အခန်း ၂၁
Vol. 2 Ch. 21
အပိုင်း(၂၁)
နစ်သည် တိတ်ဆိတ်စွာဖြင့် ရှေ့သို့ ကူးခတ်သွားလေသည်။ တစ်ခါတစ်ရံ သူ၏အထက်ရှိ လမ်းမပေါ်၌ တစ်စုံတစ်ယောက် လမ်းလျှောက်နေသော အသံကို သူ ကြားနိုင်ပေသည်။ သို့သော် ထိုမျှသာ ဖြစ်လေသည်။
အခြားသော အသံများ အားလုံးမှာ နစ်၏ ခန္ဓာကိုယ်နှင့် မျက်နှာတစ်ဝိုက်၌ လှုပ်ခတ်နေသော အရည်များ၏ အသံများသာ ဖြစ်ပေသည်။
ဂျွတ်...
နစ်၏ ခြေသလုံးမှာ မာကျောသော အရာတစ်ခုနှင့် ရုတ်တရက် ဝင်တိုက်မိသွားသည်။ သို့သော် သူ၏ စွမ်းရည်ကြောင့် သူ၏ ခြေသလုံးမှာ အမှန်တကယ် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။
နောက်တစ်ခဏတွင် နစ်သည် ရပ်တန့်လိုက်ပြီး သူ၏ အောက်ဘက်၌ မည်သည့်အရာ ရှိနေသနည်းဆိုသည်ကို သိရှိရန် ခြေထောက်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အရည်များမှာ အလွန် နောက်ကျိနေသောကြောင့် သူသည် ဆယ်စင်တီမီတာထက် ပိုဝေးသော နေရာကိုပင် မမြင်နိုင်ခဲ့ချေ။
နစ်၏ ခြေထောက်များသည် သူ့အောက်ရှိ ကြီးမားပြီး ခိုင်ခံ့သော အရာတစ်ခုကို စမ်းမိသွားခဲ့သည်။
အမှန်တကယ်ပင် နစ်သည် ထိုအရာပေါ်၌ ရပ်နေနိုင်ပြီး သူ၏ ခန္ဓာကိုယ် အထက်ပိုင်းကို နောက်ကျိနေသော အရည်များ၏ အထက်သို့ ပေါ်ထွက်လာစေနိုင်ခဲ့သည်။
'အဲဒါ ဘာများပါလိမ့်...'
နစ်သည် ခိုင်မာသော ခြေနင်း လျှောက်လမ်းပေါ်၌ ဆက်လက် လျှောက်လှမ်းသွားရင်း စိတ်ထဲမှ တွေးလိုက်သည်။
ဗွမ်း...
သို့သော် စက္ကန့်အနည်းငယ် အကြာတွင် နစ်သည် ခြေချော်သွားပြီး ရှေ့သို့ မှောက်ရက်လဲကျသွားခဲ့သည်။
သို့သော်လည်း မကြာခင်မှာပင် နစ်သည် အထက်သို့ ပြန်တက်လာခဲ့ပြီး ခိုင်မာသော လျှောက်လမ်းပေါ်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည်။
'ငါ့ပါးစပ်ထဲ ဝင်သွားပြီ...'
နစ်သည် ချက်ချင်းပင် မထိန်းချုပ်နိုင်လောက်အောင် ပျို့အန်လာခဲ့သည်။ ထိုသို့ဖြစ်ခြင်းမှာ နှစ်မိနစ်ကျော် ကြာပြီးနောက်မှသာ ရပ်တန့်သွားခဲ့လေသည်။
'ကိုယ့်ကိုယ်ကိုယ် သတိပေးရမယ်... ရှေ့ကို လမ်းလျှောက်နေရင်း အသက်မရှူမိစေနဲ့...'
နစ် တွေးလိုက်သည်။
‘ဒီလျှောက်လမ်းက ဆယ်မီတာလောက်ပဲ ရှိတဲ့ပုံပဲ... အဲဒါက အိမ်တစ်လုံးစာ အရွယ်အစားလောက် ရှိမယ်လို့ ထင်တယ်...'
