အခန်း ၂၄
Vol. 2 Ch. 24
အပိုင်း(၂၄)
"ဟား ဟား ဟား ဟား..."
မျက်နှာကြက်ကြီးမှာ ရယ်မောရင်း လျှင်မြန်စွာပင် နီးကပ်လာခဲ့သည်။ နစ် မည်သို့ပင် လုပ်ဆောင်စေကာမူ ၎င်းက နီးကပ်လာနေဆဲ ဖြစ်သည်။ နစ်သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် သူ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ သေရလိမ့်မည်။
'တောင်းပန်ပါတယ်... ဝင်တာ ရေ...'
‘ဒါကို ငါ သုံးမှရတော့မယ်...'
ထို့နောက် နစ်သည် ဖန်ပြွန်များထဲမှ တစ်ခုကို ဆွဲယူလိုက်ပြီး သူ၏ ဒူးပေါ်၌ ရိုက်ခွဲပစ်လိုက်လေတော့သည်။ နောက်တစ်ခဏတွင် နစ်သည် အလင်းရောင်များထဲ၌ လွှမ်းခြုံသွားခဲ့လေသည်။ အရာအားလုံးမှာ အမည်းရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားခဲ့သည်။
ရုတ်တရက် ဝင်ရောက်လာသော အလင်းရောင်ကြောင့် နစ်၏ မျက်လုံးများ ပူစပ်ပူလောင် ဖြစ်သွားခဲ့သည်။ သို့သော် သူတို့သည် အလျင်အမြန်ပင် အသားကျသွားခဲ့ကြသည်။
နောက်တစ်ခဏတွင် အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ကျသွားခဲ့သည်။ ထို့နောက်တွင်တော့ နစ်သည် ပတ်ဝန်းကျင်ကို နောက်ဆုံး၌ ကြည့်ရှုနိုင်သွားခဲ့ပြီ ဖြစ်သည်။
'ငါ ဒီနေရာကို ဘယ်လိုများ ရောက်လာခဲ့တာပါလိမ့်...'
နစ် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။ လက်ရှိအချိန်၌ သူသည် ပထမဆုံး အိမ်သာဆီသို့ပင် မရောက်ရှိသေးဘဲ အိမ်သာ နှစ်ခု၏ ကြားတွင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
'အိပ်မက်ဆိုး က ငါ့ရဲ့ သွားရာလမ်းကြောင်းကို ပြောင်းလဲသွားအောင် ထင်ယောင်ထင်မှားတွေကို ထပ်ပြီး ဖန်တီးခဲ့တာပဲ ဖြစ်ရမယ်...'
နစ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
'ငါက ကျယ်ဝန်းတဲ့ အမှောင်ထုထဲကို ဝင်ရောက်သွားသရွေ့ အိပ်မက်ဆိုး က ငါ့ကို အဲဒီထဲမှာ ထာဝရ ပိတ်မိနေအောင် အမှန်တကယ် လုပ်ထားနိုင်တာပဲ...'
'ဒီအောက်မှာ ဒရီမာ ကို ဘယ်သူမှ လိုက်မရှာချင်ကြတာ အံ့သြစရာတော့ မဟုတ်ဘူး...'
'အန္တရာယ်က ဒရီမာ မဟုတ်ဘူး... အိပ်မက်ဆိုး ပဲ...'
အလင်းရောင်များ မှေးမှိန်လာနေသည်ကို နစ် သတိပြုမိလိုက်သည်။ ထို့ကြောင့် သူသည် ရှေ့သို့ ထပ်မံရွေ့လျားရန် ပြင်ဆင်လိုက်သည်။
'အိမ်သာဆီကို ရောက်အောင်သွားဖို့ ငါ နည်းလမ်းရှာမှ ဖြစ်မယ်...'
