← Chapters

အခန်း ၃၀

Vol. 2 Ch. 30

အခန်း ၃၀

Vol. 2 Ch. 30

အပိုင်း(၃၀)

နစ်သည် အောက်ဘက်သို့ တဖြည်းဖြည်း ပို၍ နက်ရှိုင်းစွာ ချက်ချင်း ငုပ်လျှိုးသွားခဲ့သည်။ သတ္တု အပိုင်းအစများစွာက သူ၏ အရေပြားကို ပွတ်တိုက် ခြစ်မိသွားခဲ့သည်။

သို့သော် ထို့နောက်တွင် နစ်၏ အရှိန်မှာ ရုတ်တရက် မြန်ဆန်လာခဲ့ပြီး သူ ဒဏ်ရာရရှိနေခြင်းများ ရပ်တန့်သွားခဲ့သည်။

နစ်သည် အလင်းရောင် မရောက်ရှိနိုင်သော အနက်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ဒရီမာ သည် သူ့အား ဆက်လက်၍ မမြင်နိုင်တော့ကြောင်း ပင်ဖြစ်သည်။

နစ်၏ စွမ်းရည်မှာ ပြန်လည် အသက်ဝင်လာခဲ့သည်။

'ငါ ထွက်ပြေးမှ ဖြစ်မယ်...'

နစ် တွေးလိုက်သည်။

'သူက ငါ့ကို အာရုံစိုက်နေသရွေ့ ငါ သူ့ကို မတိုက်ခိုက်နိုင်ဘူး...'

ဆုံးဖြတ်ချက်ချပြီးနောက် သူသည် ရေဆိုးမြောင်း၏ ထွက်ပေါက်ရှိရာ အရပ်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေတော့သည်။

သို့သော် ထိုအချိန်၌ပင် နစ်၏ ရှေ့မှောက်တွင် ဧရာမ မျက်လုံးအမည်းကြီး တစ်လုံး ပွင့်လာခဲ့သည်။ သူသည် အကြောသေသွားသကဲ့သို့ လှုပ်ရှား၍ မရနိုင်တော့ချေ။

ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးအမည်းကြီးကို ကြည့်နေစဉ် နစ်၏ အတွေးများ ရပ်တန့်သွားခဲ့သည်။ နောက်တစ်ခဏတွင် သွားများ ပြည့်နှက်နေသော ဧရာမ ပါးစပ်ပေါက်ကြီးတစ်ခုက သူ၏ ရှေ့၌ ပွင့်ဟလာပြီး သူ့ကို မျိုချပစ်လိုက်လေသည်။

နစ်သည် သူ၏ ခန္ဓာကိုယ် ဆွဲဖြဲခံရသည်ကို ခံစားလိုက်ရသည်။ သို့သော် ထို့နောက်တွင် ထိုအရာများမှာ အစစ်အမှန် မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။

ယခုအခါတွင် သူသည် အလင်းရောင် မရှိသော နေရာ၌ ရောက်ရှိနေပြီဖြစ်သောကြောင့် အိပ်မက်ဆိုး ၏ လွှမ်းမိုးမှုမှာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

‘အပေါ်မှာ ဒရီမာ...'

'အောက်မှာ အိပ်မက်ဆိုး...'

'ဒီလိုပုံစံနဲ့ ငါ လှုပ်ရှားလို့ မရဘူး... အိပ်မက်ဆိုး က ငါ့ကို ဘယ်အရပ်မျက်နှာဆီမဆို ရမ်းသန်းပြီး ခေါ်သွားနိုင်တယ်...'

'ငါ မျက်နှာမူထားတဲ့ အရပ်မျက်နှာကို အကဲဖြတ်နိုင်ဖို့ ရေပြင်ပေါ်ကို ငါ တက်ရမယ်...'

နစ်သည် အံကို ကြိတ်လိုက်ပြီး အထက်သို့ ပြန်တက်လာခဲ့သည်။ သူ၏ ပတ်လည်ရှိ မျက်လုံးများနှင့် ပါးစပ်ပေါက်ကြီးများမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ အလင်းဖို သည် အလုပ်လုပ်နေဆဲ ဖြစ်ပြီး ၎င်းက ပတ်ဝန်းကျင်ကို လင်းထိန်နေစေသည်။

နစ် ရေပြင်အထက်သို့ မရောက်ရှိမီ အခိုက်အတန့်လေး၌ပင် အရည်များ၏ အက်စစ်ဓာတ်မှာ ပိုမို ပြင်းထန်လာသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

ဆိုလိုသည်မှာ ဒရီမာ သည် သူ့ကို မြင်နေရပြီ ဖြစ်သည်။

နစ်သည် ရေပြင်အထက်သို့ ပေါ်ထွက်လာပြီးနောက် ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်ရင်း အသက်တစ်ချက် ရှူလိုက်သည်။

'ဟိုမှာ...'

