← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အပိုင်း(၈)

နစ်သည် နှစ်ပတ်တိုင်တိုင် ဆိုင်းဘုတ်ကို မြှောက်ကိုင်ကာ ဈေးထဲသို့ သွားရောက် စောင့်ဆိုင်းနေခဲ့လေသည်။

အခြားသော နေ့ရက်များနှင့် မထူးခြားလှသည့် နေ့တစ်နေ့တွင် တစ်စုံတစ်ယောက်သည် ဈေးထဲ၌ နစ်ထံသို့ ချဉ်းကပ်လာခဲ့လေသည်။

သူသည် အညိုရောင်ဖျော့ဖျော့ ဆံပင်များရှိသော အရပ်ရှည်ရှည် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေသော်လည်း သန့်ရှင်းနေလေသည်။ သူ၏ အညိုရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီမှာ စုတ်ပြဲနေသော်လည်း ထိုနည်းတူပင် သန့်ရှင်းနေလေသည်။

တစ်ဘဝလုံး ဆင်ခြေဖုံးရပ်ကွက်ကြီးထဲ၌ နေထိုင်ခဲ့သူ တစ်ယောက်အနေဖြင့် နစ်သည် သူ၏ရှေ့ရှိ ထိုသူမှာ ဆင်းရဲသား တစ်ယောက် မဟုတ်ဘဲ ဆင်းရဲဟန်ဆောင်နေခြင်း ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်လေသည်။

ထိုလူသည် ယနေ့အချိန်အထိ ဆင်းရဲသား တစ်ယောက်ကိုပင် မြင်ဖူးမည် မဟုတ်ချေ။ သို့မဟုတ်ပါက သူ၏ ရုပ်ဖျက်ဟန်ဆောင်မှုမှာ ဤမျှအထိ ဟာသဖြစ်စရာ ကောင်းနေမည် မဟုတ်ပေ။

ထိုအမျိုးသားသည် ဖော်ရွေသော အပြုံးဖြင့် နစ်ထံသို့ လျှောက်လာခဲ့သည်။ သို့သော် ထိုသူ၏ အတွင်းစိတ်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်နေသည်ကို နစ် မြင်တွေ့နိုင်လေသည်။

"ဟေး... မင်းက ဇီဖစ်စွမ်းအင် ထုတ်ယူသူ လား..."

ထိုအမျိုးသားသည် နစ်၏ ဆိုင်းဘုတ်ကို ကြည့်ရင်း မေးလိုက်လေသည်။

"ကျုပ်က ဂိုတီ ဓာတ်ခွဲခန်းရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်မြင်ထားတာပါ... ဒါပေမဲ့ ကျုပ်ရဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက်က ချိတ်ဆက်ပြီးသား ဖြစ်နေတော့ ထုတ်ယူသူ တစ်ယောက်အနေနဲ့ တစ်ခါမှတော့ အလုပ်မလုပ်ဖူးဘူး..."

နစ်သည် ထိုသူကို သံသယဖြင့် ကြည့်ရင်း ပြန်ဖြေလိုက်လေသည်။

နစ်၏ စကားကို ကြားသောအခါ ထိုသူ၏ မျက်လုံးများထဲတွင် တောက်ပသော အရောင်အဝါ တစ်ခု ပေါ်လာခဲ့လေသည်။

"မင်းရဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက်က ချိတ်ဆက်ပြီးသား ဟုတ်လား..."

နစ်က ခေါင်းညိတ်ပြလိုက်လေသည်။

တိတ်ဆိတ်သွားလေသည်။

ထိုသူသည် စကားဝိုင်းကို မည်သို့ ဆက်လက် ပြောဆိုရမည်ကို မသေချာဖြစ်နေပုံ ရလေသည်။ ထိုသူ၏ မျက်နှာအမူအရာများမှာ အလွန် ပေါ်လွင်နေသောကြောင့် နစ်သည် သူ၏ အတွေးများကို လက်တွေ့ကျကျ ဖတ်ရှုနိုင်လေသည်။

ထိုသူသည် သူ့ကို လိမ်လည်လှည့်စားလိုသော မသင်္ကာဖွယ် လူတစ်ယောက်အဖြစ် မထင်မှတ်စေဘဲ နစ်ကိုယ်တိုင်က သူ့အကြောင်းကို ပိုမို ပြောပြလာစေရန် နည်းလမ်းရှာနေခြင်း ဖြစ်ကြောင်း နစ် သေချာပေါက် သိရှိနေလေသည်။

"ခင်ဗျား အဲဘတ် ကို သိလား..."

နစ်က မေးလိုက်လေသည်။

ထိုသူ၏ မျက်လုံးများ တစ်ခဏမျှ ပြူးကျယ်သွားပြီးနောက် သက်တောင့်သက်သာ မရှိသော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

"အဲဘတ် ဆိုတဲ့ နာမည်နဲ့ လူတွေက အများကြီးရှိတာပဲလေ..."

