အခန်း ၄
Vol. 1 Ch. 4
အပိုင်း(၄)
စက္ကန့်အနည်းငယ် ကြာပြီးနောက် နစ်သည် စောစောက သူလုပ်မိခဲ့သော သံပိုက်ကွန်ရက်ပေါ်ရှိ အပေါက်ပေါ်သို့ ထိုသတ္တုပြားကြီးကို တင်လိုက်လေသည်။ ထို့နောက် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်ပစ်လိုက်သည်။
သူက သတ္တုပြားပေါ်သို့ တက်လျှောက်သွားပြီး အနည်းငယ် ခုန်ကြည့်လိုက်သည်။ သတ္တုပြားမှာ တကျွိကျွိ မြည်နေသော်လည်း ရွေ့လျားသွားခြင်းတော့ မရှိပေ။
နစ် ခုန်လိုက်သည့်ဒဏ်ကိုပင် ထိုသတ္တုပြားက ခံနိုင်ရည်ရှိပါက မည်သူမဆို ယင်းအပေါ်မှ လမ်းလျှောက်သွားရန် အခက်အခဲ ရှိမည်မဟုတ်ချေ။
နစ်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး လမ်းမများအတိုင်း ဆက်လက် လျှောက်လှမ်းသွားလေသည်။
သူ ထွက်ခွာသွားစဉ် ထိုလူအုပ်စုကို လက်အနည်းငယ် ဝှေ့ယမ်း နှုတ်ဆက်သွားခဲ့လေသည်။
"ဪ... အဲဒီလူ ဘယ်သူလဲဆိုတာ အခုမှ ငါသိတော့တယ်..."
စက္ကန့်အနည်းငယ် ကြာသောအခါ ထိုအုပ်စုထဲမှ လူငယ်တစ်ယောက်က အော်ပြောလိုက်လေသည်။
အခြားသူများက သူ့ကို လှည့်ကြည့်လိုက်ကြသည်။
"မင်း သူ့ကို သိလို့လား..."
လူငယ်က ခေါင်းညိတ်လိုက်လေသည်။
"သူက ဈေးထဲက လူထူးဆန်းလေ..."
"လူထူးဆန်း ဟုတ်လား..."
အုပ်စုထဲမှ အခြားလူတစ်ယောက်က မသေချာစွာဖြင့် ထပ်မေးလိုက်လေသည်။
"အာ... တစ်နေကုန် ဆိုင်းဘုတ်တစ်ခုကိုင်ပြီး အဲဒီမှာ ထိုင်နေတတ်တဲ့ တစ်ယောက်ကို ပြောတာလား…”
"ဟုတ်တယ်... အဲဒီလူပဲ..."
အခြားလူက ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။
"သူက ထိုင်နေတဲ့ အချိန်ဆိုရင် အများကြီး ပိုသေးသွားသလို ထင်ရတော့ သူ့ကို ငါ မမှတ်မိလိုက်ဘူး..."
အခြားသူများသည်လည်း နားလည်သဘောပေါက်သွားသည့်ဟန်ဖြင့် မျက်ခုံးပင့်လိုက်ကြလေသည်။
သူတို့ထဲမှ အချို့သည် စွန့်ပစ်ထားသော အိမ်ကို အသစ်တဖန် နားလည်သွားသော အကြည့်များဖြင့် ပြန်လည် ကြည့်ရှုလိုက်ကြသည်။
ထိုအချက်က သူသည် သတ္တုကို ချိုးဖျက်နိုင်လောက်အောင် အဘယ်ကြောင့် သန်စွမ်းနေရသနည်း ဆိုသည်ကို ရှင်းလင်းသွားစေခဲ့လေသည်။
"ဒါဆို သူက ချိတ်ဆက်ပြီးသား ဇီဖစ်စွမ်းအင် ချိတ်ဆက် တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား..."
အခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။
"သူ့ရဲ့ ဆိုင်းဘုတ်အရတော့ ဟုတ်တယ်..."
အုပ်စုထဲမှ အမျိုးသမီးကြီးသည် လမ်းလယ်ခေါင်ရှိ သတ္တုပြားကြီးကို လှမ်းကြည့်လိုက်လေသည်။
"မင်းတို့ သိလား... တခြားလူတွေကသာ သူ့စံနမူနာကို တကယ်လိုက်နာပြီး သူတို့ ဖျက်ဆီးမိတာကို ပြန်ပြင်ကြမယ်ဆိုရင် ဆင်ခြေဖုံးရပ်ကွက်ကြီးက အခုလောက် ဆိုးရွားနေမှာ မဟုတ်ဘူး..."
