အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း(၁၈)
"အလုပ်တစ်ခုလောက် လုပ်ချင်လား..."
နစ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ မျက်မှောင်များ ကြုတ်သွားပြီး စုံစမ်းစစ်ဆေးရေးမှူးကို နောက်သို့လှည့်ကြည့်လိုက်သည်။
"အလုပ်..."
"အေး... စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်အနေနဲ့လေ..."
စုံစမ်းစစ်ဆေးရေးမှူးက ပြောလိုက်သည်။
"စပက်တာ တွေရဲ့ သဲလွန်စ ရှာဖွေရတဲ့ သိမ်မွေ့တဲ့ အချက်အလက်တွေကို မင်းမသိသေးရင်တောင် မင်းရဲ့ ဇွဲလုံ့လနဲ့ ခံနိုင်ရည်ကတော့ ချီးကျူးစရာပဲ..."
"အလုပ်တစ်ခု ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ယောက်ယောက်ကို သင်ပေးဖို့က မခက်ခဲပါဘူး... ဒါပေမဲ့ ဇွဲလုံ့လနဲ့ ခံနိုင်ရည်ရှိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးဖို့ကမှ ခက်တာ..."
"ငါ့အဖွဲ့ထဲမှာ စုံစမ်းစစ်ဆေးရေးမှူး တစ်နေရာစာ အတွက် မင်းကို ကမ်းလှမ်းတာပါ..."
ထိုအမျိုးသားက ပြောလိုက်သည်။
"စိတ်ဝင်စားလား..."
နစ် စိတ်ဝင်စားသွားခဲ့သည်။ သူသည် ဝင်တာ မဲဖီယွန် နှင့် စာချုပ်တစ်ခု ချုပ်ဆိုထားပြီးဖြစ်သည်။ သို့သော် ဝင်တာ နှင့် သူ၏ ဆက်ဆံရေးမှာ စီးပွားရေးအရ သီးသန့်သာ ဖြစ်လေသည်။
"ငါ့ဆီမှာ ချိတ်ဆက်ထားပြီးသား ဇီဖစ်စွမ်းအင် ချိတ်ဆက် တစ်ခု ရှိတယ်... အနာဂတ်မှာ ငါ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာနိုင်မယ့် နည်းလမ်း ရှိလား..."
နစ်က မေးလိုက်သည်။
စုံစမ်းစစ်ဆေးရေးမှူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး နစ်ကို ပြန်လည်ကြည့်ရှုလိုက်သည်။ ယခုမှသာ သူ နစ်၏ ကြောက်မက်ဖွယ်ကောင်းသော ကြွက်သားများကို သတိပြုမိသွားခဲ့သည်။
နစ်သည် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်း အတွင်း လောလောလတ်လတ်ကမှ ခြေချလာခဲ့သူ တစ်ယောက် ဖြစ်ကြောင်း သူ ကြားသိထားခဲ့သည်။ နစ် လုပ်ကိုင်နေသော လုပ်ငန်းကိုလည်း သူ လေ့လာကြည့်ခဲ့ပြီး ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် လူနှစ်ယောက်သာ ရှိသည်။ ၎င်းတို့အနက် တစ်ယောက်မှာ နစ် ပင်ဖြစ်သည်။ သူတို့ထံ၌ စပက်တာ တစ်ကောင်ပင် ရှိမနေချေ။ သို့သော်လည်း... နစ်မှာ ဇီဖစ်စွမ်းအင် ချိတ်ဆက်ထားပြီးသား တစ်ယောက် ဖြစ်ကြောင်း ယခုမှသာ သူ သိရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... အလွန် ထူးဆန်းနေသည်တော့ မဟုတ်ချေ။ ဆင်ခြေဖုံးရပ်ကွက်ကြီးထဲ၌ ချိတ်ဆက်ပြီးသား ဇီဖစ်စွမ်းအင် ချိတ်ဆက် များ ရှိသည့် လူအချို့ ရှိနေပေသည်။ အများအပြား မဟုတ်သော်လည်း အနည်းဆုံးတော့ ဆယ်ယောက်ထက်မက သေချာပေါက် ရှိနေနိုင်သည်။
လူတစ်ယောက်ယောက်အနေဖြင့် စပက်တာ တစ်ကောင်နှင့် ဆက်သွယ်မိသွားခြင်းမှာ ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။
သို့တိုင်အောင် ထိုလူများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ တကယ့် ဇီဖစ်စွမ်းအင် ထုတ်ယူသူ များ ဖြစ်မလာနိုင်ခဲ့ကြပေ။ ထိုအရာထက်ပိုသော အခြားအရာများစွာ လိုအပ်နေသေးသည်။
သို့သော်လည်း နစ်မှာ အားနည်းမည့်ပုံ မပေါ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူး မှတ်ချက်ချနိုင်ပေသည်။ သူ့ထံ၌ ဇွဲလုံ့လ၊ သန်မာသော ခန္ဓာကိုယ်၊ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်ခွန်အားများ ရှိနေပေသည်။ သူသည် တကယ်ကိုပင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။
ဝမ်းနည်းစရာ ကောင်းသည်က...
