← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အပိုင်း(၂၀)

နစ်နှင့် ဝင်တာတို့သည် ပျက်စီးနေသော လမ်းတစ်လမ်း၏ရှေ့၌ ရပ်နေကြသည်။

စုံစမ်းစစ်ဆေးရေးမှူးသည် ဒရီမာ နှင့် ပတ်သက်၍ သူသိသမျှ အားလုံးကို နစ်အား ပြောပြခဲ့ပြီးဖြစ်သည်။ နစ်ကလည်း ထိုအကြောင်းများကို ဝင်တာအား အသိပေးထားခဲ့လေသည်။

အမြဲတမ်းလိုလိုပင် နေမင်းကြီးသည် ကောင်းကင်ယံ၏ အလယ်တည့်တည့်၌ ရှိနေခဲ့သည်။ သို့တိုင်အောင် အဆိပ်သင့် စွန့်ပစ်ရည် ပင်လယ်ကြီးမှာမူ မှောင်မိုက်နေဆဲ ဖြစ်သည်။

ဆင်ခြေဖုံးရပ်ကွက်ကြီး၏ ဤအစိတ်အပိုင်းမှာ စွန့်ပစ်ခံထားရသော နေရာတစ်ခု ဖြစ်သည်။ လမ်းမကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်နေပြီး ရေဆိုးမြောင်းများဆီသို့ ဦးတည်နေသော ဆင်ခြေလျှောသဖွယ် ဖြစ်ပေါ်နေလေသည်။

နစ်သည် သူ ပြန်လည် ထွက်ပေါ်လာနိုင်မည့် နေရာတစ်ခု လိုအပ်သောကြောင့် ဤနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်၌ ဝင်တာသည် သူ၏ နှာခေါင်းကို နှာခေါင်းစည်း အဖြူရောင်လေးဖြင့် အုပ်ကိုင်ထားခဲ့သည်။ သူသည် ညစ်ပတ်ပေရေနေသော ရေဆိုးများကို ရွံရှာမှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ကြည့်ရှုနေလေသည်။

သူတို့နှစ်ဦးသည် ကျိုးပဲ့နိမ့်ကျနေသော သံပြားများနှင့် သံပန်းကွက်များကို ဖြတ်သန်းစီးဆင်းနေသည့် ရွံရှာဖွယ် ရေဆိုးများကို စက္ကန့်အနည်းငယ်ကြာမျှ ငေးကြည့်နေခဲ့ကြသည်။

"မင်း တကယ်ပဲ ငါနဲ့ လိုက်ချင်တာ သေချာလို့လား..."

နစ်က ဝင်တာအား ကြည့်ရင်း မေးလိုက်သည်။ ဝင်တာသည် ချက်ချင်း အဖြေမပေးခဲ့ပေ။

"မင်း လိုက်ဖို့ တကယ် မလိုအပ်ပါဘူး..."

နစ်က ထပ်ပြောလိုက်သည်။

"အဓိက ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အနေနဲ့ ဒါက ငါ့အလုပ်ပါ၊ မင်းအလုပ် မဟုတ်ဘူး..."

ဝင်တာသည် ရွံရှာဖွယ် ရေဆိုးများကိုသာ ဆက်လက် ကြည့်ရှုနေခဲ့သည်။ သူသည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်သည်။ ထို့နောက် သူသည် ပျို့အန်ချင်သလို ဖြစ်လာပြီး ချောင်းဆိုးလာခဲ့လေသည်။

သို့တိုင်အောင် ဝင်တာသည် ညစ်ပတ်နေသော ရေဆိုးများကိုသာ ဆက်လက် ကြည့်ရှုနေဆဲ ဖြစ်သည်။ အခိုက်အတန့်အကြာတွင် သူ၏ ခြေထောက်များ အနည်းငယ် တုန်ယင်လာခဲ့သည်။ အဆုံး၌မူ သူသည် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

"ငါတောင်းပန်ပါတယ်..."

သူက ပြောလိုက်သည်။

"ရပါတယ်..."

နစ်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ဒါက မင်းအလုပ်မှ မဟုတ်တာ..."

"နစ်... ငါ တကယ်ကို ရိုးရိုးသားသားနဲ့ တောင်းပန်ပါတယ်..."

ဝင်တာက ထပ်ပြောလိုက်သည်။

"ငါ မင်းနဲ့အတူ တကယ် လိုက်ချင်ပေမဲ့ လိုက်နိုင်စွမ်း မရှိဘူး ဖြစ်နေတယ်... ငါ့မှာ အဲဒီလောက် သတ္တိမရှိဘူး... တောင်းပန်ပါတယ်ကွာ..."

