← Chapters

အခန်း ၂၆

Vol. 2 Ch. 26

အခန်း ၂၆

Vol. 2 Ch. 26

အပိုင်း(၂၆)

'ငါ မလုပ်နိုင်ဘူး...'

ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေ၏။

'ငါ တကယ်ကို မလုပ်နိုင်ဘူး... အပြင်ထွက်ဖို့အတွက် ဒါကို ငါ နောက်တစ်ကြိမ် ထပ်လုပ်ရဦးမယ်... ဒါပေမဲ့ နောက်ထပ် အိမ်အစုအဝေး တစ်ခုထဲကို ဝင်နိုင်ဖို့ ငါ့မှာ အင်အားမရှိတော့ဘူးလို့ ထင်တယ်...'

နစ်သည် သူ၏ ရင်ဘတ်ထဲမှ တုန်ခိုက် နာကျင်သွားသည်ကို ခံစားလိုက်ရသည်။

နောင်တ၊ စိတ်ပျက်အားငယ်မှု၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှု။

'ဒါကို ထပ်လုပ်ဖို့ ငါ့မှာ လုံလောက်တဲ့ ခွန်အား မရှိတော့ဘူး...'

'ငါက ငါ့ဘဝကို အလှည့်အပြောင်း ဖြစ်စေချင်တာ... အဆုံးသတ်သွားဖို့ မဟုတ်ဘူး...'

'အကယ်၍ ငါသာ ဒီလိုအရာမျိုးကို ထပ်ပြီး ကြုံတွေ့ရမယ်ဆိုရင် ငါ ပြန်ပြီး နာလန်ထူနိုင်ပါ့မလားဆိုတာ မသိတော့ဘူး...'

'အဲဒီတော့ ဘာဖြစ်လဲ... ငါ အကောင်းဆုံး ကြိုးစားချင်တယ်... ဒါပေမဲ့ ငါကျရှုံးသွားရင်လည်း ကျရှုံးတာပဲလေ... အဆင်ပြေပါတယ်... ငါ စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက် ဖြစ်လာနိုင်သေးတယ်လေ...'

'ငါ့မှာ ကမ္ဘာပေါ်က အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်လာဖို့ လိုအပ်နေတဲ့ ကြီးကျယ်မြင့်မြတ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ရည်မှန်းချက်မျိုး ရှိနေတာမှ မဟုတ်တာ... ငါက ကောင်းမွန်တဲ့ ဘဝလေးတစ်ခု ရှင်သန်ချင်ရုံ သက်သက်ပါ...'

'ဒါပေမဲ့ ငါ့ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံး ညတိုင်း ဒီမှာ ငါမြင်ခဲ့၊ ခံစားခဲ့ရတဲ့ အရာတွေကို ထပ်ခါတလဲလဲ ကြုံတွေ့နေရလို့ ချွေးစေးတွေပြန်ပြီး နိုးလာရမယ်ဆိုရင်... ကောင်းမွန်တဲ့ ဘဝလေးတစ်ခု ရှင်သန်ရတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...'

နစ်သည် သူ့အား စောင့်ကြိုနေသော အမှောင်ထု အစုအဝေးကြီးရှိရာ ဘေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထို့နောက် နစ်၏ မျက်လုံးများ၌ မျက်ရည်အချို့ ရစ်သိုင်းလာခဲ့သည်။

'ငါ တောင်းပန်ပါတယ်... ငါ တကယ်ကို မလုပ်နိုင်တော့ဘူး...'

'ငါ အဲဒီလောက်အထိ မသန်မာသေးဘူး...'

အရာရာက တိတ်ဆိတ်နေသည်။

ဤအောက်ဘက်၌ ကြားနေရသော တစ်ခုတည်းသော အသံများမှာ ကြွက်များ၏ ခြေသည်းကုတ်ခြစ်သံ တိုးတိုးလေးများနှင့် နစ် ငိုကြွေးနေသော အသံများသာ ဖြစ်လေသည်။ ထိုအရာများသည် သူ့အတွက်တော့ လွန်ကဲလွန်းလှပေသည်။

နစ်သည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အနေဖြင့် သူ၏ ခရီးစဉ်ကို ယခုမှသာ စတင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူသည် အစွမ်းအထက်ဆုံး စပက်တာ ငါးကောင်ထဲမှ တစ်ကောင်နှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ဖြစ်လေသည်။

ဤသည်မှာ သူ ဖြေရှင်းနိုင်မည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ ၎င်းသည် သူ၏ လက်ရှိ အဆင့်အတန်းထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ သူ လက်လျှော့လိုက်ပြီ ဖြစ်သည်။

နောက်ထပ် မိနစ်အနည်းငယ် ကြာသည်အထိ နစ်သည် သူ၏ ပတ်ဝန်းကျင်ရှိ အမှောင်ထုကိုသာ ကြည့်နေခဲ့သည်။

