← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အပိုင်း(၉)

တစ်ခဏမျှ တိတ်ဆိတ်ပြီး နောက်၌ အမျိုးသားက လက်ဆွဲနှုတ်ဆက်ရန် သူ၏ လက်ကို ရှေ့သို့ ဆန့်ထုတ်ရင်း ပြောလိုက်လေသည်။

"ငါက ဝင်တာ ပါ..."

နစ်က ထိုလက်ကို ကြည့်လိုက်လေသည်။

"ခင်ဗျား ဘာလိုချင်လို့လဲ... လက်ဖြန့်နေတာက"

လက်ကိုကြည့်ရင်း သူက မေးလိုက်လေသည်။

"လက်ဆွဲနှုတ်ဆက်ပြီး မိတ်ဆက်ရအောင်လေ..."

ဝင်တာက လက်ကို ဆန့်ထုတ်ထားဆဲပင် အနေရခက်စွာဖြင့် မေးလိုက်လေသည်။

နစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ကို ရှေ့သို့ တိုးပေးလိုက်လေသည်။

ထို့နောက် နစ်သည် ဝင်တာ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။

"ကျုပ်က နစ် ပါ..."

ဝင်တာက သက်တောင့်သက်သာမရှိ ပြုံးလိုက်ပြီး လက်ဆွဲနှုတ်ဆက်ရန်အတွက် သူ၏ လက်ကို အပေါ်အောက် လှုပ်ခါလိုက်သည်။ နစ်ကမူ လှုပ်ခါနေသော ထိုလက်များကို ပြန်လည် ကြည့်ရှုနေခဲ့လေသည်။

"ကျေးဇူးပြုပြီး လွှတ်ပေးလို့ ရမလား..."

ဝင်တာက မေးလိုက်လေသည်။

ဝင်တာသည် လက်ကိုင်ချင်သည်ဟု ဆိုပြီး ရုတ်တရက် အဘယ်ကြောင့် ပြန်လွှတ်ခိုင်းသည်ကို နားမလည်နိုင်သဖြင့် နစ်သည် မျက်မှောင်ကြုတ်လိုက်လေသည်။ သို့သော်လည်း သူသည် ဝင်တာ၏ လက်ချောင်းများကို လွှတ်ပေးလိုက်လေသည်။

"ဆောရီးပါ နစ်... ဒီအောက်ခြေက လူတွေရဲ့ ပြုမူပုံတွေကို ငါ အသားကျအောင် လုပ်ရဦးမယ်..."

ဝင်တာက တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။

'သေချာပါတယ်... သူက ဒီနေရာက မဟုတ်ဘူး...'

နစ်က စိတ်ထဲမှ တွေးလိုက်လေသည်။

ဝင်တာက "ဒီအောက်ခြေ" ဟု ပြောဆိုခဲ့ခြင်းမှာ သူသည် မြို့တွင်းပိုင်းမှ လာရောက်သူ ဖြစ်ကြောင်းကို ဆိုလိုနေခြင်းပင် ဖြစ်လေသည်။

သွေးမှို မြို့တော်ကို အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ယင်းတို့မှာ မြို့တွင်းပိုင်းနှင့် မြို့ပြင်ပိုင်းတို့ ဖြစ်ကြလေသည်။

အကယ်၍ တစ်စုံတစ်ယောက်က သွေးမှို မြို့တော်ကို လေယာဉ်ပေါ်မှနေ၍ ကြည့်ရှုမည် ဆိုပါက ဧရာမ မြို့တော်ကြီး တစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုမြို့တော်ကြီး၏ အလယ်တည့်တည့်၌ လုံးဝကို အင်မတန် ကြီးမားလှသော အဆောက်အအုံကြီး တစ်ခု ရှိနေပြီး မြို့က ထိုအရာကို ဝန်းရံထားခြင်း ဖြစ်လေသည်။

ထိုအဆောက်အအုံကြီးသည် ဟိုက်ပါဘိုလာ ပုံသဏ္ဌာန်ရှိသော ဧရာမ ပိရမစ် အကွေးကြီး တစ်ခု ဖြစ်သည်။ ၎င်းကို အလင်းပြန်နိုင်သော သတ္တုဖြင့် ပြုလုပ်ထားပြီး အမြင့် နှစ်ကီလိုမီတာနှင့် အကျယ် ငါးကီလိုမီတာခန့် ရှိလေသည်။

ဤဧရာမ အဆောက်အအုံကြီး၏ ပတ်ပတ်လည်တွင် မြင့်မားပြီး စျေးကြီးသော အဆောက်အအုံများစွာ ရှိနေလေသည်။ သို့သော် အလယ်ဗဟိုမှ ပို၍ ဝေးကွာသွားသည်နှင့်အမျှ အဆောက်အအုံများမှာ ပိုမို သေးငယ်လာပြီး ပို၍ အရုပ်ဆိုးလာကြလေသည်။

