အခန်း ၂၃
Vol. 2 Ch. 23
အပိုင်း(၂၃)
နစ်သည် ကြောက်မက်ဖွယ်ကောင်းသော အရည်များထဲ၌ နာရီပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်များအတွင်း သူ တွေးတောစရာ အချိန်များစွာ ရရှိခဲ့လေသည်။ ဥပမာအားဖြင့် သူ ဤနေရာသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သနည်း ဆိုသည်ကို သူ တွေးတောနေခဲ့သည်။
သဘာဝကျစွာပင် ဤမျှ ရွံရှာဖွယ်ကောင်းသော နေရာမျိုး၌ အချိန်အကြာကြီး နေထိုင်ရပြီးနောက်တွင် နစ်သည် သူ၏ ဘဝရွေးချယ်မှုများကို ပြန်လည် မေးခွန်းထုတ်နေမိခဲ့သည်။ သို့သော် အဆုံးတွင်တော့ ထိုအရာက အမှန်တကယ်ပင် သိပ်မဆိုးရွားလှကြောင်း နစ် တွေးတောမိသည်။ မည်သို့ပင်ဆိုစေ သူသည် လက်ရှိတွင် သူ၏ဘဝကို ပိုမိုကောင်းမွန်လာစေရန် ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။
အနာဂတ်တွင် အခြေအနေများ ပိုမို ဆိုးရွားလာပြီး စုံစမ်းစစ်ဆေးရေးမှူး အလုပ်ကို လက်ခံရန် ဆုံးဖြတ်ခဲ့မည်ဆိုလျှင်ပင် နောင်တရစရာ သိပ်ရှိမည် မဟုတ်ချေ။ အနည်းဆုံးတော့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာရန်အတွက် သူသည် ကျင်ကြီး၊ ကျင်ငယ်ရေများ ပြည့်နှက်နေသော ရေကန်ထဲ၌ပင် ကူးခတ်ခဲ့ဖူးကြောင်း ပြောပြနိုင်ပေလိမ့်မည်။
ယခုအခါတွင် ညဉ့်နက်နေပြီ ဖြစ်သည်။ သို့သော် နေမင်းကြီးကမူ ကောင်းကင်ယံ၌ တောက်ပစွာ ထွန်းလင်းနေဆဲ ဖြစ်လေသည်။
သံပန်းကွက်များပေါ်၌ လမ်းလျှောက်နေသူများ အလွန်နည်းပါးသွားပြီ ဖြစ်သည်။ ထို့အပြင် သံပန်းကွက်များမှတစ်ဆင့် ရေကန်ထဲသို့ ကျဆင်းလာသော ကျင်ကြီးနှင့် ကျင်ငယ်ရေ စီးဆင်းမှုများလည်း လျော့ကျသွားသည်ကို နစ် မြင်တွေ့ခဲ့ရသည်် သို့တိုင်အောင် နစ်သည် ဒရီမာ ကို မမြင်ရသေးပေ။
၎င်း၏ တည်နေရာကို သူ အမြဲတမ်း စောင့်ကြည့်နေခဲ့သော်လည်း မည်သည့်နေရာ၌မျှ ရှာမတွေ့ခဲ့ပေ။
'ည ၁၂ နာရီလောက်တော့ ရှိနေပြီ...'
နစ် မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
'လူအများစု အိပ်ပျော်နေလောက်ပြီ... ပြီးတော့ ဒရီမာ အတွက် ရွေးချယ်စရာ သားကောင်တွေ အများကြီး ရှိနေလောက်ပြီ...'
'ဒီနေရာကနေဆိုရင် ဆင်ခြေဖုံးရပ်ကွက်ကြီး ရဲ့ အောက်ဘက်က အရာအားလုံးကို ငါ မြင်နိုင်တယ်... ဒါပေမဲ့ ဘာကောင်မှ ပျံသန်းနေတာကို ငါ မမြင်ရသေးဘူး...'
နစ်သည် စိုးရိမ်ပူပန်လာခဲ့သည်။ စိတ်ချရစေရန်အတွက် နစ်သည် နောက်ထပ် နှစ်နာရီကြာအောင် ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။
'အခုဆိုရင် မနက် ၂ နာရီလောက် ရှိလောက်ပြီ... ဒါပေမဲ့ ငါ ဘာမှ မမြင်ရသေးဘူး...'