ထို့နောက် သူသည် အမှောင်ထုထဲသို့ ခေါင်းကို တိုးဝင်လိုက်သည်။ မျက်နှာကြက်ကို ပုံမှန်အတိုင်း တစ်ချက် ကြည့်ရှုလိုက်လေသည်။ အကယ်၍ သူသာ ကံကောင်းခဲ့မည်ဆိုပါက ဒရီမာ သည် ဤနေရာ၌ အမှန်တကယ် ရှိနေနိုင်ပေသည်။ သို့သော် ရှိမနေခဲ့ပေ။

နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ယခုအချိန်၌ သူသည် ကြောက်ရွံ့မှုကိုသာ ခံစားနေရသည်။ သူသည် အမှောင်ထုထဲသို့ ထပ်မံ မဝင်ရောက်လိုတော့ချေ။ သို့သော် သူ ဝင်ရောက်ရမည် ဖြစ်သည်။

ကျန်ရှိနေသော သူ၏ ဘဝသက်တမ်း တစ်လျှောက်လုံးကို ဤနေရာ၌သာ ကုန်ဆုံး၍ မရနိုင်ပေ။ နစ်သည် နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြန်သည်။ သူ သတ္တိများကို စုစည်းရန် မိနစ်အနည်းငယ်မျှ ကြာမြင့်သွားခဲ့သည်။ သို့သော် အဆုံး၌မူ သူသည် အမှောင်ထုထဲသို့ ထပ်မံ ပြေးဝင်သွားခဲ့လေတော့သည်။

နစ် ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်...

မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။

သို့ရာတွင် နစ်သည် အကာအကွယ်ကို လျှော့ချမပစ်ခဲ့ချေ။ ရှေ့သို့သာ ဆက်လက် ကူးခတ်သွားခဲ့သည်။

အရာရာက တိတ်ဆိတ်နေသည်။

နစ်သည် တိတ်ဆိတ်စွာဖြင့် ရှေ့သို့ အလျင်အမြန် ဆက်လက် ကူးခတ်နေခဲ့သည်။ အတန်ကြာသောအခါ နစ်သည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ၏ ရှေ့မှောက်၌ ဆင်ခြေဖုံးရပ်ကွက်ကြီး ၏ "လမ်းမ" မှ အလင်းရောင်ကို သူ မြင်တွေ့လိုက်ရသည်။ သူ ရောက်လုနီးပါး ဖြစ်နေပြီ။

နစ်သည် ဆက်လက် ကူးခတ်နေခဲ့သည်။

ထို့နောက်...

သူသည် လမ်းမထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။

ယခုအခါတွင် နစ်သည် ဆင်ခြေဖုံးရပ်ကွက်ကြီး ရှိ လမ်းများ၏ အလင်းရောင်အောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အမှောင်ထုထဲ၌ မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

နစ်သည် နောက်သို့လှည့်ကာ သူ၏ အနောက်ဘက်ရှိ အိမ်အစုအဝေးများကို သံသယဖြင့် ကြည့်လိုက်သည်။

အိပ်မက်ဆိုး က လက်လျှော့သွားခဲ့လေပြီလား...။

ထိုအချက်ကို သူ သံသယဖြစ်မိပေသည်။ သို့တိုင်အောင် နစ်သည် အလင်းရောင်အောက်သို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဤနေရာ၌ အိပ်မက်ဆိုး သည် နစ်၏အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိမနေတော့ချေ။

ဘုတ်...

ရုတ်တရက် တစ်စုံတစ်ခုက နစ်၏ ခေါင်းကို လာမှန်လေသည်။

ဗွမ်း... ဗွမ်း... ဗွမ်း... ဗွမ်း...

နစ်သည် သူ၏ ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ကြွက်များ...

"ငါ့ကို အလောင်းတွေ မပေးချင်ဘူးပေါ့လေ ဟုတ်လား..."

ကြွက်များထဲမှ တစ်ကောင်က ပြောလိုက်သည်။

"ဒါဆို မင်းခန္ဓာကိုယ်ကိုပဲ ငါ့ကို ပေးလိုက်ရင်ကော ဘယ်လိုလဲ..."

ထို့နောက် ကြွက်များ အားလုံးသည် နစ်ရှိရာဆီသို့ ပြေးဝင် တိုက်ခိုက်လာကြလေတော့သည်။ ကြွက်များက သူ၏အပေါ်သို့ ခုန်အုပ်ကာ တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် နစ်သည် ဒေါသတကြီးဖြင့် အံကို ကြိတ်ထားလိုက်သည်။ သူတို့အကြား၌ နှုတ်အားဖြင့် မဟုတ်သည့် သဘောတူညီချက် တစ်ခု ရှိထားခဲ့သည် မဟုတ်လော။

"ဒီအတွက် မင်း နောင်တရစေရမယ်..."

