← Chapters

အခန်း ၁၂

Vol. 1 Ch. 12

အခန်း ၁၂

Vol. 1 Ch. 12

အပိုင်း(၁၂)

"ပြီးတော့ သူက အဆင့်ကိုး စပက်တာ ငါးကောင်ထဲက တစ်ကောင်တည်းပဲပေါ့..."

နစ်က မေးလိုက်၏။

ဝင်တာက ခေါင်းညိတ်ပြလိုက်လေသည်။

"အဆင့်ကိုး စပက်တာ သုံးကောင်ကတော့ လွဲချော်သွားဖို့ မရှိဘူး... လူတိုင်းနီးပါး သူတို့ဘဝမှာ အဲဒီသုံးကောင်ကို အရင်က မြင်ဖူးကြလိမ့်မယ်လို့ ငါ အာမခံနိုင်တယ်... ကျန်တဲ့ နှစ်ကောင်ကိုရော မင်း သိလား..."

နစ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"သူတို့ထဲက တစ်ကောင်ကို ကျွန်တော် သိတယ်... အမှောင်ထုထဲမှာ နေတဲ့ကောင်လေ..."

"မှန်တယ်..."

ဝင်တာက ဆိုလိုက်၏။

"အိပ်မက်ဆိုးဟာ အဆင့်ကိုး စပက်တာ ငါးကောင်ထဲက တစ်ကောင်ဖြစ်ပြီး ကမ္ဘာပေါ်က အမှောင်ကျတဲ့ နေရာတိုင်းမှာ နေရာအနှံ့ ရှိနေတတ်တယ်... နေရာက ပိုမှောင်လေလေ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ပိုအားကောင်းလေလေပဲ..."

နစ်သည် အိပ်မက်ဆိုး နှင့် ကြုံတွေ့ခဲ့ရဖူးသော အကြိမ်ပေါင်းများစွာထဲမှ တစ်ကြိမ်ကို ပြန်လည်သတိရသွားလေသည်။

တစ်ခါက နစ်သည် အစာရှာဖွေနေခဲ့ခြင်းကြောင့် မိလ္လာပိုက်လိုင်းများထဲသို့ လျှောက်သွားခဲ့ဖူး၏။ ကံကောင်းထောက်မစွာဖြင့် မိလ္လာပိုက်လိုင်းများ၏ မျက်နှာကြက် အများစုကို သံပန်းဇကာများဖြင့် ပြုလုပ်ထားလေသည်။ ဆိုလိုသည်မှာ နေရာအနှံ့တွင် ရှိနေသော နေရောင်ခြည်သည် ထိုအထဲသို့လည်း အလင်းရောင် ပေးစွမ်းနိုင်ခြင်းပင်။

သို့သော်လည်း မိလ္လာပိုက်လိုင်းများထဲတွင် အမှောင်ကျနေသော စင်္ကြံလမ်းအချို့လည်း ရှိနေခဲ့သည်။ နစ်သည် ထိုလမ်းများတစ်လျှောက် လျှောက်သွားမိသည့် အကြိမ်တိုင်း တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားခဲ့ရလေသည်။

အမှောင်ထုထဲမှ လူ့အသံများ ထွက်ပေါ်လာကာ လူတိုင်းက သူ့ကို သတ်ရန် ကြိုးစားနေကြကြောင်းနှင့် သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မည်သူကမျှ ဂရုမစိုက်ကြောင်း နစ်ကို ပြောဆိုနေကြ၏။ ထိုတိုးတိုးတိတ်တိတ် ရေရွတ်သံများသည် နစ်၏ စိတ်ထဲသို့ အလွန်အမင်း စိုးရိမ်ကြောက်လန့်မှုများ၊ စိတ်ဓာတ်ကျမှုများ၊ မိမိကိုယ်ကိုယ် သံသယဝင်မှုများ၊ အမုန်းတရားများ၊ ဒေါသများနှင့် အခြားသော အဆိုးမြင်စိတ် ခံစားချက်မျိုးစုံကို ထည့်သွင်းပေးရန် ကြိုးစားနေခဲ့ကြလေသည်။