"ရပါတယ်ကွာ..."

နစ်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

"ငါပြန်လာတဲ့အထိ မင်း ဒီမှာပဲ နေခဲ့လိုက်တော့... တကယ်လို့ ငါ့နောက်ကို တိုက်ခိုက်မယ့် အရာတစ်ခုခု ပါလာခဲ့ရင် အဲဒီကိစ္စကို မင်း ကူညီပေးလို့ ရပါတယ်..."

"ငါ ကူညီပေးပါ့မယ်..."

ဝင်တာက ခေါင်းညိတ်ရင်း ဖြေလိုက်သည်။ နစ် အနေဖြင့် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် ဝင်တာကလည်း သူ၏ စွမ်းရည်အကြောင်းကို နစ်အား ပြောပြခဲ့ပြီး ဖြစ်သည်။

မဲဖီယွန် မိသားစု၏ အမွေဆက်ခံသူများအနက် တစ်ဦးအနေဖြင့် ဝင်တာသည် မိမိကိုယ်ကို ကာကွယ်နိုင်မည့် အရာတစ်ခုကို ရရှိထားခဲ့သည်။ ဝင်တာ၏ ဇီဖစ်စွမ်းအင် ချိတ်ဆက်သည်လည်း စပက်တာ တစ်ကောင်နှင့် ချိတ်ဆက်ပြီးသား ဖြစ်လေသည်။ သို့သော် ထို စပက်တာက လူများကို ပေးစွမ်းသော စွမ်းရည်မှာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အတွက် အလွန် အသုံးဝင်လှသော အရာမျိုးတော့ မဟုတ်ပေ။ အခြေခံအားဖြင့် ၎င်းသည် တစ်စုံတစ်ယောက်ထံမှ ထွက်ပြေးရန်အတွက်သာ အသုံးဝင်လှပေသည်။

သို့တိုင်အောင် ထိုစွမ်းရည်မှာ သူလုပ်ဆောင်နိုင်သည့် အတိုင်းအတာ၌မူ အလွန်ကောင်းမွန်လှပေသည်။

ဝင်တာသည် သူတစ်ဦးတည်း စပက်တာ တစ်ကောင်ကို ဖမ်းဆီးနိုင်စွမ်း မရှိသော်လည်း ထိုအကောင်ကို အားနည်း ချည့်နဲ့သွားစေရန်မူ စွမ်းဆောင်နိုင်ပေသည်။

ဝင်တာသည် ထိုစွမ်းရည်ကို အကြောင်းရင်း နှစ်ရပ်ဖြင့် ရရှိထားခဲ့ခြင်း ဖြစ်သည်။

ပထမအချက်မှာ သူ၏ မိဘများက ဝင်တာ့ကို သူ့ကိုယ်သူ ကာကွယ်နိုင်မည့် အရာတစ်ခုခု ပိုင်ဆိုင်စေချင်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သူတို့သည် ဝင်တာအား ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် မဖြစ်စေချင်သောကြောင့် ပင်ဖြစ်သည်။ ၎င်းအတွက် အကောင်းဆုံးနည်းလမ်းမှာ ဝင်တာ၏ ဇီဖစ်စွမ်းအင် ချိတ်ဆက် ကို ထုတ်ယူသူများအတွက် သိပ်ပြီး အသုံးမဝင်သော စွမ်းရည်တစ်ခုနှင့် ကြိုတင် နေရာယူထားစေခြင်းပင် ဖြစ်လေသည်။

"မင်းကို တိုက်ခိုက်မယ့် အရာတစ်ခုခုကို ငါမြင်တာနဲ့ မင်းကို ချက်ချင်း ကူညီပေးပါ့မယ်..."

ဝင်တာက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ နစ်က ခေါင်းသာ ညိတ်ပြလိုက်လေသည်။

"ငါက မင်းနဲ့ လိုက်မလာဘူးဆိုတော့ ဒါလေးတွေ မင်းကို ပေးလိုက်တာ ပိုကောင်းမယ်..."

ဝင်တာက ဖန်ပြွန်ရှည် သုံးခုကို ထုတ်ယူရင်း ပြောလိုက်သည်။ နစ်သည် မျက်မှောင်ကြုတ်လျက် ထိုအရာများကို ကြည့်လိုက်သည်။

"အဲဒါ ဘာတွေလဲ..."