ယခုအခါတွင် နစ်၏ သန်မာပြီး စွမ်းအားပြည့်ဝသော အရေပြားပင်လျှင် တစ်ကိုယ်လုံး ယားယံလာခဲ့လေပြီ။ ထိုအရည်များတွင် အက်စစ်ဓာတ် အနည်းငယ် ပါဝင်နေပြီး နစ်သည် ၎င်းတို့ထဲ၌ ၈ နာရီကျော်ကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။ အဆုံး၌ နစ်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ရေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။
'သူ ပျံသန်းမနေဘူးဆိုတော့ ဒါက အခြေခံအားဖြင့် အဓိပ္ပာယ် တစ်မျိုးပဲ ရှိနိုင်တယ်...'
'သူ့အသိုက်က သားကောင်ရဲ့ အိမ်အောက် တည့်တည့်မှာ ရှိနေတာပဲ...'
'ဆိုလိုတာက သူ အစာစားဖို့အတွက် ပျံသန်းနေစရာ မလိုဘူးဆိုတဲ့ သဘောပဲ...'
နစ်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ ကြီးမားပြီး မှောင်မိုက်နေသော အစက်အပြောက် အချို့ကို အာရုံစိုက်လိုက်သည်။
အထက်မှ တိုက်ရိုက် ကျရောက်လာသော အလင်းတန်းများသည် ဆင်ခြေဖုံးရပ်ကွက်ကြီး ၏ အိမ်များကြောင့် ပိတ်ဆို့ခံရသောအခါ လေးထောင့်ပုံစံ အရိပ်များကို ဖန်တီးပေးလေသည်။
တစ်နည်းအားဖြင့် ၎င်းတို့သည် အိမ်များ၏ အရိပ်များကို ဖန်တီးပေးနေခြင်း ပင်ဖြစ်သည်။ အရိပ်များသည် အိမ်များ၏ အောက်ဘက် နေရာလွတ် တစ်ခုလုံးကို နေရာယူထားသကဲ့သို့ ဖြစ်နေပြီး အမှောင်ထု နယ်မြေတစ်ခုကို ဖန်တီးထားလေသည်။
သို့သော်လည်း အလင်းရောင် အစက်အပြောက်လေးများကို ကိုယ်စားပြုသော သံပန်းကွက်ငယ် အနည်းငယ် ပါဝင်သည့် အိမ်အချို့လည်း ရှိနေသေးသည်။
ထိုသံပန်းကွက်များကို အိမ်များ၌ အိမ်သာများအဖြစ် အများဆုံး ချန်ထားလေ့ရှိကြသည်။
'လောလောဆယ်တော့ အိမ်သာပါတဲ့ အိမ်တွေကိုပဲ ငါ အာရုံစိုက်သင့်တယ်...'
နစ်သည် ထိုနေရာ၏ အနေအထားကို သူ၏ ခေါင်းထဲ၌ မြေပုံတစ်ခုအဖြစ် ဖန်တီးလိုက်သည်။ ထို့နောက် ဆင်ခြေဖုံးရပ်ကွက်ကြီး၏ အစွန်အဖျားမှနေ၍ စတင်ရှာဖွေခဲ့လေသည်။
အတန်ကြာ ကူးခတ်ပြီးနောက် နစ်သည် ပထမဆုံး အမှောင်ကျနေသော နေရာ၏ ရှေ့၌ ရပ်တန့်လိုက်သည်။
နစ်၏ ရှေ့မှောက်၌ အကျယ် မီတာနှစ်ဆယ်နှင့် အလျား မီတာငါးဆယ်ခန့်ရှိသော အရိပ်ကျနေသည့် ဧရိယာတစ်ခု ရှိနေပေသည်။ ထိုအမှောင်ထု ဧရိယာထဲ၌ သံပန်းကွက် နှစ်ခု ရှိနေခဲ့သည်။
ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ အိမ်များသည် ထိုမျှလောက် ကြီးမားခြင်း မရှိကြပေ။ ဤသည်မှာ အိမ်သာနှစ်လုံးပါဝင်သော အိမ်အစုအဝေးငယ်လေး တစ်ခုသာ ဖြစ်လေသည်။
နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ကူးခတ်သွားလေတော့သည်။
နစ်သည် သူ၏ရှေ့ရှိ အလင်းတန်းဆီသို့ တိုက်ရိုက် ကူးခတ်သွားခဲ့သည်။ သို့သော် သူသည် ဒရီမာ ကို ရှာဖွေရန် ပတ်ဝန်းကျင်ကိုလည်း ဆက်လက် အကဲခတ်နေခဲ့သည်။
သူ၏ ပတ်လည်ရှိ ရေအိုင်ထဲမှ ထိုးထွက်နေသော တိုင်အများအပြားနှင့် အပျက်အစီး တစ်ခုကိုပင် သူ မြင်တွေ့ခဲ့ရသည်။ ထိုအရာများ အားလုံးကို သူ လိုက်လံ ကြည့်ရှုနေခဲ့လေသည်။
ဒရီမာ မှာ သိပ်ပြီး ကြီးမားလှမည် မဟုတ်ပေ။ ၎င်းသည် သံချေးတက်နေသော တိုင်များထဲမှ တစ်ခု၏ ဘေးဘက်၌ပင် နေထိုင်နေနိုင်ချေ ရှိပေသည်။ နစ်သည် တိုင်များ အားလုံးကို စစ်ဆေးကြည့်လိုက်သည်။
ရုတ်တရက် နစ်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့သည်။ ထို့နောက် ရှေ့သို့ ဆက်လက် ရွေ့လျားနေခြင်းကို သူ ရပ်တန့်လိုက်လေသည်။
သူ၏ ရှေ့မှောက်၌ တိုင်များသည် ပုံပန်းပျက်ယွင်းသွားပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသကဲ့သို့ ထင်မှတ်ရပေသည်။
အခိုက်အတန့် အနည်းငယ်မျှ ကြာပြီးနောက်တွင် သွားများပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာကြက်တစ်ခု ဖန်တီးပေါ်ပေါက်လာခဲ့သည်။ ၎င်းက နစ်ကို ဒေါသတကြီးဖြင့် ငုံ့ကြည့်နေလေသည်။
နစ်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သည်။
'အဲဒါ အိပ်မက်ဆိုးပဲ... ငါ ထင်ယောင်ထင်မှား ဖြစ်နေတာ သက်သက်ပဲ...'
သို့တိုင်အောင် ၎င်းမှာ ထင်ယောင်ထင်မှား ဖြစ်နေကြောင်း သိရှိထားခြင်းက သိပ်ပြီး အထောက်အကူ မဖြစ်လှပေ။ နစ်၏ ထိတ်လန့်ကြောက်ရွံ့မှုမှာ အလွန် သိသာထင်ရှားစွာ တည်ရှိနေဆဲပင် ဖြစ်သည်။ ပင့်ကူများကို ကြောက်တတ်သော ရောဂါရှိသူ တစ်ယောက်သည် ပင့်ကူအားလုံးနီးပါးက အန္တရာယ် မရှိကြောင်း သိထားကြပေသည်။ သို့တိုင်အောင် သူတို့၏ ကြောက်ရွံ့မှုက ကြီးစိုးလွှမ်းမိုးထားဆဲ ဖြစ်လေသည်။
ယခုအခါတွင် နစ်သည်လည်း အလားတူ အခြေအနေမျိုးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ အထက်၌ ဝဲပျံနေသော ကြီးမားသည့် မျက်နှာကြက်ကြီးမှာ အစစ်အမှန် မဟုတ်ကြောင်း သူ သိထားသည်။ သို့သော် သူ သေတော့မည်ဟု အမှန်တကယ်ပင် ခံစားနေရဆဲ ဖြစ်ပေသည်။
နစ်၏ အရှိန်အဟုန်မှာ မြန်ဆန်လာခဲ့သည်။
အတတ်နိုင်ဆုံး အမြန်ဆုံး ဝေးရာသို့ ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေစဉ် သူ၏ ရွံရှာမှုများ လုံးဝ ပျောက်ကွယ်သွားသည့်အလား ပင်ဖြစ်သည်။
"မင်း သေရတော့မယ်..."
