အခန်း ၃၅
Vol. 3 Ch. 35
အပိုင်း(၃၅)
"ပြုတ်ကျသွားတယ်..."
အမျိုးသမီးမှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။ ရေဆိုးမြောင်းထဲ ပြုတ်ကျသွားသည်ဆိုခြင်းကို သူမအနေဖြင့် တွေးပင်မတွေးဝံ့ချေ။ ထိုကဲ့သို့သောအရာမျိုးက မည်သို့ဖြစ်နိုင်မည်နည်း။ သူမ၏ ဘဝတစ်သက်တာတွင် ရေဆိုးမြောင်းဆိုသည်ကို တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။
သာမန်အပြင်ဘက်မြို့တော်၏ ကြမ်းပြင်များ၌ သံချေးတက်နေသော သံပန်းဇကာများ မရှိတတ်ပေ။ ထို့ကြောင့် သူမအနေဖြင့် ရေဆိုးမြောင်းကို မြင်လည်းမမြင်ဖူးသလို အနံ့လည်း မရဖူးခြင်းမှာ သဘာဝပင်ဖြစ်သည်။
ထိုအကြောင်းကြောင့် ရေဆိုးမြောင်းများသည် မည်မျှညစ်ပတ်နေမည်ကို သူမ လုံးဝမသိရှိခဲ့ပေ။
သို့သော်လည်း နစ်တစ်ယောက် အပန်းဖြေအနားယူနေသည်ကို မြင်သောအခါ သူမက ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်၌ ပြင်းထန်သော ဒဏ်ရာများမှလွဲ၍ နစ်သည် အလွန်တရာ နေလို့ထိုင်လို့ ကောင်းနေခဲ့သည်။
"ရှင့်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီးသွားပါပြီ... ခေါင်းကို ရေပန်းနဲ့ပဲ အမြန်ဆေးကြောချင်လား... ဒါမှမဟုတ် ရေချိုးကန်ထဲမှာပဲ အမြန်ငုပ်လိုက်မလား..."
အမျိုးသမီးက မေးသည်။
"ကျွန်တော် ရေပဲ အမြန်ငုပ်လိုက်ပါမယ်..."
နစ်က ပြန်ဖြေသည်။
အမျိုးသမီးက ခေါင်းညိတ်ပြသည်။
"စုစုပေါင်း တစ်မိနစ်လောက်ဆိုရင် လုံလောက်ပါပြီ... အကြိမ်ရေ အများကြီး ငုပ်လို့လည်း ရပါတယ်..."
နစ်က ခေါင်းပြန်ညိတ်ပြလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ရေအောက်သို့ ငုပ်ဆင်းသွားခဲ့သည်။
သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အရည်တစ်ခုခုထဲ၌ နစ်မြုပ်နေရခြင်းကို သူ တကယ်ပင် သဘောကျနေမိသည်။
မည်မျှအထိ ခံစားလို့ကောင်းနေသည်ကို နစ် ဖော်ပြ၍ပင် မရနိုင်တော့ပေ။
တစ်မိနစ်ခန့်အကြာတွင် နစ်သည် ရေပေါ်သို့ ပြန်လည်ပေါ်လာခဲ့သည်။
"အပြင်ကို ထွက်ခဲ့ပေးပါ..."
အမျိုးသမီးက ပြောသည်။ နစ်သည် သူမပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ မိမိ၏ ရုပ်သွင်ကို သေချာစွာ မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
တစ်သက်နှင့်တစ်ကိုယ် သူ ဤမျှလောက် မသန့်ရှင်းဖူးခဲ့ပေ။
သူ၏ အဝတ်အစားများပေါ်ရှိ အစွန်းအထင်းများအားလုံး ပျောက်ကွယ်သွားသည်။ သူ၏ အရေပြားမှာလည်း အလွန်ချောမွေ့နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံးက ကောင်းမွန်နေခဲ့သည်တော့ မဟုတ်ပေ။ သူ၏ အရေပြားနေရာ အတော်များများ၌ ရောင်ရမ်းနေသည်ကို နစ် တွေ့လိုက်ရသည်။ သိသိသာသာပင် သူ၏ ဒဏ်ရာများသည် ပိုးဝင်ကာ ရောင်ရမ်းစပြုနေပြီဖြစ်သည်။
ခဏအကြာတွင် အလွန် တုန်လှုပ်စွာ အသက်ရှိုက်လိုက်သံကို နစ် ကြားလိုက်ရသည်။ ထို့နောက် သူသည် အမျိုးသမီးရှိရာသို့ လှည့်ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်... တကယ်တောင်းပန်ပါတယ်..."
