← Chapters

အခန်း ၃၁

Vol. 3 Ch. 31

အခန်း ၃၁

Vol. 3 Ch. 31

အပိုင်း(၃၁)

ခွပ်...

နစ်၏ လက်သီးသည် ဒရီမာ၏ ရင်ဘတ် အလယ်တည့်တည့်သို့ ထိမှန်သွားခဲ့ပြီး တစ်စုံတစ်ခု ကျိုးသွားသည်ကို ခံစားလိုက်ရကြောင်း နစ် အသေအချာ ကျိန်ဆိုရဲပေသည်။

ထို့အပြင် ဤတစ်ကြိမ်တွင်မူ ၎င်းမှာ သူ၏ အရိုးများထဲမှ တစ်ခု မဟုတ်ခဲ့ပေ။ ဒရီမာ၏ ခန္ဓာကိုယ်မှာ လေထဲ၌ လည်ထွက်သွားခဲ့ပြီး ၎င်း၏ အတောင်ပံ ခတ်မှုများမှာ အလွန် ကမောက်ကမ ဖြစ်သွားခဲ့သည်။

နစ်သည် ရေပြင်သို့ အရင် ကျဆင်းလာခဲ့ပြီး ဒရီမာ ကျလာမည့် နေရာဆီသို့ ချက်ချင်း ပြေးထွက်သွားခဲ့သည်။

ဗွမ်း...

ဒရီမာ ရေထဲသို့ ကျသွားသည်နှင့် နစ်သည် ၎င်း၏အပေါ်သို့ ခုန်အုပ်လိုက်သည်။

ဘုန်း...

နစ်သည် ဒရီမာ၏ အတောင်ပံ တစ်ဖက်ကို ဆောင့်ကန်လိုက်ရာ ၎င်းမှာ အလွယ်တကူပင် ကျိုးသွားခဲ့သည်။ နောက်တစ်ခဏတွင် နစ်သည် ဒရီမာ၏ တုတ်ခိုင်သော လည်ပင်းကို သူ၏ လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ ညှစ်ထားလိုက်သည်။

နစ်၏ စွမ်းရည်မှာ ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်သည်။ သို့သော် ထိုအရာက အရေးမကြီးတော့ပေ။ တစ်စုံတစ်ယောက်၏ လည်ပင်းကို ညှစ်ရန်အတွက် ကြီးမားလှသော ခွန်အား ကွာခြားမှုမျိုး မလိုအပ်ချေ။

လက်ရှိအချိန်၌ နစ်နှင့် ဒရီမာတို့သည် ရေဆိုးမြောင်းများ၏ ကြောက်မက်ဖွယ်ကောင်းသော အရည်များထဲ၌ လုံးထွေး သတ်ပုတ်နေကြပြီး နစ်က ၎င်းကို လည်ပင်းညှစ်သတ်ရန် ကြိုးစားနေခဲ့သည်။

သို့တိုင်အောင် စက္ကန့်အနည်းငယ် အကြာတွင် ဒရီမာ၏ ခေါင်းမှာ ၁၈၀ ဒီဂရီ လည်ထွက်လာခဲ့သည်။

'ဟုတ်သားပဲ... သူက ဇီးကွက်လေ...' နစ်သည် ထိတ်လန့်တကြား တွေးလိုက်မိသည်။

နစ်၏ လည်ပင်းကို ကိုက်ဖြဲရန် ဒရီမာ၏ နှုတ်သီးကြီး ပွင့်ဟလာခဲ့သည်။ နစ်သည် ဒရီမာ၏ လည်ပင်းကို အလျင်အမြန် လွှတ်လိုက်ရသည်။

သူ၏ ဘယ်ဘက်လက်က ဒရီမာကို သူ၏ လည်ပင်းနှင့် ဝေးရာသို့ တွန်းထုတ်လိုက်ပြီး ညာဘက်လက်ကမူ ၎င်း၏ ခေါင်းဆီသို့ ထိုးထွက်သွားခဲ့သည်။

နောက်တစ်ခဏတွင် ဒရီမာသည် ၎င်း၏ အမြင်အာရုံထဲ၌ လက်ချောင်း နှစ်ချောင်း တဖြည်းဖြည်း ကြီးမားလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။

ဖွပ်...