နစ်က အော်ပြောလိုက်သည်။

ဤသည်မှာ အိပ်မက်ဆိုး နှင့်တော့ ကွာခြားပေသည်။

ကပ်ပါးကောင်ထံ၌ ကြွက်အရေအတွက် အကန့်အသတ်သာ ရှိသည်။ ထို့ကြောင့် ၎င်းတို့ကို သတ်ဖြတ်ခြင်းဖြင့် နစ်သည် ကပ်ပါးကောင် ကို အမှန်တကယ် ထိခိုက်နစ်နာစေနိုင်ပေသည်။

သို့ရာတွင် ကြွက်များသည်လည်း နစ်ကို အမှန်တကယ် ထိခိုက်ဒဏ်ရာ ရရှိစေနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အစစ်အမှန်များ ဖြစ်ကြလေသည်။ ကြွက်ငါးကောင်သည် နစ်၏အပေါ်သို့ ချက်ချင်း ခုန်အုပ်လာကြသည်။

နစ်၏ ညာဘက်လက်က ၎င်းတို့ထဲမှ တစ်ကောင်ကို ဖမ်းဆုပ်ကာ ညှစ်ချေပစ်လိုက်သည်။

ဗြိ...

ထိုကြွက်မှာ စိုရွှဲနေသော အသားစ တစ်ခုအဖြစ်သို့ ပြားချပ် ညှစ်ချေခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် နစ်သည် သူ၏ ဘယ်ဘက်လက်ကို လက်သီးဆုပ်ကာ ဒုတိယမြောက် ကြွက်ကို ထိုးချလိုက်သည်။

ဘုန်း...

ထိုကြွက်သည် အဝေးသို့ လွင့်စင်သွားခဲ့သည်။ ၎င်းသည် နစ်နှင့် မီတာ ၅၀ ခန့်အကွာရှိ ရေပြင်ပေါ်သို့ ကျဆင်းသွားပြီးနောက် ရေပြင်ပေါ်၌ နှစ်ကြိမ်ခန့် ခုန်ပေါက်သွားခဲ့လေသည်။

သို့သော် အခြားကြွက် သုံးကောင်မှာမူ နစ်၏ထံသို့ ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ကိုက်ခဲကြလေတော့သည်။

၎င်းတို့အနက် တစ်ကောင်က သူ၏ ညာဘက် လက်မောင်းကြွက်သားကို ကိုက်ထားသည်။ ကျန်နှစ်ကောင်ကမူ သူ၏ ရင်ဘတ်ကို ကိုက်ထားလေသည်။

ထိုအချိန်မှာပင် နစ်သည် သူ၏ ပတ်လည်ရှိ ရေထဲမှ ကြွက်များစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

နစ်သည် နာကျင်မှုနှင့် မုန်းတီးမှုတို့ကြောင့် သွားကို ကြိတ်ထားလိုက်သည်။

သူ ကြွက်များထဲမှ တစ်ကောင်ကို ဆွဲယူကာ ဆွဲခွာပစ်လိုက်သည်။

ဗြိ...

ကြွက်၏ ခန္ဓာကိုယ်မှာ ပြတ်ထွက်သွားခဲ့သည်။ သို့သော် ခေါင်းမှာမူ နစ်၏ လက်မောင်းကြွက်သားထဲ၌ စိုက်ဝင်ကျန်ရစ်ခဲ့လေသည်။

ဘုန်း...

နောက်ထပ် ကြွက်တစ်ကောင်မှာ နစ်၏ လက်သီးချက်ကြောင့် အသားနှစ် တစ်ခုကဲ့သို့ ကြေမွသွားခဲ့သည်။

နောက်ဆုံးတစ်ကောင်သည် ကိုက်ထားရာမှ လွှတ်ပေးပြီး ရေထဲသို့ ငုပ်လျှိုးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားကြွက်များမှာ ပိုမို နီးကပ်လာကြလေသည်။

စက္ကန့်အနည်းငယ် အကြာတွင် နောက်ထပ် ကြွက်သုံးကောင်က နစ်၏အပေါ်သို့ ခုန်အုပ်လာကြပြန်သည်။

နစ်သည် နောက်ထပ် တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာကို ပြုလုပ်ခဲ့သည်။ သို့သော် ကြွက်များမှာ မရပ်မနားဘဲ သူ့နောက်သို့ ဆက်တိုက် လိုက်လာကြလေသည်။

ထို့ထက်ပို၍ ဆိုးရွားသည်မှာ ကြွက်များသည် သူ့အား ရေပြင်အောက်မှနေ၍ပင် စတင် တိုက်ခိုက်လာကြခြင်း ဖြစ်သည်။

ကြွက်များကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်နေစဉ် နစ်၏ ဒေါသများမှာ ပိုမို ကြီးထွားလာခဲ့သည်။

အဆုံးသတ်နိုင်မည် မဟုတ်ပေ။

စက္ကန့်အနည်းငယ် ကြာပြီးနောက် နစ်သည် ကြွက် ၁၅ ကောင်ထက်မက သတ်ဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။

သို့တိုင်အောင် ၎င်းတို့က ဆက်တိုက် ရောက်ရှိလာနေဆဲ ဖြစ်သည်။

ကပ်ပါးကောင်သည် တကယ်ကို အကုန်အစင် ထုတ်သုံးနေခြင်း ပင်ဖြစ်သည်။

'ငါ့ရဲ့ စွမ်းရည်သာ မရှိခဲ့ရင် ငါသေနေလောက်ပြီ...'

ထို့နောက် နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

'ငါ့ရဲ့ စွမ်းရည်...'

***

All Chapters