← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း(၅)

လူတိုင်းက ယနေ့ကို ကြောက်ရွံ့နေကြသော်လည်း နစ်အတွက်မူ ဤနေ့သည် အခြားသော သာမန်နေ့ရက်များနှင့် ဘာမျှမထူးခြားလှပေ။

လူအများအပြားသည် နစ်၏ အနီးမှ ဖြတ်သန်းသွားကြသည်။ လူတိုင်းနီးပါးက သူ့ကို အကဲခတ်သည့် အကြည့်များဖြင့် ကြည့်သွားကြသည်ကိုလည်း သူ သတိပြုမိလေသည်။

သို့သော်လည်း မည်သူကမျှ သူ့ကို တစ်စုံတစ်ရာ ပြုလုပ်ခြင်းတော့ မရှိခဲ့ပေ။

လူအများအပြားမှာ ကြောက်ရွံ့နေကြပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်ရှုနေကြသည်။ သို့သော် အချို့မှာမူ တည်ငြိမ်အေးဆေးနေပုံ ရလေသည်။

တည်ငြိမ်နေသူများ အားလုံး၏ ရင်ဘတ်ပေါ်တွင် လှံနှစ်ချောင်း ကြက်ခြေခတ်ထားသော ပုံသဏ္ဌာန်ရှိသည့် ရင်ထိုးငယ်လေးများကို တပ်ဆင်ထားကြသည်။

ထိုရင်ထိုးများသည် ဆင်ခြေဖုံးရပ်ကွက်ကြီးကို မြေအောက်လောကမှ ခြယ်လှယ်နေသော အင်အားအကြီးဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် အာမခံဂိုဏ်းကို ကိုယ်စားပြုလေသည်။

သို့သော်... ထိုရင်ထိုးများကို တပ်ဆင်ထားသူများသည် ဂိုဏ်းဝင်များ မဟုတ်ကြပေ။ ယနေ့ကိစ္စရပ်များ အားလုံးကို ဖြေရှင်းပေးရန် အာမခံဂိုဏ်းသို့ ငွေပေးချေထားသော သာမန် နိုင်ငံသားများသာ ဖြစ်ကြလေသည်။

ဘုန်း...

ရုတ်တရက် ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးသည် ထိုးကြိတ်ခံလိုက်ရသည်။ ထို့နောက် လူသုံးဦးပါဝင်သော အုပ်စုတစ်စုက ထိုးကြိတ်ခံရသူထံသို့ ခုန်အုပ်သွားကြလေသည်။

ထိုအမျိုးသားသည် ပုစွန်ကွေးသကဲ့သို့ ကွေးသွားပြီး တစ်စုံတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

တိုက်ခိုက်သူ သုံးဦးသည် အကူအညီမဲ့နေသော အမျိုးသားကို ဆက်လက်၍ ထိုးကြိတ်နေကြသည်။ သို့သော်လည်း သူတို့သည် အရိုးများ မကျိုးသွားစေရန် သတိထားနေကြလေသည်။

"မင်းရဲ့ ငွေတွေကို ပေးစမ်း..."

သူတို့ထဲမှ တစ်ယောက်က အော်ဟစ်လိုက်လေသည်။ မြေပြင်ပေါ်ရှိ ရွှေရောင်ဆံပင်နှင့် အမျိုးသားသည် မည်သို့မျှ ပြန်မဖြေဘဲ သူ၏ ငွေကြေးများကို ဆက်လက် ဆုပ်ကိုင်ထားလေသည်။

သူတို့သုံးဦးသည် အံကို တင်းတင်းကြိတ်လိုက်ကြသည်။

လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် တားမြစ်ထားသော အရာဖြစ်သည်။ ထို့ပြင် သူတို့သည် သွေးထွက်သံယို ဖြစ်စေရန်လည်း ခွင့်ပြုချက် မရှိထားပေ။

သို့သော်ငြားလည်း... သူတို့က အရိုးအချို့ကို ချိုးပစ်လိုက်မည် ဆိုပါက မြို့တော်က မျက်တောင်တစ်ချက်ပင် ခတ်လိမ့်မည် မဟုတ်ချေ။

သို့သော် အခြေအနေများ မည်သို့ပင် ရှိနေစေကာမူ သူတို့ သုံးဦးသည် ထိုလူကို သေစေချင်နေသော စိတ်ဝေဒနာရှင်များတော့ မဟုတ်ကြပေ။