တစ်ခဏ ကြာပြီးနောက် နစ်သည် သူ လမ်းလျှောက်နေသော အဆောက်အအုံဟု ယူဆရသည့် အရာ၏ အစွန်းတစ်လျှောက် လမ်းလျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် တစ်မိနစ်အတွင်းမှာပင် သူ ရပ်နေသော အရာ၏ ပုံသဏ္ဌာန်ကို နစ် ပုံဖော်နိုင်သွားခဲ့သည်။
'သေချာပါတယ်... ဒါက အိမ်တစ်လုံးပဲ...'
နစ် တွေးလိုက်သည်။ သို့သော် ထို့နောက်တွင် သူ မျက်မှောင်ကြုတ်သွားခဲ့ပြန်သည်။
'ဒါပေမဲ့ ပုံစံက ထူးဆန်းတယ်... ပြီးတော့ သတ္တုနဲ့ မဟုတ်ဘဲ ကျောက်တုံး ဒါမှမဟုတ် အုတ်နဲ့ တည်ဆောက်ထားတာပဲ...'
‘မိုးရေ မယိုအောင် အိမ်အားလုံးနီးပါးက အမိုးစောင်း ပုံစံတွေ ဆောက်ကြတယ်... ဒါပေမဲ့ ဒီအိမ်ရဲ့ အမိုးကတော့ လုံးဝကို ပြားချပ်နေတာပဲ...'
‘ငါ့အထက်က အိမ်တွေ အားလုံး ဆိုရင် သတ္တုနဲ့ပဲ တည်ဆောက်ထားတာ...'
'ကျောက်တုံးလို ဇိမ်ခံပစ္စည်းမျိုးနဲ့ ဆောက်ထားတဲ့ အိမ်တစ်လုံးက ဆင်ခြေဖုံးရပ်ကွက်ကြီး မှာ နေထိုင်သူတွေအတွက် အရမ်းကို စျေးကြီးလွန်းလိမ့်မယ်... တကယ့် ပြင်ပမြို့တော်ထဲက အိမ်တွေတောင် သံချေးမတက်ဘူး ဆိုပေမဲ့ အများစုက သတ္တုနဲ့ ဆောက်ထားကြတာ...'
ထိုအချိန်မှာပင် ပါရာဆိုက် ပြောခဲ့သော စကားကို နစ် သတိရသွားခဲ့သည်။ တစ်ခါတုန်းက ပါရာဆိုက် သည် ရေဆိုးမြောင်းများကို ရှေးဟောင်းအပျက်အစီးများ ဟု ခေါ်ဆိုခဲ့ဖူးသည်။
'ရှေးဟောင်း အပျက်အစီးတွေ...'
နစ် တွေးလိုက်သည်။
'ဒီလိုဆိုတော့ ဒီ ကျောက်တုံးအိမ်က အပျက်အစီးတွေရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ရမယ်... ဒါပေမဲ့ ဒီအောက်မှာ အဆောက်အအုံတွေက ဘာလို့ ရှိနေရတာလဲ...'
'ဒီအောက်မှာ ဘယ်သူမှ မနေဘူးဆိုတာ သိသာတယ်... ဒါတောင် တန်ဖိုးရှိပြီး အသုံးပြုလို့ရတဲ့ အိမ်တွေ ရှိနေသေးတယ်...'
‘အစကတည်းကသာ ငါတို့တွေ ဒီအိမ်တွေမှာ နေထိုင်ခဲ့ကြမယ်ဆိုရင် ရေဆိုးမြောင်းတွေက အရာအားလုံးကို မျိုချပစ်နိုင်ခဲ့မှာ မဟုတ်ဘူး... တစ်ယောက်ယောက်က ဒီမြို့ရဲ့အပေါ်မှာ သတ္တုမြို့တော် တစ်ခုကို ဘာလို့ တည်ဆောက်ခဲ့ရတာလဲ...’
'မသိတော့ဘူး...'
စက္ကန့်အနည်းငယ် ကြာပြီးနောက် နစ် တွေးလိုက်သည်။
'ဒါပေမဲ့ အချက်တစ်ချက်ကတော့ ရှင်းလင်းနေတယ်...'
