← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း(၁၉)

"ရည်ရွယ်ချက် ဟုတ်လား..."

နစ်က မေးလိုက်သည်။ စုံစမ်းစစ်ဆေးရေးမှူးက ခေါင်းညိတ်ပြသည်။

"ငါတို့ သိထားပေမဲ့ မဖမ်းဆီးရသေးတဲ့ စပက်တာ တွေ အများကြီး ရှိသေးတယ်... အဲဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းတွေလည်း အများကြီး ရှိတယ်..."

"တချို့အချိန်တွေမှာ စပက်တာ တွေရဲ့ တကယ့် တည်နေရာကို ရှာဖွေဖို့က မယုံနိုင်လောက်အောင် ခက်ခဲလွန်းတယ်... ပါရာဆိုက် ဆိုရင် ဥပမာကောင်း တစ်ခုပေါ့... တစ်မြို့လုံးက ပါရာဆိုက် ကို လိုက်ရှာနေကြပေမဲ့ ဘယ်သူမှ သူ့သဲလွန်စကို ရှာမတွေ့ကြဘူးလေ..."

"နောက်အကြောင်းရင်း တစ်ခုကတော့ တချို့ စပက်တာတွေကို ထိန်းချုပ်ဖို့က မယုံနိုင်လောက်အောင် ခက်ခဲလွန်းတယ်... ပြီးတော့ သူတို့ကို ဆက် ထိန်းချုပ်ထားဖို့က ပိုတောင် ခက်ခဲသေးတယ်... ဒြပ်မဲ့ စပက်တာ တချို့ကို ထိန်းချုပ်ထားနိုင်တဲ့ အထိန်းအကွပ် အခန်း တွေ ရှိပေမဲ့ မထိန်းချုပ်နိုင်တဲ့ ကောင်တွေလည်း ရှိနေသေးတယ်..."

"ဥပမာ ပြောရရင် မြို့ပြင်မှာ ဝါးမြိုခြင်း ရွှံ့ညွန် လို့ ငါတို့ခေါ်တဲ့ စပက်တာ တစ်ကောင် ရှိတယ်... အဲဒါက ကီလိုမီတာ အများကြီး ကျယ်တဲ့ ရွှံ့ညွန်ကြီး တစ်ခုပဲ... အဲဒါကို ထိန်းချုပ်ဖို့ဆိုရင် သယံဇာတတွေ အများကြီး အသုံးပြုရလိမ့်မယ်... အဲဒါက တန်မှာ မဟုတ်ဘူး..."

"တချို့ စပက်တာ တွေကလည်း အရမ်း အစွမ်းထက်လွန်းနေတယ်... သူနာပြု အဲလစ် ဆိုရင် အကောင်းဆုံး ဥပမာပဲ..."

"ပြီးတော့ သွားရခက်ခဲလွန်းတဲ့ နေရာတွေမှာ နေထိုင်နေကြတဲ့ စပက်တာ တွေလည်း ရှိတယ်... အခု ငါမင်းကို ပြောပြမယ့် တစ်ကောင်ကတော့ အဲဒီအမျိုးအစားထဲမှာ ပါတယ်..."

နစ်သည် အလွန် စိတ်ဝင်စားသွားသည်။

"အဲဒါ ဘယ်မှာလဲ..."

စုံစမ်းစစ်ဆေးရေးမှူးသည် ကြမ်းပြင်ကို လက်ညိုးထိုးပြလိုက်သည်။ ပို၍ တိတိကျကျ ပြောရလျှင် လူတိုင်း လမ်းလျှောက်နေကြသော သံပန်းကွက်များ၏ အောက်ဘက်ရှိ အမှောင်ထုဆီသို့ ဖြစ်သည်။

"ရေဆိုးမြောင်းတွေ..."

