← Chapters

အခန်း ၂၅

Vol. 2 Ch. 25

အခန်း ၂၅

Vol. 2 Ch. 25

အပိုင်း(၂၅)

နစ်သည် ရွံရှာမှုကြောင့် မျက်နှာရှုံ့မဲ့သွားခဲ့သည်။

'တကယ်ကြီးလား... အခုလို အချိန်ကြီးမှ...'

ထိုအရာနှင့်အတူ နစ်၏ ဝမ်းသာကြည်နူးမှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့နေရာတွင် စိတ်အနှောင့်အယှက်ဖြစ်မှုများက အစားထိုး ဝင်ရောက်လာခဲ့လေသည်။

'ဘာပဲဖြစ်ဖြစ် အခုတော့ ဒရီမာ ကို ငါ လိုက်ရှာလို့ ရပြီ...'

အလွန်အမင်း မှောင်မိုက်နေမှုကြောင့် နစ်သည် နေရာတစ်နေရာတည်းမှနေ၍ မျက်နှာကြက်၏ အစိတ်အပိုင်း အားလုံးကို မမြင်နိုင်ခဲ့ချေ။

ထိုအချက်ကြောင့် သူသည် မျက်နှာကြက်ကို ရှာဖွေရန် ဘေးကင်းသော နေရာငယ်လေးများဆီသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ခဏတွင် နစ်သည် သူ၏ ခေါင်းကို အမှောင်ထုထဲသို့ ထိုးသွင်းလိုက်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာမူ အလင်းရောင်ထဲ၌သာ ကျန်ရှိနေခဲ့လေသည်။

အိပ်မက်ဆိုး ၏ လွှမ်းမိုးမှုမှာ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော် ၎င်းမှာ ယခင်ကထက် များစွာ အားနည်းနေခဲ့ပေသည်။

ဤကဲ့သို့ အလင်းရောင်ထဲမှ ခေါင်းကို အပြင်သို့ ထုတ်လိုက်ခြင်းအားဖြင့် နစ်သည် သူ၏အထက်ရှိ စတုရန်းမီတာ တစ်ရာခန့်ကို ယုံကြည်မှု အပြည့်ဖြင့် ကြည့်ရှုနိုင်ခဲ့သည်။

သို့ရာတွင် စတုရန်းမီတာ တစ်ရာဆိုသည်မှာ ဆယ်မီတာ ပတ်လည်ခန့်သာ ရှိသောကြောင့် နစ်သည် အရာအားလုံးကို စစ်ဆေးရန် နေရာအများအပြားမှနေ၍ ဤသို့ ပြုလုပ်ရန် လိုအပ်ပေသည်။

သူ၏အထက်ရှိ မျက်နှာကြက်ကို ကြည့်ရှုပြီးနောက် နစ်သည် နောက်ထပ် အိမ်သာတစ်ခုဆီသို့ ကူးခတ်သွားရန် ပြင်ဆင်လိုက်သည်။ သိသာစွာပင် ဒရီမာ သည် ဤနေရာ၌ ရှိမနေခဲ့ပေ။

နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ့ကိုယ်သူ အသင့်ပြင်လိုက်သည်။

'ဒါမျိုးကို ငါ အရင်က လုပ်ဖူးပြီးသားပဲ... အခု ငါ နောက်တစ်ခေါက် ထပ်လုပ်ဖို့ပဲ လိုတော့တယ်...'

ထို့နောက် နစ်သည် ရှေ့သို့ လျှင်မြန်စွာ ကူးခတ်သွားလေတော့သည်။

ထိတ်လန့်ကြောက်ရွံ့မှုများက ပြန်လည် ရောက်ရှိလာခဲ့သည်။

နစ်သည် သူ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဂွပ်...