စုံစမ်းစစ်ဆေးရေးမှူးက သက်ပြင်းတစ်ချက် ချလိုက်သည်။
"တစ်ခါတရံမှာ ဖြစ်တတ်ပေမဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက ထုတ်ယူသူတွေ ဖြစ်လာလေ့ သိပ်မရှိပါဘူး... ဖြစ်လာတဲ့ လူနည်းစုကလည်း ချိတ်ဆက်ထားတဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက် ကိရိယာတွေ မရှိကြဘူး..."
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဆုံးဖြတ်ချက် မပေးနိုင်ပါဘူး... ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံအရ ပြောရရင်တော့ ဖြစ်နိုင်ချေ အရမ်းနည်းတယ်လို့ပဲ ပြောရမှာပဲ...”
နစ်သည် မျက်မှောင်ကြုတ်သွားပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ သူသည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ကြောင်း ကြားလိုက်ရသော်လည်း ထိုကမ်းလှမ်းချက်ကို လက်ခံရန် အနည်းငယ် သွေးဆောင်ခံလိုက်ရဆဲပင် ဖြစ်သည်။
နစ်၏ ဘဝရည်မှန်းချက်မှာ အဘယ်နည်း။
ယခုအချိန်တွင် နစ်သည် ကောင်းမွန်သော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရန်သာ လိုလားနေပေသည်။ ငွေကြေးအတွက် သူ ပူပန်မနေချင်တော့ပေ။
တစ်စုံတစ်ယောက်က သူ၏အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ သူ့ကို သတ်ဖြတ်သွားမည်ကို စိုးရိမ်ပြီး အမြဲတမ်း သတိထားနေရမည့် အခြေအနေမျိုးကိုလည်း မလိုချင်တော့ချေ။
နစ်သည် ပို၍ လွယ်ကူပြီး အရောင်အသွေး စုံလင်သော ဘဝမျိုးကိုသာ လိုချင်ခဲ့သည်။
ဝင်ငွေနှင့် ဂုဏ်သိက္ခာ အရပ်ရပ်၌ စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်သည် ထုတ်ယူသူ တစ်ယောက်ကို မည်သို့မျှ မယှဉ်နိုင်ကြောင်း နစ် သိထားသည်။ သို့သော် အနည်းဆုံးတော့ ၎င်းသည် ခိုင်မာသော အလုပ်အကိုင် တစ်ခု ဖြစ်နေပေသည်။
ထိုအရာမှာ ဆင်ခြေဖုံးရပ်ကွက်ကြီး ၌ နေထိုင်သူ မည်သူတစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ထားနိုင်စွမ်း မရှိသော အရာပင် ဖြစ်လေသည်။
အနိမ့်ဆုံးအဆင့်ရှိသော စုံစမ်းစစ်ဆေးရေးမှူးများသည် အတွင်းမြို့တော်၌ နေထိုင်ခွင့် မရကြသော်လည်း ပြင်ပမြို့တော်၌မူ သေချာပေါက် နေထိုင်နိုင်ကြပေသည်။
သာမန် နေအိမ်များ ဖြစ်သည်။
သာမန် အစားအသောက်များ ဖြစ်သည်။
သာမန် အလုပ်အကိုင်များ ဖြစ်သည်။
ထိုအရာကပင် ဆင်ခြေဖုံးရပ်ကွက်ကြီး ၌ နေထိုင်ရခြင်းထက် များစွာ သာလွန်ကောင်းမွန်သော အဆင့်အတန်းတစ်ခု ဖြစ်နေလေပြီ။
သို့တိုင်အောင်...
"တောင်းပန်ပါတယ်..."
နစ်က သက်ပြင်းချကာ ပြောလိုက်သည်။
"ကျွန်တော် လက်မခံနိုင်ပါဘူး..."
"ဘာဖြစ်လို့လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား..."