"အလင်းဖိုတွေလေ..."

ဝင်တာက ဖြေလိုက်သည်။

"အဲဒါက ငါ့ကို ဘယ်လို အကူအညီ ပေးမှာလဲ... ဖန်တီးထားတဲ့ အလင်းရောင်တွေက အိပ်မက်ဆိုး ကို မကာကွယ်နိုင်ဘူးဆိုတာ လူတိုင်း သိကြတယ်လေ..."

နစ်က မေးလိုက်သည်။

"ဒါကတော့ ကွာခြားတယ်..."

ဝင်တာက ဖန်ပြွန်ရှည် သုံးခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ဒီတစ်ခုစီတိုင်းကို အဆင့်သုံး စပက်တာ တစ်ကောင်ဆီကနေ ထုတ်ယူထားတာ... တကယ်တော့ ဒါတွေက အိပ်မက်ဆိုးကို ကာကွယ်တဲ့ နေရာမှာ အထောက်အကူ ပြုနိုင်တယ်..."

ထိုစကားက နစ်ကို အတော်လေး အံ့အားသင့်သွားစေသည်။

"သေချာ ဂရုစိုက်သုံးနော်..."

ဝင်တာက ထပ်ပြောလိုက်သည်။

"တစ်ခုစီတိုင်းက ငွေကြေး တစ်သောင်းလောက် တန်ဖိုးရှိတယ်... ပြီးတော့ တစ်ခုကို တစ်မိနစ်ပဲ အလုပ်လုပ်တယ်..."

"မင်းအနေနဲ့ အိပ်မက်ဆိုး ရဲ့ လွှမ်းမိုးမှုကို ဆက်ပြီး မခံနိုင်တော့ဘူးလို့ ခံစားရရင် အဲဒီထဲက တစ်ခုကိုသာ ခွဲပစ်လိုက်... မင်းရဲ့ပတ်ပတ်လည်မှာ အလင်းရောင် နယ်ပယ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်... ဒါပေမဲ့ တစ်မိနစ်လောက် ကြာရင်တော့ အဲဒီအလင်းရောင်က ပျောက်ကွယ်သွားလိမ့်မယ်..."

"အထိန်းအကွပ်ခန်း နဲ့ အဆောက်အအုံအတွက်တင် ငါ့ရဲ့ ဘတ်ဂျက် အတော်များများ ကုန်သွားပြီ... ငါတို့ရဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်မှုတွေကို မထိခိုက်စေဘဲ ဒီ အလင်းဖို တွေကို ထပ်ဝယ်ဖို့ ငါ့မှာ အပိုငွေ မရှိတော့ဘူး... လိုအပ်တဲ့အချိန်မှသာ သုံးပါ..."

နစ်သည် ဖန်ပြွန် သုံးခုကို တန်ဖိုးထားသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ထို့နောက် ၎င်းတို့ကို သူ၏ ပေါင်ပေါ်၌ သိုင်းချည်ထားလိုက်သည်။

"ကျေးဇူးပဲ..."

နစ်က ပြောလိုက်သည်။

"ကောင်းပြီ..."

ဝင်တာက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"မင်းအတွက် အရာရာ အဆင်ပြေပါစေလို့ ငါမျှော်လင့်ပါတယ်..."

"ကျေးဇူးပဲ..."

နစ်က ထပ်မံ ပြောလိုက်သည်။ ထို့နောက် နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထိုအချိန်မှာပင် ဝင်တာသည် နောက်သို့ လှည့်လိုက်လေသည်။ နစ်၏ စွမ်းအားများ အသက်ဝင်လာစေရန်အတွက် ဝင်တာက သူ့အား ကြည့်ရှုနေခွင့် မရှိပေ။

နောက်ထပ် စက္ကန့်အနည်းငယ်ကြာသည်အထိ နစ်သည် အသက်ကို ပြင်းပြင်း အကြိမ်ကြိမ် ရှူသွင်းနေခဲ့သည်။ နောက်ဆုံး၌ နစ်သည် ဝင်တာ ဝယ်ပေးထားသော ရေငုပ်မျက်မှန်ကို တပ်ဆင်လိုက်သည်။ ထို့နောက် ရှေ့သို့ ခုန်ချလိုက်လေတော့သည်။

နစ် အနေဖြင့် နောက်ကျိနေသော ရေအိုင်အတွင်းသို့ လမ်းလျှောက်ဝင်သွားနိုင်ပေသည်။ သို့သော် ထိုအရည်များနှင့် အနည်းငယ်မျှ ထိတွေ့မိသွားပါက သူ နောက်လှည့် ပြန်သွားမိမည်ကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် သူသည် တိုက်ရိုက် ခုန်ချရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထူးခြားသော စွမ်းရည်ကြောင့်ပင် နစ်သည် အရှိန် ယူနေရန် မလိုအပ်ဘဲ ရှေ့သို့ ငါးမီတာကျော်အထိ အလွယ်တကူ ခုန်ပျံသွားနိုင်ခဲ့သည်။

ဗွမ်း...