သွားအချို့က သူ၏ လက်မောင်းမှ အသားတစ်ပိုင်းကို ကိုက်ဖြဲသွားကြောင်း ခံစားလိုက်ရသောအခါ နစ်သည် အသက်ရှူရပ်သွားခဲ့သည်။

နာကျင်မှုမှာ ရက်စက်ကြမ်းကြုတ်ပြီး စူးရှလှပေသည်။ နစ်သည် သူ၏ မျက်လုံးများကို ဖွင့်ကာ ညာဘက် တံတောင်ဆစ်ကို ကြည့်လိုက်သည်။ သူ၏ အသားများ ဆွဲဖြဲခံလိုက်ရလေပြီ။ သူ၏ တံတောင်ဆစ်မှ သွေးလူးနေသော အရိုးသာ ကျန်ရှိနေတော့သည်။

'ဒါ... ဒါက တကယ့် အစစ်အမှန်ကြီးလား...'

နစ် တွေးလိုက်သည်။

'အိပ်မက်ဆိုး က ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာကို ငါ အရင်က တစ်ခါမှ မကြားဖူးဘူး...'

'ဟုတ်သားပဲ... ဧရာမ ပါးစပ်ပေါက်ကြီးရဲ့ သွားတွေက ငါ့ခြေထောက်တွေကို ကိုက်ဖြဲခဲ့သေးတာပဲ... ဒါပေမဲ့ ငါ အလင်းရောင်ထဲ ရောက်သွားတော့ ဘာမှ ရှိမနေခဲ့ဘူးလေ...'

'ငါ ဆက်ပြီး ကူးခတ်နေမှ ဖြစ်မယ်...'

နစ်၏ လက်မောင်းမှ ကြီးမားသော အစိတ်အပိုင်းကြီး တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သော်လည်း သူသည် မျက်လုံးများကို မှိတ်ကာ ဆက်လက် ကူးခတ်နေခဲ့သည်။

သူ အိမ်သာဆီသို့ ရောက်အောင်သွားရမည် ဖြစ်သည်။

နောက်တစ်ခဏတွင် တစ်စုံတစ်ခုက နစ်၏ ခြေထောက်ကို ဆွဲဖြဲသွားခဲ့သည်။ ထိုအရှိန်ကြောင့် နစ်သည် ရေအောက်သို့ ဆွဲချခံရမလိုပင် ဖြစ်သွားခဲ့သည်။

နစ်သည် နာကျင်မှုကြောင့် အော်ဟစ်ပစ်လိုက်ချင်ခဲ့သည်။ သို့သော် သူသည် ရှေ့သို့သာ ဆက်လက် ကူးခတ်နေခဲ့သည်။

သူ အလင်းရောင်ဆီသို့ ရောက်အောင်သွားရမည် ဖြစ်သည်။

သူ ရောက်အောင်သွားရမည်။

နစ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပို၍ပို၍ ဆွဲဖြဲခံလာရသည်။ နစ်သည် သူကိုယ်တိုင်ပင် မည်သည့်အရာ ဖြစ်နေပြီနည်း ဆိုသည်ကို မသေချာတော့ချေ။

သူ၏ ဖြစ်တည်မှု တစ်ခုလုံးမှာ နာကျင်မှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်အာရုံသည် စက္ကန့်အနည်းငယ်မျှပင် မှောင်မိုက်သွားခဲ့လေသည်။

သူ သေဆုံးနေပြီ ဖြစ်သည်။ သူ သေချင်နေခဲ့သည်။ သို့သော် သူ အသက်ရှင်ချင်နေခဲ့သည်။

အခြေအနေမှာ အလွန် ဆိုးရွားလှပေသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ရှေ့ကိုသာ ဆက်သွားရမည်။

နည်းနည်းလေး ထပ်သွားရုံပါပဲ။

ကျေးဇူးပြုပြီး...

နည်းနည်းလေးပါပဲ...

