← Chapters

အခန်း ၃၃

Vol. 3 Ch. 33

အခန်း ၃၃

Vol. 3 Ch. 33

အပိုင်း(၃၃)

တစ်ချိန်တည်း၌ နစ် နှင့် ဝင်တာ တို့သည် သူတို့ ပိုင်ဆိုင်သော တစ်ခုတည်းသော ထိန်းချုပ်ခန်း ဆီသို့ လျှောက်သွားခဲ့ကြသည်။

ဝင်တာက ထိန်းချုပ်ခန်း ၏ ဘေးဘက်ရှိ ခလုတ်များစွာ ပါဝင်သော ထိန်းချုပ်ခုံ တစ်ခုကို ဟိုနှိပ်သည်နှိပ် လုပ်နေစဉ် နစ်သည် ဝင်ပေါက်ရှေ့၌ စောင့်ဆိုင်းနေခဲ့သည်။

နောက်တစ်ခဏတွင် နေရာအနှံ့၌ အနီရောင် မီးလုံးများ လင်းထိန်လာပြီးနောက် ထိန်းချုပ်ခန်း ထံမှ ကျယ်လောင်သော သတိပေး အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတို့ နှစ်ဦးစလုံး အံ့သြမသွားခဲ့ကြပေ။ ဤသည်မှာ ထိန်းချုပ်ခန်း တစ်ခု လုံးဝ ပွင့်သွားချိန်၌ မြည်သော အချက်ပေးသံ ပင်ဖြစ်သည်။ ဈေးအပေါ်ဆုံး ထိန်းချုပ်ခန်း များ၌ ၎င်းတို့ကို ဖွင့်ရန် ရည်ရွယ်ချက် သုံးမျိုးသာ ရှိလေသည်။

ပထမအချက်အနေဖြင့် လက်ဖြင့် ကိုင်နိုင်သည့် အရာဝတ္ထုများကို ထည့်သွင်းရန် တံခါးငယ်လေး တစ်ခုကို ဖွင့်ခြင်း။

ဒုတိယအချက်အနေဖြင့် လူတစ်ယောက် ဝင်ထွက်သွားလာနိုင်ရန် သာမန် တံခါးကို ဖွင့်ခြင်း။

တတိယအချက်အနေဖြင့် စပက်တာ တစ်ကောင်ကို ထည့်သွင်းရန် တံခါးမကြီးကို ဖွင့်ခြင်း တို့ဖြစ်ကြသည်။

သို့သော် နေပါဦး... ဒရီမာ မှာ အတော်လေး သေးငယ်လှသည်။ သူတို့၎င်းကို သာမန်တံခါးမှတစ်ဆင့် အဘယ်ကြောင့် သယ်ဆောင်မသွားနိုင်ရသနည်း။

အမှန်တကယ်တော့ ထိန်းချုပ်ခန်း ဆိုသည်မှာ ကြီးမားသော စတီးလ်တုံးကြီး တစ်ခုသက်သက်ထက် ပိုမို ရှုပ်ထွေးလှပေသည်။ ၎င်းတွင် အာရုံခံကိရိယာများ၊ အချက်ပေးစနစ်များ၊ အတားအဆီးများနှင့် ကာကွယ်ရေးစနစ်များ အများအပြား ပါဝင်လေသည်။

လူတစ်ယောက် တံခါးကို ဖြတ်သန်းသွားသောအခါ ထိန်းချုပ်ခန်း သည် ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် စပက်တာ တစ်ကောင်သာ ၎င်းကို ဖြတ်သန်းရန် ကြိုးစားလာပါက ကာကွယ်ရေးစနစ်များ အားလုံး အသက်ဝင်လာမည် ဖြစ်သည်။

ထိုသို့သာ မဟုတ်ပါက သေးငယ်ပြီး ပါးနပ်သော စပက်တာ များသည် လူများ ဝင်ထွက်သွားလာချိန်၌ ထိန်းချုပ်ခန်း ထဲမှ တိတ်တဆိတ် ခိုးထွက်သွားနိုင်ကြပေလိမ့်မည်။

ထို့ကြောင့် စပက်တာ တစ်ကောင်ကို ထိန်းချုပ်ခန်း ထဲသို့ ထည့်သွင်းသောအခါ ကာကွယ်ရေးစနစ်များ အားလုံးကိုပါ ရပ်တန့်သွားစေမည့် တံခါးမကြီးကို ဖွင့်ရခြင်း ဖြစ်သည်။

