← Chapters

အခန်း ၂၂

Vol. 2 Ch. 22

အခန်း ၂၂

Vol. 2 Ch. 22

အပိုင်း(၂၂)

အိပ်မက်ဆိုး၏ လွှမ်းမိုးမှုသည် သိမ်မွေ့ကောင်း သိမ်မွေ့နိုင်သလို သိသာထင်ရှားချင်လည်း ထင်ရှားနိုင်သည်။ မည်သည့်အရာက ပို၍ အသုံးဝင်မည်နည်း ဆိုသည့်အပေါ်သာ မူတည်လေသည်။

သဘာဝကျစွာပင် အိပ်မက်ဆိုးသည် အောက်ဘက်၌ နစ်ကို အလွန် သိမ်မွေ့သော နည်းလမ်းဖြင့် လွှမ်းမိုးခဲ့သည်။ ချမ်းသာကြွယ်ဝမှုများနှင့် လျှို့ဝှက်ချက်များအကြောင်းကို သူ၏ ခေါင်းထဲသို့ ဖြည်းညင်းစွာ ရိုက်သွင်းပေးနေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ နစ်သာ ထိုတိုက်တွန်းမှုများနောက်သို့ လိုက်ပါသွားခဲ့မည်ဆိုပါက သူသည် ကြီးမားသော အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရမည် ဖြစ်သည်။

အိမ်ကြီးသည် ခိုင်ခံ့မှု ရှိမနေပေ။ ထို့ထက်ပို၍ ဆိုးရွားသည်မှာ အိပ်မက်ဆိုး သည် တစ်စုံတစ်ယောက်၏ အာရုံခံစားမှုများကို ပုံပျက်သွားစေနိုင်ပြီး ထင်ယောင်ထင်မှားမှုများကိုလည်း ဖန်တီးပေးနိုင်ပေသည်။

၎င်းသည် နစ်ကို သူသွားလိုသော လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အခြားလမ်းကြောင်း တစ်ခုဆီသို့ ရွေ့လျားသွားစေနိုင်ပေသည်။ အောက်ဘက်၌ မည်သည့်အရာကိုမျှ မမြင်ရ၊ မကြားရဘဲနှင့် နစ်သည် ထွက်ပေါက်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် သူ ထိတ်လန့်လာပြီး နံရံကို ဖောက်ထွက်ရန် ကြိုးစားလာနိုင်ပေသည်။ သို့သော် ထိုသို့လုပ်ပါက အိမ်ကြီးသည် သူ့အပေါ်သို့ ပြိုကျလာနိုင်လေသည်။

'အိပ်မက်ဆိုး က ငါ့ကို လွှမ်းမိုးနေခဲ့ပြီပဲ...'

နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

'ငါ သတိထားမှ ဖြစ်မယ်...'

နောက်တစ်ခဏတွင် နစ်သည် သူ၏အောက်ရှိ အပျက်အစီးများကို ဆက်လက် စုံစမ်းစစ်ဆေးခြင်းအား ရပ်တန့်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

အမြဲတမ်း ရရှိနိုင်မည့် အလင်းရောင် အရင်းအမြစ် မရှိဘဲ အပျက်အစီးများကို စုံစမ်းစစ်ဆေးရခြင်းမှာ အလွန် အန္တရာယ်ကြီးမားလွန်းလှပေသည်။

'အဲဒါတွေကို တခြား အချိန်ကျမှ ငါ ပြန်ကြည့်လို့ ရပါတယ်လေ...'

'လောလောဆယ်တော့ ငါ ဒရီမာ ကိုပဲ လိုက်ရှာသင့်တယ်…’

နစ်သည် ဒရီမာကို ရှာဖွေရန်သာ အာရုံစိုက်ထားခဲ့သည်။

'စုံစမ်းစစ်ဆေးရေးမှူးက ဒရီမာ ရဲ့ ပုံပန်းသဏ္ဌာန် အတိအကျကို မသိဘူး... ဒါပေမဲ့ အဲဒီအကောင် ပျံသန်းနိုင်တယ်ဆိုတာကိုတော့ သူသိထားတယ်လို့ ပြောခဲ့တယ်...'