နစ်သည် သူ သွားရမည့် လမ်းကြောင်းကို ရှာတွေ့သွားခဲ့ပြီးနောက် ရေထဲသို့ ချက်ချင်း ပြန်လည် ငုပ်လျှိုးသွားလေတော့သည်။

ရွှမ်း...

နစ်သည် သူ၏ ကျောပြင်၌ ကြီးမားသော ဒဏ်ရာကြီးတစ်ခု ပွင့်ဟလာသည်ကို ခံစားလိုက်ရသောအခါ အံကို ပို၍ တင်းကျပ်စွာ ကြိတ်ထားလိုက်သည်။

ယခုလေးတင် ဒရီမာ သည် နစ်၏ အရေပြားနှင့် ကြွက်သားအချို့ကို ဆွဲဖြဲလိုက်ကာ ကြီးမားသော ဒဏ်ရာကြီး သုံးခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

၎င်းသည် ကျပန်း ငှက်တစ်ကောင် မဟုတ်ပေ... စပက်တာ တစ်ကောင် ဖြစ်လေသည်။

အကယ်၍ ၎င်းသာ နစ်ကို ဖမ်းမိသွားပါက ၎င်း၏ ခြေသည်းများထဲမှ တစ်ခုဖြင့် နစ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းပစ်နိုင်လောက်ပေသည်။

သာမန်လူ တစ်ယောက်အနေဖြင့် ဤကဲ့သို့သော အရာမျိုးကို တိုက်ခိုက်နိုင်စွမ်း ရှိမည်မဟုတ်ချေ။

နစ် အောက်ဘက်သို့ ဆင်းသက်သွားသည်နှင့်အမျှ အက်စစ်၏ ပြင်းအားမှာ လျော့ကျသွားခဲ့သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရှေ့သို့ ချက်ချင်း စတင် ကူးခတ်သွားလေသည်။

နောက်တစ်ခဏတွင် ရေ၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး နစ်သည် ဆူပွက်နေသော ဆီအိုးကြီး တစ်လုံးထဲ၌ ကူးခတ်နေရသကဲ့သို့ ခံစားလိုက်ရသည်။

နစ်၏ တစ်ကိုယ်လုံးမှာ နီရဲလာခဲ့ပြီး နာကျင်မှုကြောင့် အော်ဟစ်ပစ်လိုက်ချင်ရုံမှလွဲ၍ သူ ဘာမှမလုပ်ချင်တော့ပေ။

'ဒါက အစစ်အမှန် မဟုတ်ဘူး...'

'ဒါက အစစ်အမှန် မဟုတ်ဘူး...'

'ဒါက အစစ်အမှန် မဟုတ်ဘူး...'

ဘန်း...

ရုတ်တရက် နစ်၏ ညာဘက်လက်သည် မာကျောသော အရာတစ်ခုနှင့် ဝင်တိုက်မိသွားပြီး သူ၏ ခေါင်းကလည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါ ဝင်ဆောင့်မိသွားခဲ့သည်။

'အိမ်တစ်လုံးလား... အခုလို အချိန်ကြီးမှာ...'

နစ်သည် အပျက်အစီးများထဲမှ တစ်ခုနှင့် ဝင်တိုက်မိသွားခြင်း ဖြစ်သည်။ သူ အလျင်အမြန် ဆုံးဖြတ်ချက် ချရမည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူသည် အထက်သို့ ပြန်ထွက်လာခဲ့ပြန်သည်။

ထိုအိမ်မှာ ထိုမျှလောက် မမြင့်မားလှပေ။ ၎င်း၏ မျက်နှာကြက်နှင့် ရေပြင်အကြား၌ တစ်မီတာခန့် ကွာဟနေသေးသည်။

ထိုအချိန်၌ နစ်သည် အလင်းရောင် အနည်းငယ်ကို ခံစားလိုက်ရသော်လည်း သူ၏ စွမ်းရည်မှာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ဆိုလိုသည်မှာ ဒရီမာသည် သူ့အား မမြင်ရသေးခြင်း ပင်ဖြစ်သည်။

နစ်သည် တိတ်ဆိတ်စွာဖြင့် ရှေ့သို့ ကူးခတ်သွားခဲ့သည်။ သူ၏ ရင်ဘတ်မှာ အိမ်၏ အမိုးနှင့် ပွတ်တိုက်လုမတတ် ဖြစ်နေခဲ့သည်။

