အခန်း ၁၆
Vol. 2 Ch. 16
အပိုင်း(၁၆)
နစ်သည် သေးငယ်ပြီး ခေါင်သော လမ်းကြားအချို့ကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့သည်။ ကြမ်းပြင်များမှာလည်း ပို၍ပို၍ ယိမ်းယိုင်လှုပ်ခတ်လာခဲ့လေသည်။
ဆင်ခြေဖုံးရပ်ကွက်ကြီးမှာ ဤနေရာ၌ နေထိုင်သော လူဦးရေအတွက်တော့ အလွန်တရာ ကြီးမားကျယ်ဝန်းလွန်းလှပေသည်။ ပြဿနာမှာ လည်ပတ်နေသော ငွေကြေး ပမာဏနှင့် ရရှိနိုင်သော အစားအစာများပင် ဖြစ်သည်။
သီအိုရီအရ ပြောရလျှင် လူနှစ်ယောက်သည် အိမ်တစ်လုံးတည်း၌ အတူနေထိုင်ကြမည်ဆိုပါက ဆင်ခြေဖုံးရပ်ကွက်ကြီး၏ ဤအစိတ်အပိုင်း တစ်ခုတည်းကပင် လူတစ်သောင်းကျော်ကို လက်ခံထားနိုင်ပေသည်။
သို့ရာတွင် လူနှစ်ထောင်ခန့်သာ ခဲယဉ်းစွာ ရှိနေခဲ့လေသည်။
ထိုအကြောင်းရင်းကြောင့်ပင် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း၌ စွန့်ပစ်ခံထားရသော နေရာများစွာ ရှိနေခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုနေရာများသို့ သွားရောက်ခြင်းမှာ အကျိုးမရှိလှပေ။
တန်ဖိုးရှိသော အရာအားလုံးမှာ လုယက် ခိုးယူခံခဲ့ရပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စပက်တာ များသည် လူသားများကို အမဲလိုက်လေ့ရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူသားများကြား၌ ရှိနေနိုင်ချေ ပိုများကြောင်း ပင်ဖြစ်သည်။
ဆင်ခြေဖုံးရပ်ကွက်ကြီး၏ စွန့်ပစ်ခံ နေရာ၌မူ အခြေခံအားဖြင့် မည်သည့် လူသားမျှ ရှိမနေခဲ့ချေ။
သို့တိုင်အောင် နစ်၌ ရွေးချယ်စရာ လမ်းကြောင်းများ ကုန်ဆုံးနေပြီ ဖြစ်သည်။ ယခုအချိန်၌ ဤအရာသည် သူလုပ်ဆောင်နိုင်သော အကောင်းဆုံးကိစ္စပင် ဖြစ်လေသည်။
စပက်တာ တစ်ကောင်သည် ၎င်း၏ အသိုက်နှင့် ပုန်းခိုရာ နေရာကို စွန့်ပစ်ခံ နယ်မြေများထဲ၌ ပြုလုပ်ထားပြီး ဆာလောင်လာမှသာ လူသားများကြားသို့ သွားရောက်လေ့ ရှိသည်များလား။
"ဟေး..."
ထိုအသံကို ကြားသောအခါ နစ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
"မင်း ဘာလိုချင်လို့လဲ..."
သူက သံချေးတက်နေသော သံပြားကျိုးတစ်ခုကို ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်စွာ မေးလိုက်သည်။
အခိုက်အတန့်အကြာ၌ ကြွက်တစ်ကောင်၏ ခေါင်းငယ်လေးသည် သံပြားပေါက်တစ်ခုထဲမှ ထွက်လာခဲ့သည်။
"မင်းက အားနည်းတဲ့ စပက်တာ တစ်ကောင်ကို ရှာနေတယ်လို့ ကြားတယ်..."
ကြွက်က မျက်နှာပြောင်တိုက် ပြုံးပြလျက် ပြောလိုက်သည်။
"ဟုတ်တယ်..."