အနည်းငယ် အကြာတွင် အလင်းရောင်မှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နစ်သည် ရှေ့သို့ ပြေးထွက်သွားခဲ့ပြန်သည်။ တိုင်ကြီးများသည် သံချေးတက်နေသော တိုင်ချွန် သစ်တောကြီး အဖြစ်သို့ ထပ်မံ ပြောင်းလဲနေကြပြန်သည်။
သို့တိုင်အောင် နစ်သည် သူ၏ ခွန်အား အပြည့်အဝကို အသုံးပြုကာ ရှေ့သို့သာ ဆက်လက် ကူးခတ်သွားခဲ့သည်။
နောက်တစ်ခဏတွင် နစ်သည် သူ၏ရှေ့ရှိ ရေအိုင်ထဲမှ မှောင်မည်းသော အရာတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ ဝေလငါးတစ်ကောင်က ရေအောက်သို့ ပြန်မငုပ်မီ ၎င်း၏ အသက်ရှူပေါက်ကို ရေပြင်အထက်သို့ အနည်းငယ် ဖော်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ရေထဲ၌ တစ်စုံတစ်ခု ရှိနေပြီး ၎င်းမှာ အလွန် ကြီးမားလှပေသည်။
စက္ကန့်အနည်းငယ် အကြာတွင် ၎င်းသည် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းသည် နစ် ရှိရာဆီသို့ ဦးတည်နေခဲ့လေသည်။
၎င်းသည် သူ့ထံသို့ ကူးခတ်လာနေခြင်း ဖြစ်သည်။
နစ်သည် သူ၏ နှုတ်ခမ်းများကြားမှတစ်ဆင့် ဝင်ရောက်လာသော အရည်များကို လျစ်လျူရှုကာ အံကို တင်းတင်းကြိတ်ထားလိုက်သည်။
ထို့နောက် သူသည် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်လေသည်။
သို့သော်လည်း သူ ဆက်လက် ကူးခတ်နေခဲ့သည်။
အရာအားလုံးမှာ တိတ်ဆိတ်သွားခဲ့သည်။
သေမတတ် တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။
လှုပ်ရှားနေသည့် တစ်ခုတည်းသော အရာမှာ နစ် ပင်ဖြစ်သည်် သူသည် အဆုံးမဲ့သော ဟင်းလင်းပြင် အလွတ်ကြီးတစ်ခုထဲ၌ ရောက်ရှိနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ဒင်...
နစ်၏ ညာဘက်ဒူးသည် မာကျောသော အရာတစ်ခုနှင့် ဝင်တိုက်မိသွားခဲ့သည်။ သို့သော် ထိုအရာဝတ္ထုမှာ ဘေးသို့ တွန်းဖယ်ခံလိုက်ရသည်။
သို့ရာတွင် သူ မည်သည့်အရာနှင့် ဝင်တိုက်မိသွားခဲ့သည်ကို နစ် အတိအကျ သိရှိနေခဲ့သည်။ ၎င်းမှာ အနည်းငယ် ပျော့အိအိ ဖြစ်နေသော်လည်း အတွင်း၌ မာကျောသော အရာတစ်ခု ပါဝင်နေသကဲ့သို့ ခံစားရလေသည်။
၎င်းမှာ ခေါင်းတစ်ခု ဖြစ်သည်။
လူတစ်ယောက်၏ ခေါင်းဖြစ်သည်။
နောက်တစ်ခဏတွင် နစ်သည် အခြားအရာတစ်ခုနှင့် ထပ်မံ ဝင်တိုက်မိပြန်သည်။ ဤတစ်ကြိမ်တွင်မူ လက်တစ်ဖက် ဖြစ်လေသည်။
သို့သော်လည်း နစ်သည် ရှေ့သို့သာ ဆက်လက် ရွေ့လျားသွားခဲ့သည်။ နစ်၏ သွားရာလမ်းတစ်လျှောက်၌ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။ သို့သော် သူသည် ၎င်းတို့ကို ဘေးသို့သာ ပုတ်ထုတ်ပစ်ခဲ့လေသည်။
"သား တောင်းပန်ပါတယ်..."
ငိုရှိုက်နေသော ကလေးတစ်ယောက်၏ အသံက တိုးညင်းစွာ ထွက်ပေါ်လာခဲ့သည်။ နောက်တစ်ခဏတွင် သေးငယ်သော လူလက်တစ်ဖက်က နစ်၏ ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။
"သား တကယ် တောင်းပန်ပါတယ်..."
ကလေးက အော်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး သားကို ခွင့်လွှတ်ပေးပါ..."
နောက်တစ်ခဏတွင် အခြားသော လက်များစွာက နစ်ကို ဖမ်းဆုပ်လိုက်ကြသည်။
သူတို့သည် နစ်ကို ရေနက်ပိုင်း နေရာဆီသို့ ဆွဲချလိုနေကြခြင်း ဖြစ်သည်။
"ကျွန်တော် တောင်းပန်ပါတယ်..."
"သမီး တောင်းပန်ပါတယ်..."
"ငါ တောင်းပန်ပါတယ်..."
လက်များ၏ ဆုပ်ကိုင်မှုများ ပိုမို တင်းကျပ်လာသည်နှင့်အမျှ ကွဲပြားသော်လည်း စိတ်အားငယ်နေသော အသံများစွာသည် နစ်၏ ပတ်လည်မှနေ၍ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။
နစ်သည် ဆက်လက် လှုပ်ရှား၍ မရနိုင်တော့ချေ။ သူသည် လုံးဝကို အဖမ်းအဆီး ခံလိုက်ရလေပြီ။
နစ်၏ ထိတ်လန့်ကြောက်ရွံ့မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် သူသည် ရှေ့သို့ ကူးခတ်ရန်သာ ဆက်လက် ကြိုးစားနေခဲ့သည်။ ထိုအရာသည်သာ သူ့ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော အရာ ဖြစ်လေသည်။
ဗွမ်း...