ရုတ်တရက် ရေများက သူ့ကို ပြင်းထန်စွာ ပြန်လည် လောင်ကျွမ်းလာခဲ့ပြီး နစ်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့သည်။

သူ၏ စွမ်းရည် ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအချိန်၌ နစ်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး သူသည် ပက်လက်အနေအထားသို့ ဖြည်းညင်းစွာ လှည့်လိုက်သည်။

ဒရီမာ အနေဖြင့် သူ့ကို မြင်နိုင်သော်လည်း ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ဘူး ဆိုသည့် အချက်အပေါ်၌ နစ် လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ နစ်သည် ရေပြင်အောက် တစ်မီတာခန့်တွင် ရှိနေဆဲဖြစ်သောကြောင့် ဒရီမာ သည် ဝေဝါးနေသော ပုံရိပ် သို့မဟုတ် အရိပ်တစ်ခုကိုသာ မြင်တွေ့နိုင်မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒရီမာ မှာမူ ၎င်း၏ အနောက်ဘက်ရှိ အလင်းရောင်ကြောင့် လင်းထိန်နေပြီး နစ် အနေဖြင့် ၎င်းကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်လေသည်။

ဤအချိန်၌ ဒရီမာ သည် ၎င်း၏ ခြေသည်းများကို ဆန့်ထုတ်ထားလျက် သူ့ထံသို့ ထိုးဆင်းလာနေခဲ့သည်။

နစ်၏ စိုးရိမ်ပူပန်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဒရီမာ သည် သူ့ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဘုန်း...

ဒရီမာ၏ ခြေသည်းများ ရေထဲသို့ ရောက်ရှိလာစဉ် နစ်သည် သူ၏ ခန္ဓာကိုယ်ကို ဘေးဘက်သို့ တွန်းပို့လိုက်သည်။

နစ် ရှိနေသော အနက်ကြောင့် ဒရီမာသည်လည်း အရည်များထဲသို့ အပြည့်အဝ ဝင်ရောက်ရမည်ဖြစ်ပြီး ထိုအရာက ၎င်း၏ အရှိန်ကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။

ဒရီမာ၏ ခြေသည်းများသည် နစ်၏အနီးမှ ကပ်သီးလေး ဖြတ်သန်းသွားခဲ့သည်။ နစ်သည် ၎င်းတို့ကို သူ၏ လက်နှစ်ဖက်ဖြင့် ချက်ချင်း ဖမ်းဆုပ်လိုက်လေသည်။

အရည်များထဲမှ ပြန်လည် ထွက်ခွာနိုင်ရန် ဒရီမာ ၏ အတောင်ပံများက ရိုက်ခတ်လိုက်ပြီး နစ်သည် သူကိုယ်တိုင် အထက်သို့ ဆွဲတင်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။

ဗွမ်း...

သူတို့ နှစ်ဦးစလုံး အရည်များထဲမှ ထွက်ပေါ်လာခဲ့ပြီး ဒရီမာသည် နစ်ကို ကောင်းကင်ယံဆီသို့ ဆွဲတင်သွားခဲ့သည်။

လက်ရှိအချိန်၌ ဒရီမာသည် နစ်ကို ကြည့်ရှုနိုင်ရန် အခွင့်အရေး မရှိခဲ့ပေ။ သို့သော် နစ်၏ စွမ်းရည်မှာ ပြန်လည် အသက်ဝင်မလာသေးချေ။

တစ်စုံတစ်ယောက်ကို ကြားနေရခြင်းနှင့် ခံစားနေရခြင်းကလည်း တစ်စုံတစ်ယောက်ကို အာရုံခံသိရှိနေခြင်းအဖြစ် သတ်မှတ်နိုင်ပေသည်။

မီတာအနည်းငယ်မျှ အထက်သို့ ရောက်ရှိသွားပြီးနောက် ဒရီမာသည် နစ်ကို ငုံ့ကြည့်လိုက်ပြီး ၎င်း၏ နှုတ်သီးကြီး ပွင့်ဟလာခဲ့သည်။

သို့သော် ယခုအခါတွင် နစ်သည် သူ၏ နေရာကို ပြန်လည် ပြင်ဆင်ယူထားပြီး ဖြစ်လေသည်။

သူသည် သူ့ကိုယ်သူ အထက်သို့ ဆွဲတင်လိုက်ပြီး ခန္ဓာကိုယ်ကို စောင်းထားလိုက်သည်။

ထို့နောက်...

ဘုန်း...

