← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အပိုင်း(၁၇)

ကြွက်ပျောက်ကွယ်သွားသော အခါ နစ်သည် မျက်မှောင်ပြန်ကြုတ်လိုက်ပြီး သူ၏ ဂုတ်ကုပ်ကို ကုတ်လိုက်ပြန်သည်။

လက်ရှိအခြေအနေကို သူ အမှန်တကယ်ပင် သဘောမကျပေ။

လွန်ခဲ့သော အခိုက်အတန့်လေးကပင် ပါရာဆိုက်သည် သူ့အား စပက်တာ တစ်ကောင် ရှာတွေ့နိုင်မည့် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ သို့သော် သူက ငြင်းပယ်ခဲ့လေသည်။

နောက်ဆုံး၌... နစ်သည် သက်ပြင်းချကာ မိမိ၏ အခြေအနေကို လက်ခံလိုက်ရန်သာ တတ်နိုင်တော့သည်။

ဆင်ခြေဖုံးရပ်ကွက်ကြီး၌ တစ်သက်လုံး နေထိုင်လာခဲ့ရသူ တစ်ယောက်အနေဖြင့် သူသည် အလွန် လက်တွေ့ကျသူ တစ်ဦး ဖြစ်ပေသည်။

သဘာဝကျစွာပင် သူသည် ပါရာဆိုက် ၏ ကမ်းလှမ်းချက်ကို လေးလေးနက်နက် စဉ်းစားခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် သူ၏စိတ်ကို မည်သို့ပင် အကြောင်းပြချက် ပေးစေကာမူ နစ်သည် ပါရာဆိုက် အား ကူညီပေးရန်ကိုမူ လက်မခံနိုင်ခဲ့ပေ။

ပါရာဆိုက်သည် လူများစွာကို သတ်ဖြတ်ခဲ့သော စပက်တာ တစ်ကောင် ဖြစ်သည်။

အခြေခံအားဖြင့် ၎င်းသည် အားနည်းသူများကိုသာ အမဲလိုက်လေ့ရှိသည်။

နှစ်များတစ်လျှောက် နစ်သည် အတွင်းပိုင်း မြို့တော်ကို ကိုယ်စားပြုသော ပိရမစ်ကြီးကို မရေမတွက်နိုင်အောင် ငေးကြည့်ခဲ့ဖူးသည်။ ၎င်းပိရမစ်ကြီးနှင့် ဆင်ခြေဖုံးရပ်ကွက်ကြီး တို့အကြားရှိ ကွာခြားချက်ကို မြင်ရတိုင်း သူသည် အလွန်ဆင်တူသော ခံစားချက်မျိုးကို ခံစားရလေ့ရှိသည်။

အခွန်စနစ်၏ လုပ်ငန်းစဉ်များကို အကဲခတ်ကြည့်ရုံမျှဖြင့် အခြေအနေကို နစ် နားလည်နိုင်ပေသည်။

အတွင်းပိုင်း မြို့တော်ရှိ ချမ်းသာကြွယ်ဝသော ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ များသည် ဆင်ခြေဖုံးရပ်ကွက်ကြီး မှ အားနည်းဆင်းရဲသော ပြည်သူများအပေါ် အမြတ်ထုတ် အနိုင်ကျင့်နေကြခြင်း ဖြစ်သည်။

ထိုအချက်ကပင် အားနည်းသူများအပေါ် အနိုင်ကျင့် ဗိုလ်ကျတတ်သူများကို သူ မုန်းတီးလာစေရန် တွန်းအားပေးခဲ့လေသည်။

လူတိုင်းသည် မိမိတို့ ပိုင်ဆိုင်မှုများထဲမှ အနည်းငယ်စီကိုသာ မျှဝေပေးကမ်းတတ်ကြမည်ဆိုပါက ဆင်ခြေဖုံးရပ်ကွက်ကြီး ၌ သေဆုံးနေရသူများ ဤမျှလောက် များပြားလာမည် မဟုတ်ပေ။

သဘာဝကျစွာပင် ထိုအရာသည် အလွန် ရိုးအလွန်းသော အတွေးအခေါ်တစ်ခုသာ ဖြစ်ကြောင်း နစ် ကောင်းကောင်း သိထားသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ လက်တွေ့တွင် မည်သည့်အခါမျှ ဖြစ်လာနိုင်မည် မဟုတ်ချေ။

သို့တိုင်အောင် ထိုအတွေးအခေါ်မှာ ရိုးအလွန်းနေစေကာမူ ၎င်းသည် နစ် လိုလားတောင့်တနေသည့် အရာပင် ဖြစ်ပေသည်။