စုံစမ်းစစ်ဆေးရေးမှူးက ပြောလိုက်သည်။

နစ်သည်လည်း ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သည်။ ကြမ်းပြင်ကို သံပန်းကွက်များဖြင့် အဓိက ပြုလုပ်ထားသောကြောင့် လူတိုင်းသည် ရေဆိုးမြောင်းများကို မြင်တွေ့နိုင်ပြီး အနံ့အသက်များကိုလည်း ရရှိနိုင်ပေသည်။

တစ်နည်းအားဖြင့် ရေဆိုးမြောင်းများသည် ရေဆိုးမြောင်းများနှင့် သိပ်မတူလှပေ။ အမှန်စင်စစ်... သံပန်းကွက်များ၏ အောက်ဘက် မီတာအနည်းငယ် အကွာ၌ ကြောက်မက်ဖွယ်ကောင်းသော ညစ်ပတ်နေသည့် ရေဆိုးပင်လယ်ကြီး တစ်ခု ရှိနေခြင်း ဖြစ်သည်။

အကယ်၍ လူတစ်ယောက်ယောက်သည် သံပန်းကွက် တစ်ခုကို ကျိုးပဲ့စေပြီး အောက်သို့ ပြုတ်ကျသွားပါက သူတို့သည် ဆယ်မီတာခန့် အောက်သို့ ကျဆင်းသွားမည် ဖြစ်သည်။ ထို့နောက်တွင် ဆီး၊ ကျင်ငယ်၊ အညစ်အကြေး၊ အမှိုက်သရိုက် စသည်တို့ဖြင့် ပြည့်နှက်နေသော ရေဆိုးများ အိုင်ထွန်းနေသည့် နေရာတစ်ခုအတွင်းသို့ ထိုးကျသွားမည် ဖြစ်သည်။

ပြုတ်ကျသွားခဲ့သည့် လူအချို့ကို ပြန်လည် ကယ်တင်နိုင်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသော်လည်း အများစုမှာမူ အချိန်တိုအတွင်း သေဆုံးသွားကြသည်။

ယေဘုယျအားဖြင့် လူများသည် အနံ့အသက်ဆိုးများကြောင့် အလွန်အမင်း အော့အန်လာတတ်ကြပြီး ထိုသို့ဖြစ်ခြင်းကပင် ရေဆိုးများကို မတော်တဆ ပို၍ မျိုချမိစေရန် အကြောင်းဖန်လာတတ်သည်။ ၎င်းက သူတို့၏ ထိတ်လန့်မှုကို ပိုမို တိုးပွားလာစေပြီး သူတို့သည် ရေဆိုးများထဲ၌ အလျင်အမြန် ယက်ကန်ယက်ကန် ဖြစ်လာကြတော့သည်။

ထို့နောက်တွင်တော့... မကြာခဏဆိုသလို သူတို့သည် ဟောင်းနွမ်းပြီး သံချေးတက်နေသော သံချောင်း တစ်မျိုးမျိုးနှင့် တိုက်မိသွားတတ်ကြပြီး ၎င်းသံချောင်းများက သူတို့၏ ခန္ဓာကိုယ်ကို စုတ်ပြတ်သွားစေသည်။

ထို့အပြင် ပါရာဆိုက်၏ လက်ပါးစေ ကြွက်များသည် သားကောင်၏ အပေါ်သို့ မကြာခဏ အုပ်စုလိုက် တက်လာတတ်ကြသည်။

ရေဆိုးမြောင်းထဲသို့ ပြုတ်ကျခြင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော သေဆုံးခြင်းမျိုး ဖြစ်သည်။

ထို့ထက်ပို၍ ဆိုးရွားသည်မှာ ကြမ်းပြင်အားလုံးကို သံပန်းကွက်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ သံပန်းကွက်များ အစား သံပြားများကို အသုံးပြုထားသော နေရာများစွာလည်း ရှိနေသေးသည်။

အကယ်၍ လူတစ်ယောက်သည် အလွန် ကံဆိုးနေမည် ဆိုပါက သူသည် ရေဆိုးမြောင်း၏ အမှောင်ထုဖုံးလွှမ်းနေသော အစိတ်အပိုင်း တစ်ခုအတွင်းသို့ ပြုတ်ကျသွားနိုင်ပေသည်။ ထိုအခြေအနေသို့ ရောက်ရှိသွားပါက အိပ်မက်ဆိုး ၏ လွှမ်းမိုးမှုကလည်း သူတို့ကို တိုက်ခိုက်လာမည် ဖြစ်သည်။

"ရေဆိုးမြောင်းတွေထဲမှာ ဟုတ်လား..."