'လူသားတွေ ဒီနေရာမှာ အရင်က နေထိုင်ခဲ့ဖူးတယ်...'
နစ်သည် ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်သည်။
'ဒီအိမ်က ဘယ်လောက် ကြီးသလဲဆိုတာ ငါ သိချင်တယ်...'
နောက်တစ်ခဏတွင် နစ်သည် အိမ်၏ အစွန်းသို့ သွားလိုက်သည်။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် အောက်သို့ ငုပ်ဆင်းသွားလေတော့သည်။
နစ်၏ လက်များသည် အိမ်၏ ကြမ်းတမ်းသော ကျောက်တုံးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို အောက်ဘက်သို့ ဆွဲချလိုက်လေသည်။
မည်သူကမျှ သူ့အား ကြည့်ရှုမနေသောကြောင့် နစ်သည် အောက်ဘက်သို့ အလွယ်တကူ ဆွဲချနိုင်ခဲ့သည်။
ဆယ်မီတာခန့် အောက်သို့ ဆင်းသက်ပြီးနောက် နစ်သည် အောက်ခြေသို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ၎င်းကို စမ်းမိလိုက်သောအခါ အံ့အားသင့်မှုကြောင့် သူ မျက်မှောင်ကြုတ်သွားခဲ့လေသည်။
'သတ္တုလား...'
'ဒီနေရာမှာလည်း ကြမ်းပြင်ကို သတ္တုနဲ့ ပြုလုပ်ထားတာလား...'
ဆင်ခြေဖုံးရပ်ကွက်ကြီး ဆိုသည်မှာ သံချေးတက်နေသော သံပန်းကွက်များနှင့် သံပြားများအပေါ်၌ တည်ရှိနေသည့် သံချေးတက်နေသော သတ္တုများဖြင့် တည်ဆောက်ထားသော အဆောက်အအုံများ ပင်ဖြစ်သည်။
၎င်း၏ အောက်ဘက်၌မူ ပိုမိုများပြားသော သတ္တုများအပေါ်၌ တည်ရှိနေသည့် ကျောက်တုံးအိမ် တစ်လုံးကို နစ် စိတ်ကူးကြည့်လိုက်လေသည်။
'ဒါဆို အဲဒီအောက်မှာ ပိုများတာတွေ ရှိနေဦးမလား...'
နစ်သည် နောက်သို့ဆုတ်လိုက်သည်။ ထို့နောက် သူ၏ ခွန်အား အပြည့်ဖြင့် ကြမ်းပြင်ကို ကန်ချလိုက်လေသည်။
ဘုန်း...
မြေပြင်မှာ တုန်ခါသွားခဲ့သည်။ သို့သော် နစ်သည် သူ၏ ခြေထောက်၌ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုနာကျင်မှုသည် မည်သည့်အရာမှ လာသည်ကို သူ ကောင်းစွာ သိရှိထားပေသည်။
သူသည် အလွန် မာကျောလွန်းသော အရာတစ်ခုကို သွားရောက် ကန်မိခဲ့ခြင်း ဖြစ်သည်။
'ဒါက ဝင်တာ ရဲ့ အထိန်းအကွပ် အခန်း ကို တည်ဆောက်ထားတဲ့ သတ္တုလောက်ကို မာကျောနေတယ်... သူက အဲဒါကို စတီးလ် လို့ ခေါ်ခဲ့တယ် ထင်တယ်...'
'စတီးလ် ကြမ်းပြင်ပေါ်မှာ တည်ရှိနေတဲ့ ကျောက်တုံးအိမ် တစ်လုံးတဲ့... ဒါက ဆင်ခြေဖုံးရပ်ကွက်ကြီး ရဲ့ သံချေးတက်နေတဲ့ သတ္တုတွေထက် အများကြီး ပိုကောင်းနေတယ်...'
နစ်သည် ဤအကြောင်းကို အတန်ကြာ တွေးတောနေခဲ့သည်။
'သတင်းအချက်အလက် လုံလုံလောက်လောက် မရှိသေးဘူး...'