သူတို့ကသာ ရွှေရောင်ဆံပင်နှင့် အမျိုးသား၏ ငွေကြေးများကို ဓားပြတိုက်ယူပြီး သူ့ အရိုးများကိုလည်း ချိုးပစ်လိုက်မည် ဆိုပါက ထိုအရာက သူ့ကို သတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားမည်သာ ဖြစ်လေသည်။

ဝိုင်းဝန်း တိုက်ခိုက်နေကြသူများထဲမှ တစ်ဦးသည် ရွှေရောင်ဆံပင်နှင့် လူ၏ ဆံပင်ကို ဆွဲကိုင်ကာ အင်အားအကုန်သုံး၍ နောက်သို့ ဆွဲလိုက်သည်။ သို့သော် မြေပြင်ပေါ်ရှိ အမျိုးသားသည် သူ၏ ပိုင်ဆိုင်မှုကို လက်လွှတ်မခံခဲ့ပေ။

သူ၏ ရွှေရောင်ဆံပင်များ ကျွတ်ထွက်သွားသည့် တိုင်အောင် သူက လက်မလွှတ်ခဲ့ပေ။

လူကြမ်း နှစ်ဦးသည် သူတို့၏ သူငယ်ချင်းဖြစ်သူကို စိတ်ပျက်ဒေါသထွက်နေသော အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။

နောက်ဆုံးတစ်ဦးက အသက်ပြင်းပြင်းရှူလိုက်ပြီး သားကောင်ဖြစ်သူ၏ ခေါင်းကို ဆုပ်ကိုင်လိုက်လေသည်။

ဘုတ်...

သူသည် အမျိုးသား၏ ခေါင်းကို လမ်းခင်းကျောက်ပြားများနှင့် ဆောင့်ပစ်လိုက်ရာ ထိုလူမှာ သတိလစ်သွားလေတော့သည်။

အံ့သြဖွယ်ကောင်းသည်မှာ သွေးထွက်လာခြင်း မရှိဘဲ ရွှေရောင်ဆံပင်နှင့် အမျိုးသားမှာ အသက်ရှင်နေဆဲပင် ဖြစ်လေသည်။

ဤသည်မှာ အလွန်အမင်း အန္တရာယ်များလှပေသည်။

တစ်စုံတစ်ခုသာ မှားယွင်းသွားပါက တိုက်ခိုက်သူ အမျိုးသားသည် အခြားလူတစ်ဦးကို သတ်ဖြတ်မှု သို့မဟုတ် တန်ဖိုးရှိသော သွေးများကို ဖြုန်းတီးမှုဖြင့် မြို့တော်၏ ကွပ်မျက်ခြင်းကို ခံရမည်သာ ဖြစ်လေသည်။

အခြားလူတစ်ယောက်က အောက်သို့ ငုံ့လိုက်ပြီး ရွှေရောင်ဆံပင်နှင့် အမျိုးသား၏ လက်ထဲမှ စက္ကူပိုက်ဆံ အနည်းငယ်ကို လုယူလိုက်လေသည်။

စက္ကူပိုက်ဆံများကို ရေတွက်ပြီးနောက် သူက သူ၏ အဖော် နှစ်ယောက်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည် ထိုငွေကြေးများ အားလုံးကို သူ၏ အဖော် တစ်ယောက်ထံသို့ ကမ်းပေးလိုက်ရာ ထိုလူကြမ်းကြီးမှာ ငိုကြွေးလေတော့သည်။

ငိုကြွေးနေသော အမျိုးသားသည် သူ၏ အဖော် နှစ်ယောက်ကို ဖက်လိုက်ပြီး ကျေးဇူးတင်စကား ဆိုရင်း အကြိမ်ကြိမ် ဦးညွှတ်လိုက်လေသည်။

သူ၏ အဖော် နှစ်ယောက်ကမူ အဆင်ပြေကြောင်းသာ ပြောဆိုနေကြလေသည်။

ငိုကြွေးနေသော အမျိုးသားသည် ဈေးအလယ်မှနေ၍ အလျင်အမြန် ပြေးထွက်သွားပြီး ဘေးဘက်ရှိ အမျိုးသမီး တစ်ဦး၏ ရင်ခွင်ထဲသို့ ဝင်ရောက်သွားလေသည်။