ဖြစ်ပေါ်လာသော ရေပွက်သံမှာ သာမန် ရေပွက်သံများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ လေးကန်ပြီး တိုးညင်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရည်မှာ အလွန် ပျစ်ခဲနေသောကြောင့် ပင်ဖြစ်သည်။

နစ်၏ ခန္ဓာကိုယ် တစ်ခုလုံး ရေထဲသို့ နစ်ဝင် သွားခဲ့သည်။ နောက်ကျိနေသော အရည်များနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် နစ်၏ အာရုံခံစားမှု အားလုံးမှာ တစ်ချိန်တည်းမှာပင် နိုးကြားလာခဲ့လေသည်။

အဝတ်စ အပိုင်းအစ ငယ်လေးများစွာ သူ၏ အရေပြားကို လာရောက်ထိတွေ့နေကြောင်း နစ် ခံစားလိုက်ရသည်။

သူသည် သေးငယ်သော်လည်း မာကျောသော အရာဝတ္ထု နှစ်ခုနှင့်လည်း ဝင်တိုက်မိသွားခဲ့သည်။ ထိုအရာများမှာ သူ၏ ခန္ဓာကိုယ်ကြောင့် အလျင်အမြန်ပင် ဘေးသို့ လွင့်စင်သွားကြသည်။

နောက်တစ်ခဏတွင်တော့ ထိုအရည်မှာ မယုံနိုင်လောက်အောင် စေးကပ်နေကြောင်း နစ် ခံစားလိုက်ရသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုအရည်များသည် သူ့ကို ထိုနေရာ၌ ဖမ်းချုပ်ထားရန် ကြိုးစားနေသည့်အလား ခံစားနေရပေသည်။

အရည်အချို့မှာ နစ်၏ နားများနှင့် နှာခေါင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် သူသည် အော့အန်ချင်စိတ်ကို အတတ်နိုင်ဆုံး တွန်းလှန် ထိန်းချုပ်ထားရလေသည်။

‘ရွံစရာကောင်းလိုက်တာ...’

နစ်၏ တစ်ကိုယ်လုံးက ၎င်းသည် အလွန် ရွံရှာဖွယ်ကောင်းကြောင်း သူ့ကို အော်ဟစ် သတိပေးနေကြသည်။

အလွန်ကို ဆိုးရွားလှပေသည်။

သို့ရာတွင် နစ်သည် ချက်ချင်း ထိတ်လန့်သွားမည့်အစား အရည်များထဲ၌ ငြိမ်သက်စွာ နေလိုက်သည်။ သူသည် အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်လာအောင် နေရမည်ကို သိရှိထားသည်။

မိမိခန္ဓာကိုယ်၏ မျက်နှာပြင်ဧရိယာကို အတတ်နိုင်ဆုံး သေးငယ်သွားစေရန် နစ်သည် သူ၏ ဒူးနှစ်ဖက်ကို ရင်ဘတ်အထိ ကွေးဆွဲထားခဲ့ပြီး ဖြစ်သည်။ သို့တိုင်အောင် သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေဆဲ ဖြစ်လေသည်။ သူသည် အလွန်အမင်းကို အော့အန်ချင်နေခဲ့သည်။ သူ၏ ခေါင်းကို ရေပြင်အထက်သို့ ဖော်ကာ အော်ဟစ်ပစ်လိုက်ချင်သည်။

သို့သော် နစ်သည် ငြိမ်သက်စွာသာ ဆက်လက် နေထိုင်ခဲ့သည်။

စက္ကန့်အနည်းငယ်ကြာသည်အထိ နစ်သည် လှုပ်ရှားခြင်း မရှိခဲ့ပေ။

ထိုစက္ကန့်များအတွင်း အဝတ်စ အပိုင်းအစ ငယ်လေးများစွာ သူ၏ ခန္ဓာကိုယ်၌ လာရောက် ငြိတွယ်နေသည်ကို သူ ခံစားလိုက်ရသည်။

နောက်ဆုံး၌ နစ်သည် သူ၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။ သူ၏ ရင်ဘတ်နှင့် ပေါင်တံများ အရည်များနှင့် ထိတွေ့မိသွားသည်ကို ခံစားလိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ တုန်ခိုက်သွားပြန်သည်။ ထို့နောက် နစ်သည် အထက်သို့ ဖြည်းညင်းစွာ ကူးခတ်သွားလေသည်။

ဗွမ်း...

