← Chapters

အခန်း ၁၁

Vol. 1 Ch. 11

အခန်း ၁၁

Vol. 1 Ch. 11

အပိုင်း(၁၁)

"နေပါဦး..."

နစ်က အော်ပြောလိုက်သည်။

"မြူခိုး ကို သတ်ပြီးတာနဲ့ သူ့ရဲ့ ဇီဖစ်စွမ်းအင် တွေ အားလုံးကို ငါတို့ သိုလှောင်ထားလိုက်လို့ မရဘူးလား..."

အံ့သြစရာကောင်းစွာပင် ဝင်တာက ခေါင်းညိတ်ပြလာ၏။

"ရတာပေါ့..."

"ဒါပေမဲ့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..."

"ဘာဖြစ်လို့လဲ..."

နစ်က အံ့အားသင့်စွာ မေးလိုက်သည်။

ဝင်တာက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်လေသည်။

"စပက်တာ တစ်ကောင် သေသွားတယ်ထား... တကယ်လို့ ငါတို့က စွမ်းအင်တွေကို လျစ်လျူရှုပြီး လွင့်စင်သွားခွင့်ပြုလိုက်ရင် အဆင့်တစ် စပက်တာ အနည်းငယ် ပေါ်လာလိမ့်မယ်... အဲဒီစွမ်းအင်တွေကို အကုန်သိုလှောင်ထားပြီး မလွင့်စင်သွားအောင် လုပ်ရင်လည်း အဆင့်တစ် စပက်တာ အနည်းငယ် ပေါ်လာဦးမှာပဲ... ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပေါ်လာမှာက ပေါ်လာမှာပဲလေ"

"ငါတို့ ဘာပဲလုပ်လုပ် စပက်တာ တစ်ကောင်ကို သတ်လိုက်တာဟာ အမြဲတမ်း ပိုအားနည်းတဲ့ စပက်တာ တွေ အများကြီးကို ထပ်မံဖန်တီးပေးသလို ဖြစ်သွားလိမ့်မယ်..."

နစ်သည် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် မြေပြင်ကို ငုံ့ကြည့်နေမိလေသည်။

ဤအရာကား... ပြဿနာပင် ဖြစ်၏။

ဆိုလိုသည်မှာ သူတို့အနေဖြင့် စပက်တာ များကို ဖယ်ရှားပစ်ရန် လုံးဝ မဖြစ်နိုင်သည်ကို ပြသနေခြင်းပင်။

ဝင်တာသည် နစ်၏ စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာကို သတိပြုမိသွားသည်။

"မင်းထင်သလောက်လည်း မျှော်လင့်ချက်မဲ့မနေပါဘူး..."

နစ် ဝင်တာကို မော့ကြည့်လိုက်၏။

"လူသားတွေ ရှင်သန်ကျန်ရစ်ဖို့အတွက် နောက်ဆုံးအစီအစဉ်က ကမ္ဘာပေါ်မှာရှိတဲ့ စပက်တာတိုင်းကို မသတ်ဘဲ ဖမ်းဆီးထိန်းချုပ်ထားဖို့ပဲ... တကယ်လို့ ငါတို့ အဲဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် စပက်တာ တွေ အားလုံးဟာ အန္တရာယ် မပေးနိုင်တော့တဲ့အတွက် အခြေခံအားဖြင့် အရေးမပါတော့ဘူးပေါ့..."

ဝင်တာက ရှင်းပြလေသည်။

နစ်သည် နောက်တစ်ဖန် မျက်မှောင်ကြုတ်သွားပြန်သည်။

"ဒါက ခက်ခဲမယ့်ပုံပဲ... စပက်တာ တွေ အများကြီး ရှိနေနိုင်တယ်လေ..."

"အိုး... အရေအတွက်က ပြဿနာမဟုတ်ပါဘူး..."

ဝင်တာက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

"ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေ ဘယ်လောက်တောင် စွမ်းအားကြီးလာနိုင်တယ်ဆိုတာ မင်း မသိလို့ပါ... ပြဿနာက အရေအတွက်မဟုတ်ဘဲ စပက်တာ တွေရဲ့ စွမ်းအားပဲ..."