'ပထမအဆင့်မှာရှိတဲ့ ဒြပ်ရှိ စပက်တာ တွေနဲ့ ပူးကပ်တဲ့ စပက်တာ တွေက အတောင်ပံ မပါဘဲ ပျံသန်းနိုင်လောက်တဲ့အထိ စွမ်းအား မကြီးကြဘူး... ဆိုလိုတာက ဒီ စပက်တာ က အတောင်ပံပါတဲ့ သတ္တဝါတစ်မျိုးမျိုး ဖြစ်ဖို့ များတယ်...'

နစ်သည် ရှေ့သို့ ကူးခတ်သွားစဉ် အထက်သို့သာ ဆက်လက် မော့ကြည့်နေခဲ့သည်။ ဒရီမာ သည် နောက်ကျိနေသော အရည်များထဲ၌ နေထိုင်နေမည် မဟုတ်သည်မှာ သေချာသလောက် ရှိပေသည်။

'ဒီအဆောက်အအုံတွေထဲက တစ်ခုခုထဲမှာ သူ နေထိုင်နေတာ ဖြစ်လိမ့်မယ်...'

ပြင်ပမြို့တော်၏ ကြမ်းပြင်ကို ဖွဲ့စည်းထားသော သံပြားများနှင့် သံပန်းကွက်များ အားလုံးအတွက် ထောက်တိုင်များ ရှိနေပေသည်။ ထိုထောက်တိုင်များသည် ရှည်လျားကျယ်ပြန့်သော သံချေးတက် သတ္တုတိုင်ကြီးများ၏ ပုံသဏ္ဌာန်ဖြင့် ရှိနေသည်။ သို့သော် ၎င်းတို့သည် တစ်ခုတည်းသော ထောက်တိုင် အမျိုးအစားများ မဟုတ်ကြပေ။

နစ်သည် အရည်များထဲမှ ထိုးထွက်နေသော အခြားသော အပျက်အစီး အချို့ကိုလည်း ရှာတွေ့ထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် အထက်ရှိ အဆောက်အအုံများ၏ အခြေခံ ဖြစ်သော ‘သံပြားများ’နှင့် ထိကပ်နေသော သို့မဟုတ် ပေါင်းစပ်နေသော အဆောက်အအုံကြီးများ ဖြစ်ပေသည်။ သတ္တုနှင့် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် အခြားသော ကြီးမားသည့် အဆောက်အအုံများစွာလည်း ရှိနေသေးသည်။ ၎င်းတို့သည် ရေထဲမှ အပေါ်သို့ ထိုးထွက် နေပေသည်။

သာမန် သတ္တု ထောက်တိုင်အများစုမှာ အထက် ကမ္ဘာ၌ လမ်းမများ ဖြစ်သည့် သံပန်းကွက် အစိတ်အပိုင်း တစ်ခု၌ အဆုံးသတ်သွားလေ့ ရှိသည်။ မြို့တော်၏ အဓိက အဆောက်အအုံများ တည်ရှိသည့် သံပြားများကို အဓိက ကျားကန်ပေးထားသည်မှာ စောစောက ဖော်ပြခဲ့သည့် အပျက်အစီးများသာ ဖြစ်ပေသည်။ ဤကြီးမားသော အဆောက်အအုံကြီးများ၏ ပတ်လည် ဆယ်မီတာကျော် အကွာအဝေးအတွင်း၌ မည်သည့် သံပန်းကွက်မျှ ရှိမနေခဲ့ပေ။ ထို့ကြောင့် ၎င်းတို့မှာ အမြဲတမ်း အရိပ်ကျနေသည်ဟု ဆိုရပေမည်။

နစ်သည် ရေဆိုးမြောင်းများကို ဖြတ်သန်း ကူးခတ်နေသည် ဆိုရာတွင် အခြေခံအားဖြင့် သူ၏အထက်ရှိ ဆင်ခြေဖုံးရပ်ကွက်ကြီး၏ လမ်းများအတိုင်း လိုက်လံ သွားလာနေခြင်း ပင်ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအချက်ကြောင့် နစ်အနေဖြင့် အမှောင်ထုထဲသို့ ဝင်ရောက်ခြင်း မရှိပေ။ ထို့ကြောင့်ပင်... ရေဆိုးမြောင်းများ၏ အစိတ်အပိုင်း တိုင်းကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်ပါချေ။