နစ် အနေဖြင့် ဤကမ္ဘာကြီးကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေ။ သို့သော် အနည်းဆုံးတော့ သူ၏ ကိုယ်ပိုင်စံနှုန်းများနှင့်အညီ သူ၏ဘဝကို ရှင်သန်နေထိုင်သွားနိုင်ပေသည်။

ထို့ကြောင့် နစ် သည် အားနည်းသူများအပေါ် မည်သည့်အခါမျှ အခွင့်အရေးယူ အမြတ်ထုတ်မည် မဟုတ်ပေ။

ဂိုဏ်းများကဲ့သို့ အင်အားရှိသူများထံမှ အခွင့်အရေး ယူကောင်းယူမည် ဖြစ်သည်။ သို့သော် အားနည်းသူများကိုမူ မည်သည့်အခါမျှ အနိုင်ကျင့်မည် မဟုတ်ချေ။

လောကကြီး၏ ဖြစ်တည်နေမှုကို လက်ခံလိုက်ပြီး ရေစုန်မျောလိုက်ခြင်းက ပို၍ လွယ်ကူနေမည်လား။

သေချာပေါက်ပင် လွယ်ကူနေမည် ဖြစ်သည်။

'ဒါပေမဲ့ အရာရာ လွယ်ကူနေဖို့ ငါ့အတွက် မလိုအပ်ဘူး...'

နစ် စိတ်ထဲမှ တွေးလိုက်သည်။

'ငါ့ဆီမှာ ကိုယ်ကျင့်တရားထားရှိနိုင်တဲ့အထိ လုံလောက်တဲ့ ခွန်အားတွေ ရှိနေပြီပဲ...'

သို့ရာတွင် နစ် သည် ကြွက်လေး ရှိနေခဲ့သော တွင်းပေါက်ဆီသို့ နောက်ဆုံးအနေဖြင့် တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

သူ၏စိတ်ထဲ၌ နောင်တတရား အနည်းငယ်ကို ခံစားလိုက်ရပေသည်။

နစ် ကဲ့သို့သော အသိပညာနှင့် ခွန်အားမျိုး ရှိသူတစ်ယောက်အတွက် လူမသိသူမသိ အလောင်းငါးလောင်းကို ရှာဖွေရန်မှာ ဖြစ်နိုင်ချေ ရှိပေသည်။

သို့သော် အဆုံးတွင်တော့ ထိုအလုပ်ကို လုပ်ဆောင်ရန် သူ၏စိတ်က ခွင့်မပြုခဲ့ပေ။

ထို့ကြောင့် နစ် သည် လမ်းကြားလေးများထဲ၌သာ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

အတန်ကြာသောအခါ သူ၏ခြေအောက်မှ သံပြားများမှာ အလွန် ယိမ်းယိုင်လှုပ်ခတ်လာသည်။ ထို့ကြောင့် နစ် သည် ခြေလှမ်းများကို ရပ်တန့်လိုက်ရလေသည်။

ယခုအချိန်တွင် နစ်သည် မြို့ကို ဝန်းရံထားသော တံတိုင်းကြီးနှင့် အတော်လေး နီးကပ်နေပြီ ဖြစ်သည်။

တံတိုင်းများ၏ အထက်တွင်တော့ ငွေရောင် ကင်မရာများ အတန်းလိုက် အစီအရီ တပ်ဆင်ထားသည်။ ထိုကင်မရာများသည် မြို့၏ အတိုက်အပြင် နှစ်ဖက်စလုံးကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သဘာဝကျစွာပင် ထိုအချိန်၌ ကင်မရာ အများအပြားသည် နစ် ရှိရာဆီသို့ ချိန်ရွယ်ထားကြပေသည်။

သို့သော် ထိုအရာက ထူးဆန်းသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ပေ။

အခိုက်အတန့်အကြာတွင်တော့ နစ် သည် နောက်သို့လှည့်ကာ ဆင်ခြေဖုံးရပ်ကွက်ကြီး ၏ ဤနေရာမှ ထွက်ခွာလာခဲ့သည်။

သူသည် အခြားသော စွန့်ပစ်ခံ နယ်မြေတစ်ခုကို ရှာဖွေခဲ့သည်။ ထို့နောက် သူ၏ရှာဖွေမှုများကို ထိုနေရာ၌ ဆက်လက် ပြုလုပ်ခဲ့လေသည်။

နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

သို့တိုင်အောင် မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ။

နစ်သည် အိမ်သို့ပြန်လာကာ တစ်စုံတစ်ရာကို စားသောက်ပြီးနောက် အိပ်ရာဝင်လိုက်တော့သည်။

နောက်တစ်နေ့၌လည်း သူ၏ ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

အချည်းနှီးသာ ဖြစ်သည်။

၎င်းနောက်တစ်ရက်တွင်မူ သူသည် အပြင်ထွက်ကာ လူအမျိုးမျိုးနှင့် တစ်နေကုန် စကားပြောဆို စုံစမ်းခဲ့သည်။