နစ်က မေးလိုက်သည်။

စုံစမ်းစစ်ဆေးရေးမှူးက ခေါင်းညိတ်ပြသည်။

နစ်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သည်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ရလေသည်။

"အတိအကျက ဘယ်နေရာမှာလဲ..."

နစ်က မေးလိုက်သည်။

"မင်း တကယ်ပဲ ရေဆိုးမြောင်းတွေထဲ ခုန်ချဖို့ ဆန္ဒရှိလို့လား..."

စုံစမ်းစစ်ဆေးရေးမှူးက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ နစ်သည် နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြန်သည်။

အပေါက်ဝတစ်ခု၏ ရှေ့၌ ရပ်နေပြီး အောက်ခြေရှိ နောက်ကျိမည်းမှောင်နေသော အရည်များကို ငုံ့ကြည့်နေမည့် မိမိ၏ ပုံစံကို နစ် မြင်ယောင်ကြည့်လိုက်သည်။ ထိုအနံ့အသက် ဆိုးရွားမှုကပင် သာမန်လူတစ်ယောက်ကို အော့အန်သွားစေနိုင်ပေသည်။

ထိုအရာထဲသို့ ခုန်ချရမည်ဆိုသည်မှာ...

စိတ်ကူးထဲမှ မြင်ကွင်းကပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေပေသည်။ ရိုးသားစွာ ဝန်ခံရလျှင် နစ်သည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ထိုကဲ့သို့သော နေရာမျိုးသို့ ခုန်ဆင်းရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။

တစ်ခုတည်းသော ကောင်းမွန်သည့် အချက်မှာ အောက်ခြေ၌ နစ်ကို မည်သူကမျှ မြင်တွေ့နိုင်မည် မဟုတ်ခြင်းပင် ဖြစ်သည်။ ထိုအချက်က သူ့အား သူ၏ ထူးခြားသော စွမ်းရည်ကို ဆက်လက် အသက်ဝင်နေစေရန် အခွင့်အရေး ပေးစွမ်းနိုင်မည် ဖြစ်သည်။

ဆိုလိုသည်က ရေနစ်ခြင်း သို့မဟုတ် ချွန်ထက်သော သံတိုသံစတစ်ခုခုဖြင့် ထိုးမိခြင်းမျိုးကို အမှန်တကယ် စိုးရိမ်နေရန် မလိုအပ်ခြင်းပင် ဖြစ်ပေသည်။

မည်သူကမျှ ကြည့်ရှုမနေသော အချိန်မျိုးတွင် နစ်၏ ခန္ဓာကိုယ်မှာ ငါးဆခန့် ပိုမို အစွမ်းထက်လာတတ်ပေသည်။ ထိုအရာက သူ၏ အရေပြားနှင့် ကြွက်သားများ၏ ခံနိုင်ရည်ကိုလည်း တိုးတက်လာစေကြောင်း ဆိုလိုခြင်းပင် ဖြစ်သည်။

ခိုင်မာသော နံရံတစ်ခုမှ ထွက်ပေါ်နေသည့် သံချွန်တစ်ခုကို သူ၏ ခွန်အားအပြည့်ဖြင့် ဝင်တိုက်ခြင်းမျိုး မလုပ်သရွေ့ နစ်သည် ဒဏ်ရာရရှိမည် မဟုတ်ပေ။