ပိုမို စျေးကြီးသော ထိန်းချုပ်ခန်း များ၌မူ ၎င်းတို့ကို ဖွင့်ရန် နည်းလမ်းများ ပိုမို ပါဝင်ကြသည်။ သို့သော် ဤအရာမှာ အပေါဆုံး အမျိုးအစားသာ ဖြစ်လေသည်။ တံခါးမကြီး အပြည့်အဝ ပွင့်သွားပြီးနောက် နစ် သည် ထိန်းချုပ်ခန်း ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူ၏ အနောက်ဘက်၌ တံခါးကြီးမှာ ဖြည်းညင်းစွာ ပြန်လည် ပိတ်သွားခဲ့သည်။ လုံးဝ ပိတ်သွားသောအခါ ထိန်းချုပ်ခန်း အတွင်း၌ အတုအယောင် အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

သာမန် အတုအယောင် အလင်းရောင်များက အိပ်မက်ဆိုး ၏ လွှမ်းမိုးမှုအပေါ် အထောက်အကူ မဖြစ်သော်လည်း ထိန်းချုပ်ခန်း များသည် အတွင်းပိုင်းကို လင်းထိန်စေရန် ဇီဖစ်စွမ်းအင် ကို အသုံးပြုနိုင်ပေသည်။

ပိုမို စျေးကြီးသော ထိန်းချုပ်ခန်း များ၌ အလင်းပြန် မှန်များဖြင့် ပြုလုပ်ထားသော အထူး လိုဏ်ခေါင်းများ ပါဝင်ပြီး ၎င်းတို့က နေရောင်ခြည်ကို ထိန်းချုပ်ခန်း အတွင်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ကာ မီးလင်းရန် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်လေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့၏ စောက်သုံးမကျသော ထိန်းချုပ်ခန်းမှာ ထိုကဲ့သို့ ဇိမ်ခံစရာများ မပါဝင်ခဲ့ပေ။ အတွင်းပိုင်းကို မီးလင်းစေရန်အတွက် ဇီဖစ်စွမ်းအင် ကိုသာ အသုံးပြု၍ သူတို့ ဖြေရှင်းကြရလေသည်။

ကံကောင်းသည်မှာ စပက်တာ များသည် အလင်းရောင် မလိုအပ်သောကြောင့် လူတစ်ယောက် ဝင်ရောက်သွားချိန်၌သာ အတွင်းပိုင်းကို မီးလင်းစေရန် လိုအပ်ခြင်း ပင်ဖြစ်သည်။

မီးလင်းလာသောအခါ နစ်သည် ဒရီမာ ကို ထိန်းချုပ်ခန်း ၏ အလယ်ဗဟိုသို့ ချထားလိုက်သည်။ ဇီဖစ်စွမ်းအင် ပိတ်ဆို့ကိရိယာကြောင့် ဒရီမာ မှာ လှုပ်ရှားနိုင်ခြင်း မရှိချေ။

အနောက်ဘက်ရှိ ထိန်းချုပ်ခန်း ၏ သာမန်တံခါး ပွင့်လာသည်အထိ နစ် သည် ငြိမ်သက်နေသော ဒရီမာကို စက္ကန့်အနည်းငယ်ကြာ စောင့်ကြည့်နေခဲ့သည်။

တံခါးပွင့်လာပြီး နောက်တွင်တော့ သူသည် ရှေ့သို့ ကိုင်းညွတ်ကာ ဇီဖစ်စွမ်းအင် ပိတ်ဆို့ကိရိယာ ကို ဖမ်းဆုပ်လိုက်သည်။

၎င်းကို ဖြုတ်ယူပြီးနောက် နစ် သည် ထိန်းချုပ်ခန်း ထဲမှ ပြေးထွက်လာခဲ့ပြီး ဝင်တာ က တံခါးကို ချက်ချင်း ပိတ်ပစ်လိုက်သည်။

သူတို့ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒရီမာသည် ထိန်းချုပ်ခန်း ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဝင်တာသည် ထိန်းချုပ်ခန်း ဘေးရှိ ထိန်းချုပ်ခုံကို ကြည့်ကာ ၎င်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဝင်တာသည် သက်သာရာရသွားသော သက်ပြင်းတစ်ချက်ကို ချရင်း ခေါင်းညိတ်လိုက်သည်။

"အရာအားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်..."

"ဒရီမာ ကို ထောက်လှမ်းမိသွားပြီ... သူ တစ်ခုခု ကြိုးစားလာရင် ကာကွယ်ရေးစနစ်တွေက တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီ..."

ဝင်တာက ပြောလိုက်သည်။

"သူ ထွက်ပြေးသွားမှာကို ငါတို့ စိုးရိမ်နေစရာ မလိုတော့ဘူး..."