နစ်၏ လက်ချောင်းများက ၎င်း၏ မျက်လုံးများကို ဖောက်ထွင်း ကြိတ်ချေပစ်လိုက်သောအခါ ဒရီမာသည် စူးရှစွာ အော်ဟစ်လိုက်သည်။

ရေဆိုးမြောင်းများထဲမှ အရည်များ ၎င်း၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားသောအခါ ဒရီမာ၏ အော်ဟစ်သံမှာ ပြတ်တောက်သွားခဲ့သည်။

နစ်၏ လက်ချောင်း နှစ်ချောင်းမှာ ဒရီမာ၏ မျက်လုံးအိမ်များထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ နစ်၏ လက်မသည် ဒရီမာ၏ အောက်နှုတ်သီးကို ဖမ်းဆုပ်လိုက်ပြီး သူ၏ ခွန်အား အပြည့်ဖြင့် ကိုင်ညှစ်ထားလိုက်သည်။

နစ်နှင့် ဒရီမာတို့သည် ခက်ခက်ခဲခဲ လုံးထွေး သတ်ပုတ်နေခဲ့သည်။ အဆုံး၌ ဒရီမာ၏ မျက်လုံးအိမ်များထဲသို့ လက်ချောင်းများ စိုက်ဝင်ထားလျက်ပင် ၎င်း၏ အနောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ဗွမ်း...

နစ်၏ ဘေး၌ ရေပက်သံ တစ်ခု ထွက်ပေါ်လာပြီး ဝင်တာသည် နစ်၏ ဘေး၌ ထွက်ပေါ်လာခဲ့သည်။

"ဒီအတိုင်းပဲ ဆက်ထား..."

ဝင်တာက အော်ပြောလိုက်သည်။ ယခုအခါတွင် နစ်၏ ခြေထောက်များသည်လည်း ဒရီမာ၏ ခန္ဓာကိုယ်ကို ညှပ်ထားခဲ့ပြီး ရေဆိုးမြောင်းများထဲ၌ ရေမနစ်စေရန် အစွမ်းကုန် ကြိုးစားနေခဲ့ရသည်။

ဒရီမာသည် ထိတ်လန့်တကြားဖြင့် ရုန်းကန်နေဆဲ ဖြစ်ပြီး နစ်သည် ၎င်းကို ဖိနှိပ်ထားနိုင်ရန် သူ၏ ခွန်အား အားလုံးကို အသုံးပြုနေခဲ့ရသည်။

နောက်တစ်ခဏတွင် ဝင်တာသည် ပျော့ပျောင်းသော သတ္တုကြိုး တစ်မျိုးကို ထုတ်ယူကာ ဒရီမာ၏ လည်ပင်း၌ ရစ်ပတ်လိုက်သည်။

ထိုကြိုးမှာ အလျင်အမြန်ပင် အနီရောင် တောက်ပလာခဲ့၏။ ဒရီမာ၏ ရုန်းကန်မှုများမှာ ပိုမို ပြင်းထန်လာခဲ့သည်။ သို့သော် နစ်သည် ၎င်းကို ငြိမ်သက်နေအောင် ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဆယ်စက္ကန့်ခန့် အကြာတွင် ဒရီမာ၏ ရုန်းကန်မှုများမှာ အားနည်းလာခဲ့ပြီး နောက်ထပ် မိနစ်ဝက်ခန့် အကြာတွင်မူ ၎င်းမှာ လုံးဝ လှုပ်ရှားခြင်း မရှိတော့ချေ။

"ငါ လွှတ်လိုက်လို့ ရပြီလား..."

နစ်က မေးလိုက်သည်။

"မင်း... ဝေါ့... လွှတ်လိုက်လို့ ရပြီ..."