နစ်သည် ရေအောက်သို့ ရုတ်တရက် ဆွဲချခံလိုက်ရသည်။
လက်များသည် သူ့အပေါ်၌ ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လာပြီး ဆက်လက် ဆွဲချနေခဲ့ကြသည်။
ထို့နောက် နစ်သည် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သွားများ...
ကြီးမားလှသော သွားကြီးများ...
နစ်၏ ခြေထောက်များသည် သွားအချို့နှင့် ဝင်တိုက်မိသွားခဲ့သည်။ ထိုသွားများသည် တစ်မီတာနီးပါးခန့် ရှည်လျားလှပေသည်။
ထို့ထက်ပို၍ ဆိုးရွားသည်မှာ နစ်၏ ခန္ဓာကိုယ်သည် ထိုသွားများကို ခုခံနိုင်လောက်အောင် လုံလောက်သော သန်မာမှု ရှိမနေခြင်း ပင်ဖြစ်သည်။ သူ၏ ခြေထောက်များမှ သွေးများ စတင်ထွက်ပေါ်လာခဲ့သည်။
ထိတ်လန့်နေမှုကြောင့် နစ်သည် ဝေးရာသို့ အသည်းအသန် ကူးခတ်ရန် ကြိုးစားခဲ့သည်။ သို့သော် လက်များက သူ့ကို နောက်သို့ ဆက်တိုက် ဆွဲယူနေခဲ့ကြသည်။
ထိုမျှမက ထိုလက်များသည် ဤအရာကြီး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရပေသည်။
လက်များသည် သူ့အား ဧရာမ ပါးစပ်ပေါက်ကြီးထဲသို့ ဆွဲသွင်းနေကြခြင်း ဖြစ်သည်။
ပါးစပ်ပေါက်ကြီး ရှေ့သို့ တိုးလာနေသည်ကို နစ် ခံစားလိုက်ရသည်။ သူ မျိုချခံလိုက်ရချိန်တွင် နက်ရှိုင်းသော အရိပ်ကြီးတစ်ခုက နစ်၏ ပတ်လည်၌ ထွက်ပေါ်လာခဲ့သည်။
ဤနေရာ၌ အခြားသော စပက်တာ တစ်ကောင် ရှိနေခဲ့လေပြီ။ ထို့အပြင် ၎င်းမှာ အဆင့်တစ် စပက်တာ တစ်ကောင် မဟုတ်ချေ။
သူ သေရတော့မည်။
သူ သေရတော့မည်။
နစ်သည် ပါးစပ်ပေါက်ကြီး၏ အောက်ဘက်သို့ တဖြည်းဖြည်း ပို၍ ဆွဲချခံနေရကြောင်း ခံစားလိုက်ရသည်။
ထို့နောက်...
အရာအားလုံး ရပ်တန့်သွားခဲ့သည်။
နစ်သည် စက္ကန့်အနည်းငယ်ကြာအောင် လှုပ်ရှားခြင်း မပြုခဲ့ပေ။
သို့သော် မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။
ဖြည်းညင်းစွာဖြင့် နစ်သည် သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက် အလင်းရောင်ကို သူ မြင်တွေ့လိုက်ရသည်။
သူသည် အိမ်သာများထဲမှ တစ်ခု၏ အောက်ဘက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
'ငါ လုပ်နိုင်ခဲ့ပြီပဲ...'
နစ် အံ့သြတုန်လှုပ်စွာဖြင့် တွေးလိုက်သည်။
'ငါ တကယ်ကို လုပ်နိုင်ခဲ့ပြီ...'
စက္ကန့်အနည်းငယ်ကြာအောင် နစ်သည် သူ၏အထက်ရှိ အလင်းရောင်ကိုသာ ငေးကြည့်နေခဲ့သည်။
သူ ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။
ဒုတိယမြောက် စပက်တာ ဆိုသည်မှာ ရှိမနေခဲ့ချေ။
ဗွမ်း...
ရုတ်တရက် နစ်၏ ရှေ့ရှိ အရည်များထဲသို့ တစ်စုံတစ်ခု ကျလာကာ အသံမြည်သွားခဲ့သည်။ သူ၏ စိုးရိမ်ပူပန်မှုများ အားလုံး ပြန်လည် ရောက်ရှိလာခဲ့လေသည်။
နစ်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် ထိုအရာကို သူ မြင်တွေ့လိုက်ရသည်။
ရေပေါ်ပေါ်နေသော အရာတစ်ခု...
မစင်တုံး တစ်တုံး ဖြစ်သည်။
သူ၏အထက်ရှိ အိမ်ထဲမှ လူတစ်ယောက်က ယခုလေးတင် အိမ်သာတက်သွားခဲ့ခြင်း ဖြစ်ပေတော့သည်။
***