နစ်က သက်သာရာရစွာ သက်ပြင်းချရင်း ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ သူတို့သည် ဒရီမာ ကို လုံခြုံစွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

"ကဲ..."

ဝင်တာ၏ အသံမှာ ပိုမို အေးစက်သွားပြီး ဂိုဒေါင်၏ ထွက်ပေါက်ဆီသို့ လှည့်လိုက်ရင်း ပြောလိုက်သည်။

"ဟိုနှစ်ယောက်ကို ရှင်းကြတာပေါ့..."

"မင်း စိတ်ထဲမှာ ဘာအစီအစဉ် ရှိနေလို့လဲ..."

နစ်က မေးလိုက်သည်။

"အလဲအလှယ် လုပ်တာလေ..."

ဝင်တာက ပြောလိုက်သည်။ "မြို့စောင့်တပ်သားတွေက ငါ့ရဲ့ နောက်ခံကို ကြောက်နေကြတယ်... ပြီးတော့ ငါ့ရှေ့နေတွေ သူတို့နောက်ကို လိုက်မလာအောင် သူတို့ ဘာမဆို လုပ်ကြလိမ့်မယ်..."

"လာခဲ့..."

ဝင်တာသည် ထွက်ပေါက်ဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။ နစ်သည် သူ့နောက်မှ လိုက်သွားခဲ့သည်။ သူတို့နှစ်ဦးသည် မြို့စောင့်တပ်သား နှစ်ဦးကို တံခါးဝတွင်ပင် ရှာတွေ့ခဲ့ပြီး ဝင်တာက သူတို့ကို သူ၏နောက်သို့ လိုက်ခဲ့ရန် ပြောလိုက်သည်။

မြို့စောင့်တပ်သားများသည် ထပ်မံ၍ တောင်းပန်စကား ဆိုရန် ကြိုးစားရင်း ဝင်တာ၏ နောက်မှ လိုက်ပါသွားခဲ့ကြသည်။

အဆုံး၌ သူတို့ လေးဦးသည် အစိမ်းရောင် ရထားလုံး သင်္ကေတ တစ်ခု ပါရှိသော မြင့်မားသည့် အဆောက်အအုံကြီး တစ်ခုသို့ ရောက်ရှိသွားခဲ့ကြသည်။

ဤသည်မှာ ကမ္ဘာပေါ်ရှိ အကြီးဆုံး ဆေးရုံကွန်ရက်များထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် မြို့ကြီးများစွာ၌ လုပ်ငန်းများ လည်ပတ်နေကြခြင်း ဖြစ်သည်။

ဤဆေးရုံများကို ပိုင်ဆိုင်သော ကုမ္ပဏီမှာ အဓိကအားဖြင့် ဇီဖစ်စွမ်းအင် ထုတ်လုပ်သူ များဖြစ်ကြသည်။ သူတို့ထံ၌ ထိန်းချုပ်ခံထားရသော အဆင့်ခြောက် စပက်တာ အနည်းငယ်ထဲမှ တစ်ကောင် ရှိနေခဲ့သည်။

ထိုစပက်တာ မှာ 'ကုန်သည်' ဟု ခေါ်ဆိုသည့် ရထားလုံး တစ်စီး ဖြစ်လေသည်။ လူတစ်ယောက်က အလောင်းများကို ရထားလုံးထဲသို့ ပစ်ထည့်လိုက်သောအခါ ကုသရေး ဆေးရည်များ ရထားလုံးထဲမှ ထွက်လာမည်ဖြစ်ပြီး ဇီဖစ်စွမ်းအင် အနည်းငယ်ကိုလည်း ရထားလုံးက ထုတ်လွှတ်ပေးမည် ဖြစ်သည်။

သဘာဝကျစွာပင် ကုမ္ပဏီသည် ထိုကုသရေး ဆေးဝါးများကို အသုံးပြုကာ နေရာအနှံ့၌ ဆေးရုံများကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

အကျိုးအမြတ်အတွက် ဖြစ်သည်မှာတော့ သေချာလှပေသည်။

"ပြန်လည် ကုသရေး ရေချိုးကန် တစ်ကြိမ် စီစဉ်ပေး... ဒါဆိုရင် ဖြစ်ခဲ့တာတွေကို ငါမေ့လိုက်မယ်... ဘာပဲဖြစ်ဖြစ် ငါ အဲဒါကို လိုအပ်နေတာပဲလေ..."