သူတို့က နစ်ကို တစ်ခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေချင်နေကြသည်။

ကံကောင်းသည်မှာ ထိုအမှောင်ကျနေသော စင်္ကြံလမ်းများသည် သိပ်ပြီးမမှောင်သလို သိပ်လည်း မရှည်လျားလှပေ။ ထို့ကြောင့် သူသည် ထိုလမ်းများကို အလျင်အမြန် ဖြတ်သန်းသွားနိုင်ခဲ့ပြီး စားစရာ ကြွက်တစ်ကောင်ကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်၏။

အိပ်မက်ဆိုး တည်ရှိနေခြင်းသည် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ အသစ်တည်ဆောက်ထားသော "အိမ်များ" အများစု၏ မျက်နှာကြက်များနှင့် နံရံများတွင် အပေါက်ငယ်များစွာကို တမင်တကာ ဖောက်လုပ်ထားရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။

အမှောင်ထုထဲတွင် နေထိုင်ခြင်းသည် အလွန်တရာ အန္တရာယ်ကြီးမားလှ၏။ ထို့ကြောင့်ပင် လူတိုင်းသည် အမှောင်ကျသော နေရာများ၌ နေထိုင်ခြင်းကို ရှောင်ကြဉ်ကြခြင်း ဖြစ်လေသည်။

အိပ်မက်ဆိုး နှင့် သူနာပြု အဲလစ်တို့သည် အလွန်တရာ စွမ်းအားကြီးမားလွန်းလှ၏။ ထို့ကြောင့် လူတစ်ယောက် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ သူတို့အတွက် အရေးမကြီးပေ။

သူတို့၏ လွှမ်းမိုးနိုင်စွမ်းသည် ကမ္ဘာတစ်ဝန်းလုံးသို့တိုင်အောင် ပျံ့နှံ့ရောက်ရှိနေလေသည်။

"တတိယတစ်ကောင်ကိုရော မင်း သိလား..."

ဝင်တာက မေးလိုက်၏။

နစ်သည် ထိုမေးခွန်းအတွက် ခေတ္တမျှ တွေးတောနေခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူသည် ခေါင်းကိုသာ ခါပြလိုက်လေသည်။

"အံ့သြစရာကောင်းတာက..."

ဝင်တာက ဆိုလေသည်။

"တတိယတစ်ကောင်က အားလုံးထဲမှာ အထင်ရှားဆုံးပဲ..."

ထို့နောက် ဝင်တာသည် အပေါ်သို့ လက်ညိုးထိုးပြလိုက်၏။

နစ်သည် အပေါ်သို့ မော့ကြည့်လိုက်လေသည်။ ဝင်တာသည် မျက်နှာကြက်ရှိ အပေါက်တစ်ခုကို လက်ညိုးထိုးပြနေခြင်း ဖြစ်၏။ ထိုအပေါက်မှတစ်ဆင့် နစ်သည် နေမင်းကြီးကို မြင်တွေ့နေရလေသည်။

"အဲဒါက နေမင်းကြီး ပဲ..."

ဝင်တာက ပြောလိုက်သည်။

နစ်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

နေမင်းကြီး ဟုတ်သလော...။

နေဦး... နေမင်းကြီးသည် စပက်တာ တစ်ကောင် ဖြစ်နေသည်လား။

"အံ့သြစရာပဲ မဟုတ်လား..."

ဝင်တာက မှတ်ချက်ချလိုက်၏။

နစ် ခေါင်းသာ ညိတ်ပြလိုက်လေသည်။

"အဆင့်ကိုး စပက်တာ နောက်ထပ်လေးကောင်ရဲ့ စွမ်းအားတွေကိုတော့ ငါတို့ အတိုင်းအတာတစ်ခုအထိ တွက်ချက်ပြီး နားလည်ထားနိုင်ခဲ့တယ်... ဒါပေမဲ့ နေမင်းကြီး နဲ့ ပတ်သက်လာရင်တော့ အခြေခံအားဖြင့် ငါတို့တွေ မျက်ကန်းတွေ ဖြစ်နေတုန်းပဲ..."