သူက အနေရခက်စွာဖြင့် ပြန်ဖြေလိုက်လေသည်။

'ချီးလိုပဲ...'

နစ်က စိတ်ထဲမှ တွေးလိုက်လေသည်။

'အဲဒီလူ တစ်ယောက်ကလွဲရင် ဒီမှာ ဘယ်သူမှ အဲဘတ် လို့ နာမည်မရှိဘူး...'

"အနက်ရောင်နဲ့ မီးခိုးရောင် ဆံပင်တွေ ရှိတယ်... ပြီးတော့ သူက လေထဲမှာ ဝဲပျံနေနိုင်တဲ့ အရာတချို့ကို ဆင့်ခေါ်နိုင်တယ်... ငါတို့ ပြောနေတာ လူတစ်ယောက်တည်း ဟုတ်မဟုတ် သေချာအောင် ခင်ဗျားက နောက်ဆုံး အချက်အလက်လေးကို ဖြည့်ပြောပေးလို့ ရနိုင်မလား..."

နစ်က သံသယ မျက်နှာထားဖြင့် ပြောလိုက်လေသည်။

အမျိုးသားသည် မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်လေသည်။ အတန်ကြာပြီးနောက်...

"သူက ကိရိယာတွေကို သဘောကျတယ်..."

ထိုအမျိုးသားက ဖြည့်စွက်ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ နစ်က တောက်ပစွာ ပြုံးလိုက်လေသည်။

"နောက်ဆုံးတော့လည်း..."

သူက မတ်တတ်ရပ်ရင်း ပြောလိုက်ရာ ထိုအမျိုးသားမှာ နောက်သို့ ဆုတ်သွားလေသည်။

"အဲဘတ်က မကြာခင်မှာ တစ်ယောက်ယောက်က အလုပ်တစ်ခုနဲ့ ရောက်လာလိမ့်မယ်လို့ ပြောဖူးတယ်... အဲဒီလူက ခင်ဗျားပဲ ထင်တယ်..."

ထိုအမျိုးသားသည်လည်း စိတ်လှုပ်ရှားသွားလေသည်။ ကြည့်ရသည်မှာ သူသည်လည်း တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရန် မျှော်လင့်ထားပုံ ရလေသည်။

သို့သော် ထိုခဏတွင်ပင် သူ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားပြီး သံသယ ဝင်လာလေသည်။

"ငါ သူ့ကို သိပါတယ်... ဒါပေမဲ့ ငါ့မှာ မင်းကို ငှားရမ်းဖို့ အရင်းအနှီး ရှိမယ်မထင်ဘူး... ငါကလည်း ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာပဲ နေတာလေ..."

သူက ဂရုတစိုက် ပြောလိုက်လေသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူများသည် လမ်းလျှောက်နေခြင်းကို ရပ်တန့်ကာ သူ့ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

ထိုအမျိုးသားက သတိပြုမိသွားပြီး သူ တစ်စုံတစ်ခုကို မှားယွင်းစွာ ပြောလိုက်မိသကဲ့သို့ ခံစားလိုက်ရလေသည်။

"အစ်ကိုကြီး..."

နစ်က ခေါ်လိုက်ရာ ထိုအမျိုးသားသည် သူ့ထံသို့ လှည့်လာလေသည်။

"ခင်ဗျား အခုလေးတင် အရင်းအနှီးလို့ ပြောလိုက်တယ်နော်... ပြီးတော့ ခင်ဗျားရဲ့ ရုပ်ဖျက်ဟန်ဆောင်မှုက အရမ်းကို ဆိုးရွားလွန်းတယ်... ဘယ်သူကမှ ခင်ဗျားကို ယုံမှာ မဟုတ်ဘူး... ခင်ဗျား ဘယ်လောက်တောင် မသေချာမရေရာ ဖြစ်နေပြီး ကြောက်ရွံ့နေလဲ ဆိုတာကို ကြည့်ရုံနဲ့တင် တကယ်လို့ သူတို့သာ လုချင်မယ် ဆိုရင် ခင်ဗျားဆီမှာ ရှိသမျှ အကုန်လုံးကို အခုလောက်ဆို လုယူသွားလောက်ပြီ..."

အမျိုးသား၏ အပြုံးမှာ ပို၍ သက်တောင့်သက်သာ မရှိ ဖြစ်သွားလေသည်။

"ငါ သိပ်ပြီးတောာ့..."

"ကျုပ်နဲ့ လိုက်ခဲ့..."

နစ်သည် ထိုသူ၏ လက်မောင်းကို ဆွဲကိုင်ကာ ခေါ်ဆောင်သွားရင်း ပြောလိုက်လေသည်။

ထိုသူသည် နစ် ဆွဲကိုင်ထားသော နေရာကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် တစ်ခဏမျှ သူ၏ မျက်လုံးများသည် ဖြူဖွေးသွားလေသည်။

သို့သော်... သူသည် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားပြီး သူ၏ မျက်လုံးများသည်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

သူသည် သူစိမ်းတစ်ယောက်ကို ဆွဲကိုင်ပြီး ခေါ်ဆောင်သွားတတ်သော လူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

"ဟေး... ငါ့ဘာသာ လမ်းလျှောက်နိုင်ပါတယ်..."