အဆောက်အအုံ အများအပြားမှာ အတူတကွ စုပြုံနေတတ်ကြသည်။ ထို့အပြင် လူများသည် ရေဆိုးမြောင်းများမှ တက်လာသော အနံ့အသက်များကို အတတ်နိုင်ဆုံး ရှောင်ရှားလိုကြသောကြောင့် သူတို့၏ ကြမ်းပြင်များကို သံပြားများဖြင့် အစားထိုးခဲ့ကြလေသည်။

ထိုအရာကပင် မီတာ တစ်ရာကျော် ကျယ်ဝန်းသော အလင်းရောင် ကင်းမဲ့သည့် အမှောင်ထု ဧရိယာများကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

သဘာဝကျစွာပင် ထိုနေရာများ၌ အပျက်အစီးများနှင့် ထောက်တိုင်များ ရှိနေကြသည်။ နစ်အနေဖြင့် အဝေးမှနေ၍ များများစားစား မြင်နိုင်စွမ်း မရှိခဲ့ပေ။

အလင်းရောင်ထဲ၌ ရှိနေပြီး အမှောင်ထုထဲသို့ ကြည့်ရှုလိုပါက နစ်အနေဖြင့် သူ့ မျက်လုံးများကို အမှောင်ထုနှင့် ဦးစွာ အသားကျရန် လိုအပ်ပေသည်။ ဆိုလိုသည်က သူသည် အမှောင်ထုထဲ၌ မြင်နိုင်ရန်အတွက် အမှောင်ထုထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။

သို့သော် လောလောဆယ်တွင်မူ နစ်သည် အမှောင်ထုကို ရှောင်ရှားခဲ့သည်။ လိုအပ်မှသာ သူ ဝင်ရောက်မည် ဖြစ်သည်။

နစ်သည် သူ၏ အထက်ဘက်၌ လှုပ်ရှားမှု တစ်ခုခု ရှိမရှိ ဆက်လက် ရှာဖွေနေရင်း "လမ်းမများ" ပေါ်၌သာ ဆက်လက် ရှိနေခဲ့သည်။

ရေဆိုးမြောင်းများ၌ ကောင်းမွန်သော အချက်တစ်ချက်မှာ ၎င်းတို့သည် မယုံနိုင်လောက်အောင် အဆိပ်ပြင်းပြီး ရွံရှာဖွယ် ကောင်းလွန်းသောကြောင့် ပိုးမွှားများပင် ဤနေရာသို့ မလာရောက်ကြခြင်း ဖြစ်သည်။ နစ် မြင်တွေ့ရသည့် တစ်ခုတည်းသော လှုပ်ရှားမှုမှာ ရေဆိုးမြောင်းများ၏ မျက်နှာကြက်ပေါ်၌ ပြေးလွှားနေကြသော ကြွက်များထံမှသာ ဖြစ်သည်။

အံ့သြစရာ ကောင်းသည်မှာ ကြွက်များပင် ထိုအရည်များထဲ၌ ကူးခတ်နေခြင်း မရှိကြပေ။ ၎င်းအစား သူတို့သည် သံပန်းကွက်များပေါ်၌ သူတို့၏ ခြေသည်းများကို အသုံးပြုကာ အလျင်အမြန် ပြေးလွှားသွားလာနေကြသည်။ ထို့အပြင်... ကြွက်များသည် အလင်းရောင် ရသော လမ်းမများ တစ်လျှောက်၌သာ လှုပ်ရှားကြသည်။

စပက်တာများသည် အိပ်မက်ဆိုး ၏ အမဲလိုက်ခြင်းကို မခံရသော်လည်း သူတို့၏ လက်ပါးစေ အများစုမှာမူ အမဲလိုက် ခံကြရလေသည်။

ထို့ကြောင့် ပါရာဆိုက် ကဲ့သို့သော စွမ်းအားကြီး စပက်တာ တစ်ကောင်၏ လက်ပါးစေများသည်ပင် အမှောင်ထု ဖုံးလွှမ်းနေသော နေရာများကို ရှောင်ရှားကြရပေသည်။

