အခန်း ၂၇
Vol. 2 Ch. 27
အပိုင်း(၂၇)
နစ်သည် ကြွက်များကို ခုခံနေခြင်းအား ရပ်တန့်လိုက်သည်။
'အခုချိန်မှာ ငါ့ရဲ့ စွမ်းရည်က အလုပ်လုပ်နေသင့်တာ မဟုတ်ဘူး... ဒါပေမဲ့ ငါက ဒီကြွက်တွေကို စက္ကူတွေလို အပိုင်းပိုင်း ဆွဲဖြဲနေနိုင်တယ်... ငါ့ရဲ့ စွမ်းရည်က အသက်ဝင်နေဆဲပဲ... ဒါက အဓိပ္ပာယ် တစ်မျိုးပဲ သက်ရောက်နိုင်တယ်...'
ထိုသဘောပေါက် နားလည်မှု၌ ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုးစလုံး ပါဝင်နေခဲ့သည်။
ကောင်းကျိုးက နစ်သည် အစစ်အမှန် ကပ်ပါးကောင် ၏ တိုက်ခိုက်ခြင်းကို ခံနေရခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ သူ အမှန်တကယ် ဒဏ်ရာရရှိထားခြင်း မရှိကြောင်း ပင်ဖြစ်သည်။
သို့သော် အခြားတစ်ဖက်တွင်မူ တိုက်ပွဲအတွင်း နစ်သည် အကြိမ်ပေါင်းများစွာ လည်ပတ်နေခဲ့သောကြောင့် သူ မည်သည့် အရပ်မျက်နှာသို့ မျက်နှာမူထားသည်ကိုပင် သူကိုယ်တိုင် မသိရှိတော့ချေ။
အဆုံး၌ နစ်သည် သူ၏ ပေါင်ပေါ်မှ ဖန်ပြွန်များအနက် တစ်ခုကို ဆွဲယူကာ ရိုက်ခွဲပစ်လိုက်ရင်း အံကိုသာ ကြိတ်ထားနိုင်တော့သည်။
ခွပ်...
နစ် အလင်းရောင်များထဲ၌ လွှမ်းခြုံခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ကြွက်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
လွန်ခဲ့သော အခိုက်အတန့်က နစ်သည် ရေဆိုးမြောင်းများ၏ "လမ်းမ" ထဲ၌ ရှိနေခဲ့သည်။ သို့သော် သူ၏ ပတ်လည်၌ အလင်းရောင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူသည် တကယ့် လမ်းမနှင့် နှစ်မီတာခန့် ကွာဝေးနေဆဲဖြစ်ကြောင်း နစ် မြင်တွေ့လိုက်ရသည်။ သူ အမှောင်ထုထဲ၌ ရှိနေဆဲပင် ဖြစ်လေသည်။
'ငါ တကယ်တမ်း မရောက်သေးဘဲနဲ့ အဆုံးသတ်ကို ရောက်သွားပြီလို့ ထင်ရအောင် အိပ်မက်ဆိုး က လုပ်ထားခဲ့တာပဲ...'
နစ်သည် လမ်းမပေါ်သို့ အလျင်အမြန် ကူးခတ်သွားခဲ့သည်။ လမ်းမနှင့် သူ၏အကြား၌ နှစ်မီတာခန့်သာ ကွာဝေးသောကြောင့် ထိုအရာက မခက်ခဲလှပေ။
ယခုအခါတွင် နစ်သည် အလင်းရောင်ရှိသော လမ်းမပေါ်သို့ အမှန်တကယ် ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
'အိပ်မက်ဆိုး က အလင်းရောင် ထင်ယောင်ထင်မှားတွေကိုတောင် ဖန်တီးနိုင်စွမ်း ရှိတယ်...'
နစ်သည် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် တွေးလိုက်သည်။
'ဒါက ငါ ယှဉ်ပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး...'
နစ်သည် သူ ယခုလေးတင် ကျောခိုင်းခဲ့သော အမှောင်ထု နယ်မြေကို နောက်သို့ လှည့်ကြည့်လိုက်သည်။
'အနည်းဆုံးတော့ အခု ငါ အပြင်ကို ရောက်လာခဲ့ပြီ...'
နောက်တစ်ခဏတွင် သူသည် ရေဆိုးမြောင်းများ၏ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
အလားတူ ကြီးမားသော အမှောင်ထု နယ်မြေပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့သည်။ နစ်သည် ငရဲခန်းကို ဖြတ်သန်းခဲ့ရပြီး ထိုနယ်မြေများအနက် တစ်ခုတည်းကိုသာ ဖြတ်သန်းပြီးနောက် အလင်းဖို နှစ်ခုကို အသုံးပြုခဲ့ရပြီး ဖြစ်သည်။
'ဒါက ငါ့ရဲ့ အဆင့်ထက် ကျော်နေပြီ...'