နစ်က ပြောလိုက်သည်။
သဘာဝကျစွာပင် ထိုအချိန်၌ သူမည်သူနှင့် စကားပြောနေသည်ကို နစ် အတိအကျ သိရှိနေသည်။
ပါရာဆိုက် ပင်ဖြစ်သည်။
သူ့ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားခဲ့ဖူးသော စပက်တာ ဖြစ်သည်။
"ငါကတော့ နှစ်ကောင်လောက်ကို သိတယ်... စိတ်ဝင်စားလား..."
ကြွက်က တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။
နစ်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
"စိတ်ဝင်စားတယ်..."
သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီလေ..."
ကြွက်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ငါ လူသေလောင်း ငါးလောင်း လိုချင်တယ်..."
"သူနာပြု အဲလစ် သတ်ထားတာမဟုတ်တဲ့ အလောင်း ငါးလောင်းကို ငါ့ဆီ ယူလာခဲ့... ဒါဆို မင်းနဲ့ ကိုက်ညီမယ့်ကောင်ကို ဘယ်မှာရှာရမလဲဆိုတာ ငါပြောပြမယ်…”
နစ်သည် သူ၏ မေးစေ့ကို အနည်းငယ် ပွတ်သပ်လိုက်လေသည်။
ကြွက်သည် နစ်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
"စိတ်မဝင်စားဘူး..."
နစ်က အတန်ကြာပြီးနောက် ပြောလိုက်သည်။
"အိုး... လုပ်ပါကွာ..."
ကြွက်က အော်ပြောလိုက်သော်လည်း ၎င်း၏ တွင်းငယ်လေးထဲမှ ထွက်လာရန်မူ မဝံ့ရဲသေးချေ။
"လူသေလောင်း ငါးလောင်းတည်းပါ... မင်းကိုယ်တိုင် သတ်စရာတောင် မလိုပါဘူး..."
"ဟင့်အင်း... လူသတ်တာက တားမြစ်ထားတယ်..."
နစ်က ပြန်ဖြေလိုက်သည်။
"အဲဒီတော့ ဘာဖြစ်လဲ... ဘယ်သူက ဂရုစိုက်နေလို့လဲ..."
ကြွက်က မေးလိုက်သည်။
"ငါ ဂရုစိုက်တယ်... ငါက အခု တကယ့် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်ဖြစ်နေပြီ... အဲဒီလို မသမာတဲ့ အလုပ်မျိုး ငါ မလုပ်နိုင်ဘူး..."
နစ်က ပြောလိုက်သည်။
ကြွက်သည် မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်သည်။
"ဘာ..."
၎င်းက မယုံကြည်နိုင်သည့် လေသံဖြင့် ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။
"ထုတ်ယူသူတွေက လူအများဆုံး သတ်ကြတာလေ... သူတို့က သတ်ချင်တဲ့သူကို အလွယ်တကူ သတ်လို့ရတယ်... ဒဏ်ကြေးဆောင်ရုံပဲ လိုတာကို..."
နစ်သည် သူ၏ ဂုတ်ကုပ်ကို ကုတ်လိုက်သည်။
"ငါနားလည်ပါတယ်... ဒါပေမဲ့ အဲဒါကို ငါ မကြိုက်ဘူး..."
"ညစ်ပတ်တယ်လို့ ခံစားရတယ်..."
ကြွက်၏ပုံစံမှာ နစ်ပြောနေသည်များကို မယုံကြည်နိုင်သည့်အလား ဖြစ်နေသည်။
"မင်း ဘာတွေပြောနေတာလဲ... မင်း အာမခံဂိုဏ်း က ကောင်ကို သတ်ပြီး အပျက်အစီးတွေထဲ သူ့အလောင်း သွားပစ်တာကို ငါ မျက်မြင်ကိုယ်တွေ့ မြင်ထားတာနော်..."
ကြွက်က အော်ပြောလိုက်သည်။
"အပျက်အစီးတွေ..."
နစ်က မေးလိုက်သည်။
"ရေဆိုးမြောင်းတွေလေ... မင်းလမ်းလျှောက်နေတဲ့ သံပန်းကွက်တွေရဲ့ အောက်က နေရာကို ပြောတာ..."
ကြွက်က စိတ်ပျက်လက်ပျက်ဖြင့် အော်လိုက်သည်။
"အော်... အဲဒါလား..."