မည်သူ့ထံမှ တန်ဖိုးရှိသော သတင်းအချက်အလက်များကို မရရှိခဲ့ပေ။

ထိုနေ့၌ပင် နစ် သည် စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်နှင့် ဆုံတွေ့ခဲ့သေးသည်။ သို့သော် ထိုသူက နစ် ကို လှောင်ပြောင်ရယ်မောသွားခဲ့လေသည်။

စုံစမ်းစစ်ဆေးရေးမှူးများသည် နစ် တစ်ယောက် စပက်တာ များကို လိုက်လံရှာဖွေနေကြောင်း သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အသိုင်းအဝိုင်းကြား၌ နစ် သည် ဟာသ တစ်ခုအဖြစ် ရောက်ရှိနေပုံပေါ်သည်။

ဝန်ထမ်းပေါင်း ရာနှင့်ချီရှိသော ကုမ္ပဏီကြီးများ အချင်းချင်း အပြိုင်အဆိုင် ဖြစ်နေချိန်၌ ဆင်ခြေဖုံးရပ်ကွက်ကြီး မှ အမည်မသိ လူတစ်ယောက်က စပက်တာ များကို လိုက်လံရှာဖွေနေခြင်းမှာ သူတို့အတွက်တော့ အလွန် ရယ်စရာကောင်းနေပေသည်။

နစ်သည် ထိုစုံစမ်းစစ်ဆေးရေးမှူးနှင့် ဆက်လက် စကားပြောဆိုခြင်း မပြုတော့ချေ။

နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်သည်။

နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်သည်။

နောက်ထပ် တစ်ရက် ကုန်လွန်သွားပြန်သည်။

အချည်းနှီးသာ။

နစ် သည် မည်သည့်အရာကိုမျှ လုံးဝ ရှာမတွေ့ခဲ့ပေ။

သို့တိုင်အောင် နစ် သည် လက်လျှော့ အရှုံးမပေးခဲ့ချေ။

သူသည် ဆက်လက်၍ ရှာဖွေနေဆဲ ဖြစ်သည်။

နေရာတစ်နေရာရာ၌ တစ်စုံတစ်ခုတော့ သေချာပေါက် ရှိနေရမည် ဖြစ်သည်။

အကယ်၍သာ နစ်သည် တစ်စုံတစ်ခုကို ရှာမတွေ့ခဲ့ပါက သူ၏ အနာဂတ်မှာ ထပ်မံ၍ အရောင်အသွေးမဲ့ကာ ဗလာနတ္ထိ ဖြစ်သွားပေလိမ့်မည်။

နစ်သည် သူ၏ဘဝကို အဓိပ္ပာယ်ရှိသော အရာတစ်ခုအဖြစ် ဖန်တီးချင်ခဲ့သည်။ ထိုသို့ ဖြစ်လာစေရန်အတွက် သူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိရန် လိုအပ်ပေသည်။

သူ လုံးဝ လက်လျှော့မည် မဟုတ်ပေ။

အချိန် မည်မျှပင် ကြာမြင့်ပါစေ သူ ကြိုးစားသွားမည် ဖြစ်သည်။

နစ်သည် ရက်ပေါင်းများစွာတိုင်တိုင် စျေးထဲသို့ သွားရောက်ကာ လူများကို လိုက်လံမေးမြန်းနေခဲ့သည်။

ယခုအခါတွင်မူ သူက မေးခွန်းများပင် မမေးရသေးမီမှာပင် လူအများက သူတို့ ဘာမှမသိကြောင်း ကြိုတင်ပြောဆိုနေကြပြီ ဖြစ်သည်။

လူတိုင်း၏ ငြင်းပယ်မှုကို အဆက်မပြတ် ခံနေရခြင်းက ကောင်းမွန်သော ခံစားချက်မျိုး မပေးစွမ်းနိုင်ပေ။ သို့သော် သူ ဆက်လက်ကြိုးစားရမည်ကို နစ် ကောင်းစွာ သိထားသည်။

မြို့ထဲ၏ တစ်နေရာရာ၌ အားနည်းသော စပက်တာ များ ရှိနေမည်မှာ သေချာလှသည်။

သဘာဝကျစွာပင် စုံစမ်းစစ်ဆေးရေးမှူးများကလည်း နစ်အား ဆက်လက် လှောင်ပြောင်နေကြဆဲ ဖြစ်သည်။