ကံကောင်းသည်မှာ မည်သည့် ကြွက်ကမျှ နစ်ကို ကြည့်မနေကြပေ။ ထိုအချက်က သူ၏ စွမ်းရည်ကို ဆက်လက် အသက်ဝင်နေစေသည်။

အစပိုင်းတွင် ကြွက်အချို့သည် စူးစမ်းချင်စိတ်ဖြင့် သူ့ကို ကြည့်ခဲ့ကြသေးသည်။ သို့သော် နစ်က သူတို့ကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင်မူ သူတို့သည် နောက်သို့ လှည့်သွားခဲ့ကြလေသည်။

အကယ်၍ ပါရာဆိုက်သာ နစ်ကို အလွန်အမင်း စိတ်အနှောင့်အယှက် ပေးလာမည်ဆိုပါက နစ်သည် ၎င်း၏ ကြွက်များကို အမဲလိုက်ရန် ဆုံးဖြတ်လိုက်နိုင်ပေသည်။

ထို့ကြောင့် ယဉ်ကျေးသောအားဖြင့် ပါရာဆိုက်သည် နစ် ကို လျစ်လျူရှုထားရန် ကြိုးစားခဲ့လေသည်။ ၎င်းက နစ်ကို ရန်မစသရွေ့ နစ်ကလည်း ၎င်းကို ရန်စမည် မဟုတ်ချေ။ ထိုအရာက သူတို့ကြားရှိ နှုတ်ဆိတ်နေသော သဘောတူညီချက် တစ်ခုပင် ဖြစ်သည်။ နာရီပေါင်းများစွာ တိုင်အောင် နစ်သည် ဒရီမာ ကို ဆက်လက် ရှာဖွေနေခဲ့သည်။

ရေဆိုးမြောင်းများသည် ကီလိုမီတာပေါင်းများစွာ ရှည်လျားလှပေသည်။ သို့သော်လည်း... ဆင်ခြေဖုံးရပ်ကွက်ကြီးသည် မြို့တော်တစ်ခုလုံးကို ပတ်လည်မှ ဝန်းရံထားခြင်း မရှိချေ။ မည်သို့ပင်ဆိုစေကာမူ မည်သည့်မြို့တော်ကမျှ လာရောက်လည်ပတ်သူတိုင်းကို သူတို့၏ အဆိုးရွားဆုံးသော နေရာမှတစ်ဆင့် ဖြတ်သန်း သွားလာစေလိုမည် မဟုတ်ပေ။

ထို့ကြောင့် ရေဆိုးမြောင်းများသည် မြို့တော်၏ မြေအောက်ပိုင်း အများစုကို ဖုံးလွှမ်းထားသော်လည်း ဆင်ခြေဖုံးရပ်ကွက်ကြီး မှာမူ အကျယ် နှစ်ကီလိုမီတာနှင့် အလျား သုံးကီလိုမီတာခန့်သာ ရှိလေသည်။

ဒရီမာသည် ဆင်ခြေဖုံးရပ်ကွက်ကြီး အောက်ရှိ ရေဆိုးမြောင်းများမှလွဲ၍ အခြားပြင်ပသို့ သွားရောက်မည် မဟုတ်ကြောင်း နစ် အတော်လေး သေချာနေခဲ့သည်။

ပထမအချက်အနေဖြင့် မြို့တော်၏ အခြားသော အစိတ်အပိုင်းများ၌ ဇီဖစ်စွမ်းအင် ထုတ်ယူသူ များစွာ ရှိနေကြသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်က အဆင့်တစ် စပက်တာ တစ်ကောင် သူတို့အနီး၌ ပေါ်လာသည်ကို တွေ့ရှိသွားပါက ၎င်းကို အမဲလိုက်ကြမည်သာ ဖြစ်သည်။ စပက်တာတိုင်းသည် မယုံနိုင်လောက်အောင် များပြားလှသော ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုနေပေသည်။

ထို့အပြင်… မြို့တော်၏ ပိုမိုကောင်းမွန်သော အစိတ်အပိုင်းများရှိ ရေဆိုးမြောင်းများမှာ လုံးဝ သီးသန့်ခွဲခြားထားခြင်း ခံရသည်။ ထိုအချက်က ဒရီမာ ကို မြေပြင်ပေါ်သို့ တက်ရောက်လာနိုင်ရန် မဖြစ်နိုင်အောင် ဖန်တီးထားလေသည်။ ဆိုလိုသည်မှာ ဒရီမာ သည် ဆင်ခြေဖုံးရပ်ကွက်ကြီး ကိုသာ အာရုံစိုက်ထားရမည် ဖြစ်သည်။

'အခုချိန်ဆိုရင် ညနေစောင်းလောက် ရှိနေလောက်ပြီ...'