"သူက အချိန်တိုင်း နေရာတိုင်းမှာ ရှိနေတာ... သတ်မှတ်ထားတဲ့ အမြင့်တစ်ခုထက်ကျော်ပြီး ပျံသန်းသွားတဲ့ ဘယ်သူမဆို ချက်ချင်းကို ပျောက်ကွယ်သွားရတာပဲ... လူတိုင်းလူတိုင်းက အချိန်တိုင်းမှာ နေမင်းကြီး ကို သူတို့ရဲ့ အပေါ်တည့်တည့်မှာပဲ မြင်တွေ့နေရတယ်... မင်းက ကမ္ဘာကြီးရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေတယ်ဆိုတာ အရေးမကြီးဘူး... နေမင်းကြီး က လူတိုင်းစီရဲ့ အပေါ်က တစ်နေရာတည်းမှာပဲ အမြဲတမ်း ရှိနေတာ..."

"အံ့သြဖို့အကောင်းဆုံးက သူ့ရဲ့အလင်းရောင်က အစစ်အမှန်ဖြစ်နေတာပဲ... တစ်ကမ္ဘာလုံးက သူ့ရဲ့အလင်းရောင် အောက်မှာ လင်းထိန်နေတာ... သူ့ဆီမှာ တစ်ကမ္ဘာလုံးကို တစ်ပြိုင်နက်တည်း အနားမယူဘဲ အလင်းရောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်..."

"အဲဒီအတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏ သက်သက်ကိုပဲ ငါတို့ နားလည်နိုင်စွမ်း မရှိဘူး..."

"လူသားတွေအားလုံးက နေမင်းကြီးဟာ ကမ္ဘာပေါ်မှာ တည်ရှိသမျှ စပက်တာ တွေထဲမှာ အစွမ်းအထက်ဆုံးပဲလို့ လက်ခံထားကြတယ်... ပြီးတော့ အဲဒါက လူသားတွေနဲ့ လွတ်လပ်ခွင့်ကြားမှာ ကာဆီးနေတဲ့ အကြီးမားဆုံး အတားအဆီးကြီးပဲ..."

"တကယ်လို့ လူသားတွေသာ လွတ်လပ်ခွင့်ကို ရယူချင်တယ်ဆိုရင် ငါတို့လုပ်ရမယ့် အရာတစ်ခုတည်းပဲ ရှိတယ်..."

"နေမင်းကြီးကို သတ်ပစ်ဖို့ပဲ…”

နစ်သည် ဝင်တာကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်နေမိလေသည်။

နေမင်းကြီးကို သတ်ရမည် ဟုတ်သလော...။

ဘယ်လိုလုပ်ပြီး သတ်နိုင်မည်နည်း။

လူသားတစ်ယောက်အနေဖြင့် နေမင်းကြီးကဲ့သို့ စွမ်းအားကြီးမားလွန်းသော အရာကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။

ထိုအရာကြီး ဖျက်ဆီးခံရပြီးနောက်တွင်ရော မည်သည့်အရာများ ဆက်ဖြစ်လာမည်နည်း။

"သေချာတာပေါ့..."

ဝင်တာက ဖြည့်စွက်ပြောလိုက်သည်။

"အဲဒါတွေအားလုံးက အဝေးကြီးလိုပါသေးတယ်... ပြီးတော့ ငါတို့သက်တမ်းမှာ အဲဒါကို မြင်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး..."

နစ်သည် မျက်နှာကြက်ရှိ အပေါက်ကို နောက်တစ်ဖန် မော့ကြည့်လိုက်ပြန်၏။

လွန်ခဲ့သော မိနစ်အနည်းငယ်အတွင်း၌ပင် ကမ္ဘာကြီးသည် သူ့အတွက် ပိုမိုကျယ်ဝန်းလာခဲ့လေသည်။ ယခုအချိန်အထိ နစ်သည် ပိုမိုကောင်းမွန်သော ဘဝတစ်ခုတွင် နေထိုင်နိုင်ရန် အလုပ်ကောင်းကောင်းတစ်ခု ရရှိရန်သာ ဆန္ဒရှိခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုအခါတွင်တော့ အလွန်ကြီးကျယ်ခမ်းနားသော အကြောင်းအရာများစွာကို သူ ကြားသိခဲ့ရပြီ ဖြစ်သည်။