"ငါတို့ အခုပြောနေတာတွေ အားလုံးက လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်အောက်မှာ ရှိတယ်ဆိုတာ မှတ်ထားပါ... တကယ်လို့ မင်းက တခြားတစ်ယောက်ယောက်ကို သွားပြောပြမယ်ဆိုရင် မင်းရဲ့အသက်ကို မင်းကိုယ်တိုင် စွန့်လွှတ်လိုက်တာနဲ့ အတူတူပဲ..."

နစ်က ခေါင်းညိတ်ပြလိုက်လေသည်။

ဝင်တာကလည်း ခေါင်းပြန်ညိတ်ပြလိုက်၏။

"စပက်တာတွေကို စွမ်းအားအဆင့်အလိုက် ခွဲခြားသတ်မှတ်ထားတယ်... စပက်တာ အသစ်တိုင်းက အဆင့်တစ် ကနေ စတင်တယ်... ဒါက သူတို့ကို သာမန်လူတွေအားလုံးထက် ပိုပြီး စွမ်းအားကြီးစေတယ်... ဒါပေမဲ့ အသားကျနေတဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက် ရှိတဲ့သူတွေကတော့ သူတို့ကို တိုက်ခိုက်နိုင်တယ်..."

"စပက်တာတွေရော ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေရော နှစ်ဦးစလုံးဟာ ပိုပြီး စွမ်းအားကြီးလာနိုင်ကြတယ်... လက်ရှိတည်ရှိနေတဲ့ အသန်မာဆုံး ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေက အဆင့်ရှစ် မှာရှိတယ်... ပြီးတော့ သူတို့အရေအတွက်က လက်ဆယ်ချောင်း မပြည့်ဘူး”

"ဒါပေမဲ့ ကမ္ဘာပေါ်မှာ အဆင့်ရှစ် စပက်တာတွေကတော့ ဂဏန်းနှစ်လုံးစာ အရေအတွက်အထိ ရှိနေတယ်..."

နစ်သည် ဝင်တာကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်လိုက်လေသည်။

ထိုစဉ် နစ်သည် ယခုအချိန်အထိ အကြိမ်ပေါင်းများစွာ ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသော အရာတစ်ခုကို သတိရသွား၏။

"သူနာပြု အဲလစ် ကရော ဘယ်လိုလဲ..."

သူက မေးလိုက်သည်။

သူနာပြု အဲလစ်...

သူနာပြု အဲလစ် အကြောင်းကို လူတိုင်း သိကြလေသည်။

ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ လူတိုင်းသည် သူနာပြု အဲလစ် ကို မြင်ဖူးခဲ့ကြ၏။

ထို့ပြင် သူနာပြု အဲလစ် သည် စပက်တာ တစ်ကောင်ဖြစ်ကြောင်းကိုလည်း လူတိုင်း သိထားကြပေသည်။

ဝင်တာက သက်ပြင်းတစ်ချက် ချလိုက်သည်။

"သူနာပြု အဲလစ်ဟာ အဆင့်ကိုး စပက်တာ ငါးကောင်ထဲက တစ်ကောင်ပဲ..."

နစ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။

"ကမ္ဘာပေါ်မှာ အဆင့်ကိုး စပက်တာ အတိအကျ ငါးကောင်ရှိတယ်... လူသားတွေအားလုံး စုပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ ငါတို့ဟာ သူတို့ထဲက တစ်ကောင်ကိုတောင် တားဆီးနိုင်စွမ်း မရှိကြဘူး..."

"သူနာပြု အဲလစ်ဟာ တစ်ကမ္ဘာလုံးမှာ အပျက်အစီးအများဆုံးဖြစ်စေတဲ့ စပက်တာ ဖြစ်နိုင်တယ်... သူ(မ)က နေ့တိုင်းနေ့တိုင်း လူရာပေါင်းများစွာ၊ တစ်ခါတလေဆိုရင် ထောင်ပေါင်းများစွာကို သတ်ပစ်နေတာ..."

"ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက အလွန်ကြီးမားလွန်းလို့ ဘယ်သူမှ သူ့ကို ဘာမှပြန်မလုပ်နိုင်ကြဘူး..."

"သူ လုပ်ချင်တာမှန်သမျှ အကုန်လုပ်တယ်... ငါတို့ကတော့ ရပ်ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး..."

"ပြီးတော့ သူ့လိုမျိုး နောက်ထပ် လေးကောင်တောင် ရှိသေးတယ်…”

နစ်သည် သူနာပြု အဲလစ် ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည့် အချိန်ဆီသို့ တွေးတောအမှတ်ရသွားလေသည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်လကျော်ခန့်က ဖြစ်၏။

လူအများသည် သွေးအခွန် ပေးဆောင်ရန်အတွက် ဈေးထဲတွင် စုရုံးနေခဲ့ကြသည်။ ထိုစဉ် အမျိုးသားတစ်ဦးသည် အားနည်းပိန်ပါးသော အမျိုးသမီးငယ်တစ်ဦး၏ ငွေကြေး များအားလုံးကို ခိုးယူသွားခဲ့လေသည်။ ထိုအမျိုးသမီးငယ်သည် ပြီးခဲ့သည့် အကြိမ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တိုင်တိုင် သူမ၏ သွေးဖြင့် အခွန်ပေးဆောင်ထားခဲ့ပြီးဖြစ်ကြောင်း သိသာထင်ရှားနေခဲ့၏။

သူမ၏ ငွေကြေး များ ဆုံးရှုံးသွားပြီးနောက်တွင် သူမသည် သေဆုံးနေသော မျက်နှာအမူအရာဖြင့် မြေပြင်ကိုသာ ငုံ့ကြည့်နေခဲ့လေသည်။

ထို့နောက်တွင်တော့ သူမသည် ထိုစကားတစ်ခွန်းကို ရေရွတ်လိုက်၏။

"ငါ သေချင်တယ်..."

ထိုခဏ၌ပင် ဈေးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ထိုစကားတစ်ခွန်းကို ပြောလိုက်ခြင်း၏ အဓိပ္ပာယ်ကို လူတိုင်း သိထားကြပေသည်။

တစ်မိနစ်ခန့်အကြာတွင် တောက်ပပြီး ကြင်နာတတ်သော အပြုံးပိုင်ရှင် မိန်းကလေးတစ်ဦးသည် ဈေးထဲသို့ လမ်းလျှောက်ဝင်လာခဲ့၏။ သူမသည် အသက်ဆယ့်ရှစ်နှစ်ဆယ့်ကိုးနှစ် အရွယ်ခန့်ရှိမည်ဟု ထင်ရပြီး သန့်ရှင်းသပ်ရပ်သော ပန်းရောင် သူနာပြုဝတ်စုံကို ဝတ်ဆင်ထားလေသည်။

မည်သူကမျှ သူမ၏ လမ်းတွင် ပိတ်ရပ်မနေရဲကြချေ။ ဈေးထဲတွင် လူများ ပြည့်နှက်နေသော်ငြားလည်း ထိုကြင်နာစွာ ပြုံးနေသော သူနာပြုအတွက် ကျယ်ဝန်းသော လမ်းတစ်လမ်းကို ဖယ်ပေးလိုက်ကြလေသည်။

သူနာပြုသည် ဈေးအလယ်တွင် ဒူးထောက်နေဆဲဖြစ်သော အမျိုးသမီးထံသို့ လျှောက်သွားလိုက်၏။ သူနာပြုက သူမရှေ့တွင် ရပ်လိုက်သောအခါ အမျိုးသမီးသည် မော့ကြည့်လိုက်လေသည်။

သူနာပြုသည် သူမကို ကြင်နာစွာ ပြုံးပြလိုက်၏။

"ကျွန်မက သူနာပြု အဲလစ် ပါ... ရှင်ခေါ်လိုက်လို့ ကျွန်မ ရောက်လာတာပါ..."