ထို့နောက် အရာအားလုံး ထပ်မံ ရပ်တန့်သွားခဲ့ပြန်သည်။

နစ်သည် သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ ဒုတိယမြောက် အိမ်သာဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အရာအားလုံး တိတ်ဆိတ်နေ၏။ နစ်သည် မျက်နှာကြက်ကို တိတ်ဆိတ်စွာသာ ကြည့်နေခဲ့သည်။ ဒုတိယအကြိမ်၌ အခြေအနေများ ယခင်ကလောက် ဆိုးရွားမည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။

သူ မှားယွင်းခဲ့ပေသည်။ ဒုတိယအကြိမ်တွင် အခြေအနေများက ပို၍ပင် ဆိုးရွားနေခဲ့သည်။

ပထမ တစ်ကြိမ်တုန်းက ၎င်းသည် နစ် သွားလိုသော နေရာသို့ မသွားနိုင်စေရန် ထိတ်လန့်ဖွယ်ရာများကို အသုံးပြုကာ တားဆီးခဲ့သည်။ ထို့နောက် နစ် ထိန်းချုပ်မှု ကင်းမဲ့သွားပြီး မျိုချခံလိုက်ရသည့် ထင်ယောင်ထင်မှားများကို ဖန်တီးခဲ့ပြန်သည်။

ယခုအခါတွင်မူ ၎င်းသည် အဆုံးအစမဲ့သော နာကျင်မှုများကို သူ့အပေါ်သို့ တိုက်ရိုက် သက်ရောက်စေခဲ့ပြီ ဖြစ်သည်။

အိပ်မက်ဆိုး ထံ၌ သိမ်မွေ့မှုဆိုသည်မှာ လုံးဝ မရှိတော့ချေ။ ၎င်းသည် ကြောက်ရွံ့ခြင်းမှသည် အစွန်းရောက် ထိတ်လန့်ခြင်း အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။ နစ်သည် မျက်နှာကြက်မှ အလင်းရောင်ကိုသာ ငေးကြည့်နေခဲ့သည်။ သူ မည်သို့ ခံစားနေရသည်ကို သူကိုယ်တိုင်ပင် သေချာ မသိတော့ချေ။

ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု၊ သက်သာရာရမှု၊ သောကရောက်မှု...

ဤတစ်ကြိမ်မှာ ပြီးခဲ့သော အကြိမ်နှင့် မတူညီတော့ချေ။

ပြီးခဲ့သော အကြိမ်က သူ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် နစ် ဝမ်းသာကြည်နူးခဲ့ရသည်။

သို့သော် ယခုတစ်ကြိမ်၌မူ နစ် ဝမ်းသာမနေနိုင်ခဲ့ပေ။

နာကျင်မှုက အလွန် ဆိုးရွားလွန်းလှသည်။

တကယ်ကို ဆိုးရွားလွန်းခဲ့သည်။

မိနစ်အနည်းငယ် ကြာသည်အထိ နစ်သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။

သူသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် မျက်နှာကြက်ကိုသာ ကြည့်နေခဲ့သည်။

ထိုကဲ့သို့သော နာကျင်မှုမျိုးကို သူ ထပ်မံ၍ မခံစားချင်တော့ချေ။

ထိုကဲ့သို့သော အရာမျိုးကို သူ မည်သည့်အခါမျှ ထပ်မခံစားလိုတော့ပေ။

ထိုအရာက သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဆွဲဖဲ့သွားခဲ့သည်။

သို့တိုင်အောင် သူ အသက်ရှင်နေဆဲ ဖြစ်သည်။

နစ်သည် စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်သည်။

'ငါ ဒါကို ထပ်မလုပ်ချင်တော့ဘူး...'

'ဒါမျိုးကို ငါ ဘယ်နှကြိမ်လောက် ထပ်လုပ်ရဦးမှာလဲ...'

'နောက်ထပ် ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ...'

‘အမှောင်ထုထဲမှာ ငါ ဆယ်မီတာကျော်ကျော်လောက်ပဲ ကူးခတ်ခဲ့ရတာတောင် အခြေအနေက ဒီလောက်ထိ ဆိုးရွားနေပြီ...'

'ဒါက သေးငယ်တဲ့ အိမ်အစုအဝေးတွေထဲက တစ်ခုပဲ ရှိသေးတယ်...'