နစ်သည် ဤအောက်ဘက်၌ နာရီပေါင်းများစွာကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ရေဆိုးမြောင်းများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့ပြီ ဖြစ်သည်။ သို့သော် အဆုံး၌မူ သူသည် မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိဘဲ ထွက်ခွာသွားရတော့မည် ဖြစ်သည်။
ထို့ထက်ပို၍ ဆိုးရွားသည်မှာ နစ်သည် အလင်းဖို နှစ်ခုကိုပင် အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
'အခုတော့ ငါ စုံစမ်းစစ်ဆေးရေးမှူး တစ်ယောက် ဖြစ်လာတော့မယ် ထင်တယ်... အဲဒါက ဆိုးရွားတဲ့ အလုပ်တစ်ခုတော့ မဟုတ်လောက်ပါဘူး... ငါ ကျူးကျော်ရပ်ကွက်ကြီး ကနေ ထွက်ခွာခွင့်ရမယ်... ပြီးတော့ သာမန် နေအိမ် တစ်လုံးကိုလည်း သေချာပေါက် ရနိုင်လိမ့်မယ်... ငါ မိသားစု တစ်ခုတောင် တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်လိမ့်မယ်...'
သို့တိုင်အောင်... စုံစမ်းစစ်ဆေးရေးမှူး ရာထူးက နစ်အတွက် မည်မျှပင် ဆွဲဆောင်မှု ရှိနေစေကာမူ သူသည် နောင်တတရားကို ခံစားနေရဆဲ ဖြစ်ပေသည်။
အတန်ကြာသည်အထိ နစ်သည် ရေဆိုးမြောင်းများ၏ မျက်နှာကြက်ကိုသာ ငေးကြည့်နေခဲ့သည်။ ဤသည်မှာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အနေဖြင့် သူ၏ နောက်ဆုံးသော ခရီးစဉ်ပင် ဖြစ်ပေလိမ့်မည်။
ဝင်တာသည် သူလက်လှမ်းမီသမျှ ငွေကြေးအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူသည် အရာအားလုံးကို နစ်၏အပေါ်၌ ပုံအော လောင်းကြေးထပ်ထားခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ နစ်သည် သူ့ကို စိတ်ပျက်စေရုံသာ တတ်နိုင်တော့မည် ဖြစ်သည်။
နစ်သည် မျက်နှာကြက်ကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
ငှက်တစ်ကောင်သည် သူ၏အနီးမှ ဖြတ်သန်း ပျံသန်းသွားခဲ့သည်။
ရုတ်တရက် နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ငှက်တစ်ကောင်...
အိမ်အစုအဝေး တစ်ခုကို ကိုယ်စားပြုနေသော အမည်းရောင် နယ်မြေတစ်ခုအတွင်းသို့ ငှက် ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် နစ်၏ မျက်လုံးများသည် ၎င်းထံသို့ ချက်ချင်း အာရုံစိုက်သွားခဲ့သည်။
လွန်ခဲ့သော အခိုက်အတန့်ကမှ နစ်သည် လက်လျှော့ အရှုံးပေးရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် ထပ်မံ၍ တုံ့ဆိုင်းသွားခဲ့ပြန်သည်။
ငှက်တစ်ကောင်...
‘အဲဒါ ဒရီမာပဲ ဖြစ်ရမယ်...'
ခန္ဓာကိုယ်ထဲ၌ အဒရီနယ်လင်များ ပန်းထွက်လာသည်နှင့်အမျှ နစ်၏ နှလုံးခုန်နှုန်းများမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
'နာရီပေါင်းများစွာ ကြာပြီးနောက်မှာ သူ့ရဲ့ ပစ်မှတ်ဟောင်းက နိုးလာတာ ဒါမှမဟုတ် သေဆုံးသွားတာ ဖြစ်ရမယ်... ဒါကြောင့် သူက ပစ်မှတ်အသစ် တစ်ခုဆီကို သွားရတော့တာပဲ...'
လက်ရှိအချိန်၌ ဒရီမာ ရှိနေရမည့် အမည်းရောင် နယ်မြေဆီသို့ နစ်၏ မျက်လုံးများက စူးစိုက်ကြည့်နေခဲ့သည်။ ဤအိမ်အစုအဝေး၌ မည်သည့် အိမ်သာမျှ ရှိမနေခဲ့ပေ။ ထို့အပြင် ထိုအစုအဝေးမှာ အလျား မီတာငါးဆယ်၊ အနံ မီတာငါးဆယ်ခန့် ရှိလေသည်။
အိမ်အစုအဝေး၏ ဗဟိုချက်၌ ကျောက်တုံး မျှော်စင်တစ်ခု၏ အပျက်အစီးများ ရှိနေပြီး ၎င်းက ၎င်းအထက်ရှိ အိမ်အစုအဝေးကို အလယ်တည့်တည့်မှနေ၍ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
နစ်သည် ထိုနယ်မြေကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် စောစောက သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ၏ ပုံရိပ်များသည် သူ၏ စိတ်ထဲ၌ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
နာကျင်မှု၊ လှည့်စားမှု၊ ထိတ်လန့်ကြောက်ရွံ့မှု၊ သေဆုံးခြင်း...