ဝင်တာက ပျို့အန်ချင်စိတ်ကို ထိန်းရင်း ပြောလိုက်သည်။ နစ်သည် ဒရီမာ၏ မျက်လုံးအိမ်များထဲမှ သူ၏ လက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။ သို့သော် ဒရီမာ ကိုမူ ဆက်လက် ဖမ်းဆုပ်ထားဆဲ ဖြစ်သည်။

"ကုန်းပေါ်က အိတ်ထဲကို အဲဒါ ထည့်လိုက်..."

ဝင်တာက သူ ထပ်မံ၍ မအန်မိခင် အလျင်အမြန် ပြောလိုက်သည်။ နစ်က ခေါင်းညိတ်လိုက်ပြီး ဒရီမာ ကို ထွက်ပေါက်ဆီသို့ ဆွဲယူသွားခဲ့သည်။

တစ်မိနစ်ခန့် အကြာတွင် နစ်သည် ရေဆိုးမြောင်းများ၏ ထွက်ပေါက်သို့ ရောက်ရှိသွားပြီး ဒရီမာ ကို ကုန်းပေါ်သို့ ဆွဲတင်လိုက်သည်။

ယခုမှသာ နစ်သည် ဒရီမာ ကို သေချာစွာ ကြည့်ရှုနိုင်တော့သည်။

၎င်း၏ ရင်ဘတ်မှာ ချိုင့်ဝင်နေခဲ့သည်။

၎င်း၏ အတောင်ပံ နှစ်ဖက်စလုံး ကျိုးနေခဲ့ပြီး ဒုတိယ အတောင်ပံမှာ လုံးထွေးသတ်ပုတ်နေစဉ်အတွင်း ကျိုးသွားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးများထဲမှ သွေးမည်းများ စီးကျနေခဲ့သည်။

၎င်း၏ ခြေထောက်တစ်ဖက်မှာ သဘာဝမကျသော ထောင့်ချိုးတစ်ခုဖြင့် ကွေးကောက်နေခဲ့သည်။

အမွေးအတောင် အများအပြားလည်း ကျွတ်ထွက်နေခဲ့သည်။

ကံကောင်းသည်က ၎င်းသည် စပက်တာ တစ်ကောင် ဖြစ်နေခြင်းပင်။

ဤဒဏ်ရာများသည် စပက်တာ တစ်ကောင်ကို သေဆုံးစေရန် မလုံလောက်ပေ။ ထို့အပြင် ၎င်းသည် အများဆုံး တစ်ပတ်အတွင်း ပြန်လည် သက်သာလာမည် ဖြစ်သည်။

နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ထို့နောက် နာကျင်မှုများက သူ့ကို ဝင်ရောက် တိုက်ခိုက်လာခဲ့လေသည်။

သူ၏ ဘယ်ဘက်လက်မှ လက်သည်း နှစ်ခုမှာ ကျွတ်ထွက်နေခဲ့သည်။ သူ၏ လက်ချောင်း သုံးချောင်းမှာလည်း ကျိုးနေခဲ့လေသည်။ ခန္ဓာကိုယ်ပေါ်၌ ပြတ်ရှဒဏ်ရာ အများအပြား ရှိနေခဲ့သည်။ သူ၏ ကျောပြင် တစ်လျှောက်၌လည်း ကြီးမားသော ဒဏ်ရာကြီး သုံးခု ရှိနေလေသည်။

နစ်သည် သူ၏ နံရိုးများဆီမှ ပြင်းထန်သော နာကျင်မှု အချို့ကိုပင် ခံစားနေရသည်။

ရေထဲ၌ လုံးထွေးသတ်ပုတ်နေစဉ်အတွင်း ၎င်းတို့သည် ပွန်းပဲ့ သို့မဟုတ် ကျိုးသွားခဲ့ခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိလေသည်။