နစ်က ပြောလိုက်သည်။
"အေး... ငါသူ့ကို သတ်ခဲ့တယ်... ဒါပေမဲ့ အဲဒါက သူငါ့အကြောင်း စုံစမ်းဖို့ ကြိုးစားနေလို့လေ... ငါ့ကိုယ်ငါ ကာကွယ်တာပါ..."
"ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ... အဲဒီကောင်က မင်းအိမ်ကို ကြည့်နေရုံပဲ ရှိသေးတာလေ... သူ ဘာမှတောင် မလုပ်ရသေးခင် မင်းက သူ့မျက်နှာကို ထိုးကြိတ်ပစ်ခဲ့တာလေ..."
"အေးလေ... ငါပြောသလိုပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပေါ့..."
နစ်က စိတ်တိုတိုဖြင့် ဖြေလိုက်သည်။
"သူက ငါ့ကို ရန်စလို့ ငါကလည်း တုံ့ပြန်လိုက်တာလေ..."
ကြွက်သည် ၎င်း၏အောက်ရှိ သံပန်းကွက်ကို စိတ်တိုစွာ ကုတ်ခြစ်လိုက်သည်။
"ကောင်းပြီလေ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲ ထား... ဒါဆို အပြင်ထွက်ပြီး ရန်သူတချို့ ရှာလိုက်... ပြီးရင် မင်းကိုယ်မင်း ကာကွယ်ရင်းနဲ့ အလောင်း ငါးလောင်းလောက် ဖန်တီးလိုက်လေ..."
"ဟင့်အင်း..."
နစ်က ပြန်ဖြေလိုက်သည်။
တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
"ဘာဖြစ်လို့လဲ..."
ကြွက်က မေးလိုက်သည်။
"ငါ့ကို ဘာမှမလုပ်တဲ့သူတွေကို ငါမသတ်ချင်ဘူး..."
"ငါ့မှာ ကိုယ်ကျင့်တရား ရှိတယ်ဆိုတာ မင်း သိထား..."
နစ်က လေးနက်သော လေသံဖြင့် အော်ပြောလိုက်သည်။
"ကိုယ်ကျင့်တရား..."
ကြွက်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"အေး... ကိုယ်ကျင့်တရား..."
နစ်က ဖြေလိုက်သည်။
"အိုကေပါ..."
ကြွက်က ပြောလိုက်သည်။
"ဒါဆိုလည်း အလောင်း ငါးလောင်းလောက် သွားဝယ်လိုက်... မင်းရဲ့ အလုပ်ရှင်က ပိုက်ဆံပေါမယ့်ပုံပဲ..."
"မရဘူး..."
နစ်က ဖြေလိုက်သည်။
"အလောင်းတွေကို သိမ်းဆည်းထားခွင့် မရှိဘူး..."
"ပြီးတော့ တစ်မြို့လုံးက မင်းကို လိုက်ရှာနေတယ်လို့ ငါကြားတယ်... မင်းကိုပေးဖို့ ငါက အလောင်းတွေ ဝယ်တယ်ဆိုတာ တစ်ယောက်ယောက် သိသွားရင် ဒီမြို့က ငါ့ကို သတ်ပစ်လိမ့်မယ်..."
ကြွက်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ..."
၎င်းက ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ့ကမ်းလှမ်းချက်က အတည်ပဲ... မင်းသာ သတင်းအချက်အလက် တစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင် ငါ့ကို အလောင်းတွေသာ ပေး... ဘယ်ကရလာတဲ့ အလောင်းဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... လူသေလောင်းဖြစ်ပြီး သူနာပြု အဲလစ် သတ်ထားတာမဟုတ်ရင် ဘယ်ဟာမဆို ငါအဆင်ပြေတယ်..."
"ထားပါတော့... ငါမပါဘဲ စပက်တာ တစ်ကောင်ကို ရှာတွေ့ဖို့ ကံကောင်းပါစေကွာ..."
ကြွက်သည် နှာမှုတ်သံ ပေးလိုက်ပြီးနောက် ၎င်း၏ တွင်းငယ်လေးထဲသို့ ပြန်ဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။
***