လူသားမျိုးနွယ်သည် စပက်တာ များထက် အဆပေါင်းများစွာ ပို၍ အားနည်းနေခဲ့လေသည်။

နစ်သည် သက်ပြင်းကိုသာ ချလိုက်မိ၏။

နစ်သည် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရာများကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ခဲ့လေသည်။ အံ့သြစရာကောင်းသည်မှာ နစ်၏ ပြဿနာသည် ဂိုဏ်းစတားများ သို့မဟုတ် ဓားပြများနှင့် မဟုတ်ဘဲ စနစ်ကြီးနှင့် ဖြစ်နေခြင်းပင်။

လူတို့သည် အသက်ရှင်သန်နိုင်ရေးအတွက် သူတို့လုပ်နိုင်စွမ်းရှိသမျှကိုသာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်လေသည်။ အကယ်၍ အားလုံးအတွက် လုံလောက်သော အရင်းအမြစ်များသာ ရှိနေခဲ့မည်ဆိုလျှင် လူတို့သည် အချင်းချင်း ယခုလောက် သတ်ဖြတ်နေကြမည် မဟုတ်ပေ။

လောဘတရားသည် အမြဲတမ်း ရှိနေမည်မှာ သေချာသော်ငြားလည်း ယခုလောက်အထိ လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်းနည်းစရာကောင်းသည်မှာ သူသည် သာန်လူတစ်ယောက်တည်းသာ ဖြစ်ကြောင်း နစ်ကိုယ်တိုင် သိရှိနေခြင်းပင် ဖြစ်၏။ သူသည် မည်သည့်အရာကိုမျှ ပြောင်းလဲပစ်နိုင်စွမ်း မရှိခဲ့ပေ။

ထို့ကြောင့်... သူ၏ ကိုယ်ကျင့်တရားကို မထိခိုက်စေဘဲ ကောင်းမွန်သော ဘဝတစ်ခုတွင် နေထိုင်နိုင်ရေးသည်သာ ဒုတိယအကောင်းဆုံးအရာ ဖြစ်လာခဲ့လေသည်။ အကယ်၍ သူ့ထံတွင် အရာအားလုံးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိခဲ့မည်ဆိုလျှင် သူ လုပ်ဆောင်ဖြစ်မည်မှာ သေချာလှ၏။ သို့သော် သူ့ထံတွင် ထိုစွမ်းအား မရှိခဲ့သလို နောက်နောင်တွင်လည်း ဘယ်တော့မှ ရှိလာမည်မဟုတ်ကြောင်း သေချာနေခဲ့လေသည်။

စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် နစ်သည် သက်ပြင်းချလိုက်၏။

"ကျန်တဲ့ နှစ်ကောင်ကရော..."

"စတုတ္ထတစ်ကောင်ကတော့ ခံတွင်းကြီး ပဲ..."

ဝင်တာက ရှင်းပြလေသည်။

"ခံတွင်းကြီးက ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေနဲ့ပဲ သီးသန့် ထိတွေ့ဆက်ဆံလေ့ရှိတာကြောင့် လူအများစု အနေနဲ့ ဘယ်တော့မှ ကြုံတွေ့ရမယ့် အရာမျိုး မဟုတ်ဘူး..."

"တစ်ခါတလေကျရင် သူက ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်စုကို ဖမ်းဆီးပြီး တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်တဲ့အထိ အချင်းချင်း အတင်းအကျပ် တိုက်ခိုက်ခိုင်းတတ်တယ်... အဲဒီလို အသက်ရှင်ကျန်ရစ်တဲ့ သူကိုမှ ထွက်သွားခွင့်ပြုတာ..."

နစ်သည် သက်ပြင်းချလိုက်၏။

"ပြီးတော့ ကျွန်တော်တို့ ဘာမှလုပ်လို့ မရဘူးပေါ့..."

ဝင်တာသည် ခေါင်းကိုသာ ခါယမ်းပြလိုက်လေသည်။

***

All Chapters