နစ်၏ ဆုပ်ကိုင်ထားမှုထဲမှ သူ၏ လက်မောင်းကို ဆွဲထုတ်ရင်း ထိုသူက ပြောလိုက်လေသည်။

"ဒါဆို လိုက်ခဲ့လေ..."

နစ်က အဝေးသို့ ခေါင်းဖြင့် အချက်ပြရင်း ပြောလိုက်လေသည်။

ထိုအမျိုးသားသည် လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူကာ နစ် ကိုင်တွယ်ခဲ့သော နေရာကို သုတ်သင် ရှင်းလင်းလိုက်သည်။ ထို့နောက် သူ၏ နောက်သို့ လိုက်ပါသွားလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်... သူတို့သည် နစ်၏ ယာယီအိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

အမျိုးသားသည် တစ်ဖန် မသေမချာ ပြန်ဖြစ်သွားခဲ့သည်။ သို့သော် သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ဝင်ရောက်သွားလေတော့သည်။

အမျိုးသားသည် အိမ်ထဲသို့ ဝင်ရောက်လာသောအခါ ပို၍ပင် နေရထိုင်ရ အဆင်မပြေ ဖြစ်လာခဲ့လေသည်။

နေရာအနှံ့အပြား၌ အညစ်အကြေးများ ရှိနေပြီး နံရံများတွင်လည်း အပေါက်များစွာ ရှိနေလေသည်။ အကယ်၍ သူသာ သတိလက်လွတ် ဖြစ်သွားပါက နံရံ၏ ချွန်ထက်သော အစွန်းများနှင့် ရှမိနိုင်ချေ ရှိလေသည်။

"ဟေး... ဒီကိုလာခဲ့..."

အခန်းတစ်ခန်းထဲမှ နစ်က အော်ဟစ်လိုက်လေသည်။

အမျိုးသားသည် လျှောက်သွားလိုက်ရာ ပို၍ကြီးမားသော အခန်းတစ်ခန်း၏ အလယ်တည့်တည့် မြေပြင်ပေါ်၌ ထိုင်နေသော နစ်ကို မြင်တွေ့လိုက်ရလေသည်။

ထိုနေရာတွင် စားပွဲများ၊ ကုလားထိုင်များ လုံးဝ မရှိချေ။

ထို့နောက် သူသည် နစ်၏ အရှေ့ရှိ နေရာကို မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ငါ ထိုင်ရမလား..."

"အင်းလေ... ထိုင်ရမှာပေါ့..."

နစ်က မျက်လုံးလှန်ပြရင်း ပြန်ဖြေလိုက်လေသည်။

ထိုအမျိုးသားသည် အသက်ပြင်းပြင်းရှူသွင်းကာ ထိုင်ချလိုက်လေသည်။

"မင်းဆီမှာ သောက်စရာ တစ်ခုခု ရှိလား..."

သူက မေးလိုက်လေသည်။

"ရေစည်က အနောက်မှာ ရှိတယ်..."

နစ်က သူ၏ အနောက်ဘက်သို့ လက်ဟန်ပြလိုက်လေသည်။

"အာ... ဟုတ်ပြီ..."

ထိုအမျိုးသားက ပြောလိုက်လေသည်။

"မင်းဆီမှာ ဖန်ခွက် ဒါမှမဟုတ် ခွက် တစ်ခုခု ရှိလား..."

နစ်က မျက်တောင်ကို ဖြည်းညှင်းစွာ ခတ်လိုက်လေသည်။

"ဘာ... ခွက်..."

သူက မေးလိုက်လေသည်။

"ခွက်လေကွာ..."

လက်ဖြင့် ပုံဖော်ပြရင်း သူက ထပ်ပြောလိုက်လေသည်။

"ဒီလို အရည်ထည့်တဲ့ ဟာလေးလေ..."

နစ်က မျက်တောင်ကို ဖြည်းညှင်းစွာ ထပ်ခတ်လိုက်ပြန်သည်။

"ဘာလို့လဲ... ဒီတိုင်း သောက်လိုက်လေ..."

သူက ခံစားချက်မဲ့နေသော အမူအရာ၊ အသံဖြင့် ပြောလိုက်လေသည်။

ထိုအမျိုးသားသည် နေရခက်နေသော အမူအရာဖြင့် နစ်ကို ကြည့်လိုက်လေသည်။

"ထားလိုက်ပါတော့... ငါ ရေမဆာတော့ဘူး..."

သူက ပြောလိုက်လေသည်။

အခန်းက တိတ်ဆိတ်သွားလေသည်။

***

All Chapters