အဆိုးဆုံးမှာ သူ၏ နှာခေါင်းသည်လည်း ကျိုးနေခဲ့ခြင်းပင်ဖြစ်သည်။

နစ်သည် နာကျင်မှု ကမ္ဘာကြီးထဲသို့ ရောက်ရှိနေခဲ့သည်။ ထို့အပြင် ဒဏ်ရာများ အားလုံးမှာ ရေဆိုးမြောင်းများ၏ ရွံရှာဖွယ်ကောင်းသော အရည်များဖြင့် ပြည့်ဝစွာ ဆေးကြောခံထားရသောကြောင့် ဆိုးရွားစွာ ပိုးဝင်လာမည်မှာ သေချာကြောင်းကိုလည်း သူ သိရှိထားပေသည်။

သူ့ကို ပြန်လည် သက်သာလာစေရန် ဝင်တာ ထံ၌ နည်းလမ်း တစ်ခုခု ရှိနေမည်ဟုသာ သူ မျှော်လင့်နိုင်တော့သည်။

အကယ်၍ ဆင်ခြေဖုံးရပ်ကွက်၌ ရရှိနိုင်သော ဆေးဝါးများကိုသာ သူ အားကိုးရမည်ဆိုပါက သူ သေချာပေါက် သေရမည်ဖြစ်ကြောင်း နစ် ကောင်းစွာ သိထားသည်။

သူ၏ စွမ်းရည်က ရောဂါပိုးဝင်ရောက်မှုများနှင့် အဆိပ်များကို အနည်းငယ် ခံနိုင်ရည် ရှိစေသည်။ သို့သော် ဤအခြေအနေမျိုးတွင် ၎င်းက လုံလောက်မှု ရှိမရှိကိုမူ သူ မသေချာတော့ချေ။

"ဝေါ့..."

နစ်သည် ရေဆိုးမြောင်းများထဲမှ ထွက်လာစဉ် ဝင်တာ ၏ အော့အန်သံကို ကြားလိုက်ရသည်။ နစ်သည် ဝင်တာ ရှိရာသို့ လှည့်ကာ ကြည့်လိုက်သည်။

လက်ရှိအချိန်၌ ဝင်တာ သည် လေးဖက်ထောက်လျက် သေတော့မည့်အလား ချောင်းဆိုးကာ ပျို့အန်နေခဲ့လေသည်။

'စောစောက ရေဆိုးမြောင်းတွေထဲကို ငါ့နောက် သူ မလိုက်နိုင်ခဲ့ဘူး... ဒါပေမဲ့ ငါ အန္တရာယ် ကြုံနေရတာကို မြင်တော့ သူ တကယ်ပဲ ခုန်ချလာခဲ့တယ်...'

ဝင်တာ့ အပေါ်ထားရှိသော နစ်၏ ယုံကြည်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ အနည်းငယ်မျှ ညစ်ပတ်နေသော အရာတစ်ခုခုကို ကိုင်တွယ်မိသည်နှင့် လက်ကို အမြဲတမ်း ပြန်သုတ်လေ့ရှိသော မဲဖီယွန် မိသားစု၏ သပ်ရပ်လှပသော အမွေဆက်ခံသူ ဝင်တာ သည် သူ့ကို ကယ်တင်ရန်အတွက် ရေဆိုးမြောင်းများထဲသို့ ခုန်ချလာခဲ့ခြင်း ဖြစ်သည်။

'အစက ငါထင်ထားသလောက် သူက မာနကြီးတဲ့သူ မဟုတ်လောက်ဘူး... တကယ်တမ်း အရေးကြုံလာတဲ့အခါ သူက တကယ်ကို ယုံကြည်စိတ်ချရတဲ့ သူပဲ...'

နစ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ လက်ရှိအချိန်၌ သူသည် ဝမ်းသာကြည်နူးနေခဲ့သည်။

စွန့်စားရကျိုး နပ်သွားခဲ့ပြီ။ သူ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

"ဝင်တာ..."

နစ်က ခေါ်လိုက်သည်။

နောက်ထပ် အော့အန်သံ တစ်ခုကိုသာ ကြားလိုက်ရသည်။

"ငါတို့ လုပ်နိုင်ခဲ့ပြီ…”

***

All Chapters