နစ်သည် အောက်ခြေသို့ ပြန်မဆင်းမီ "လတ်ဆတ်သော" လေကို ရှူရှိုက်နိုင်ရန် ရေပြင်အထက်သို့ ပြန်တက်လာခဲ့သည်။
နောက်ထပ် မိနစ်အနည်းငယ် အတွင်း၌ နစ်သည် ထိုအဆောက်အအုံ၏ ပုံသဏ္ဌာန်ကို ပုံဖော်နိုင်ခဲ့သည်။ သူသည် တံခါးပေါက်တစ်ခုနှင့် ပြတင်းပေါက် အချို့ကိုပင် ရှာတွေ့ခဲ့လေသည်။
'သေချာပါတယ်... ဒါက လူနေအိမ် တစ်လုံးပဲ...'
နစ် တွေးလိုက်သည်။ ယခုအခါတွင် နစ်သည် ရွံရှာဖွယ်ကောင်းသော အရည်များနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ သူ၏ ပါးစပ်ထဲသို့ မဝင်သရွေ့တော့ ရွံရှာမှုများကို သူ ထိန်းချုပ်ထားနိုင်ပေသည်။
သူ့ အောက်ရှိ အိမ်ကို ငုံ့ကြည့်လိုက်သောအခါ ထပ်မံ၍ စုံစမ်းစစ်ဆေးလိုသော ဆန္ဒများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
'ဒီအထဲမှာ ရတနာ တစ်ခုခုများ ရှိနေမလား... ဖော်ထုတ်စရာ လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေမလား...'
သို့သော် ထိုအချိန်၌ နစ်၏ ခြေအောက်မှ အက်ကွဲသံ အနည်းငယ်ကို ကြားလိုက်ရသည်။အိမ်ကြီးမှာ ပြိုကျပျက်စီးသွားခြင်း မရှိသော်လည်း သေချာပေါက် ခိုင်ခံ့မှု ရှိမနေတော့ချေ။ ထိုအခါမှသာ နစ်သည် အလွန် အရေးကြီးသော အရာတစ်ခုကို သဘောပေါက်သွားခဲ့လေသည်။
‘ငါ့နှယ် ရူးလိုက်တာ... တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခုခု ကျန်နေနိုင်စရာ အကြောင်းမရှိဘူး... မြို့တည်ဆောက်ဖို့ ဒီကို ပြောင်းရွှေ့လာခဲ့ကြတဲ့ လူတွေက အားလုံးကို ရှင်းလင်းယူဆောင်သွားပြီးလောက်ပြီ... ငါ သက်သက် အပိုတွေ လုပ်နေတာပဲ'
နောက်တစ်ခဏတွင် နစ်သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ထို့နောက် ဤကဲ့သို့ ခံစားချက်မျိုး အမှန်တကယ် မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း ဆိုသည်ကို သူ သတိရသွားခဲ့သည်။
ရေပြင်အောက် အတော်နက်နက်၌ ရှိနေစဉ်ကတည်းက အိမ်ကြီးကို စုံစမ်းစစ်ဆေးလိုသော ဆန္ဒများ နစ် ထံ၌ ဖြစ်ပေါ်နေခဲ့ပြီး ဖြစ်သည်။အမှန်တကယ်တွင် နစ် တံခါးပေါက်ကို ရှာတွေ့ခဲ့ချိန်၌ ထိုဆန္ဒက အပြင်းထန်ဆုံး ဖြစ်နေခဲ့သည်။
'စတင်နေပြီပဲ...'
အရည်များမှာ မယုံနိုင်လောက်အောင် နောက်ကျိနေသောကြောင့် နှစ်မီတာခန့် အနက်သို့ပင် အလင်းရောင် မရောက်ရှိနိုင်ပေ။
ဆိုလိုသည်မှာ နစ်သည် အောက်ဘက်၌ သီးသန့် အမှောင်ထုထဲတွင် ရောက်ရှိနေခဲ့ခြင်း ပင်ဖြစ်သည်။
'အိပ်မက်ဆိုး...'
***