နစ်သည် ဒရီမာ ၏ ခေါင်းကို ဆောင့်ကန်ပစ်လိုက်သည်။

စွမ်းရည် မရှိသော နစ်ထက် ဒရီမာ က များစွာ ပိုမို အစွမ်းထက်နေသော်လည်း ခေါင်းကို အကန်ခံရခြင်းကတော့ အတော်လေး နာကျင်စေဆဲ ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နစ်သည် ဒရီမာ ၏ ခြေသည်းများကို လွှတ်ပေးလိုက်ပြီး ရေဆိုးမြောင်းများ၏ ထွက်ပေါက်ရှိရာ အရပ်ဆီသို့ သူ့ကိုယ်သူ ပစ်ချလိုက်လေသည်။

သူ၏ ကန်ချက်နှင့် ခုန်ဆင်းလိုက်သော အရှိန်ကြောင့် ဒရီမာ မှာ လုံးဝကို အသိစိတ် လွတ်သွားခဲ့ပြီး မီတာအနည်းငယ် အကွာရှိ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။

သို့ရာတွင် ၎င်းသည် သိသိသာသာ ဒဏ်ရာရရှိသွားခြင်း မရှိချေ။ စက္ကန့်ပိုင်းအတွင်း၌ပင် သူ၏အထက်သို့ ပြန်လည် ပျံသန်းလာမည်ဖြစ်ကြောင်း နစ် သေချာပေါက် သိနေခဲ့သည်။

'ထွက်ပေါက်ဆီကို ရောက်ဖို့ မီတာ ၂၀၀ လောက်ပဲ လိုတော့တယ်... မျက်နှာပြင် အပေါ်အထိ သူ ငါ့နောက်ကို လိုက်လာလိမ့်မယ် ဆိုတာကိုတော့ ငါ မယုံဘူး...'

နစ်သည် ရှေ့သို့ ချက်ချင်း ကူးခတ်သွားခဲ့သည်။ ဒရီမာသည် ရေထဲ၌ ရှိနေဆဲဖြစ်သောကြောင့် သူ၏ စွမ်းရည်မှာ ပြန်လည် အသက်ဝင်လာခဲ့ပြီး သူသည် သူ၏ ခွန်အား အပြည့်ဖြင့် ကူးခတ်သွားလေတော့သည်။

ဗွမ်း...

စက္ကန့်အနည်းငယ် အကြာတွင် သူ၏ အနောက်ဘက် မီတာ ၃၀ ခန့်အကွာ၌ ရေထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာသော အသံကျယ်ကြီးကို နစ် ကြားလိုက်ရသည်။ထိုအသံကို ကြားပြီး ငါးစက္ကန့်အကြာတွင် နစ်၏ စွမ်းရည်မှာ ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်သည်။

နစ်သည် အံကို ကြိတ်လိုက်ပြီး ရေအောက်သို့ ငုပ်လျှိုးသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်၌ ကုတ်ခြစ်ရာများ ပိုမို ထွက်ပေါ်လာခဲ့သည်။

ဘုန်း...

သို့သော် ဒရီမာ ၏ တိုက်ခိုက်မှုမှာ လွဲချော်သွားခဲ့ပြီး နစ်၏ စွမ်းရည်မှာ ပြန်လည် အသက်ဝင်လာခဲ့သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အခိုက်အတန့်မျှ ကြာပြီးနောက် ပါးစပ်ပေါက်များစွာက နစ်၏ ခန္ဓာကိုယ်ကို ထပ်မံ ကိုက်ဖြဲလာကြပြန်သည်။ နစ်သည် ရှေ့သို့ ကူးခတ်နေရမည့်အစား အောက်သို့ ကူးခတ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သို့တိုင်အောင် နစ်သည် ဆက်လက် ကူးခတ်နေခဲ့သည်။ နာကျင်မှုကို သူ လျစ်လျူရှုထားခဲ့သည်။

ကြောက်မက်ဖွယ်ရာများကိုလည်း သူ လျစ်လျူရှုထားခဲ့သည်။

ဘုန်း...

ထို့နောက် နစ်သည် မာကျောသော အရာတစ်ခုနှင့် ထပ်မံ ဝင်တိုက်မိသွားပြန်သည်။

'ဒါက အရင်က ငါစုံစမ်းစစ်ဆေးခဲ့တဲ့ အိမ်ပဲ... ငါ ထွက်ပေါက်နဲ့ မီတာ ၅၀ လောက်ပဲ ကွာတော့တယ်...'

ယခုအခါတွင် နစ်၏ အဆုတ်များက ရေပြင်ပေါ်သို့ တက်ရန် သူ့အား အော်ဟစ် တောင်းဆိုနေကြပြီ ဖြစ်သည်။

'ငါ အဲဒီအပေါ်ကနေ ပြေးသွားမှ ဖြစ်မယ်...'