သူ နောက်ဆုံး၌ ၎င်းတို့ထံမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ရေဆိုးမြောင်းများထဲမှ နောက်ဆုံး၌ ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။ သူသည် အမှောင်ထုထဲသို့ ထပ်မံ ဖြတ်သန်းသွားရန် မလိုအပ်တော့ချေ။
သို့သော် ဒရီမာသည် ထိုနေရာ၌ပင် ရှိနေခဲ့လေပြီ။
နောက်တစ်ကြိမ်လောက်ပါပဲ...
နောက်ထပ် တစ်ကြိမ်လောက်ပါပဲ...
သို့သော် သူသာ အောင်မြင်မှု မရခဲ့လျှင်ရော...
သူသည် သူ၏ အသက်ကို အချည်းနှီး စွန့်စားနေမိခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဒရီမာသည် ရေဆိုးမြောင်းများ၏ မျက်နှာကြက်၌ ရှိနေသည်မှာ သိသာထင်ရှားလှပေသည်။
နစ် အနေဖြင့် အကြွင်းမဲ့ အမှောင်ထုထဲ၌ မီတာနှစ်ဆယ်ခန့် ကူးခတ်သွားရမည် ဖြစ်သည်။ ထို့နောက် အဆောက်အအုံကို ဆယ်မီတာခန့် တက်သွားပြီးနောက်မှ ဒရီမာ ကို ဖမ်းဆီးရမည် ဖြစ်သည်။
ထို့အပြင် ဒရီမာ က သူ့ကို သတိမထားမိစေရန်နှင့် အိပ်မက်ဆိုး၏ ထင်ယောင်ထင်မှား ဖန်တီးထားသော ငရဲခန်းအတွင်း၌ ထိုအရာများ အားလုံးကို အကြွင်းမဲ့ တိတ်ဆိတ်စွာဖြင့် သူ လုပ်ဆောင်ရမည် ဖြစ်သည်။
နောက်ဆုံးကျန်ရှိနေသော အလင်းဖို ကိုပင် သူ အသုံးပြုနိုင်မည် မဟုတ်ပေ။ အကယ်၍ အသုံးပြုလိုက်ပါက ဒရီမာ၏ အာရုံစိုက်မှုသည် နစ်ထံသို့ ချက်ချင်း ရောက်ရှိလာမည် ဖြစ်ပြီး ထိုအရာက သူ၏ စွမ်းရည်ကို ပျောက်ကွယ်သွားစေမည် ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်ရှိသွားပါက နစ်သည် သာမန်လူ တစ်ယောက်ထက် ပို၍ သန်မာနေမည် မဟုတ်တော့ချေ။ ထိုကဲ့သို့သော အခြေအနေမျိုး၌ ဒရီမာ သည် အိပ်မက်ဆိုး သို့မဟုတ် ပတ်ဝန်းကျင်ကို အားကိုးနေရန်ပင် မလိုဘဲ နစ်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်ပေလိမ့်မည်။ အကယ်၍ ဒရီမာကသာ သူ့ကို သတိထားမိသွားပါက သူ သေရမည် ဖြစ်သည်။
နစ် မည်သို့ပင် တွေးတောစဉ်းစားနေပါစေ...
၎င်းမှာ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခု ပင်ဖြစ်သည်။
ထိုအရာက မဖြစ်နိုင်ပါချေ။
သူ ဘယ်လောက်ပဲ ကြာကြာ စဉ်းစားကြည့်နေပါစေ...
တကယ်ကို မဖြစ်နိုင်ပါချေ။
သို့တိုင်အောင် နစ်သည် စိတ်လှုပ်ရှားနေမှုကိုမူ မတားဆီးနိုင်ခဲ့ပေ။
သူ ထိုအရာကို လုပ်ကြည့်ချင်နေခဲ့သည်။ သူ စမ်းကြည့်နေချင်ခဲ့သည်။ သို့သော်... သူ သေသွားနိုင်ချေတော့ များလှသည်။
နစ်သည် သူ၏ လက်သီးများကို ဆုပ်ထားလိုက်သည်။
'ဒါက သောက်ရမ်း ဆိုးရွားတဲ့ အကြံတစ်ခုမှန်း ငါ သိတယ်... ငါ သေဖို့များတယ် ဆိုတာကိုလည်း ငါ သိတယ်... ဒါပေမဲ့ ဒါကို ငါ အစွမ်းကုန် ကြိုးစားကြည့်ရမယ်... ငါ တစ်ခေါက်လောက်တော့ စမ်းကြည့်မှ ဖြစ်မယ်... ဒါမှမဟုတ်ရင် ငါ ဘယ်တော့မှ ပျော်ရွှင်ရတော့မှာ မဟုတ်ဘူး...'
နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် သူသည် အမည်းရောင် နယ်မြေဆီသို့ တိတ်ဆိတ်စွာ ကူးခတ်သွားလေတော့သည်။
***