ထိုအမျိုးသမီးသည်လည်း အလွန်အမင်း ငိုကြွေးနေလေသည်။

ခဏအကြာတွင် ထိုအမျိုးသားက လူချင်း ခွဲလိုက်ပြီး ဒူးထောက်ကာ ရှေ့သို့ လာရန် လက်ယပ်ခေါ်လိုက်လေသည်။

အသက် ရှစ်နှစ်ထက် မကြီးသေးသော မိန်းမငယ်လေး နှစ်ဦးသည် အမျိုးသမီး၏ နောက်ကွယ်မှ ထွက်လာပြီး အမျိုးသားကို ဖက်လိုက်ကြလေသည်။

"သမီးတို့အတွက် အဖေ့ဆီမှာ လုံလောက်သွားပါပြီ..."

ထိုအမျိုးသားက တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေသည်။

လူအနည်းငယ်ခန့်ကသာ ထိုဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့ကြသည်။ လူအများစုမှာ ဤကဲ့သို့သော အရာများကို မြင်တွေ့နေကျဖြစ်၍ ဂရုမစိုက်ကြတော့ချေ။

ဈေးထဲရှိ လူများအားလုံးသည် လမ်းလယ်ခေါင်၌ သတိလစ်မေ့မြောနေသော အမျိုးသားကို ကျောက်ခဲတုံး တစ်တုံးကဲ့သို့ သဘောထားကာ သူ၏ ဘေးမှ ကွေ့ပတ်၍ လျှောက်သွားနေကြလေသည်။

နစ်သည် ဖြစ်ပျက်သွားသည်များကို စောင့်ကြည့်နေခဲ့သော်လည်း သူ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

ဘာအဓိပ္ပာယ် ရှိလို့နည်း။

လောက၌ သုံးစွဲရန်အတွက် လုံလောက်သော ငွေကြေး မရှိပေ။ မရှိတော့ လုကြလိမ့်မည်။ မိမိကိုယ်ကို ကာကွယ်ရန်မှာ လူတိုင်း၏ တာဝန်သာ ဖြစ်လေသည်။

အချိန်တွေ ပိုကြာလာသည်နှင့်အမျှ တိုက်ခိုက်မှုတွေ ပိုများလာခဲ့သည်။ သို့သော်လည်း နစ်ကတော့ စောင့်ဆိုင်းနေခဲ့ရုံသာ ဖြစ်သည်။

ထို့နောက် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်လေသည်။

မွန်းလွဲ နှစ်နာရီခန့်တွင် အရာအားလုံး ငြိမ်သက်သွားပြီး လူများသည်လည်း အလွန် တိတ်ဆိတ်သွားကြလေသည်။

ယခုအချိန်တွင် တစ်ဈေးလုံး၌ လူများ အပြည့်အလျှံ ဖြစ်နေလေပြီ။

ယခုအချိန်၌ မည်သူကမျှ တစ်စုံတစ်ခုကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း မပြုလုပ်ကြတော့ပေ။

သူတို့အားလုံးသည် အရာတစ်ခုတည်းကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။

နှစ်မိနစ်ခန့် ကြာပြီးနောက် ဈေးဆီသို့ ဦးတည်သော လမ်းများထဲမှ တစ်လမ်းတွင် ဧရာမ အင်းဆက်ကောင် အုပ်ကြီး၏ အသံများ ထွက်ပေါ်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအသံမှာ ပို၍ ကျယ်လောင်လာခဲ့လေသည်။

အဆုံးတွင်တော့ လူငါးဦး ပေါ်လာခဲ့ပြီး သူတို့နှင့်အတူ ကြီးမားသော ခြင်အုပ်ကြီးများလည်း ပါဝင်လာခဲ့လေသည်။

ထိုလူငါးဦးသည် သွေးမှိုမြို့တော်၏ သင်္ကေတများ ပါရှိသော အနီရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။ ၎င်းက မြို့တော်အတွက် အလုပ်လုပ်ပေးနေသူများ ဖြစ်ကြောင်း သူတို့၏ ကိုယ်ပိုင်လက္ခဏာများကို ပြသနေခြင်းပင် ဖြစ်သည်။ သူတို့ တစ်ဦးစီတွင် ကြီးမားသော အိတ်ကြီးအချို့ကို သယ်ဆောင်ထားကြသည်။ ထို့ပြင် သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိစေရန် အနက်ရောင် ဓာတ်ငွေ့ကာ နှာခေါင်းစည်းများကို ဝတ်ဆင်ထားကြလေသည်။