နစ်သည် ရေပြင်အထက်သို့ ထပ်မံ ပေါ်ထွက်လာခဲ့သည်။

သို့သော် သူ ရေပြင်ကို မဖောက်ထွက်ရသေးမီမှာပင် သူ၏ စွမ်းရည်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ဒရီမာသည် အရူး မဟုတ်ချေ။

၎င်းသည် နစ် မည်သည့်နေရာသို့ ကူးခတ်သွားသည်ကို မြင်တွေ့ထားပြီး ထိုအရပ်မျက်နှာကို အဆက်မပြတ် ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နစ်သည် ခါးစပ်ထိရှိသော ရေထဲ၌ အကောင်းဆုံး ပြေးလွှားနိုင်ရန် ကြိုးစားရင်း ရှေ့သို့ အလျင်အမြန် ရွေ့လျားသွားခဲ့သည်။

သူသည် ဒရီမာ ရှိရာ နေရာကို နောက်သို့ လှည့်ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် ဒရီမာ သည် သူ့ထံသို့ ထိုးဆင်းလာနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

နစ် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ချေ။

နောက်ထပ် မီတာ အနည်းငယ် ကျန်နေသေးသည်။

ဒရီမာက သူ့ကို ဖမ်းမိသွားတော့မည် ဖြစ်သည်။

နစ်သည် သူ့ကိုယ်သူ အသင့်ပြင်လိုက်သည်။

သူ တစ်ခုခု လုပ်ရတော့မည်။

ထိုအချိန်၌ နစ်၏ ကျောပြင်မှာ စတင် လောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။ သို့မဟုတ် အနည်းဆုံးတော့ ထိုသို့ ခံစားလိုက်ရလေသည်။ နစ်၏ ပတ်လည်၌ အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလွန် အံ့သြတုန်လှုပ်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

ဒရီမာ၏ မျက်လုံးများမှ မီးတောက်များ ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။

"ရွှီး..."

ဒရီမာသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ထိုးဆင်းလာမှုကို ရပ်တန့်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

ဘာတွေ ဖြစ်ပျက်နေသည်ကို နစ် လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

"နစ်..."

တစ်စုံတစ်ယောက်က ချောင်းဆိုးနေသည့် ကြားမှပင် အော်ခေါ်လိုက်သည်။

နစ် နောက်သို့ လှည့်ကြည့်လိုက်သည်။

ဝင်တာ...

ဝင်တာသည် သူ၏ အနောက်ဘက် တည့်တည့်၌ ရပ်နေခဲ့သည်။ သူ၏ စျေးကြီးသော ဝတ်စုံမှာ ရေဆိုးမြောင်းမှ ရေများဖြင့် ရွှဲရွှဲစိုနေခဲ့လေပြီ။

လက်ရှိအချိန်၌ ဝင်တာ၏ ပတ်လည်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး သူ၏ မျက်လုံးများမှာ လုံးဝ အဖြူရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

"သူ့ကို ဖမ်းလိုက်..."

ဝင်တာက မောကြီးပန်းကြီး အော်ပြောလိုက်ပြီးနောက် နစ်ရှိရာမှ တစ်ဖက်သို့ မျက်နှာလွှဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် နစ်သည် သူ၏ စွမ်းရည်များ ပြန်လည် အသက်ဝင်လာကြောင်း ခံစားလိုက်ရသည်။

ဒရီမာ၏ မျက်လုံးများ မီးလောင်သွားသောအခါ ၎င်း၏ အမြင်အာရုံမှာ လုယူခံလိုက်ရပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းသည် နစ်ကို ဆက်လက်၍ မမြင်နိုင်တော့ကြောင်း ပင်ဖြစ်သည်။

နစ်သည် သူ၏အထက် နှစ်မီတာခန့်မှ ဖြတ်သန်းသွားတော့မည့် ဒရီမာ ရှိရာဆီသို့ ချက်ချင်း လှည့်လိုက်သည်။

နစ်၏ မျက်လုံးများထဲ၌ ဒေါသတရားများ ထွက်ပေါ်လာခဲ့သည်။

ဘုန်း...

နစ်သည် သူ၏ ခွန်အား အပြည့်ဖြင့် ခုန်တက်လိုက်ရာ သူ၏ ပတ်လည်ရှိ ရေများမှာ ပေါက်ကွဲထွက်သွားခဲ့သည်။

ထို့နောက် သူ လက်သီးဖြင့် ထိုးချလိုက်လေတော့သည်။

All Chapters