သို့ရာတွင် နစ်သည် ထိုလှောင်ပြောင်မှုများအပေါ် မည်သည့်အခါမျှ တုံ့ပြန်ခြင်း မပြုခဲ့ပေ။

သူသည် ပတ်ဝန်းကျင်ကို လိုက်လံမေးမြန်းကာ ဆက်လက်ရှာဖွေနေခဲ့ရုံသာ ဖြစ်သည်။

နစ် စတင်ရှာဖွေပြီး ဆယ်ရက်အကြာတွင် အသေးအဖွဲ ကိစ္စရပ်အချို့ စတင်ပြောင်းလဲလာခဲ့သည်။

လူများသည် နစ်ကို တိုက်ရိုက် မောင်းထုတ်မည့်အစား ပို၍ ကြားနေသော အနေအထားမျိုးကို ပြောင်းလဲကျင့်သုံးလာကြသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးမှူးများသည်လည်း နစ်ကို လှောင်ပြောင်ရယ်မောခြင်းများ ရပ်တန်းက ရပ်သွားခဲ့ကြလေသည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ စုံစမ်းစစ်ဆေးရေးမှူးများသည် နစ်၏ ဇွဲလုံ့လကို အနည်းငယ် သဘောကျသွားသောကြောင့်ပင် ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ငြင်းပယ်ခြင်းကို ခံရပြီးနောက်တွင် ကိစ္စတစ်ရပ်ကို ဆက်လက်လုပ်ဆောင်နိုင်သူများ သိပ်မရှိလှချေ။

နောက်ထပ် နှစ်ရက်အကြာတွင်မူ စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်သည် နစ်၏ ရှေ့တည့်တည့်၌ လာရပ်လေသည်။

သူသည် ဆံပင်အမည်းရောင်နှင့် မုတ်ဆိတ်မွေး ခပ်ပါးပါးရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ကျန်းမာသန်စွမ်းသည်ဟု ဖော်ပြနိုင်သည်။ သူသည် ပိန်လွန်းနေခြင်း မရှိသလို ဝလွန်းနေခြင်းလည်း မရှိချေ။

"နစ် မဟုတ်လား..."

စုံစမ်းစစ်ဆေးရေးမှူးက မေးလိုက်သည်။

နစ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးကို ကျော်ကာ လမ်းလျှောက်သွားခဲ့သည်။

"ဟေး... ခဏလောက် နေပါဦး... မင်းကို လှောင်ပြောင်ဖို့ ငါဒီကို ရောက်နေတာ မဟုတ်ပါဘူး..."

စုံစမ်းစစ်ဆေးရေးမှူးက အော်ပြောလိုက်သည်။

နစ်သည် နောက်သို့လှည့်ကာ မျက်ခုံးတစ်ဖက်ကို ပင့်လျက် စုံစမ်းစစ်ဆေးရေးမှူးအား ကြည့်လိုက်သည်။

"မင်း စပက်တာ တစ်ကောင်ကို လိုက်ရှာနေတာ နှစ်ပတ်လောက် ရှိပြီဆိုတာ ငါ့လူတွေဆီကနေ ငါကြားတယ်..."

စုံစမ်းစစ်ဆေးရေးမှူးက ပြောလိုက်သည်။

"သူတို့က မင်းအကြောင်း တော်တော်လေး ပြောနေကြတာ... အစပိုင်းတုန်းကတော့ ဟာသလုပ်တာတို့ လှောင်ပြောင်တာတို့ များပေမဲ့ အခုချိန်မှာတော့ မင်းရဲ့ဇွဲလုံ့လကို အသိအမှတ်ပြုလာတဲ့သူတွေ တော်တော်များနေပြီ..."

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပဲ... တခြားကိစ္စ ရှိသေးလို့လား..."

စုံစမ်းစစ်ဆေးရေးမှူး၏ မျက်ခုံးများ မြင့်တက်သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူသည် သဘောကျစွာဖြင့် ရယ်မောလိုက်သည်။

"စကားပြောတာ တိုတောင်းပြီး ဆက်ဆံရခက်လိုက်တာ... ထားပါတော့... မင်းက ဆင်ခြေဖုံးရပ်ကွက်ကြီးက လာတာဆိုတော့လည်း ဒီလိုပဲနေမှာပေါ့..."

နစ်သည် စုံစမ်းစစ်ဆေးရေးမှူး၏ နှိမ့်ချပြောဆိုသော လေသံကို သဘောမကျသောကြောင့် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။

စုံစမ်းစစ်ဆေးရေးမှူးက အနည်းငယ် ရယ်မောလိုက်သည်။

"အလုပ်တစ်ခုလောက် လုပ်ချင်လား..."

***

All Chapters