ကြွက်များသည်လည်း ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်ချေ။ ပါရာဆိုက်ထံ၌ ကြွက်များစွာ ရှိနေသည်မှာ မှန်ကန်ပေသည်။ သို့သော် ကြွက်တိုင်းသည် ၎င်းအတွက် တန်ဖိုးရှိလှပေသည်။ ကြွက်များသည် နစ်ကို ဝိုင်းဝန်း အနိုင်ယူနိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။ သို့သော် နစ်ကလည်း သူတို့ထဲမှ အများအပြားကို အတူတကွ သုတ်သင်ပစ်နိုင်မည် ဖြစ်သည်။ ထိုသို့ အလဲအလှယ် လုပ်ရခြင်းမှာ တန်မည်မဟုတ်ကြောင်း နစ် အတော်လေး သေချာနေပေသည်။

ထို့ကြောင့်ပင် ရေဆိုးမြောင်းများသည် မယုံနိုင်လောက်အောင် ရွံရှာဖွယ်ကောင်းပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်နေသော်လည်း နစ်အတွက်မူ အမှန်တကယ် အန္တရာယ်ရှိသော နေရာတစ်ခု မဟုတ်ပေ။ သို့တိုင်အောင် အခြားသော အရာနှစ်ခုကမူ အလွန် အန္တရာယ်ကြီးမားကြောင်း သက်သေပြနေဆဲ ဖြစ်သည်။

ပထမတစ်ခုမှာ မည်သည့်အရာပင် ဖြစ်နေစေကာမူ... ထိုစပက်တာ ပင်ဖြစ်သည်။

မည်သည့် စပက်တာ မျှ အားနည်းခြင်း မရှိချေ။ နစ် အနေဖြင့် ထို စပက်တာ ကို အနိုင်ယူ ဖမ်းဆီးပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည် ယူဆောင်လာရန် လိုအပ်ပေသည်။

ဒုတိယတစ်ခုမှာ အမှောင်ထု ဖြစ်သည်။

ရေဆိုးမြောင်းများသည် အလင်းရောင် အလွန် မှိန်ပျပျသာ ရှိပြီး လုံးဝ အမှောင်ကျနေသော နေရာများလည်း များစွာ ရှိနေပေသည်။

နေရာတစ်ခုသည် ပို၍ မှောင်မိုက်လေလေ၊ အိပ်မက်ဆိုး ၏ လွှမ်းမိုးနိုင်စွမ်းက ပို၍ ကြီးမားလေလေ ပင်ဖြစ်သည်။ အိပ်မက်ဆိုး ၏ စွမ်းအားများသည် ကမ္ဘာပေါ်ရှိ လူသားတိုင်းအပေါ် သက်ရောက်မှု ရှိလေသည်။ လူတစ်ယောက် မည်မျှပင် စွမ်းအားကြီးမားနေစေကာမူ အရေးမကြီးပေ။

သာမန်လူ တစ်ယောက်ဖြစ်စေ၊ ကမ္ဘာပေါ်ရှိ အစွမ်းအထက်ဆုံး ဇီဖစ်စွမ်းအင် ထုတ်ယူသူ များထဲမှ တစ်ယောက်ဖြစ်စေ ကွာခြားမှု မရှိပေ။ သူတို့အားလုံးသည် အိပ်မက်ဆိုး ၏ သက်ရောက်မှုကို တန်းတူညီမျှ ခံစားကြရမည် ဖြစ်သည်။

စွမ်းအား ရှိခြင်း၊ မရှိခြင်းက အရေးမပါချေ။ စိတ်ဓာတ်ခိုင်မာမှုကသာလျှင် အဓိက ကျပေသည်။ နစ်သည် စပက်တာ ကို တက်ကြွစွာ ရှာဖွေနေစဉ်အတွင်း အိပ်မက်ဆိုး ၏ လွှမ်းမိုးမှုကို အချိန်ကြာမြင့်စွာ တွန်းလှန်ထားရန် လိုအပ်ပေမည်။

နစ် ဘေးဘက်သို့သာ လှည့်ကြည့်လိုက်သည်။

'ဒီ စပက်တာ က ငါနဲ့ အဆင့်တူလောက် ဖြစ်မယ်လို့ သူပြောခဲ့တယ်... ဆိုလိုတာက အဆင့်တစ် စပက်တာ ပဲ...'