သူမက ကြင်နာမှုနှင့် ကိုယ်ချင်းစာတရား အပြည့်ပါသော လေသံဖြင့် ဆိုလေသည်။

"စိတ်အေးအေးထားပါနော်... အားလုံးက မကြာခင် ပြီးဆုံးသွားမှာပါ... ရှင် ဘာနာကျင်မှု၊ ဘာသက်တောင့်သက်သာမရှိမှုမျိုးကိုမှ ခံစားရမှာ မဟုတ်ပါဘူး..."

အမျိုးသမီးသည် မြေပြင်ကိုသာ ပြန်လည်၍ ငုံ့ကြည့်နေလိုက်လေသည်။

ခဏအကြာတွင် သူနာပြု အဲလစ် သည် သူမဘေး၌ ဒူးထောက်ထိုင်လိုက်၏။ ထို့နောက် အလောင်းတစ်လောင်း၏ ပွင့်နေသော မျက်လုံးများကို ပိတ်ပေးလိုက်သကဲ့သို့ သူမ၏ ညာဘက်လက်ဝါးကို အမျိုးသမီး၏ မျက်လုံးများပေါ်သို့ ဖြည်းညင်းစွာ ရွှေ့ကာ အုပ်မိုးလိုက်လေသည်။

သူမက မျက်လုံးများကို ပိတ်ပေးလိုက်ချိန်တွင် ထိုအမျိုးသမီးမှာ သေဆုံးနေခဲ့ပြီ ဖြစ်၏။

သူနာပြု အဲလစ်သည် အလောင်းကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်ပြီး ကြင်နာသော အပြုံးဖြင့် မတ်တပ်ရပ်လိုက်လေသည်။ ခဏအကြာတွင်တော့ သူမသည် ဈေးထဲမှနေ၍ ပျောက်ကွယ်သွားခဲ့၏။

တကယ်လို့ ကမ္ဘာပေါ်ရှိ မည်သူမဆို "ငါ သေချင်တယ်"၊ "ငါ အသက်မရှင်ချင်တော့ဘူး"၊ "ငါ့ကို သေခွင့်ပေးပါ"၊ "ငါ ထပ်ပြီး မရှင်ချင်တော့ဘူး" သို့မဟုတ် ထိုစကားများနှင့် ဆင်တူသော စကားတစ်ခွန်းခွန်းကို ရေရွတ်လိုက်မိပါက သူနာပြု အဲလစ် ပေါ်လာပြီး ထိုဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်၏။

ထိုသူက တကယ်ပဲ အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ အရေးမကြီးပေ။ ထိုစကားတစ်ခွန်းကို ရေရွတ်လိုက်ပြီးသည်နှင့် သူနာပြု အဲလစ်က သူတို့ကို အသက်ရှင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။

ထိုစကားကို နောက်ပြောင်ပြီး ပြောလိုက်လျှင်တောင်မှ အရေးမကြီးပါချေ။

မည်သူမဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ထိုစကားနှင့် ဆင်တူသော အရာတစ်ခုခုကို ရေရွတ်လိုက်မိပါက သူနာပြု အဲလစ် ရောက်လာပြီး သူတို့၏ ဘဝကို အဆုံးသတ်ပေးလိမ့်မည် ဖြစ်၏။

သင်ရော သင့်ဘဝမှာ ထိုကဲ့သို့ စကားမျိုး ပြောဖူးပါသလား။

ချစ်ရသူတစ်ယောက် သေဆုံးသွားခဲ့ချိန်တွင် ပြောမိနိုင်ပါသည်။

အရက်တွေ အများကြီးသောက်ပြီးနောက် အိမ်သာထဲမှာ ခေါင်းစိုက်ကျနေသည့် အချိန်မျိုးမှာလည်း ပြောမိနိုင်ပါသည်။

တကယ်ကို ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်သွားတဲ့ အချိန်မျိုးမှာလည်း ဖြစ်နိုင်ပါသည်။

အခြေအနေ အချိန်အခါက အရေးမကြီးပါချေ။

မည်သူပဲ ဖြစ်ဖြစ်... ထိုစကားကို ပြောလိုက်သည်နှင့် သူနာပြု အဲလစ် ရောက်လာမှာ ဖြစ်သည်။

***

All Chapters