စုံစမ်းစစ်ဆေးရေးမှူးက မေးလိုက်သည်။
"ဘာလို့လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း တိတိကျကျ မသိပါဘူး..."
နစ်က ပြန်ဖြေလိုက်သည်။
"ကျွန်တော်သိတာက ဒီဘဝမှာ အကောင်းဆုံး ကြိုးစားကြည့်ချင်တာ တစ်ခုပါပဲ..."
"ကျွန်တော်က စပက်တာ တစ်ကောင်ကို ဖမ်းဆီးပြီး တကယ့် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာနိုင်မလားဆိုတာ လက်တွေ့ စမ်းသပ်ကြည့်ချင်တာပါ..."
"တကယ်လို့ ကျွန်တော်သာ မကြိုးစားကြည့်ခဲ့ရင် တစ်သက်လုံး နောင်တရနေမိမှာ..."
"ပြီးတော့ ကျွန်တော် ကျရှုံးသွားရင်တောင်မှ ဒီကမ်းလှမ်းချက်ကို လက်ခံလို့ ရသေးတယ် မဟုတ်လား... ဒါက တစ်ကြိမ်တည်းသော ကမ်းလှမ်းချက်မှ မဟုတ်တာ..."
နစ်က ရှင်းပြလိုက်သည်။
စုံစမ်းစစ်ဆေးရေးမှူးက သက်ပြင်းတစ်ချက် ချလိုက်သည်။
အေးပါ... မဟုတ်ပါဘူး... သဘာဝကျကျ ပြောရရင် မင်း ဒီရာထူးကို လိုချင်တဲ့အချိန် ဒေသခံ စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက်ယောက်ကိုသာ ပြောလိုက်ပါ..."
နစ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်လည်း ကမ်းလှမ်းပေးတဲ့အတွက်ရော နားလည်ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်... လောလောဆယ် လက်မခံနိုင်တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်..."
စုံစမ်းစစ်ဆေးရေးမှူးက ခေါင်းညိတ်ပြသည်။
"ကိစ္စမရှိပါဘူး..."
"ဒါဆို ခွင့်ပြုပါဦး..."
နစ်သည် ထွက်ခွာရန် အတွက် နောက်သို့ လှည့်လိုက်ရင်း ပြောလိုက်သည်။
နစ် လှည့်ထွက်သွားသည်ကို ကြည့်ရင်း စုံစမ်းစစ်ဆေးရေးမှူးမှာ တစ်စုံတစ်ခုနှင့် ရုန်းကန်နေရပုံ ပေါ်သည်။ သူ့ စိတ်ထဲ၌ လွန်ဆွဲမှု တစ်ခု ဖြစ်ပွားနေသည့်အလား ပင်ဖြစ်သည်။ အတန်ကြာသည်အထိ စုံစမ်းစစ်ဆေးရေးမှူးသည် နစ်ကိုသာ ငေးကြည့်နေခဲ့သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုင် မေးမြန်းခဲ့ဖူးသော လူတစ်ယောက်ထံသို့ နစ် ထပ်မံ ချဉ်းကပ်သွားသည်ကို မြင်သောအခါ စုံစမ်းစစ်ဆေးရေးမှူးသည် ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။
"နစ်... ဒီကို ခဏလာခဲ့ပါဦး..."
သူက နစ်ကို လက်ယပ်ခေါ်ရင်း ပြောလိုက်သည်။
နစ်သည် ခြေလှမ်းများကို ရပ်တန့်ကာ စုံစမ်းစစ်ဆေးရေးမှူးကို နောက်သို့ လှည့်ကြည့်လိုက်သည်။ အခိုက်အတန့်အကြာတွင် နစ်သည် နောက်သို့လှည့်ကာ စုံစမ်းစစ်ဆေးရေးမှူးရှိရာသို့ လျှောက်သွားလိုက်သည်။
"ဘာလဲဗျ..."
သူက မေးလိုက်သည်။ စုံစမ်းစစ်ဆေးရေးမှူးက ခါးသက်သက် ပြုံးလိုက်ရင်း သူ၏ ခေါင်းကို ကုတ်လိုက်သည်။
"ဒီကိစ္စက မင်းအတွက် ဘယ်လောက်တောင် အရေးကြီးနေလို့လဲ..."
စုံစမ်းစစ်ဆေးရေးမှူးက မေးလိုက်သည်။
နစ် မျက်မှောင်ကြုတ်သွားသည်။
"တော်တော်လေး အရေးကြီးတယ်... ဒါက ကျွန်တော့် ဘဝလေ..."