သူမက စစ်မှန်သော စိုးရိမ်မှု၊ သနားကြင်နာမှုတို့ဖြင့် ပြောရှာသည်။ သူမ ဘာကိုဆိုလိုမှန်း နစ် သေချာမသိခဲ့ပေ။
နစ်၏ ခန္ဓာကိုယ်မှာ သန့်ရှင်းသွားပြီဖြစ်၍ သူ့ ဒဏ်ရာများကို အမျိုးသမီးက သေချာစွာ မြင်တွေ့သွားရခြင်းဖြစ်သည်။
ကျိုးကြေနေသော အရိုးများ၊ ပျက်စီးနေသော လက်သည်းများနှင့် တစ်ကိုယ်လုံး၌ သွေးထွက်နေသော ပြတ်ရှဒဏ်ရာများစွာ ရှိနေခဲ့သည်။
နစ်သည် ဓားများဖြင့် ပြုလုပ်ထားသော လှေကားပေါ်မှ လိမ့်ကျလာသည့်အလား ထင်မှတ်ရပေသည်။
"ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ..."
သူမက အနည်းငယ် အလျင်စလိုလေသံဖြင့် ပြောကာ နောက်ထပ်တံခါးတစ်ချပ်ကို ဖွင့်လိုက်သည်။ နစ်သည် သူမနောက်သို့ လိုက်သွားခဲ့သည်။
နောက်အခန်းထဲတွင် အစိမ်းရောင် ရေချိုးကန် ဆယ့်ငါးခုကို သူတွေ့လိုက်ရသည်။ ယခင်ရေချိုးကန်များနှင့် မတူသည်မှာ ထိုနေရာ၌ ပြင်ပစက်ကိရိယာ အများအပြားလည်း ရှိနေခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် ရေချိုးကန်အချို့၏ ဘေးတွင် အသက်ရှူနှာခေါင်းစည်းများ ရှိနေခဲ့သည်။
ရေချိုးကန် လေးခုအတွင်း၌ လူများရှိနေသည်ကိုလည်း နစ် မြင်တွေ့ခဲ့ရသည်။
"ကျေးဇူးပြုပြီး ဒီထဲကို ဝင်ပါ..."
အမျိုးသမီးက ရေချိုးကန်တစ်ခုဆီသို့ လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြကာ ပြောသည်။ နစ်က ထိုနေရာသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ရေချိုးကန်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့သည်။
ရေထဲသို့ အပြည့်အဝ နစ်မြုပ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် နွေးထွေးမှုကို စတင်ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် သူ၏မျက်နှာပေါ်သို့ အသက်ရှူနှာခေါင်းစည်းတစ်ခု တပ်ဆင်ပေးလာသည်။ ထို့နောက် လက်တစ်ဖက်က သူ့ကို ရေချိုးကန်ထဲသို့ ညင်သာစွာ တွန်းချလိုက်သည်။
အနည်းငယ် ကျင့်သားရရန် အချိန်ယူလိုက်ရသော်လည်း နောက်ဆုံးတွင်တော့ ရေအောက်၌ နေသားကျသွားရန် နစ် စွမ်းဆောင်နိုင်ခဲ့သည်။
ရေချိုးကန်မှ ပေးစွမ်းသော ခံစားမှုမှာ အလွန်ကောင်းမွန်ပြီး နွေးထွေးလွန်းလှသည်။ ထို့ကြောင့် နစ်သည် မိမိကိုယ်ကို အသိစိတ်များ လွင့်မျောသွားသလို ခံစားလိုက်ရသည်။
ထို့နောက် မိနစ်အနည်းငယ်မျှ ကြာသောအခါ နစ်သည် အိပ်မောကျသွားခဲ့လေတော့သည်။ နောက်ဆုံးတွင် နစ်သည် နိုးလာခဲ့သည်။
အရာအားလုံးက နေလို့ထိုင်လို့ ကောင်းနေခဲ့သော်လည်း ရေချိုးကန်ထဲ၌ တစ်ညလုံး အိပ်ပျော်သွားလောက်အောင်အထိတော့ မဟုတ်ခဲ့ပေ။
နစ်သည် သူ၏နှာခေါင်းကို ကုတ်ရန် ကြံလိုက်သည်။ သို့သော်လည်း အသက်ရှူနှာခေါင်းစည်းကို မတော်တဆ သွားတိုက်မိလျက်သား ဖြစ်သွားခဲ့သည်။
ထိုအခါမှ မိမိ မည်သည့်နေရာတွင် ရောက်နေကြောင်းကို သူ သတိရသွားသည်။ ထို့နောက် ရေချိုးကန်ထဲ၌ အလျင်အမြန် ထထိုင်လိုက်သည်။
ရေချိုးကန်ထဲတွင် ရေထက် ပိုမိုပျစ်ခဲသော အရည်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုအကြောင်းကြောင့်ပင် နစ်သည် ရေမကူးနိုင်ခဲ့ခြင်း ဖြစ်သည်။
နစ်က ခေါင်းကို အပြင်သို့ ထုတ်ကြည့်လိုက်သောအခါ ရေချိုးကန်များထဲ၌ အခြားလူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုသူ့ကို သူ မမှတ်မိပေ။
'တခြားလူတွေကတော့ ပြန်ထွက်သွားလောက်ပြီ...'