အဆောက်အအုံကြီး၏ အစွန်းမှ သုံးကီလိုမီတာခန့် အကွာအဝေးတွင်မူ မြို့တော်၏ အစွန်ဆုံးအပိုင်း ဖြစ်သော ဆင်ခြေဖုံးရပ်ကွက်ကြီး တည်ရှိနေလေသည်။

ထိုဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း၌ အသက်ရှင်သန်နိုင်ရန်ပင် ခက်ခဲစွာ ရုန်းကန်နေရသော အဆင်းရဲဆုံး လူတန်းစားများ နေထိုင်ကြလေသည်။ ထိုဆင်ခြေဖုံးရပ်ကွက်ကြီးနှင့် မြို့တွင်းပိုင်းတို့၏ ကြားတွင်မူ အမှန်တကယ် မြို့ပြင်ပိုင်း တည်ရှိနေလေသည်။

ဂိုတီ ဓာတ်ခွဲခန်းသည် မြို့တွင်းပိုင်း၌ တည်ရှိသည်။ သို့သော် စာမေးပွဲ ဖြေဆိုရမည့် နေရာမှာမူ မြို့ပြင်ပိုင်း၌ ဖြစ်လေသည်။

နစ်သည် မြို့တွင်းပိုင်းနှင့် ပတ်သက်သော ဒဏ္ဍာရီများကို ကြားဖူးခဲ့သည်။ သို့သော် သူ ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးခဲ့ချေ။

ထို့ပြင် ထိုနေရာသို့ ရောက်ဖူးသူ နှစ်ဦးကိုသာ သူ တွေ့ဆုံဖူးခဲ့လေသည်။ သူတို့မှာ အဲဘတ်နှင့် ဝင်တာတို့ ဖြစ်ကြလေသည်။

"ခင်ဗျားက မြို့တွင်းပိုင်းက မဟုတ်လား..."

နစ်က မေးလိုက်လေသည်။

"ဟုတ်တယ်... ဒါပေမဲ့ အောက်ခြေလွှာတွေထဲကပေါ့..."

ဝင်တာက ဖြေလိုက်လေသည်။

"ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲကို ငါရောက်တာ ဒါပထမဆုံးအကြိမ်ပဲ..."

"ကျုပ် ကြည့်ရုံနဲ့ သိသာပါတယ်..."

နစ်က ပြောလိုက်ရာ ဝင်တာမှာ အနေရခက်စွာဖြင့် ပြုံးရုံသာ ပြုံးနေလေသည်။

"ဒါဆို ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ..."

နစ်က မေးလိုက်လေသည်။

"ငါ မင်းကို မပြောပြခင် မင်းလက်မှတ်ထိုးပေးရမယ့် စာရွက်တချို့ ရှိတယ်..."

ဝင်တာသည် သူ၏ ခါးပတ်တွင် ချိတ်ဆွဲထားသော အိတ်ငယ်လေးထဲမှ စာရွက်အချို့ကို ထုတ်ယူရင်း ပြောလိုက်လေသည်။

နစ်သည် ပထမဆုံး စာရွက်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

"လျှို့... လျှို့ဝှက်ချက်... ထိန်း... ထိန်းသိမ်း... ရေး... သဘောတူစာချုပ်... လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ်... အဲဒါက ဘာလဲ..."

နစ်က မေးလိုက်လေသည်။

ဝင်တာသည် နစ်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်လေသည်။

"မင်း စာမဖတ်တတ်ဘူးလား..."

နစ်က မျက်မှောင်ကြုတ်လိုက်လေသည်။

"ကျုပ် ဖတ်တတ်တယ်... ကျုပ် အဲဘတ် ဆီက သင်ထားတာ... အခုက အလေ့အကျင့် မရှိတော့လို့ပါ..."

"အိုကေ... အိုကေ..."

ဝင်တာက အလျင်အမြန် ပြန်ဖြေလိုက်လေသည်။

"အဲဒါက လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ် လေ... ဆိုလိုတာက ငါ အခုပြောပြမယ့် ကိစ္စတွေကို မင်း တခြားဘယ်သူ့ကိုမှ ပြန်ပြောပြခွင့် မရှိဘူး... ပြောပြရင် မြို့တော်က မင်းကို လာဖမ်းလိမ့်မယ်... အခြေခံအားဖြင့် ပြောရရင် မင်းက ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို ပြန်ပြောပြမယ်ဆိုရင် မင်းဟာ ရာဇဝတ်ကောင် တစ်ယောက် ဖြစ်သွားလိမ့်မယ်..."

"အိုကေ..."

လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ် ၏ ပထမဆုံး စာကြောင်းကို ဖတ်ရန် ကြိုးစားရင်း နစ်က စိတ်လွင့်နေသည့်အဟန်ဖြင့် ပြောလိုက်လေသည်။

သို့သော် ထိုစာကြောင်းမှာ ခက်ခဲလွန်းလှပေသည်။ ဥပဒေရေးရာ စာရွက်စာတမ်း တစ်ခုကို ဖတ်ရှုနားလည်ရန်မှာ ငွေကြေးများစွာ ချမ်းသာသော လူကြီးများအတွက်ပင် ခက်ခဲလှပေသည်။ နစ်၏ စာဖတ်စွမ်းရည်မှာမူ မူလတန်းကျောင်းသား တစ်ယောက်၏ အဆင့်၌သာ ရှိနေလေသည်။

မိနစ်အနည်းငယ် ကြာသောအခါ ဝင်တာက နစ်အတွက် အားလုံးကို ဖတ်ပြရန် ကမ်းလှမ်းခဲ့သည်။ သို့သော် နစ်က သူ့ကို မယုံကြည်ကြောင်းနှင့် သူကိုယ်တိုင်သာ ဖတ်မည်ဖြစ်ကြောင်း ပြောခဲ့လေသည်။

နှစ်နာရီခန့် အချိန်ယူပြီး စကားလုံးများ၏ အဓိပ္ပာယ်များကို မေးခွန်းပေါင်းများစွာ မေးမြန်းပြီးနောက်တွင်တော့ နစ်သည် အားလုံးကို အဆုံးတိုင် ဖတ်ရှုပြီးစီးသွားခဲ့လေသည်။

ဝင်တာထံမှ ညွှန်ကြားချက် အနည်းငယ်ကို ထပ်မံရရှိပြီးနောက်တွင် နစ်သည် စာရွက်၏ အောက်ခြေ၌ အနေရခက်စွာဖြင့် လက်မှတ်ရေးထိုးလိုက်လေသည်။

နစ်သည် ဤအရာအားလုံးနှင့် ပတ်သက်၍ အလွန်အမင်း ရှုပ်ထွေးနေလေသည်။ သူ ဘာကို လက်မှတ်ထိုးလိုက်သည်ကို သူ သိသော်လည်း ၎င်းမှာ သူ့အတွက် စိမ်းသက်ပြီး ထူးဆန်းနေဆဲပင် ဖြစ်လေသည်။

"အိုကေ..."

ဝင်တာက စိတ်သက်သာရာရသွားသော သက်ပြင်းချရင်း ပြောလိုက်လေသည်။

"အခုကစပြီး ငါတို့ ပြောမယ့်အရာတွေ အားလုံးက လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ် ရဲ့ အောက်မှာ အကျုံးဝင်သွားပြီ... ဆိုလိုတာက ငါ့ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီအကြောင်းအရာတွေကို တတိယလူ တစ်ယောက်ကို ပြောပြခွင့် မရှိဘူး... နားလည်လား..."

နစ်က ခေါင်းညိတ်ပြလိုက်လေသည်။

"ငါ့ရဲ့ နာမည်အပြည့်အစုံက ဝင်တာ မဲဖီယွန် ပါ... ပြီးတော့ ငါက မဲဖီယွန် မိသားစုရဲ့ တတိယမြောက် အမွေဆက်ခံသူပဲ..."

ဝင်တာက ပြောလိုက်လေသည်။

နစ်က မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်လေသည်။

ထို့နောက်… အခန်းက တိတ်ဆိတ်သွားလေသည်။

"အိုကေလေ..."

နောက်ဆုံး၌ နစ်က မှတ်ချက်ချလိုက်လေသည်။

ဝင်တာသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ မိသားစုနာမည်ကို ထုတ်ဖော်ပြောဆိုချိန်တွင် ဤကဲ့သို့ ဂရုမစိုက်သော တုံ့ပြန်မှုမျိုးကို သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။

"ငါ့အဖေက ကူဂယ်ဘလစ် ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်ပဲ..."

ဝင်တာက ထပ်ပြောလိုက်လေသည်။

နစ်သည် မျက်တောင်ကို ဖြည်းညှင်းစွာ တစ်ချက်ခတ်လိုက်လေသည်။

"အိုကေလေ..."

သူက ပြောလိုက်လေသည်။

ဝင်တာသည် စိတ်ပျက်စွာဖြင့် သူ၏ ဆံပင်များကို ဖွလိုက်လေသည်။

"သူက မြို့တော်ရဲ့ အစိတ်အပိုင်း တစ်ခုကို အုပ်ချုပ်နေတာကွ..."

ဝင်တာက အော်ဟစ်လိုက်လေသည်။

"ကူဂယ်ဘလစ် ဆိုတာ သွေးမှို ကို ပိုင်ဆိုင်ထားတဲ့ ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီလေ... ပြီးတော့ ငါ့အဖေက အဲဒီ ကူဂယ်လ်ဘလစ် ကုမ္ပဏီရဲ့ ၂၀% ကို ပိုင်ဆိုင်ထားတာ..."

"ဪ..."

နစ်က အံ့ဩသွားသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဒါက မိုက်တယ်လို့ ဆိုရမလား..."

***

All Chapters