'အိမ်သာမပါတဲ့ အိမ်အစုအဝေးတွေလည်း ရှိသေးတယ်... ဆိုလိုတာက ထင်ယောင်ထင်မှားတွေကြားထဲကနေ မျက်နှာကြက်ကို ငါရှာဖွေရဦးမယ်...'

'ပြီးတော့ ငါ နောက်ပြန်လှည့်သွားဖို့ လိုသေးတယ်...'

‘နောက်ပြီး အဲဒီအိမ်တွေထဲက တစ်ခုရဲ့ မျက်နှာကြက်မှာ ဒရီမာ ကို ငါတကယ် ရှာတွေ့သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ...'

'အဲဒီအချိန်ကျရင် အမှောင်ထုထဲမှာ တိုင်တစ်တိုင်ကို ငါတက်ပြီး သူ့ကို ဖမ်းရလိမ့်မယ်...'

'အိပ်မက်ဆိုးက ငါ့ကို ထင်ယောင်ထင်မှားတွေ အလွယ်တကူ ပြသပြီး လမ်းကြောင်းမှားသွားအောင် လုပ်နိုင်တယ်...'

နစ်သည် အထက်သို့ ကြည့်ရင်း အရည်များပေါ်၌သာ ပေါလောပေါ်နေခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေသည်။

'ငါ မသိတော့ဘူး...'

'ဒရီမာ ကို ဘယ်လိုရှာပြီး ဘယ်လိုဖမ်းရမလဲ ဆိုတာကို ငါ လုံးဝ စဉ်းစားလို့မရတော့ဘူး...'

ဆယ်မိနစ်ကျော် ကြာသည်အထိ နစ်သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။

သူ့ အနေဖြင့် ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးကို ဤအိမ်သာငယ်လေး၏ အလင်းရောင်အောက်၌ ကုန်ဆုံး၍ မရနိုင်ကြောင်း နစ် ကောင်းစွာ သိရှိထားပေသည်။

အချိန်တစ်ချိန်၌ သူ ထွက်ခွာရမည် ဖြစ်သည်။

သို့တိုင်အောင် သူ မလုပ်နိုင်ခဲ့ချေ။

လွန်ခဲ့သော အခိုက်အတန့်က သူ ခံစားခဲ့ရသော ထိတ်လန့်ကြောက်ရွံ့မှုမှာ လွန်ကဲလွန်းလှပေသည်။ နာကျင်မှုမှာလည်း ကြီးမားလွန်းလှသည်။ သူသည် အသက် ၁၆ နှစ်သာ ရှိသေးသည်။ သူ့ ဘဝတွင် ဤမျှ နာကျင်ဖွယ်ကောင်းသော သို့မဟုတ် ထိတ်လန့်ဖွယ်ကောင်းသော အရာမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

ဤသည်မှာ ကျပန်း အားနည်းသော စပက်တာ တစ်ကောင်၏ လက်ချက် မဟုတ်ပေ။ အိပ်မက်ဆိုး ပင်ဖြစ်သည်။ အဆင့်ကိုး စပက်တာ ငါးကောင် အနက် တစ်ကောင် ဖြစ်ပေသည် အစွမ်းအထက်ဆုံးသော ဇီဖစ်စွမ်းအင် ထုတ်ယူသူ များပင်လျှင် အမှောင်ထုထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်နိုင်စွမ်း မရှိကြပေ။

အိပ်မက်ဆိုး ၏ စွမ်းအားမှာ အကြွင်းမဲ့ ဖြစ်ပေသည်။ ၎င်းသည် လူများကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးနှိမ်ဖျက်ဆီးပစ်ရုံမျှဖြင့် သောင်းဂဏန်းမှသည် သိန်းနှင့်ချီသော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ၎င်းသည် နစ်ထက် များစွာ ပိုမို အတွေ့အကြုံရှိပြီး ဇွဲလုံ့လကြီးမားသော လူများကိုပင် သတ်ဖြတ်ခဲ့ပြီး ဖြစ်လေသည်။

***

All Chapters