နစ်၏ ခေါင်းသည် ရေပြင်အထက်သို့ ထွက်ပေါ်လာခဲ့သည်။ သို့သော် သူသည် မျက်လုံးများကို ချက်ချင်း ဖွင့်မကြည့်ခဲ့ပေ။ ရေငုပ်မျက်မှန်ကို တပ်ဆင်ထားကြောင်း သူ သိရှိထားသော်လည်း မျက်လုံးများကိုမူ မှိတ်ထားဆဲပင် ဖြစ်သည်။

နောက်ထပ် စက္ကန့်အနည်းငယ်ကြာသောအခါ နစ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အထက်သို့ ကြည့်လိုက်သည်။

အညိုရောင်နှင့် အစိမ်းရောင် အရည်များသည် ၎င်းတို့အပေါ်သို့ ကျရောက်နေသော နေရောင်ခြည်ကြောင့် တောက်ပနေခဲ့ကြသည်။

နစ်သည် ပတ်တီးစ ငယ်လေးများကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် သူ၏ ရေငုပ်မျက်မှန်ပေါ်၌ အရိုး အပိုင်းအစ ငယ်လေး နှစ်ခုခန့်ကိုပင် သူ မြင်တွေ့လိုက်ရသေးသည်။

ဆီး၊ ပတ်တီးစများ၊ အရိုးများ၊ သွားများ၊ သွေးများ၊ ပုပ်သိုးနေသော အသားများ၊ ပိုးမွှားများ၊ အဆိပ်များ၊ သစ်သားစများ၊ သံချေးတက်နေသော သံတိုသံစများ၊ အန်ဖတ်များ...

ထိုအရာများ အားလုံးသည် ရေများနှင့် ရောနှောကာ လက်ရှိတွင် နစ် ရောက်ရှိနေသော အရည်အိုင်ကြီးတစ်ခု ဖြစ်ပေါ်နေစေခြင်း ဖြစ်သည်။

အခိုက်အတန့် တစ်ခု အကြာတွင် နစ်သည် သူ၏ ရေငုပ်မျက်မှန်၊ ပါးစပ်နှင့် နှာခေါင်းတို့ကို ဖြည်းညင်းစွာ သုတ်သင် ရှင်းလင်းလိုက်လေသည်။

သို့မဟုတ် အနည်းဆုံးတော့ သူတတ်နိုင်သမျှ သန့်ရှင်းသွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး၌ နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

အံ့သြစရာကောင်းလောက်အောင်ပင် အနံ့အသက်မှာ အရင်ကလောက် မဆိုးရွားတော့သကဲ့သို့ သူ ခံစားလိုက်ရသည်။

သို့သော် ထိုအချက်သည်သာ တစ်ခုတည်းသော ကောင်းမွန်သည့် အချက်ဖြစ်လေသည်။

"နစ်... အဆင်ပြေရဲ့လား..."

ဝင်တာက နစ်ရှိရာသို့ ကျောခိုင်းထားဆဲမှပင် လှမ်းအော်လိုက်သည်။

နစ် နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြန်သည်။

"ငါ အဆင်ပြေပါတယ်..." သူက ပြန်ဖြေလိုက်သည်။

"ကောင်းပြီ..." ဝင်တာက ပြန်အော်လိုက်သည်။

"ငါ အခု သွားရှာတော့မယ်..." နစ်က အော်ပြောလိုက်သည်။

"ကံကောင်းပါစေ..." ဝင်တာက ပြန်အော်လိုက်သည်။

နောက်တစ်ခဏတွင် နစ်သည် နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် သူသည် ရေဆိုးမြောင်းများ၏ အဆုံးမဲ့သော နက်ရှိုင်းရာဆီသို့ ဦးတည်ကာ ရှေ့သို့ ကူးခတ်သွားလေတော့သည်။

***

All Chapters