သူမက မှတ်ချက်ချလိုက်လေသည်။
...
နစ်သည် လမ်းမအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူသည် ကြီးမားသော ကွင်းပြင်ကျယ်ကြီး တစ်ခုထံသို့ ရောက်ရှိလာခဲ့လေသည်။
လမ်းမများနှင့် နှိုင်းယှဉ်လျှင် ကွင်းပြင်ကျယ်ကြီးကို ကျောက်တုံးများဖြင့် အဓိက ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ပြင် နံရံများမှာလည်း အလွန်အမင်း ညစ်ပတ်ပေရေနေခြင်း မရှိပေ။
ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားသော လှည်းများအနီး၌ နေရာယူထားကြသည့် ကုန်သည်အချို့ကို နစ် မြင်တွေ့နေရလေသည်။
ညအချိန် ဖြစ်သောကြောင့် အဆင်းရဲဆုံးနှင့် အချမ်းသာဆုံး ကုန်သည်များသာ သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချနေကြခြင်း ဖြစ်သည်။
အဆင်းရဲဆုံး ကုန်သည်များသည် ပြိုင်ဆိုင်မှု အလွန်နည်းပါးသောကြောင့် ညအချိန်တွင် ရောင်းချကြခြင်း ဖြစ်သည်။ အချမ်းသာဆုံး ကုန်သည်များမှာမူ သူတို့၏ ဆိုင်များကို အချိန်ပြည့် ဖွင့်လှစ်ထားနိုင်ရန် လူငှားရမ်းထားနိုင်သောကြောင့် ထိုသို့ ပြုလုပ်နိုင်ခြင်း ဖြစ်လေသည်။
ကျန်ရှိသော ဆိုင်ခန်းများ၏ 80% မှာမူ နံနက် ခြောက်နာရီမှ ည ဆယ်နာရီ အတွင်း၌သာ ဖွင့်လှစ်ကြလေသည်။
နစ်သည် ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့သည်။ ထို့နောက် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ အကျယ်ပြန့်ဆုံးသော လမ်းမကြီးတစ်ခုထံသို့ ရောက်ရှိလာခဲ့လေသည်။
ထိုလမ်းမကြီးသည် သွေးမှိုမြို့တော်၏ ထွက်ပေါက်တစ်ခုဆီသို့ ဦးတည်နေလေသည်။
လမ်းမကြီးနှင့် ကွင်းပြင်ကျယ်ကြီး ဆုံရာနေရာသို့ ရောက်သောအခါ နစ်သည် ရပ်တန့်လိုက်ပြီး ဘေးဘက်သို့ လျှောက်သွားလိုက်လေသည်။
ထိုင်ချလိုက်ပြီးနောက် နစ်သည် လိပ်ထားသော ကတ်ထူပြား တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ၎င်းကို ဖြန့်လိုက်ပြီး သူနှင့်အတူ ယူဆောင်လာသော သတ္တုတုတ်တံ တစ်ချောင်းပေါ်တွင် တပ်ဆင်လိုက်လေသည်။
နောက်ဆုံးတွင်တော့ နစ်သည် သူ၏ ဆိုင်းဘုတ်အသစ်ကို မြှောက်ကိုင်ထားလိုက်ပြီး စောင့်ဆိုင်းနေလိုက်လေတော့သည်။
"ဇီဖစ်စွမ်းအင် ထုတ်ယူသူ အလုပ်ရှာနေသည်"
ထို့နောက် သူ စောင့်ဆိုင်းနေခဲ့လေသည်။
လူများသည် ဖြည်းညှင်းစွာ နိုးထလာကြပြီး သူတို့၏ စွန့်ပစ်ခံရသကဲ့သို့ ဖြစ်နေသော အိမ်များထဲမှ ထွက်လာကြလေသည်။
အချိန်အားဖြင့် နံနက်စောစောပိုင်း ဖြစ်သော်လည်း အမြဲတမ်းလိုလိုပင် နေမင်းကြီးသည် ကောင်းကင်ယံထက်၌ မြင့်မားစွာ သာနေပြီး လမ်းမများကို လင်းထိန်နေစေသည်။
နစ်သည် သူ၏ ဆိုင်းဘုတ်ကို ကိုင်ထားဆဲဖြစ်ပြီး လူများကို ငြီးငွေ့စွာဖြင့် ကြည့်ရှုနေလေသည်။
လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သည် အာဟာရချို့တဲ့နေကြသည်။ ကျန်ရှိသူများကိုလည်း ပိန်ချုံးနေသူများဟု ခေါ်ဆိုနိုင်ဆဲပင် ဖြစ်သည်။ အချမ်းသာဆုံး ကုန်သည်များသာ သူတို့၏ ဗိုက်ပေါ်တွင် အဆီအနည်းငယ်ကို သိသိသာသာ မြင်တွေ့ရလေသည်။
နေမင်းကြီးသည် တစ်နေ့တာလုံး သာနေသော်လည်း လူတိုင်းနီးပါး၏ အသားအရေမှာ ဖြူဖျော့နေကြသည်။ ထို့ပြင် သူတို့ထဲမှ အချို့မှာ လမ်းမများပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေစဉ် မျက်လုံးတစ်ဝိုက်၌ အမည်းရောင် ကွင်းများပင် ရှိနေကြလေသည်။
နစ်သည် လူများကို မြင်သောအခါ သူတို့ထဲမှ အများစုမှာ အလွန် ဂဏာမငြိမ်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြသည်ကို သိရှိနိုင်လေသည်။
လူများသည် မျှော်လင့်ချက်မဲ့လာကြသောကြောင့် ဤနေ့သည် လတစ်လ၏ အန္တရာယ်အများဆုံးနေ့ ဖြစ်လာမည်ကို နစ် သိရှိထားသည်။
မှန်ပေသည်။
ယနေ့သည် လတစ်လ၏ အဆိုးရွားဆုံးသော နေ့တစ်နေ့ပင် ဖြစ်လေသည်။
လူတိုင်း ကြောက်ရွံ့ထိတ်လန့်ရသော နေ့တစ်နေ့ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ နစ်သည် သူ၏ ဆိုင်းဘုတ်ကို ဆက်လက် ကိုင်ဆောင်ထားရင်း စောင့်ဆိုင်းနေခဲ့လေသည်။
နစ်၏ ဆရာဖြစ်သူ အဲဘတ်က သူသည် ဆင်ခြေဖုံးရပ်ကွက်ကြီးထဲ၌ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အဖြစ် မကြာမီ အလုပ်ရလိမ့်မည်ဟု ပြောခဲ့ဖူးသည်။ သူ လိုအပ်သည်မှာ လူအများ မြင်သာအောင် နေရန်သာ ဖြစ်လေသည်။
အဲဘတ်ဆိုသည်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က နစ် တွေ့ဆုံခဲ့ဖူးသည့် အစွမ်းထက်သော ဇီဖစ်စွမ်းအင် ထုတ်ယူသူပင် ဖြစ်သည်။ နစ်သည် အဲဘတ်၏ ရိုက်ချက်ကြောင့် သတိလည်လာပြီးနောက် သူတို့နှစ်ဦးသည် အချင်းချင်း သိကျွမ်းသွားခဲ့ကြခြင်း ဖြစ်သည်။
နစ်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို မည်သို့ ရရှိခဲ့သည်ဟူသော အခြေအနေများကြောင့် အဲဘတ်သည် နစ်၏ ထံတွင် အလားအလာများစွာကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် နစ်အား လအနည်းငယ်ကြာအောင် လမ်းညွှန်သင်ကြားပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
အဲဘတ်သည် လွန်ခဲ့သော တစ်နှစ်ခန့်က ထွက်ခွာသွားခဲ့သည်။ အလုပ်ရရန်အတွက် လူအများ မြင်သာအောင် နေရန်သာ လိုအပ်ကြောင်း သူက နစ်ကို ပြောခဲ့လေသည်။ မကြာမီတွင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ များကို ရှာဖွေရန် စိတ်ဝင်စားသော တစ်စုံတစ်ယောက် ပေါ်လာလိမ့်မည်ဟု ဆိုလေသည်။
ထို့ကြောင့်ပင် နစ်သည် ဈေးထဲတွင် ဆိုင်းဘုတ်တစ်ခုနှင့် ထိုင်နေခဲ့ခြင်း ဖြစ်ပေသည်။
***