မြို့တော်ကိုယ်စားလှယ် ငါးဦးသည် လမ်းမများအတိုင်း လျှောက်လှမ်းလာစဉ် ခြင်အမြောက်အမြားသည် လူစုခွဲသွားကြပြီး သူတို့ဖြတ်သန်းသွားသော အိမ်များထဲသို့ ဝင်ရောက်သွားကြလေသည်။

သူတို့သည် ပုန်းအောင်းရန် ကြိုးစားနေသူများကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ခဏအကြာတွင် ခြင်များသည် အိမ်ထဲမှ ပြန်ထွက်လာကြပြီး ထိုလူငါးဦးထံသို့ ပြန်သွားကြသည်။ ထိုအချိန်တွင် အခြားခြင်များက အခြားအိမ်များထဲသို့ ဝင်ရောက်သွားကြလေသည်။

ရုတ်တရက် ခြင်အုပ်ကြီး တစ်အုပ်လုံးသည် အိမ်တစ်လုံးထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြလေသည်။

"အား..."

အိမ်ထဲမှ ထိတ်လန့်ဖွယ်ရာ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုအသံမှာ လျင်မြန်စွာ တိုးဝင်သွားပြီး အဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုခြင်အုပ်ကြီးသည် အိမ်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့မှာ ကောင်းကင်ယံသို့ ပျံသန်းသွားပြီး ဆုတ်ခွာသွားကြလေသည်။

သို့သော် စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင် ထွက်ခွာသွားသော ခြင်များနေရာ၌ ခြင်အသစ်များက အစားထိုး ဝင်ရောက်လာကြပြန်သည်။

ငါးမိနစ်ခန့် ကြာပြီးနောက် ထိုလူငါးဦးသည် ဈေး၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုလူငါးဦးသည် အတန်ကြာသည်အထိ ဘာစကားမျှ မဆိုခဲ့ကြပေ။

အချိန်အနည်းငယ် ကြာပြီးနောက် လူအုပ်ကြီးထဲမှ လူသုံးဦး ထွက်လာခဲ့လေသည်။

သူတို့သုံးဦးစလုံးသည် တောင့်တင်းသော ခန္ဓာကိုယ်များရှိသည့် အရပ်ရှည်ရှည် အမျိုးသားများ ဖြစ်ကြသည်။ ထို့ပြင် သူတို့အားလုံးသည် တူညီသော ယူနီဖောင်းကို ဝတ်ဆင်ထားကြလေသည်။

ယင်းမှာ အနက်ရောင် ဆေးခြယ်ထားပြီး လက်မောင်းများတွင် မီးခိုးရောင် ပါရှိသော စစ်ဘက်ဆိုင်ရာ ယူနီဖောင်း တစ်ခုနှင့် တူလေသည်။

ဤသည်မှာ အာမခံဂိုဏ်း၏ ယူနီဖောင်းပင် ဖြစ်လေသည်။

"ကြိုဆိုပါတယ်..."

အာမခံဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူက ယဉ်ကျေးသော အပြုံးဖြင့် ပြောလိုက်လေသည်။

မြို့တော်ကိုယ်စားလှယ် ငါးဦးထဲမှ တစ်ဦးသည် တစ်စုံတစ်ခုကို တောင်းဆိုနေသည့် ဟန်ဖြင့် သူ၏ လက်ကို ဆန့်ထုတ်လိုက်လေသည်။

"အဆင်သင့်ပါပဲ..."

ခေါင်းဆောင်ဖြစ်သူက ပြောလိုက်လေသည်။ ခဏအကြာတွင် သူသည် လက်ဆွဲသေတ္တာ တစ်လုံးကို ထုတ်ယူကာ ဖွင့်လိုက်ပြီး ထိုအမျိုးသားထံသို့ ကမ်းပေးလိုက်လေသည်။ လက်ဆွဲသေတ္တာထဲတွင် စက္ကူပုံစံဖြင့် ပြုလုပ်ထားသော ငွေကြေးအထပ်လိုက်ကို တွေ့မြင်ရလေသည်။

***

All Chapters