နစ် တစ်ခါမျှ မကြားဖူးလောက်အောင် အမှောင်မိုက်ဆုံးသော အသံကြီးက ထိုစကားစုကို ပြောလိုက်ခြင်း ဖြစ်သည်။ နစ်၏ စိတ်ထဲ၌ ကြက်သီးမွေးညင်း ထသွားသလို ခံစားလိုက်ရလေသည်။
သို့တိုင်အောင် နစ်သည် အိမ်သာမှ ဖြာကျနေသော ဘေးကင်းသည့် အလင်းတန်းဆီသို့သာ ရှေ့ဆက် ကြည့်နေခဲ့သည်။
"မင်း အဲဒီကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး..."
နောက်တစ်ခဏတွင် အလင်းတန်းသည် သူ့ထံမှ ဖြည်းညင်းစွာ ဝေးကွာသွားနေသည်ကို နစ် မြင်တွေ့လိုက်ရသည်။
နစ်၏ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့သည်။ ထိုအချိန်၌ အရည်အချို့ သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်ကိုပင် သူ ဂရုမစိုက်နိုင်တော့ချေ။
သူ အလင်းရောင် လိုအပ်နေသည်။
နစ် ဆက်လက် ကူးခတ်နေခဲ့သည်။
ထပ်ပြီး ကူးခတ်နေခဲ့သည်။
ဆက်တိုက် ကူးခတ်နေခဲ့သည်။
ဘာလို့ သူ အဲဒီကို မရောက်သေးသနည်း။
အစကတည်းက အိမ်သာသည် သူ့ထံမှ ဆယ်မီတာခန့်သာ ကွာဝေးခဲ့ခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သည်။ သို့သော် ထိုမျှသာ ဖြစ်လေသည်။
ယခုအချိန်ဆိုလျှင် သူ ကူးခတ်နေသည်မှာ စက္ကန့်သုံးဆယ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း နစ် အတော်လေး သေချာနေခဲ့သည်။
အလင်းရောင်က ဘယ်မှာနည်း။
"ဟား ဟား ဟား ဟား..."
အမှောင်မိုက်ဆုံးသော အသံကြီးက ရယ်မောလိုက်စဉ် အလင်းရောင်မှာ နစ်နှင့် တဖြည်းဖြည်း ပို၍ ပို၍ ဝေးကွာသွားခဲ့သည်။ နောက်ဆုံး၌မူ...
အလင်းရောင် ပျောက်ကွယ်သွားခဲ့လေပြီ။
မည်သည့် အလင်းရောင်မျှ ရှိမနေတော့ချေ။
အမှောင်ထုသာလျှင် ကျန်ရစ်နေခဲ့သည်။
နစ်၏ ပတ်လည်ရှိ ရေအိုင်ထဲမှ မြင့်မားပြီး သံချေးတက်နေသော တိုင်ချွန်များဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့ သစ်တောကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုမျှသာ ဖြစ်လေသည်။
နစ် မည်သည့် အရပ်မျက်နှာသို့ ကြည့်ရှုစေကာမူ သံချေးတက်နေသော တိုင်ချွန်များ၏ အဆုံးမဲ့ သစ်တောကြီးကိုသာ သူ မြင်တွေ့နေရပေသည်။ ထွက်ပြေးလွတ်မြောက်ရာ လမ်းမရှိချေ။
နောက်တစ်ခဏတွင် တိုင်ချွန်များဖြင့် ဖွဲ့စည်းထားသော မျက်နှာကြက်ကြီးမှာ ဖြည်းညင်းစွာ နိမ့်ကျလာခဲ့သည်။ ၎င်း၏ အမူအရာမှာ မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် ၎င်းသည် နစ် ရှိရာဆီသို့ ဖြည်းညင်းစွာ ရွေ့လျားလာခဲ့သည်။
ဤအရာများ အားလုံးမှာ အစစ်အမှန် မဟုတ်ကြောင်း နစ် သိထားသည်။ သို့သော် သူသာ အမှောင်ထုထဲ၌ ဆက်နေပါက သူသေသွားမည်ကိုလည်း သူ ကောင်းစွာ သိရှိထားပေသည်။
အိပ်မက်ဆိုး သည် လူများကို လွှမ်းမိုးထားချိန် ပိုကြာလေလေ၊ အခြေအနေက ပိုဆိုးလာလေလေ ပင်ဖြစ်သည်။
နစ်သည် နောက်သို့လှည့်ကာ မျက်နှာကြက်ကြီးနှင့် ဝေးရာသို့ ကူးခတ်သွားလေသည်။
သူ ထွက်ပြေးရမည်။ သူ သေရတော့မည်။
***