'အဆင့်တစ် စပက်တာ တစ်ကောင်အတွက်နဲ့ တစ်ယောက်ယောက်က ရေဆိုးမြောင်းတွေထဲ ခုန်ချပြီး အိပ်မက်ဆိုး ရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ရမယ်တဲ့... ဒါက အားထုတ်ရတာနဲ့ မတန်ဘူးဆိုတာ ငါ မှန်းဆကြည့်လို့ ရပါတယ်...'

နစ်သည် စက္ကန့်အနည်းငယ်ကြာမျှ တိတ်ဆိတ်နေခဲ့သည်။

"မင်း သိတဲ့အတိုင်းပဲ..."

စုံစမ်းစစ်ဆေးရေးမှူးက ပြောလိုက်သည်။ နစ်သည် နောက်သို့ ပြန်ကြည့်လိုက်သည်။

"မင်းကို ကူညီပေးရတဲ့ ငါ့ရဲ့ အကြောင်းရင်းတွေကို ငါပြောပြတာ နည်းနည်း လွဲမှားသွားတယ် ထင်တယ်..."

စုံစမ်းစစ်ဆေးရေးမှူးက ဆက်ပြောလိုက်သည်။

"စောစောက ငါပြောခဲ့တဲ့ အကြောင်းရင်းတွေက မှန်ကန်နေဆဲပါပဲ... ဒါပေမဲ့ အစီအစဉ်ကတော့ အတိကျဆုံး မဟုတ်လောက်ဘူး..."

"ငါ အမှန်တကယ် အစိုးရိမ်ဆုံး ကိစ္စက နောက်ဆုံး အကြောင်းရင်းပဲ..."

နစ်သည် စုံစမ်းစစ်ဆေးရေးမှူးကိုသာ ကြည့်နေခဲ့သည်။

"အဲဒီလို စပက်တာ မျိုးကို ငါတို့ ရှာတွေ့တဲ့အခါ..."

စုံစမ်းစစ်ဆေးရေးမှူးက ရှင်းပြလေသည်။

"ငါ့ရဲ့ အလုပ်ရှင်က အန္တရာယ် အကဲဖြတ်မှု တစ်ခုကို လုပ်လေ့ရှိတယ်... ဒါကို လိုက်ဖမ်းဖို့ တန်ရဲ့လား... ဘယ်လို အန္တရာယ်တွေ ရှိနိုင်လဲ... အလားအလာရှိတဲ့ အမြတ်အစွန်းက ဘာတွေလဲ ဆိုတာမျိုးပေါ့..."

"ဒါက အဆင့်တစ် စပက်တာ သီးသန့် ဖြစ်နေတဲ့အတွက် ဒါကို လုပ်ဖို့ မတန်တာက သိသာလွန်းတယ်... အဲဒီအကြောင်းပြချက်ကြောင့် ငါတို့က ဒီစပက်တာ ကို လျစ်လျူရှုထားလိုက်တာပဲ..."

"အဲဒါက အဆင့်သုံး စပက်တာ တစ်ကောင် ဖြစ်လာမယ့် အချိန်အထိပေါ့..."

နစ် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"သူတို့က ဒီစပက်တာ ကို အဆင့်သုံး စပက်တာ တစ်ကောင် ဖြစ်လာတဲ့အထိ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတွေကို စားသောက် အသက်ရှင်စေချင်တယ်လို့ ခင်ဗျား ပြောချင်တာလား..."

နစ်က မေးလိုက်သည်။ စုံစမ်းစစ်ဆေးရေးမှူးသည် ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။

"အင်း... ငါ့ရဲ့ အလုပ်က စီးပွားရေးလုပ်ငန်း တစ်ခုလေ... စီးပွားရေးလုပ်ငန်း အားလုံးက အမြတ်အစွန်းအတွက် ဖွဲ့စည်းထားကြတာပဲ... ရနိုင်မယ့် အမြတ်အစွန်း မရှိဘူးဆိုရင် ငါတို့က ဝင်မပါတော့ဘူး... ငါ့အလုပ်ရှင်က စပက်တာ ကို ပိုပြီး စွမ်းအားကြီးလာဖို့ သက်သက်အတွက် အသက်ရှင်ခွင့် ပေးထားတာတော့ မဟုတ်ပါဘူး... အဲဒါက မတန်လို့ ဝင်မပါရုံ သက်သက်ပါ..."