"မင်း အမှောင်ထုထဲမှာ ဘယ်လောက်အထိ တောင့်ခံနိုင်လဲ..."
စုံစမ်းစစ်ဆေးရေးမှူးက မေးလိုက်သည်။
နစ်သည် ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ အဆင့်ကိုး စပက်တာ ငါးကောင်အနက် တစ်ကောင်အပါအဝင် ဖြစ်သော အိပ်မက်ဆိုး သည် နေရာအနှံ့၌ ရှိနေတတ်ပေသည်။ မည်သူမဆို အမှောင်ထုထဲသို့ ဝင်ရောက်သွားပါက ထိုအိပ်မက်ဆိုးသည် သူတို့၏ စိတ်များကို သံသယများ၊ အမုန်းတရားများ၊ ဒေါသများနှင့် အခြားသော အဆိုးမြင် စိတ်ခံစားမှု အရပ်ရပ်ဖြင့် အဆိပ်ခတ်ရန် စတင်လေတော့သည်။
လူတိုင်းက အမှောင်ထုကို ရှောင်ရှားကြပေသည်။
"တောင့်ခံထားဖို့ ခက်ခဲပါတယ်..."
နစ်က ပြန်ဖြေလိုက်သည်။
"စိတ်ဒဏ်ရာ ကြီးကြီးမားမား မရဘဲ တစ်နာရီလောက် ရှင်သန်နိုင်မလား..."
စုံစမ်းစစ်ဆေးရေးမှူးက မေးလိုက်သည်။
နစ်သည် မျက်မှောင် ထပ်ကြုတ်သွားပြန်သည်။ သူသည် အတန်ကြာသည်အထိ အဖြေမပေးခဲ့ပေ။
"မသေချာဘူး..."
စုံစမ်းစစ်ဆေးရေးမှူးက နစ်ကို စိုးရိမ်တကြီးဖြင့် စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သို့သော် ထို့နောက်တွင်မူ သူသည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"မင်း စပက်တာ တစ်ကောင်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲဆိုတာ ငါသိတယ်..."
"ပြီးတော့ အဲဒီကောင်က သိပ်ပြီး စွမ်းအားကြီးမယ့်ပုံ မပေါ်ဘူး…”
နစ်နှင့် စုံစမ်းစစ်ဆေးရေးမှူးတို့သည် ဘေးဘက်ရှိ စွန့်ပစ်ခံ လမ်းကြားတစ်ခုအတွင်းသို့ လျှောက်သွားခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေးမှူး ပြောလာမည့်စကားများကို နစ်သည် အလွန်တရာ စိတ်ဝင်စားနေခဲ့သည်။
အချိန် နှစ်ပတ်နီးပါး ကြာမြင့်ပြီးနောက်တွင်တော့ သူ သဲလွန်စတစ်ခုကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
လမ်းကြားထဲသို့ ရောက်ရှိသွားသောအခါ နစ်က စုံစမ်းစစ်ဆေးရေးမှူးကို ခေါင်းညိတ်ပြလိုက်သည်။
စုံစမ်းစစ်ဆေးရေးမှူးက ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်သည်။
"ဒီကိစ္စကို မင်းကို ငါ မပြောပြသင့်ဘူး...စပက်တာ တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ထိပ်တန်း လျှို့ဝှက်ချက်တွေပဲ..."
"ဒါဆို ဘာလို့ ကျွန်တော့်ကို ပြောပြတာလဲ..."
နစ်က မေးလိုက်သည်။
"အကြောင်းရင်း နည်းနည်းတော့ ရှိတယ်..."
"ပထမအချက်က မင်းကို ငါနည်းနည်းလောက် ကူညီပေးသင့်တယ်လို့ ခံစားရလို့ပဲ... မင်း စပက်တာ တစ်ကောင်ကို ဒီလောက်တောင် အသည်းအသန် ရှာဖွေနေတာကို မြင်ရတော့ ငါနည်းနည်း စိတ်မကောင်းဖြစ်မိလို့..."
"ဒုတိယအချက်က ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေကလည်း ဒီ စပက်တာ ကို အမဲလိုက်နေတာ မဟုတ်ဘူး... ဆိုလိုတာက ဒီအကောင် ပျောက်သွားလည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး..."
"ပြီးတော့ တတိယအချက်က ငါ့အလုပ်ရှင်ရဲ့ ရည်ရွယ်ချက်ကို ငါအပြည့်အဝ သဘောမတူလို့ပဲ..."
စုံစမ်းစစ်ဆေးရေးမှူးက ရှင်းပြလိုက်လေသည်။
***