နောက်တစ်ခဏတွင် နစ်၏ အကြည့်နှင့် ဝန်ထမ်းတစ်ယောက်၏ အကြည့်တို့ ဆုံသွားခဲ့သည်။ ထို့နောက် ထိုဝန်ထမ်းက သူရှိရာသို့ လျှောက်လာခဲ့သည်။
သူမသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သို့သော် အရင်အမျိုးသမီးတော့ မဟုတ်ပေ။
အချိန်အနည်းငယ်အကြာတွင် ထိုဝန်ထမ်းသည် နစ်၏ ရေချိုးကန်အနီးသို့ ရောက်လာခဲ့သည်။
"ကျေးဇူးပြုပြီး နှာခေါင်းစည်းကို ချွတ်လိုက်ပါ..."
နစ်သည် သူမပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ ထိုအခါ အမျိုးသမီးက နစ်၏ မျက်နှာကို သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။
ခဏအကြာတွင် သူမသည် မှတ်စုကလစ်ဘုတ်ပေါ်၌ တစ်စုံတစ်ခုကို ရေးမှတ်လိုက်သည်။
"တစ်နေရာရာက နာကျင်နေတာမျိုး ရှိသေးလား..."
သူမက ခံစားချက်ကင်းမဲ့သော လေသံဖြင့် မေးသည်။နစ်က သူ၏ ပခုံးများနှင့် ခြေထောက်များကို အနည်းငယ် လှုပ်ရှားကြည့်လိုက်သည်။
"မရှိတော့ဘူး... အားလုံး အကောင်းပကတိအတိုင်း ဖြစ်နေပြီ..."
နစ်က အံ့သြတကြီးဖြင့် ဖြေသည်။
"ဒါဆို ရှင့်ရဲ့ နှာခေါင်းရော..."
အမျိုးသမီးက မေးသည်။
နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထို့နောက် သူ၏ နှာခေါင်းကို အမြန်စမ်းကြည့်လိုက်သည်။
သူ၏နှာခေါင်းမှာလည်း အပြည့်အဝ သက်သာပျောက်ကင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသောအခါ သူ အတော်လေး အံ့သြသွားခဲ့သည်။
"ဒါ ပျောက်သွားပြီလား..."
သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ဝန်ထမ်းအမျိုးသမီးက ခေါင်းညိတ်ပြသည်။
"ကုသရေးအရည်က ဒဏ်ရာရထားတဲ့နေရာကို တိုက်ရိုက် ထိတွေ့ဖို့ မလိုပါဘူး... အရေပြားကနေတစ်ဆင့် စိမ့်ဝင်ပြီး ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားတာပါ..."
သူမသည် မှတ်စုကလစ်ဘုတ်ပေါ်၌ အနည်းငယ် ထပ်မံရေးမှတ်လိုက်သည်။ ထို့နောက် ကလစ်ဘုတ်ကို လှည့်ကာ နစ်ထံသို့ ကမ်းပေးလိုက်သည်။
"ဒီမှာ လက်မှတ်ထိုးပြီးရင် ရှင် သွားလို့ရပါပြီ..."
နစ်သည် ဖြည်းညင်းစွာဖြင့် သတိထားကာ မတ်တပ်ရပ်လိုက်သည်။ အံ့သြစရာကောင်းလှစွာပင် အရည်များသည် သူ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်အစွန်းအထင်း၊ မည်သည့်စိုစွတ်မှုမျှ မကျန်ရစ်စေဘဲ အောက်သို့ လျှောကျသွားခဲ့သည်။
နောက်တစ်ခဏတွင် နစ်သည် မှတ်စုကလစ်ဘုတ်ကို ယူလိုက်ပြီး စတင်ဖတ်ရှုလေတော့သည်။
နှစ်မိနစ်ကျော် ကြာမြင့်သွားသောအခါ ဝန်ထမ်းအမျိုးသမီးက အနည်းငယ် စိတ်မရှည်သောလေသံဖြင့် မေးလိုက်သည်။
"ပြဿနာ တစ်ခုခုရှိလို့လား..."
"မရှိပါဘူး..."
နစ်က အမြန်ပြန်ဖြေသည်။
"ကျွန်တော်က စာဖတ်တာ သိပ်မကျွမ်းကျင်လို့ပါ..."
ဝန်ထမ်းအမျိုးသမီးက မျက်လုံးလှန်ကြည့်လိုက်သည်။
"အဓိကကတော့ ရှင် ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ပြီး ပြန်ထွက်သွားချင်တယ်ဆိုတဲ့ အကြောင်းပဲ ရေးထားတာပါ..."
နစ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ... ဒါပေမဲ့ ကျွန်တော် ဖတ်တော့ ဖတ်ကြည့်ချင်သေးတယ်..."
ဝန်ထမ်းအမျိုးသမီးမှာ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။ သို့သော် သူမက ဘာမှတော့ ထပ်မပြောတော့ပေ။
***