုး မဟုတ်ဘူး ထင်ပါတယ်...'

ကြွက်သားထု ကြီးမားသော ထိုအမျိုးသားသည် စိုးရိမ်ကြောက်လန့်နေသော မျက်နှာထားဖြင့် နစ်ထံသို့ အလျင်အမြန် လျှောက်လာခဲ့၏။

အံ့ဩစရာကောင်းသည်မှာ သူ၏ သမီးဖြစ်သူကတော့ သူမ၏ ဖခင်လောက် စိုးရိမ်ပူပန်နေပုံ မရပေ။

"ငါတို့ အကျယ်ကြီး ပေါက်ကွဲသံ ကြားလိုက်ရတယ်..."

ဖခင်ဖြစ်သူက ပြောလိုက်၏။

"စပက်တာ ကို မင်း ရှာတွေ့သွားပြီလား..."

"ဖေဖေ၊ အဲဒါ စပက်တာ မဟုတ်ဘူး..."

သမီးဖြစ်သူက ညည်းညူသံဖြင့် ပြောလိုက်သည်။

"တကယ်လို့ စပက်တာ သာဆိုရင် သမီးတို့ အခုလောက်ဆို သေနေလောက်ပြီ..."

***

All Chapters