ဝင်တာသည် သူ၏ အဆစ်လွဲနေသော လက်ကောက်ဝတ်ကို အနည်းငယ် ခါရမ်းရင်း ပြောလိုက်သည်။ မြို့စောင့်တပ်သား နှစ်ဦးသည် အသက်ပြင်းပြင်း ရှူလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

"သခင်လေး မဲဖီယွန်... ကျွန်တော်တို့ သေချာ မသိ..."

"ငါ့ရဲ့ ကုသစရိတ်ကို မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက် ဒါမှမဟုတ် မင်းတို့ရဲ့ ခရိုင်က ပေးရလိမ့်မယ်..."

ဝင်တာက မြို့စောင့်တပ်သား၏ စကားကို ဖြတ်ပြောလိုက်သည်။

"ဘယ်တစ်ခုကို ရွေးမလဲ..."

မြို့စောင့်တပ်သား နှစ်ဦးသည် အနည်းငယ် နောက်ဆုတ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောလိုက်ကြသည်။ သူတို့သည် ပြင်းပြင်းထန်ထန် အငြင်းပွားနေပုံ ရပေသည်။ သူတို့ ပြန်လာရန် သုံးမိနစ်နီးပါး ကြာမြင့်ခဲ့သည်။

"ကျွန်တော်တို့ ပေးပါ့မယ်..."

သူတို့ထဲမှ တစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်သည်။

ဝင်တာ ခေါင်းညိတ်လိုက်၏။ သူတို့ လေးဦးသည် ဆေးရုံထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့ ဧည့်ကြိုကောင်တာဆီသို့ လျှောက်သွားသောအခါ ဧည့်ကြိုမလေးမှာ သူမထံ ဝင်ရောက် တိုက်ခိုက်လာသော ပြင်းထန်လှသည့် အနံ့ဆိုးကြီးအောက်၌ ကျွမ်းကျင်သူ ပီသစွာ ဆက်လက် နေထိုင်နိုင်ရန် အကောင်းဆုံး ကြိုးစားနေခဲ့ရသည်။

အကယ်၍သာ သူမသည် ဤညစ်ပတ်နေသော ဧည့်သည်နှစ်ဦး၏ အနောက်ရှိ မြို့စောင့်တပ်သား နှစ်ဦးကို မမြင်တွေ့ခဲ့ရပါက သူတို့ကို နှင်ထုတ်ရန် လုံခြုံရေးကို ခေါ်ပြီးလောက်ပြီ ဖြစ်သည်။

"ဟုတ်ကဲ့... ဘာများ ကူညီပေးရမလဲရှင်..."

သူမက အတင်း ပြုံးထားရင်း မေးလိုက်သည်။

"တစ်ကိုယ်လုံး ပြန်လည်ကုသရေး ရေချိုးကန် တစ်ခုနဲ့ သန့်စင်ရေး ရေချိုးကန် တစ်ခု... ကန်နှစ်ခုအတွက် သီးခြားစီ ပေးမယ်..."

ဝင်တာက ပြောလိုက်သည်။

"ရပါတယ်ရှင်..."

ဧည့်ကြိုမလေးက ပြောလိုက်သည်။ ယခုအခါတွင် သူမ၏ ကျွမ်းကျင်သူ ပီသမှုမှာ အစစ်အမှန် ဖြစ်သွားခဲ့လေပြီ။ မည်သို့ပင်ဆိုစေ သူတို့သည် အမှန်တကယ် ဖောက်သည်များ ဖြစ်နေပုံ ရပေသည်။

"သန့်စင်ရေး ရေချိုးကန် အတွက်က ၁၅၀ ခရက်ဒစ် ကျသင့်မှာပါရှင်..."

သူမက ပြောလိုက်သည်။ နောက်တစ်ခဏတွင် ဝင်တာသည် ငွေစက္ကူ အနည်းငယ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။

ဧည့်ကြိုမလေးသည် ယဉ်ကျေးသော အပြုံးဖြင့် ၎င်းတို့ကို သိမ်းယူလိုက်ပြီး ဝင်တာ့ကို လိမ္မော်ရောင် တိုကင်ပြားလေး တစ်ခု ပေးလိုက်သည်။

"ပြီးတော့ တစ်ကိုယ်လုံး ပြန်လည်ကုသရေး ရေချိုးကန် အတွက်က ၄,၈၀၀ ခရက်ဒစ် ကျသင့်မှာပါရှင်..."

သူမက ပြောလိုက်သည်။

ဝင်တာသည် မြို့စောင့်တပ်သားများကို လက်ဟန်ပြလိုက်လေသည်။

***

All Chapters