"မြို့တော်ကို လုံခြုံအောင် ထားရှိဖို့က ငါ့အလုပ်ရှင်ရဲ့ တာဝန် မဟုတ်ဘူး... ခုနက ပြောခဲ့သလိုပဲ ဒါက စီးပွားရေးလုပ်ငန်း တစ်ခုလေ… ပရဟိတအဖွဲ့ မဟုတ်ဘူး... လူတွေကို ကာကွယ်ပေးဖို့က ငါတို့ အလုပ် မဟုတ်ဘူး..."

နစ်၏ အမူအရာက တိုးတက်ကောင်းမွန်လာခြင်း မရှိချေ။

"ပြီးတော့ ခင်ဗျားရဲ့ အလုပ်ရှင်က မြို့တော်ကို ဒီ စပက်တာ အကြောင်း ပြောပြလိုက်ရင်ရော..."

စုံစမ်းစစ်ဆေးရေးမှူးသည် ချက်ချင်း အဖြေမပေးခဲ့ပေ။

"မြို့တော်က ဒါနဲ့ပတ်သက်ပြီး တစ်ခုခုတော့ လုပ်လိမ့်မယ်..."

စုံစမ်းစစ်ဆေးရေးမှူးက ဆက်ပြောသည်။

"ဒါပေမဲ့ တစ်နေ့နေ့မှာ ဒီစပက်တာ က ဖမ်းဆီးဖို့ တန်လောက်တဲ့အထိ အမြတ်အစွန်း ထွက်လာနိုင်တယ်လေ..."

နစ်သည် ထပ်မံ ကြားနာရန် မလိုအပ်တော့ပေ။ သဘာဝကျစွာပင် စုံစမ်းစစ်ဆေးရေးမှူးသည် မိမိ၏ အလုပ်ရှင်အကြောင်း မကောင်းပြောခွင့် မရှိပေ။ ထို့ကြောင့်ပင် သူသည် ဤမျှ မပီမပြင် စကားလုံးများကို သုံးနှုန်းနေခြင်း ဖြစ်သည်။ သို့သော် နစ်ကတော့ အခြေခံ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူး၏ အလုပ်ရှင်သည် စပက်တာ ပိုမို အစွမ်းထက်လာသည်အထိ လူများကို ကျွေးမွေးထားရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးမှူးက ထိုအရာကို သဘောမကျခဲ့ပေ။ ထို့ကြောင့်ပင် ၎င်းအကြောင်းကို နစ်အား ပြောပြနေခြင်း ဖြစ်သည်။

စောစောကမူ နစ်သည် ဒွိဟဖြစ်ကာ တုံ့ဆိုင်းနေခဲ့သေးသည်။ သို့သော် ယခုတော့ ထိုသို့ မဟုတ်တော့ချေ။

"ကျွန်တော် လုပ်မယ်..."

နစ်က ပြောလိုက်သည်။ စုံစမ်းစစ်ဆေးရေးမှူးသည် နစ်၏ မျက်လုံးများထဲသို့ အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ ထိုကောင်လေး၏ မျက်လုံးများထဲ၌ အနည်းငယ်သော ကြောက်ရွံ့မှုများအပြင် ကြီးမားလှသော ယုံကြည်ချက်များ ပြည့်နှက်နေသည်ကို စုံစမ်းစစ်ဆေးရေးမှူး မြင်တွေ့လိုက်ရသည်။

စုံစမ်းစစ်ဆေးရေးမှူးသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေသည်။

"အဲဒီအကောင်ကို ဒရီမာ လို့ ခေါ်တယ်… ဒရီမာ ဆိုပါတော့လေ”

***

All Chapters