နစ် တွေးလိုက်သည်။ နေမင်းကြီးမှာ ရွေ့လျားခြင်း မရှိသော်လည်း နစ်၏ ကိုယ်တွင်း ဇီဝနာရီကမူ အချိန်များ နောက်ကျနေပြီဖြစ်ကြောင်း သူ့ကို ပြောပြနေခဲ့သည်။

'စုံစမ်းစစ်ဆေးရေးမှူး ပြောစကားအရဆိုရင် ဒရီမာ ဆိုတဲ့ နာမည်က သူ အမဲလိုက်ပြီး အစာစားတဲ့ နည်းလမ်းကြောင့် ရလာတာတဲ့...'

'တစ်ညကို တစ်ကြိမ် သူက အသိုက်ကနေ ထွက်လာပြီး အိပ်ပျော်နေတဲ့ လူတစ်ယောက်ဆီကို သွားလေ့ရှိတယ်...'

'သူတို့ အိပ်ပျော်နေတုန်းမှာ ဒရီမာက ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေကို ဖန်တီးပေးတယ်... ဒါပေမဲ့ သူတို့ကို နိုးလာခွင့် မပေးဘူး...'

'နာရီပေါင်းများစွာကြာအောင် အဲဒီလူက ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးထဲမှာ ပိတ်မိနေတော့တာပဲ...'

'နောက်တစ်နေ့မှာ အဲဒီလူက ပြန်နိုးလာတယ်... ဒါပေမဲ့ သူတို့က အိပ်ရာမဝင်ခင်ကထက် ပိုပြီးတော့တောင် ပင်ပန်းနွမ်းနယ်နေသလို ခံစားရတယ်... သဘာဝကျကျ ပြောရရင် သူတို့ရဲ့ စိတ်ဖိစီးမှုတွေကနေ ပြန်လည်သက်သာလာဖို့ အချိန်အကြာကြီး လိုအပ်တယ်...'

'အခုက ညနေစောင်း နေပြီဆိုတော့ တချို့လူတွေ စပြီး အိပ်ရာဝင်နေလောက်ပြီ...'

'နောက်ထပ် အများဆုံး နာရီအနည်းငယ် အတွင်းမှာ ဒရီမာ က အစာစားဖို့ သူ့အသိုက်ကနေ ထွက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် သူ့ကို ငါ ရှာတွေ့နိုင်မှာပဲ... ငါက သူ့ဆီကို သွားပြီး တိတ်တဆိတ် ချဉ်းကပ်ဖို့လည်း လိုသေးတယ်... အဲဒါက လွယ်မှာတော့ မဟုတ်ဘူး...'

'ဒါပေမဲ့ လောလောဆယ်တော့ ငါ စောင့်နေသင့်တယ်...'

နစ်သည် သံပန်းကွက်အချို့၏ အောက်ဘက်ရှိ အပျက်အစီးများထဲမှ တစ်ခုထံသို့ သွားကာ ၎င်း၏ အစွန်းကို ဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် နစ်သည် သူ၏ နှာခေါင်းနှင့် မျက်လုံးများသာ အပြင်သို့ ထွက်ပေါ်နေစေရန် သူ၏ ခန္ဓာကိုယ်ကို အောက်ဘက်သို့ အနည်းငယ် ဆွဲချထားလိုက်သည်။

ဒရီမာ ၎င်း၏ အစာကို ရှာဖွေနေချိန်၌ သူ့အား မြင်သွားမည်ကို နစ် မလိုလားခဲ့ပေ။

ထိုကဲ့သို့ဖြင့် နစ်သည် ဆက်လက် စောင့်ဆိုင်းနေခဲ့လေသည်။

***

All Chapters